← Chapters

ခရီးစတင်ခြင်း

Vol. 93 Ch. 922

ခရီးစတင်ခြင်း

Vol. 93 Ch. 922

ယနေ့တွင် ဓားတသောင်းတောင်သည် ပုံမှန်အခြေအနေတွင် မရှိပဲ အလွန်ပင် အလုပ်များလျက် ရှိ၏။ ကောင်းကင်ယံတစ်လျှောက် ဟိုမှသည်မှ ပျံသန်းနေသော ချီစွမ်းအားပညာရှင်များကိုလည်း မကြာခနဆိုသလို တွေ့မြင်နေရသည်။

အဆိုပါ ချီစွမ်းအားပညာရှင်များသည် မကြာခဏဆိုသလိုပင် ကောင်းကင်ဆီမှ သတ်မှတ်ထားသော နေရာများပေါ်သို့ ဆင်းသက်နေကြ၏။ မည်သည့်ပုံစံနှင့်မဆို ပျံသန်းခွင့်ရှိသော်လည်း တခြားလူများကို အနှောင့်အယှက် မဖြစ်စေရန် အချုပ်အနှောင်မဲ့ဂိုဏ်းအနေနှင့် ထိုသို့ ဆင်းသက်ရန်နေရာကို သတ်မှတ်ပေးထားခြင်း ဖြစ်သည်။

တောင်ထ်ိပ်သ်ို့ ခြေချမိသည်နှင့်ပင် အချုပ်အနှောင်မဲ့ ဂိုဏ်းဝင်နှစ်ဦးက ယဲ့ဖန်းဟန်ကို အပြေးအလွှားလာရောက်နှုတ်ဆက်ကြ၏။

“အစ်ကိုကြီးကို နှုတ်ခွန်းဆက်သပါတယ်ခင်ဗျာ"

"ကျုပ်ကတော့ ဖုံးကွယ်ခြင်းတိမ်တိုက်ခန်းမဆောင်က ယဲ့ဖန်းဟန် ဖြစ်ပါတယ် ညီလေးတို့”

မိမိဂိုဏ်းသို့ ပြန်ရောက်လာပြီဖြစ်၍ ယဲ့ဖန်းဟန်အနေနှင့် ဟန်ဆောင်နေရန် မလိုအပ်တော့။

ထိုအခါ လာရောက်ကြိုဆိုသော ဂိုဏ်းဝင်တစ်ဦးက ပြောလိုက်၏။

“အစ်ကိုကြီးအနေနဲ့ ဖုံးကွယ်ခြင်းတိမ်တိုက်ခန်းမဆောင်က်ို တိုက်ရိုက် သတင်းပို့နိုင်ပါပြီ ခန်းမထဲမှာ ခန်းမသခင်လီက အစ်ကိုကြီးကို စောင့်နေပါတယ်"

ခန်းမသခင်လီဟူသည်မှာ တခြားမဟုတ်။ လွန်ခဲ့သောနှစ်များစွာက စုချန်း အနူဘီ၏လက်မှ ကယ်တင်ခဲ့သည့် လူ၇၆ ဦးအနက်မှ တဦးဖြစ်သည့် လီဖန်းပင် ဖြစ်လေသည်။

အချုပ်အနှောင်မဲ့ဂိုဏ်းတည်ထောင်ပြီးနောက်တွင် ဤရာထူးအတွက် လူရွေးကြလေရာ ခိုင်မာသော စရိုက်၊သစ္စာစောင့်သိမှုနှင့် ပြင်းပြသည့်စိတ်အားထက်သန်မှုကြောင့် လီဖန်းမှတပါး တခြားရွေးစရာလူမရှိချေ။ သူ့အဓိကတာဝန်မှာကား ဂိုဏ်းတွင်းရေးရာများ၊ အထူးသဖြင့် စည်းကမ်းဖောက်ဖျက်သော တပည့်များကို စုံစမ်းစစ်ဆေးခြင်း၊ ကြပ်မတ်ခြင်းတို့ပင် ဖြစ်သည်။ သူသည် အလုပ်ကို များစွာအလေးထားလှပေရာ သူ့ကို မကြောက်သော တပည့်ဟူ၍ တယောက်တလေမျှသာ ရှိပေလိမ့်မည်။ သူ့မျက်နှာမှာလည်း အမြဲတစေ အေးစက်တင်းမာနေတတ်၏။ ထိုကြောင့် သူ့ကို တဂိုဏ်းလုံးက သံမဏိမျက်နှာခန်းမသခင်ဟု ခေါ်ကြလေသည်။

ယဲ့ဖန်းဟန်တယောက် ခန်းမသို့ ရောက်ချိန်တွင်တော့ လူများဖြင့် ပြည့်ကျပ်နေခဲ့လေပြီ။ လီဖန်းသည် ခန်းမ၏ ထိပ်ဆုံးတွင် ရပ်နေ၏။ သူ စကားတခွန်းမှ မပြောသလို ကျန်လူများမှာလည်း တိတ်ဆိတ်နေကြလေသည်။

ယဲ့ဖန်းဟန်သည်လည်း ဘာမှမတတ်နိုင်တော့ပဲ စိတ်ရှည်ရှည်နှင့်ပင် စောင့်နေရတော့၏။ အချိန်မည်မျှကြာသွားသည်မသိ။ နောက်ဆုံးတွင် လီဖန်းထံမှ စကားသံ ထွက်ပေါ်လာသည်။

“ဒီလောက်ဆိုရင် အချိန်ပေးခဲ့တာ လုံလောက်ပြီ အချိန်မီမရောက်တဲ့သူတွေကတော့ အစောင့်အနေနဲ့ ဂိုဏ်းမှာကျန်နေရစ်ခဲ့ရမယ် ကျန်တဲ့ မင်းတို့အတွက်ကတော့……”

ထို့နောက် လီဖန်းက လက်တဖက်ဝေ့ယမ်းလိုက်ရာ အလင်းတန်းတခုစီတိုင်းသည် ဂိုဏ်းဝင်တဦးချင်းစီထံသို့ ပျံ့လွင့်သွား၏။

ယဲ့ဖန်းဟန်က ထိုအလင်းတန်းကို ဖမ်းယူပြီး ကြည့်လိုက်ရာ ၎င်းမှာ အိတ်လေးတလုံးဖြစ်ပြီး အိတ်ထဲတွင် အချက်ပြအဆောင်လက်ဖွဲ့၊ ဆေးပုလင်းငယ်တပုလင်းနှင့် အဆင့်ငါး မူလ ကိရိယာတမျိုး ဖြစ်နေကြောင်း တွေ့လိုက်ရသည်။

ယဲ့ဖန်းဟန်အနေနှင့် ဤဆေးလုံးများကို တစ်ခါမျှ မမြင်ဖူး။ သို့သော် ပုလင်းပေါ်ရှိ ညွှန်ကြားချက်များကတော့ အလွန်ရှင်းလင်းလှသည်။ ဤဆေးလုံးများကို အရင်းအမြစ်လမ်းညွှန်ဆေးလုံးများဟု ခေါ်ပြီး ဂိုဏ်းချုပ်ကြီးစုချန်း၏ တီထွင်မှုဖြစ်သည်။ ဆေးလုံးများသည်ကျင့်ကြံမှုအခြေခံကို အားကောင်းစေပြီး ဆေးလုံးတလုံးချင်းစီသည် တလတာကျင့်ကြံချိန်နှင့် ညီမျှနေ၏။ ဆေးပုလင်းထဲတွင် စုစုပေါင်း ဆေးလုံး ၁၂ လုံး ပါဝင်လေရာ ၎င်းဆေးပုလင်းသည် တနှစ်စာ ကျင့်ကြံမှရနိုင်သည့်စွမ်းအင်များကို ပေးစွမ်းနိုင်သည်ဟု ဆိုလိုနေခြင်းပင်။

ကျင့်ကြံသူတဦး၏ အချိန်တစ်နှစ်ကို သက်သာစေနိုင်သော ဤဆေးလုံးသည် အတော်ပင် တန်ဖိုးရှိကြောင်း ထင်ရှားနေသည်။ တဖန် အဆင့်ငါး မူလကိရိယာကိုပါ ထည့်တွက်လိုက်လျင် ယဲ့ဖန်းဟန်တို့ တယောက်ချင်းစီ ရရှိလိုက်သည့် အိတ်လေးများ၏ တန်ဖိုးမှာ မနိမ့်လှချေ။

သို့သော် ဤသည်မှာ ကနဦးဆုလာဘ်မျှသာ ရှိသေးသည်။ တာဝန်ကိုသာ ပြီးမြောက်အောင်မြင်သွားလျင် မည်မျှတန်ဖိုးကြီးသည့် ဆုလာဘ်များ ချီးမြှင့်ခံရမည်မှာ ကြိုတွေးကြည့်ရုံနှင့် စိတ်လှုပ်ရှားစရာကောင်းနေ၏။

အချက်ပြအဆောင်လက်ဖွဲ့တွင်ကား ၎င်းတို့အသီးသီး မည်သည့်တာဝန်များကို ထမ်းဆောင်ရမည်ဟူသည့် အချက်အလက်များ ပါဝင်နေသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် အရေးကြီးသော အချက်အလက်တိုင်းကို ယဲ့ဖန်းဟန် မှတ်သားထားလိုက်နိုင်၏။

ဒါဆို ဒါက ငါ့ကိုပေးအပ်လိုက်တဲ့ တာဝန်ပေါ့လေ...

တဖန် လီဖန်းက နောက်တကြိမ် လက်တဖက်ကို ဝေ့ယမ်းလိုက်ပြန်ရာ အဆောင်လက်ဖွဲ့ပေါ်မှ အချက်အလက်များအားလုံး ပျောက်ကွယ်သွား၏။

“အားလုံး ဘာဆက်လုပ်ရမယ်ဆိုတာ နားလည်ကြပြီလား”

လီဖန်း၏ အသံ ထပ်မံထွက်ပေါ်လာပြန်သည်။

“နားလည်ပါပြီ”

“မေးစရာမရှိရင် မင်းတို့အားလုံး ခရီးထွက်ဖို့ ပြင်ဆင်နိုင်ပြီ”

“ဒီမှာခင်ဗျ ကျုပ်မှာ မေးစရာတခု ရှိပါတယ်”

ခေတ္တ စဉ်းစားပြီး ယဲ့ဖန်းဟန် လက်မြှောက်ပြရင်း အော်လိုက်၏။

လွန်ခဲ့သော နှစ်တချို့အတွင်း တနံတလျား ခရီးထွက်ရင်း စတ္တုတ္တအဆင့်ရှိ ဓားတလက်ကို ယဲ့ဖန်းဟန် ပိုင်ဆိုင်နိုင်ခဲ့၏။ ထို့ကြောင့် သူ့အတွက် နောက်ထပ်မူလကိရိယာ မလိုတော့ချေ။

“ပြော”

“ဆေးလုံးတွေနဲ့ မူလကိရိယာကို တခြားတမျိုးနဲ့ လဲလှယ်လို့ရမလားခင်ဗျ"

လီဖန်း ခေါင်းညိတ်လိုက်သည်။

"မင်းတို့လက်ထဲက ပစ္စည်းတိုင်းမှာ သတ်မှတ်အမှတ်တွေရှိတယ် မလိုချင်ရင် အမှတ်တူတဲ့ တခြားတမျိုးမျိုးနဲ့ ကြိုက်သလို လှဲလှယ်နိုင်တယ် ဒါပေမယ့် ကျုပ်အနေနဲ့ကတော့ ဆေးလုံးအစား မူလကိရိယာ ကိုသာ လဲလှယ်ဖို့ အကြံပြုချင်တယ် ဆေးလုံးတွေကိုတော့ သိမ်းထားတာ ပိုကောင်းလိမ့်မယ်"

ထိုစကားကြောင့် လူတိုင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြ၏။

“နောက်ထပ် အရေးတကြီး မေးခွန်းတွေ မရှိတော့ဘူးဆိုရင် မင်းတို့အားလုံး သွားလို့ရပါပြီ"

“ဟုတ်ကဲ့"

ဂိုဏ်းဝင်များအားလုံး တညီတညွတ်နည်း ပြန်ဖြေလိုက်ကြသည်။

ဖုံးကွယ်ခြင်းတိမ်တိုက်ခန်းမဆောင်မှ ထွက်ခွာပြီးနောက် ယဲ့ဖန်းဟန်တယောက်သည် အောင်မြင်မှုခန်းမသို့ ဦးတည်လာခဲ့၏။ ထိုခန်းမတွင် မူလကိရိယာနှင့် တခြားအလိုရှိသည့်အရာကို ယဲ့ဖန်းဟန် လဲလှယ်နိုင်ပေလိမ့်မည်။

အဆင့်ငါးမူလကိရိယာမှာ ဂုဏ်ပြုမှတ် သုံးရာခန့်ပင် တန်ကြေးရှိနေ၏။ ဂုဏ်ပြုမှတ်သုံးရာနှင့် သူ မည်သည့်အရာကို လှဲလှယ်ရမည်နည်း။

ယဲ့ဖန်းဟန် နည်းနည်းတော့ အကြပ်ရိုက်သွား၏။

“ဘယ်လိုလဲ ရွေးရခက်နေတာလား”

ထိုအချိန်မှာပင် သူ့နောက်ကျောမှ အသံတသံ ထွက်ပေါ်လာ၏။

ယဲ့ဖန်းဟန် လှည့်၍ပင်မကြည့်ပဲ ပြန်ဖြေလိုက်သည်။

"ဟုတ်တယ်ဗျ ကောင်းတာတွေ အရမ်းများနေတယ် ကျုပ်မှာက အမှတ်သုံးရာပဲရှိတယ် ဘာရွေးရမှန်းတောင် မသ်ိတော့ဘူး"

“မင်းလေ့ကျင့်ထားတဲ့ နည်းစနစ်တွေဟာ သွက်လက်ပေါ့ပါးမှုအပေါ်မှာ အခြေခံထားတယ် မင်းရဲ့နှင်းထုစွမ်းရည်ဟာ မင်းရဲ့ ပြိုင်ဘက်တွေကို နှေးကွေးစေတယ် ဒါကြောင့်ပဲ မင်းရဲ့ သွက်လက်မြန်ဆန်မှုက ပိုပြီး ထင်ရှားလာတယ် ဒါပေမယ့် မူလစွမ်းရည်တွေကိုရွေးချယ်တဲ့နေရာမှာ လမ်းကြောင်းတမျိုးတည်းကိုပဲ ရွေးချယ်တာဟာ မှန်ကန်တဲ့ရွေးချယ်မှုလို့တော့ မဆိုနိုင်ဘူး တကယ့်တိုက်ပွဲဆိုတာ ပုံစံအမျိုးမျိုးနဲ့ ဖြစ်နိုင်တာဆိုတော့ အားနည်းချက်မရှိတာဟာ ကဏ္ဍတမျိုးတည်းမှာ ထူးချွန်နေတာထက် ပိုပြီး အရေးကြီးနေတတ်တယ် ဒီတော့ ပိုးကောင်သံချပ်ကာကို ဘာကြောင့်မရွေးတာလဲ ဒီသံချပ်ကာရဲ့ဂုဏ်သတ္တိဟာ ပိုးမျှင်တွေကမဟုတ်ပဲ သူ့အထဲမှာ ထည့်သွင်းထားတဲ အာကင်နာနည်းစနစ်တွေကနေ လာတာ ပြီးတော့ ဒီသံချပ်ကာဟာ အတားအဆီးသုံးမျိုးတိတိကို ဖော်ထုတ်ပေးနိုင်တယ် အသုံးပြုနိုင်တဲ့ အကြိမ်အရေအတွက် ကန့်သတ်ချက်ရှိတယ်ဆိုပေမဲ့ မင်းရဲ့ တိုက်ခိုက်တဲ့ပုံစံအရ သေရေးရှင်ရေးအခြေအနေမျိုးကို တကြိမ်ထက် ပိုကြုံရဖို့တော့ ခဲယဥ်းလိမ့်မယ် ဒါကြောင့် ပိုးကောင်သံချပ်ကာဟာ မင်းနဲ့ အတော်ကို ကိုက်ညီမဲ့သဘောရှိတယ်"

“ဝမ်းသာလိုက်တာ”

ယဲ့ဖန်းဟန် အကြီးအကျယ် ဝမ်းသာသွား၏။

“လမ်းညွှန်ပေးတဲ့အတွက် အစ်ကိုကြီးကို ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ"

ထ်ို့နောက် သူ ကျေးဇူးတင်ကြောင်း အမူအရာပြသနိုင်ရန် နောက်သို့လှည့်လိုက်၏။

ထိုအခါကျမှ သူ့နောက်တွင် ရပ်နေသူ မည်သူမည်ဝါဖြစ်ကြောင်း ယဲ့ဖန်းဟန် ကောင်းကောင်းကြီး သိလိုက်ရတော့သည်။

"ဟာ ဂိုဏ်းချုပ်ကြီ"

သူ တအံ့တသြ ထအော်လိုက်၏။

သူ့ကို လမ်းညွှန်ပေးနေသူမှာကား တခြားလူမဟုတ်။ အချုပ်အနှောင်မဲ့ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးစုချန်းပေတည်း။

စုချန်းက တချက်ပြုံးပြရင်း ယဲ့ဖန်းဟန်ကို ခေါင်းညိတ်ပြလိုက်၏။ ထိုအခါကျမှ ပတ်ဝန်းကျင်မှ လူများလည်း သတိထားမိသွားကြပြီး သူတို့၏ ဂိုဏ်းချုပ်ကို လာရောက်ဂါဝရပြုကြလေသည်။

“အားလုံးပဲ ကျုပ်ကို ဂရုစိုက်နေစရာမလိုဘူး လုပ်စရာရှိတာကို ဆက်လုပ်ကြပါ နားမလည်တာ ရှိရင်လဲ လာမေးနိုင်ပါတယ်”

စုချန်းက အထက်ပါအတိုင်း ပြောလိုက်၏။ ထို့နောက် သူက ဂိုဏ်းသားတချို့အား အကြံဉာဏ်များ ပေးပြီး ထိုနေရာမှ ထွက်ခွာလာခဲ့လေသည်။

ကောင်းကင်ထောက်ပံ့ရေးတောင်ထိပ်တွင် ကျယ်ဝန်းလှသော ခန်းမကြီးတဆောင် ရှိနေ၏။ လူပေါင်းများစွာသည် ခန်းမဆောင် ဝင်ပေါက်မှ ဝင်လိုက်၊ ထွက်လိုက်နှင့် ပစ္စည်းပစ္စယများကို သယ်ဆောင်နေကြလေသည်။ ခန်းမရှေ့တွင်တော့ အလွန်ကြီးမားသည့် တိမ်တိုက်ထိုးခွဲလွန်းပျံယာဥ်ရှစ်စင်း ရှိနေသည်။

နေရာတွင် အသင့်ရှိနေသော တိမ်သစ် ကျားက စုချန်း ရောက်လာသည်ကို မြင်သည်နှင့် အောက်ပါအတိုင်း ပြောလိုက်၏။

“ကျုပ်တို့ ထွက်ဖို့ အသင့်ဖြစ်နေပြီ"

“အင်း”

စုချန်း ခေါင်းတချက်ညိတ်ပြီး နောက်သို့လှည့်ကြည့်ရင်း အောက်ပါအတိုင်း ရေရွတ်လိုက်လေသည်။

“ကျုပ်တို့ ဘယ်အချိန်မှ ပြန်လာရမလဲဆိုတာ ဘယ်သူများသိနိုင်ပါ့မလဲ"

“မပူပါနဲ့ ဝမ်ချန်းက ဒီနေရာကို ကောင်းကောင်း ဂရုစိုက်ပါလိမ့်မယ်”

ရှီကိုင်းဟွမ်က စုချန်းကို နှစ်သိမ့်လိုက်၏။

စုချန်း ခေါင်းညိတ်ပြလိုက်သည်။

"ဒီမှာ လုပ်စရာရှိတာတွေ ပြီးပြီဆိုတော့ သွားကြရအောင်"

သိပ်မကြာမီ ဝမ်းနည်းကြေကွဲဖွယ်ရာ ကျွဲချိုမှုတ်သံသည် ဓားတသောင်းတောင်အနှံ့အပြားသို့ ပျံ့လွင့်သွား၏။ ထိုအသံကိုကြားသည်နှင့် အချိန်ကျပြီမှန်း အချုပ်အနှောင်မဲ့ဂိုဏ်းဝင်များ အားလုံး သဘောပေါက်လိုက်ကြသည်။

ထို့နောက်တွင်တော့ တိမ်တိုက်ထ်ိုးခွဲလွန်းပျံယာဥ်ကြီးရှစ်စင်းသည် ကောင်းကင်ဆီသို့ အစီအရီ ပျံတက်သွားလေ၏။ အင်အားကြီးမားလှသောတပ်ဖွဲ့ကြီးကား ခရီးရှည်ကြီးကို စတင်ခဲ့လေပြီ။ စုချန်း၊ ကုချိန်းလွှာ၊ လီကုံးရှန်၊ ရှီကိုင်းဟွမ်၊ တိမ်သစ်ကျားသစ်နှင့် ကျန်လူများသည် ယာဥ်ပျံထိပ်တွင် ရပ်နေကြ၏။ သူတို့အောက်မှ ကောင်းကင် ထောက်ပံ့ရေး တောင်ထိပ် သည် တဖြည်းဖြည်း သေးသည်ထက်သေးငယ်ကာ နောက်ဆုံးတွင် တိမ်တိုက်များနောက်သို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။

ထို့နောက် စုချန်းက ကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးလိုက်၏။

“အနန္တပင်လယ်မြို့တော်ကို သွားမယ်"

အချက်ပြသံများ ထပ်မံ မြည်ဟီးလာပြီး လွန်းပျံယာဥ်များအားလုံးသည် ပစ်မှတ်နေရာဆီသို့ တဟုန်ထိုး ပျံသန်းသွားကြလေသည်။

သို့သော် အချုပ်အနှောင်မဲ့ဂိုဏ်း၏ ဂိုဏ်းဝင်များအားလုံး ယာဥ်ပျံများပေါ် ပါသွားသည်တော့မဟုတ်ချေ။

တချို့ဂိုဏ်းဝင်များမှာ ဂိုဏ်းကိုစောင့်ရှောက်ရန် ကျန်ရစ်ခဲ့ကြ၏။ တချို့မှာကား တကိုယ်တော်လျှို့ဝှက်တာဝန်များကို ထမ်းဆောင်ရန် ကျန်ရစ်ခဲ့ကြခြင်းပင်။

ယဲ့ဖန်းဟန်သည်လည်း ထိုအထဲမှ တယောက်ပင် ဖြစ်သည်။

လွန်းပျံယာဥ်များ သူ့မျက်လုံးထဲမှ ပျောက်ကွယ်သွားသည်နှင့် ယဲ့ဖန်းဟန်သည်လည်း တောင်အောက်သို့ ဆင်းလာခဲ့လေ၏။

လမ်းတဝက်အရောက်မှာပင် သူ့နောက်မှ ခေါ်သံကို ယဲ့ဖန်းဟန် ကြားလိုက်ရသည်။

“စောင့်ပါအုံး ဟေး ကျုပ်ကို စောင့်ပါအုံးကွ”

အသံရှင်မှာ တခြားလူမဟုတ်။ ချန်းဟယ်ပင် ဖြစ်သည်။

ယဲ့ဖန်းဟန် က သူ့ကို လှည့်ကြည့်ပြီး မေးလိုက်၏။

“မင်းက ဒီမှာ ဘာလုပ်နေတာလဲ”

“ပြောမနေပါနဲ့တော့ကွာ ကျုပ်တာဝန်က လျှို့ဝှက်သတင်းအချက်အလက်တွေ စုဆောင်းဖို့ ပုံရိပ်တထောင်ကျွန်းကို သွားရမယ်တဲ့ တယောက်တည်း သွားရမှာ မင်းကရော”

ချန်းဟယ်က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

ယဲ့ဖန်းဟန် ခေါင်းခါပြလိုက်၏။

“တကိုယ်တော် လျှို့ဝှက်တာဝန်အားလုံးက လျှို့ဝှက်ထားရမှာကွ မင်းကတော့ ခုလေးတင်ပဲ စည်းကမ်းဖောက်လိုက်ပြီ”

“ဟေး ဟေး ကျုပ်တို့က သူငယ်ချင်းမလား ဒါကြောင့်မို့ ပြောပြတာပါကွ”

ချန်းဟယ်ကား သိပ်အလေးထားဟန်မတူ။

“ကျုပ်ကတော့ မင်းကို မပြောပြနိုင်ဘူး"

ယဲ့ဖန်းဟန်ကလည်း ခပ်မာမာပင်။

ချန်းဟယ် လျှာထုတ်ပြလိုက်သည်။

“မင်းဟာ အတော်ကို အသဲမာတဲ့ကောင်ပါလားကွ"

ယဲ့ဖန်းဟန်ကား ချန်းဟယ်ကို လျစ်လျူရှုပြီး ဆက်လျှောက်လာခဲ့၏။ ချန်းဟယ်ကလည်း ဗြစ်တောက်ဗြစ်တောက်ပြောကာ ယဲ့ဖန်းဟန်နောက်မှ ကပ်ရက်ပင် လိုက်ပါလာသည်။

ထိုအချိန်မှာပင် စူးရှကျယ်လောင်လှသော အော်သံတသံကို သူတို့ကြားလိုက်၏။

အသံမှာ မိုးပေါ်မှ လာခြင်းဖြစ်သည်။ သူတို့ ပြိင်တူပင် မော့ကြည့်လိုက်ရာ လူတယောက် မိုးပေါ်မှ တရှိန်ထိုး ပြုတ်ကျလာ၏။

“သတိထားဟေ့”

ချန်းဟယ်က အော်ဟစ်သတိပေးလိုက်၏။ ထို့နောက် သူတို့နှစ်ဦး ပြိုင်တူပင် ဘေးသို့ရှောင်တိမ်းပေးလိုက်ရသည်။

ထိုလူသားသည် မြေကြီးပေါ် ပြင်းထန်စွာ ပြုတ်ကျသွား၏။ အနီးကပ်ကြည့်လိုက်တော့မှ အသံရှင်မှာ မိန်းကလေးတဦး ဖြစ်နေမှန်း သူတို့တွေ့လိုက်ရသည်။

“အံမလေး နာလိုက်တာ”

ထိုမိန်းကလေးသည် အထက်ပါအတိုင်း ငြီးငြူပြီး ခါးကို ပွတ်သပ်ကာ ကုန်းရုန်းထနေ၏။ တချိန်တည်းမှာပင် သူမက သူတို့ကို မကျေမနပ်နှင့် ကြည့်ကာ အောက်ပါအတိုင်း လှမ်းငေါက်လိုက်တော့သည်။

“ဟေ့ ရှင်တို့ နှစ်ယောက် ဘာဖြစ်လို့ ကျွန်မကို မဖမ်းထားရတာလဲ"

ယဲ့ဖန်းဟန် နှင့် ချန်းဟယ်တို့သည် တယောက်ကိုတယောက် ကြည့်လိုက်ကြ၏။

ချန်းဟယ်က စပြောလိုက်လေသည်။

“အစ်မ ခင်ဗျားက ရန်သူလား မိတ်ဆွေလားဆိုတာ ကျုပ်တို့မှ မသိပဲ ပြီးတော့ မိုးပေါ်ကနေ လူတယောက် ပြုတ်ကျလာတယ်ဆိုတာ နေ့တိုင်း မြင်နေရတာမဟုတ်ဘူးလေ ဒါနဲ့ ခင်ဗျားက ဘယ်လိုလုပ်ပြီး အပေါ်ကို ရောက်သွားတာလဲ”

မိန်းကလေး နှုတ်ခမ်းစူလိုက်၏။

“...... ကျွန်မ ဒီလိုပျံသန်းတာမျိုးကို သိပ်ပြီးထိန်းချုပ်နိုင်စွမ်းမရှိသေးဘူး"

ယုံနိုင်စရာမရှိသော အကြောင်းပြချက်ပင်တကား။

အလင်းတုန်ခါခြင်းနယ်ပယ်ချီစွမ်းအားရှင်တဦး မပျံတတ်ပဲ မိုးပေါ်မှပြုတ်ကျလာသည်ဟု ပြောလျင် မည်သူမှ ယုံနိုင်မည်မဟုတ်ချေ။

ထိုအခါ ယဲ့ဖန်းဟန်က မေးလိုက်ပြန်ငည်။

“အစ်မ ခင်ဗျားက အချုပ်အနှောင်မဲ့ဂိုဏ်းဝင်မဟုတ်ဘူးလား"

“မဟုတ်ဘူးလေ အဲဒါ ဘာဖြစ်လဲ”

“မဟုတ်ဘူးဆိုရင် ကျေးဇူးပြုပြီး ပြန်လိုက်ပါ ဒီကနေ့ အချုပ်အနှောင်မဲ့ဂိုဏ်းက ဘယ်ဧည့်သည်ကိုမှ လက်မခံပါဘူး"

“မရဘူး ကျွန်မ ပြန်လို့မဖြစ်ဘူး စုချန်းကိုယ်တိုင် ကျွန်မကို ဖိတ်ထားတာ”

ဟင်...ဂိုဏ်းချုပ်က ဖိတ်ထားတာလား...

၎င်းတို့နှစ်ဦး တယောက်ကိုတယောက် ကြည့်လိုက်ကြပြန်၏။

“ဒါဆိုလဲ အစ်မရဲ့ နာမည်ကို သိပါရစေ”

ယဲ့ဖန်းဟန် က မေးလိုက်သည်။

“ကျွန်မနာမည် ညတစ္ဆေလို့ခေါ်တယ်"

မိန်းကလေးက ပြုံးစေ့စေ့နှင့် ပြန်ဖြေလိုက်သည်။

"ရှင်တို့မယုံရင် စုချန်းကို မေးကြည့်လိုက်လေ သူ ကျွန်မကို သေချာပေါက်သိပါလိမ့်မယ်"

ထို့နောက်တွင်တော့ ယဲ့ဖန်းဟန်တို့နှစ်ယောက်က ပြိုင်တူပင် ပြောလိုက်ကြလေသည်။

“မလိုပါဘူးခင်ဗျာ ကျုပ်တို့လည်း ခင်ဗျားကို သိပါတယ်”

All Chapters