ရေအလျင်နိုင်ငံသို့ ဆိုက်ရောက်ခြင်း
Vol. 93 Ch. 923
“ဒါဆို အချုပ်အနှောင်မဲ့ဂိုဏ်းထဲမှာ ကျွန်မက တော်တော်နာမည်ကြီးနေတယ်ပေါ့လေ”
သူမ၏ နာမည်ကို ကြိုသိနေ၍ ညတစ္ဆေ နည်းနည်းတော့ မာန်တက်သွား၏။
“အင်း... အဲဒီလို ပြောမယ်ဆိုရင်လဲ ပြောလို့လို့ရပါတယ်”
ချန်းဟယ်က ခေါင်းတချက်ညိတ်ရင်း တိုးတိုးလေး ပြောလိုက်သည်။
တကယ်တော့ အချုပ်အနှောင်မဲ့ဂိုဏ်းအတွင်း သူမ နာမည်ကျော်နေခြင်းမှာ အကောင်းတော့ မဟုတ်။ ဂိုဏ်းချုပ်ကြီးစုချန်းက မိုက်မဲပြီး လေပေါလှသည့် အမျိုးသမီးငယ်တဦး သူ့ကို လာရှာလိမ့်မည်ဟု ကြိုတင်ကြေငြာထားခြင်းကြောင့်ပင် ဖြစ်သည်။ ထိုပြင် အဆိုပါအမျိုးသမီးသည် မည်သည့်တရားဝင် အမှတ်အသားမှ ယူဆောင်လာလိမ့်မည်မဟုတ်ပဲ သူမ မည်သူမည်ဝါဖြစ်ကြောင်း ရောက်သည်နှင့် ထုတ်ဖော်ပြောကြားလိမ့်မည်ဟုလည်း ကြိုတင်မှာကြားထားသေး၏။
သူမ ရောက်လာနိုင်မည့်အချိန်ကို ကြိုတင်ခန့်မှန်းထားသည့်တိုင် စုချန်းကတော့ သူမကို မစောင့်ပဲ ထွက်ခွာသွားခဲ့လေပြီ။
မှန်ပါသည်။ စုချန်း ရည်ရွယ်ချက်ရှိရှိနှင့် ထွက်သွားခဲ့ခြင်းပင် ဖြစ်သည်။ အကြောင်းမှာ ညတစ္ဆေ လာရောက်ဆွေးနွေးသည့် အကြောင်းအရာကို သူ အတိအကျ သိရှိထားခြင်းကြောင့်ပင်။
ဤသို့ ကြိုတင်သိရှိနေသည်မှာလည်း အံ့သြစရာတော့ မဟုတ်။ မူလအရိုးတောင်ဝှေး၏ ဟောကိန်းများမှာ အံ့မခန်း မှန်ကန်လှသည် မဟုတ်ပါလား။ ညတစ္ဆေကဲ့သို့ လူတယောက်နှင့်ပတ်သက်၍ မူလအရိုးတောင်ဝှေးအတွက် ဟောကိန်းထုတ်ရသည်မှာ ဘာမှမခက်လှချေ။
ထို့ကြောင့် စုချန်းအနေနှင့် ညတစ္ဆေကို စောင့်ဆိုင်းနေစရာအကြောင်းမရှိတော့။ မှာစရာရှိသည်ကို မှာထားခဲ့ပြီး မူလအစီအစဥ်အတိုင်း ထွက်ခွာသွားခဲ့ခြင်း ဖြစ်လေသည်။
“ဒါဆို စုချန်း သွားပြီပေါ့ ဟုတ်လား ကျွန်မမှာ ဆွေးနွေးစရာ အရေးကြီးကိစ္စတချို့ရှိနေလို့ စောင့်နေပါလို့ မှာထားတာကိုတောင် သူက ထွက်သွားရဲတယ်ပေါ့လေ”
ပြောရင်းနှင့် ညတစ္ဆေ ဒေါသတကြီးဖြစ်လာ၏။
သို့သော် သူမ၏စကားကို ယဲ့ဖန်းဟန်က မကြားချင်ယောင်ဆောင်နေလေသည်။ ချန်းဟယ်ကတော့ အားနာပါးနာနှင့် နှစ်သိမ့်လိုက်သည်။
“သခင်မလေး ညတစ္ဆေ...ကျုပ်တို့ ဂိုဏ်းချုပ်ကို အထင်မလွဲပါနဲ့ အခုအချိန်က ဂိုဏ်းချုပ်အတွက် အကြီးအကျယ်ကို အလုပ်များနေတဲ့အချိန်ပါ ပြီးတော့ ဂိုဏ်းချုပ်က ခင်ဗျား ဘာကိစ္စနဲ့လာမှာကို ကြိုသိနေပုံရတယ် သူက ခင်ဗျားကို မှာသွားတယ် အခြေအနေကို သူ ထိန်းချုပ်ထားပါတယ်တဲ့ ခင်ဗျား စိတ်ပူစရာ မလိုပါဘူးတဲ့ ဒီတော့ ခင်ဗျား ပြန်လိုက်တာ အကောင်းဆုံးပါပဲခင်ဗျာ"
“ဒီလိုနဲ့ ဘယ်ရမလဲ အခြေအနေကို ထိန်းချုပ်ထားတယ်ဆိုတာကကော ဘာကိုဆိုလိုတာလဲ သူ အနည်းဆုံးတော့ ဟုတ်တယ် မဟုတ်ဘူး တိတိကျကျ ပြောသင့်တယ်မဟုတ်ဘူးလားအခြေအနေကို ထိန်းချုပ်ထားတယ်ဆိုတာလေးကြားဖို့အတွက် ကျွန်မ ဒီလောက် ခရီးဝေးကြီး လာခဲ့တာ မဟုတ်ဘူး”
ညတစ္ဆေက ခါးထောက်ပြီး ပြောလိုက်လေသည်။
“ဒါကတော့......”
ချန်းဟယ် ဘာပြောရမှန်းမသိပဲ ဖြစ်နေ၏။
ထိုအချိန်မှာပင် ယဲ့ဖန်းဟန်က အေးစက်စက်လေသံနှင့် ပြောလိုက်သည်။
“ဂိုဏ်းချုပ်က သွားနှင့်ပြီ ခင်ဗျား မကျေနပ်ဘူးဆိုရင် ကိုယ်တိုင် သွားရှာလို့ ရတယ် ကျုပ်တို့အနေနဲ့ကတော့ သူပြောတာကို ပြန်ပြောပေးရင် တာဝန်ကျေပြီ"
ထို့နောက် သူက ညတစ္ဆေကို လှည့်မကြည့်တော့ပဲ ထွက်သွားခဲ့လေသည်။
“ဟေ့ ရှင်စကားက ဘာသဘောလဲ"
ညတစ္ဆေ မျက်စောင်းထိုးလိုက်၏။
သို့သော် ယဲ့ဖန်းဟန်ကား အနည်းငယ်မှ တုန်လှုပ်ဟန်မရှိချေ။
ချန်းဟယ်က ဝင်ပြောလိုက်ပြန်သည်။
“ဒီလိုပါ သူ ပြောချင်တာက ဂိုဏ်းချုပ်ကို အပြင်းအထန် လိုက်ရှာဖို့ဆုံးဖြတ်ရင် ကျုပ်တို့အနေနဲ့ တားလို့မရဘူးလို့ ဆိုလိုတာ ပြီးတော့ ကျုပ်တို့မှာကလဲ လုပ်စရာတွေအများကြီးရှိနေတယ်ဆိုတော့ သွားလိုက်ပါအုံးမယ်"
စကားဆုံးသည်နှင့် သူက လှည့်ထွက်ရန် ပြင်လိုက်သည်။
ထိုအခိုက်မှာပင် ညတစ္ဆေက အောက်ပါအတိုင်း ကန့်လန့်တိုက်လိုက်ပြန်၏။
“လုံးဝမရဘူး ရှင်တို့ ကျွန်မကို စုချန်းနဲ့ တွေ့ရအောင် ခေါ်သွားရမယ်”
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
ချန်းဟယ်က စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်သည်။
“ကျုပ်တို့မှာလည်း ပြီးအောင် လုပ်ရမယ့် ကိုယ်ပိုင်တာဝန်တွေ ရှိတယ် ခင်ဗျားကို ဘယ်လိုမှ မလိုက်ပို့နိုင်ဘူး"
“အဲဒါ လွယ်ပါတယ် ရှင်တို့တာဝန်တွေ မြန်မြန်ပြီးသွားအောင် ကျွန်မကူညီမယ် ပြီးကျမှ ကျွနမတို့ စုချန်းကို သွားရှာကြတာပေါ့”
ညတစ္ဆေကား အလွန်အမင်း ယုံကြည်မှုရှိနေဟန်ပင်။
“ဒီ... ဒီကိစ္စကတော့ မသင့်တော်ဘူးထင်တယ်"
ချန်းဟယ်ခမျာ နဝေတိမ်တောင် ဖြစ်နေရှာ၏။
ထိုစဥ် ညတစ္ဆေက ဆက်ပြောလိုက်ပြန်သည်။
“ရှင်တို့ သဘောမတူဘူးဆိုရင် ကျွန်မက ရှင်တို့ကို တလမ်းလုံး လိုက်နှောင့်ယှက်နေမှာပဲ”
ထိုအချိန်မှာပင် ယဲ့ဖန်းဟန်က တချက်မဲ့လိုက်ပြီး လေထဲသို့ ပျံတက်သွားလေသည်။ ချန်းဟယ်ကလည်း ယဲ့ဖန်းဟန်နောက်သို့ ထပ်ချပ်မကွာပင် လိုက်ပါသွား၏။
“ဒီလိုနဲ့ ရမတဲ့လား”
ညတစ္ဆေသည်လည်း တချက်ရယ်မောပြီး ယဲ့ဖန်းဟန်တို့နောက်သို့ ထပ်ချပ်မကွာ လိုက်ပါသွားတော့သည်။
သူမသည် ဉာဏ်နည်းသော်လည်း အလွန်ပင် လျင်မြန်လှ၏။ ယဲ့ဖန်းဟန်နှင့် ချန်းဟယ်တို့သည် အမျိုးမျိုးအဖုံဖုံ နည်းလမ်းပေါင်းစုံနှင့် ရှောင်တိမ်းကြသည့်တိုင် ၎င်းတို့၏ ကြိုးပမ်းမှုအားလုံးမှာ အချည်းနှီးသာ ဖြစ်သွားကြလေသည်။
စိတ်ပျက်လက်ပျက်ဖြစ်နေကြသည့် ယဲ့ဖန်းဟန်တို့နှစ်ယောက်ကို ကြည့်ရင်း ညတစ္ဆေမှာ အကြီးအကျယ် အူမြူးလျက်ရှိသည်။
“လက်လျှော့လိုက်တော့ အသုံးဝင်မှာ မဟုတ်ဘူး အလင်းတုန်ခါခြင်းနယ်ပယ်သာ အတူတူပဲဆိုရင် ဘယ်သူမှ ကျွန်မလောက်မြန်နိုင်မှာမဟုတ်ဘူး ဒါ ရှင်တို့ဂိုဏ်းချုပ်ကိုယ်တိုင် ကျွန်မကို ပြောထားတာ"
ထိုစကားကို ကြားလိုက်သည်နှင့် သူတို့နှစ်ယောက် အကြီးအကျယ် စိတ်ပျက်လက်ပျက် ဖြစ်သွား၏။
ဂိုဏ်းချုပ်ကြီးနှယ်...ရက်စက်လိုက်တာနော်...
မည်သို့ဆိုစေ သူတို့ကား ညတစ္ဆေကို မည်သို့မှ မျက်ချေဖြတ်၍မရချေ။ တနေ့လုံးနီးပါး ပျံသန်းပြီးသည့်တိုင်အောင် ညတစ္တေသည် သူတို့နောက်မှ ထပ်ချပ်မကွာပင် လိုက်ပါနေခဲ့၏။
အမှန်အတိုင်းပြောရလျင် ယဲ့ဖန်းဟန်တို့နှစ်ယောက်မှာ ပင်ပန်းနွမ်းနယ်နေခဲ့လေပြီ။ သို့သော် ညတစ္တေကား အင်အားအပြည့်နှင့် တက်ကြွနေဆဲပင်တည်း။
၎င်းမှာ သူတို့ထက် ညတစ္ဆေက အင်အားကြီးမားနေ၍မဟုတ်။ စုချန်းပေးထားသည့် ဆေးလုံးများ သူမလက်ထဲတွင် အများအပြား ရှိနေသောကြောင့်သာ ဖြစ်သည်။
သူတို့နှစ်ယောက်လုံး ကံဆိုးမိုးမှောင် ကျရသည့်အဖြစ်ကို ပြိုင်တူပင် ကျိန်ဆဲလိုက်ကြ၏။ အဘယ်ကြောင့် သူတို့ ဤမျှ ကံဆိုးရလေသနည်း။
ပို၍ အရေးကြီးသည်မှာ သူမသည် ဂိုဏ်းချုပ်၏ မိတ်ဆွေဖြစ်နေ၏။ သူတို့အနေနဲ့ သူမကို မည်သည့်နည်းနှင့်မျှ လက်လွတ်စပယ် တိုက်ခိုက်၍မရချေ။
နောက်ဆုံးတော့ ချန်းဟယ်ကပင် စ၍အလျှော့ပေးလိုက်လေသည်။
“ခင်ဗျား ကျုပ်တို့တာဝန်ကို ပြီးအောင် ကူညီပေးမယ်ဆိုတာ သေချာလား”
“သေချာတယ်”
ညတစ္ဆေက ခေါင်းညိတ်လိုက်သည်။
“ဟေ့ ဒီအတိုင်းဆိုရင် ကျုပ်တို့မှာ တခြားရွေးချယ်စရာ မရှိတော့ဘူးထင်တယ်"
ချန်းဟယ်က ယဲ့ဖန်းဟန်ကို ပြောလိုက်၏။
“သူ တကယ်ပဲ ကျုပ်တို့ကို နှောင့်နှေးအောင် မလုပ်ဘူးဆိုတာ သေချာလား”
ယဲ့ဖန်းဟန်ကား စိုးရိမ်စိတ် အနည်းငယ် ရှိနေဆဲပင်။
“သူလဲ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်ပဲလေ နှစ်ယောက်ထက်စာရင် သုံးယောက်က ပိုကောင်းတာပေါ့”
နောက်ဆုံးတော့ ယဲ့ဖန်းဟန်ကိုယ်တိုင်လည်း ဘာမှမတတ်နိုင်တော့ပဲ သဘောတူလိုက်ရလေသည်။
“ခုလိုမှပေါ့”
ညတစ္ဆေ အားရပါးရပင် ရယ်မောလိုက်၏။
ညတစ္ဆေရောက်မလာမီ သူတို့ဂိုဏ်းချုပ် ထွက်ပြေးသွားသည်ကို ကြည့်ခြင်းအားဖြင့် ယဲ့ဖန်းဟန်၏စိတ်ထဲတွင် မသက်မသာဖြစ်သည့် ခံစားချက်များ အကြီးအကျယ် တိုးပွားလာနေ၏။
------------------------
“သူတို့ အခုဆို တွေ့ပြီးလောက်ပြီ”
အဝေးဆီသို့ ငေးကြည့်ရင်း စုချန်း တီးတိုး ရေရွတ်လိုက်သည်။
သူ့အနေနှင့် ညတစ္ဆေ လာရှာမည်ကိုခန့်မှန်းနိုင်ခဲ့သလို သူမ မည်သူနှင့် တွေ့ဆုံမည်ကိုလည်း ကြိုတင် ခန့်မှန်းနိုင်ခဲ့၏။
ယဲ့ဖန်းဟန်နှင့် ချန်းဟယ်တို့သည် ထူးချွန်သူများ ဖြစ်ကြသည်။ ၎င်းတို့နှင့်အတူ ရှိနေသောကြောင့် ညတစ္ဆေသည်လည်း ကိုယ့်ကိုယ်ကို ထိမ်းသိမ်းနိုင်ပေလိမ့်မည်။ သို့သော် ညတစ္ဆေ၏ ကဖျက်ယဖျက်လုပ်မှုကြောင့် ချို့ယွင်းချက်များဖြစ်လာနိုင်ဖွယ်ရှိနေသည့် တာဝန်များအတွက်တော့ စုချန်းက အ တခြားလူများကို စေလွှတ်ကာ ခိုင်း၍ရသည်။
အကယ်၍ ယဲ့ဖန်းဟန်နှင့် ချန်းဟယ်အနေနှင့် သူတို့တာဝန်များကို မကျေပြွန်လျင်ပင် ပြသနာမရှိသေး။ အကြောင်းမှာ အချုပ်အနှောင်မဲ့ဂိုဏ်းကြီး တဂိုဏ်းလုံးကို စုချန်းက ခေါ်ယူထားပြီးလေပြီ။ တော်ရုံဟာကွက်လောက်နှင့် ပင်မအစီအစဥ်ကြီးကို မည်သို့မှ ထိခိုက်နိုင်ဖွယ်ရာ မရှိ။
ဤသည်မှာ ထာဝရညထံမှ စုချန်း သင်ယူလိုက်နိုင်သည့် အရာပင် ဖြစ်သည်။
တိမ်တိုက်ထိုးခွဲလွန်းပျံယာဥ်ကြီးများသည် ဆယ့်နှစ်ရက်တိုင်တိုင် ပျံသန်းခဲ့ပြီး နောက်ဆုံးတွင် ရေအလျင်နိုင်ငံသို့ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်ရှိလာခဲ့၏။
ဤနေရာသည်ကား ရေအလျင်နိုင်ငံနှင့် ပင်လယ်လူသားမျိုးစိတ်များ၏ နယ်နမိတ်မျဉ်း ဖြစ်သည်။
ပင်လယ်၏ မြောက်ဘက်ရှိ ကုန်းမြေသည် ရေအလျင်နိုင်ငံ၏ အစိတ်အပိုင်းများဖြစ်ပြီး ဤနယ်မြေကြီးတွင် မြစ်များသည် အရပ်လေးမျက်နှာသို့ ဖြတ်သန်းစီးဆင်းနေကြ၏။ ရှေးအတီတေဆီက ကမ္ဘာဦးမတိုင်မီသားရဲကြီးလျူယုသည် လူသားနယ်မြေထဲသို့ နက်နက်ရှိုင်းရှိုင်းထိုးဖောက်ဝင်ရောက်ရန် ဤမြစ်များကို အားကိုးခဲ့ဖူးသည်။
လက်ရှိကာလတွင်လည်း ရေအလျင်နိုင်ငံနှင့် ပင်လယ်လူသားမျိုးစိတ်တို့သည် ပင်လယ်သားရဲကြီးများ၏ အန္တရာယ်ကို အမြဲတစေပင် ရင်ဆိုင်နေကြရ၏။ ဤသို့ ဘုံရန်သူနှင့် ရင်ဆိုင်နေရသောကြောင့် သူ့တို့အကြားတွင် အလွန်ကောင်းမွန်သော ဆက်ဆံရေးတရပ်ကို ထူထောင်ထားကြသည်ဟု ဆိုနိုင်သည်။
ရေအလျင်နိုင်ငံရှိ အဆောက်အအုံ အများစုကိုကား မြင့်မားသော နေရာများတွင် သစ်သားများကို အသုံးပြု၍ ဆောက်လုပ်ထားကြ၏။ အကြောင်းမှာ ပင်လယ်သားရဲတိုက်ခိုက်မှုတိုင်းသည် လှိုင်းလုံးကြီးများနှင့်အတူ ပါလာတတ်သောကြောင့်ပင်။
မြင့်မားသောနေရာများတွင် ဆောက်လုပ်ထားခြင်းကြောင့် ၎င်းတို့အနေနှင့် ပင်လယ်လှိုင်းလုံးကြီးများ၏ ရိုက်ခတ်မှုကို ရှောင်ရှားနိုင်ပေလိမ့်မည်။ သစ်သားအိမ်များမူကား လှေများအဖြစ် လျင်လျင်မြန်မြန်ပင် ပြောင်းလဲသွားနိုင်စွမ်း ရှိကြ၏။
ရေအလျင်နိုင်ငံ၏ လှေတည်ဆောက် စွမ်းရည်မှာကား လောကတခွင်တွင် ပြိုင်ဘက်ကင်းသည်ဟု ဆိုနိုင်သည်။ ၎င်းတို့၏ လှေများသည် အလွန် သွက်လက်ပေါ့ပါးပြီး ဧရာမလှေကြီးများသည်ပင် မြစ်မျက်နှာပြင်ပေါ်တွင် မြန်ဆန်စွာ ရွက်လွှင့်သွားလာနိုင်ကြ၏။
ထို့ကြောင့် နေရာတိုင်းလိုလိုတွင် အထပ်ပေါင်းများစွာပါသည့် လှေများကို တွေ့မြင်နေရလေသည်။
မြစ်ချောင်းအင်းအိုင် အလွန်များပြားခြင်း၊ သွက်လက်ပေါ့ပါးသည် လှေအများအပြားကို ပိုင်ဆိုင်ထားခြင်းပြောင့် ရေအလျင်နိုင်ငံ၏ ကုန်စည်ပို့ဆောင်ရေးမှာ များစွာ မြန်ဆန်လှ၏။ ဤအချက်ကြောင့် နိုင်ငံသည်လည်း များစွာ ဖွံ့ဖြိုးတိုးတက်နေကြောင်း တွေ့မြင်နေရသည်။
အထက်ပါအချက်များကြောင့် ရေအလျင်နိုင်ငံတွင် တိမ်တိုက်ထိုးခွဲလွန်းပျံယာဥ်များဟူသည်မှာ အလွန်မြင်ရခဲလှ၏။
ထို့ကြောင့် အချုပ်အနှောင်မဲ့ဂိုဏ်း၏ လွန်းပျံယာဥ်များ ဆင်းသက်လာသည့်အခါ လူတိုင်းလိုလို အံ့သြတကြီးနဲ့ ဝိုင်းဝန်းကြည့်ရှုနေကြတော့သည်။
ရေအလျင်နိုင်ငံ၏ မြို့တော်မှာ ပင်လယ်ကမ်းနားတွင် ကပ်လျက်တည်ရှိ၏။ နောက်ထပ် လေးရက်အကြာတွင်တော့ အချုပ်အနှောင်မဲ့ဂိုဏ်း၏ သင်္ဘောအုပ်စုသည် မန်ရှန်းမြို့တော်သို့ ဆိုက်ရောက်လာခဲ့တော့သည်။
ဤမြို့တော်ကို ရေပေါ်တွင် တည်ဆောက်ထားလေရာ မြင်ရသည်မှာ ထူးထူးဆန်းဆန်း အာရုံတမျိုးကို ပေးစွမ်းနေ၏။ မြို့၏မျက်နှာပြင် သုံးပုံနှစ်ပုံမှာ ရေဖြစ်ပြီး၊ အဆောက်အအုံ အများစုမှာ ရေပေါ်တွင် ပေါလောပေါ်နေကြသည်။ ရှစ်ထောင့်ပုံစံမြို့တော်၏ အရပ်ရှစ်မျက်နှာတိုင်းကို ပင်လယ်ဖြင့်သာ ဝန်းရံထားပြီး မြို့ရိုးများသည် ပင်လယ်ကြမ်းပြင်ထိတိုင်အောင် နိမ့်ဆင်းသွားကြ၏။ မြို့ထဲသို့ ဦးတည်သော အဓိက ရေလမ်းကြောင်း လေးခုတွင်ကား ဝင်ထွက်နေကြသော လှေများဖြင့် ပြည့်ကျပ်နေသည်။ ထိုလှေများမှာ ငါးဖမ်းလှေများ၊ကုန်သည်လှေများနှင့် စစ်သင်္ဘောများ ဖြစ်ကြလေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရုံနှင့် ရေအလျင်နိုင်ငံ၏ သဘောသဘာဝကို ကောင်းစွာ မြင်နိုင်သည်။
ဤနိုင်ငံ၏ အရာခတ်သိမ်းသည် ပင်လယ်ကြီးကိုသာ အခြေခံထား၏။
ပင်လယ်သည် ၎င်းတို့အား ပေါများသော အရင်းအမြစ်များကို ပေးနေသလို ခက်ခဲကြမ်းတမ်းလှသောဘဝနှင့်လည်း စမ်းသပ်လျက်ရှိသည်။
လမ်းပေါ်တွင် လမ်းသလားနေကြသည့် ပင်လယ်လူသားမျိုးစိတ်တချို့ကိုလည်း သူတို့ တွေ့မြင်ရ၏။
“ဝူး......”
ကျွဲချိုသံသည် ကောင်းကင်တစ်ခွင်သို့ ပဲ့တင်ထပ်သွား၏။
ထို့နောက် လူတစုကို တင်ဆောင်ထားသည့် လှေတစ်စင်းသည် စုချန်းတို့ရှိရာသို့ ချည်းကပ်လာသည်။
ရှေ့ဆုံးမှ ပုဂ္ဂိုလ်မှာကား ကျန့်စီချွေ့ကိုယ်တိုင်ပင် ဖြစ်လေသတည်း။