← Chapters

ကတိဖျက်ခြင်း

Vol. 93 Ch. 924

ကတိဖျက်ခြင်း

Vol. 93 Ch. 924

"မင်းကိုမျှော်ရတာ လည်ပင်းတောင်ရှည်နေပါပြီကွာ"

ကျန့်စီချွေ့ လက်နှစ်ဖက်ကို ဖြန့်ရင်း စုချန်းကို ကြိုဆိုနေ၏။

စုချန်း တဟားဟားရယ်မောလိုက်လေသည်။

"ခင်ဗျား စောင့်နေတယ်ဆိုတာ သေချာလို့လား ကျုပ်လာမှာ ကြောက်နေတာမဟုတ်ဘူးလား"

ကျန့်စီချွေ့ စုချန်း၏ လက်မောင်းကို လက်သီးဖြင့် ခပ်ဖွဖွထိုးလိုက်၏။

"မင်းက ကျုပ်ကို လှောင်နေတာလား"

ထို့နောက် သူက သက်ပြင်းချရင်း ပြောလိုက်လေသည်။

"ဒါပေမဲ့ မင်းပြောတာ အမှန်ပဲ ကျုပ်တကယ်ကြီးကို ကြောက်နေတာ မင်း အစီအစဉ်ကို စဉ်းစားမိလေလေ ကျုပ် ပိုကြောက်လေလေပဲ"

စုချန်းက ကျန့်စီချွေ့၏ပခုံးကို ပုတ်ရင်း နှစ်သိမ့်လိုက်လေသည်။

"စိတ်မပူပါနဲ့လေ နောက်တော့အဆင်ပြေသွားပါလိမ့်မယ်"

"မင်း တကယ်ပဲ ကိုယ့်ကိုယ်ကိုယ် ဒီလောက်တောင် ယုံကြည်မှု ရှိနေတာလား"

ကျန့်စီချွေ့က မေးလိုက်သည်။

"မရှိပါဘူး ခင်ဗျား နောက်ကျရင် ဒီအခြေအနေနဲ့ ရင်းနှီးသွားလိမ့်မယ်လို့ပဲ ကျုပ်က ပြောတာ"

စုချန်းက နောက်လိုက်၏။

ထို့နောက်တွင်တော့ သူတို့အားလုံး နန်းတော်သို့ ထွက်ခွာလာခဲ့ကြလေသည်။ ရေအလျင်နိုင်ငံ၏ စည်းမျဥ်းအရ သူတို့အနေနှင့် ဘုရင်ကို ဦးစွာ အရိုအသေပေးရပေလိမ့်မည်။

ဧကရာဇ်နန်းတော်သည် မင်ရှန်းမြို့၏ တောင်ဘက်ဒေသတွင် တည်ရှိပြီး၊ အိမ်နီးချင်းမြို့များကို ကျယ်ပြောလှသော ရေလမ်းကြောင်းဖြင့် ဆက်သွယ်ထားကာ ကြီးမားသော လှေများ သွားလာနိုင်ရန် ခွင့်ပြုထား၏။

စုချန်းကား လှေဦးတွင် ရပ်နေ၏။ သူ့ပတ်လည်တွင် မြင့်မားသော နံရံများ ဝန်းရံလျက်ရှိပြီး ထိုနံရံများတွင်လည်း အမြောက်ကြီးများ၊ ကြီးမားသောလေးကြီးများကို ပြွတ်သိပ်နေအောင် တပ်ဆင်ထားသည်။

မဲနက်နေသော သတ္တုတံခါးကြီးများသည် ဧရာမသားရဲတစ်ကောင် ပါးစပ်ဟလိုက်သကဲ့သို့ တကျွီကျွီအော်မြည်ကာ ပွင့်သွား၏။ အဆိုပါတံခါးများမှာ ပင်လယ်သားရဲကြီးများကို ရင်ဆိုင်ရန် အထူးစီမံထုတ်ထားလေရာ အနှိုင်းမဲ့ဧကရာဇ်ကျင့်ကြံခြင်းနယ်ပယ်ပညာရှင်များပင်လျှင် ဖြိုဖျက်ရန် အတော်ခက်ခဲပေလိမ့်မည်။

ဤသို့သော စစ်ဆေးရေးဂိတ် ဆယ့်သုံးဂိတ်ကို ကျော်ဖြတ်ပြီးနောက် စုချန်းတို့အုပ်စုမှာ နိုင်ငံ၏ဘုရင် ကျန့်ကျူးရှန်းအသင့်စောင့်ဆိုင်းနေသည့် ဘုရင့်နန်းတော်သို့ နောက်ဆုံး၌ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်ရှိလာခဲ့တော့သည်။

ကျန့်ကျူးရှန်းသည် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထား၏။ သူ၏ယဉ်ကျေးသိမ်မွေ့လှသော ပုံပန်းသဏ္ဌာန်မှာ ဘုရင်တပါးထက်စာလျင် စာပေပညာရှင်တဦးနှင့် ပို၍တူနေသည်။

သူ စုချန်းကို မြင်သည်နှင့် ချက်ချင်းပင် ဝမ်းသာအားရ နှုတ်ဆက်လိုက်၏။

"မင်း နာမည်ကို ကြားဖူးခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်သွားပြီ နောက်ဆုံးတော့ ကျုပ်တို့ တွေ့ဆုံခွင့်ရပြီပေါ့ ဝမ်းသာဂုဏ်ယူပါတယ်"

စကားဆုံးသည်နှင့် ကျန့်ကျူးရှန်းက စုချန်းက မသိမသာ ခါးကိုင်းရင်း အရိုအသေ ပေးလိုက်၏။

ရှေးခေတ်လူတို့သည် ပညာရှိများကို လေးစားတတ်ကြ၏။ အထူးသဖြင့် ထင်ရှားကျော်ကြားသူ ပညာရှိများကိုဆိုလျှင် ပို၍ပင် လေးစားကြတတ်ကြသည်။

ယခုအချိန်တွင် စုချန်း၏ မဟာပညာရှိဟူသော ဂုဏ်သတင်းမှာ ကမ္ဘာလောကကြီး၏ ထောင့်အသီးသီးသို့တိုင် ပျံ့နှံ့နေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်လည်း ကျန့်ကျူးရှန်းက ဘုရင်တပါးဖြစ်နေသည့်တိုင် စုချန်းကို အရိုအသေပေးလိုက်ခြင်းပင်။

မည်သို့ပင်ဆိုစေ စုချန်းအနေနှင့်လည်း ဘုရင်တပါး၏ ဂုဏ်သိက္ခာကိုတော့ ပြန်ငဲ့ရပေလိမ့်မည်။

"ဒီလောက်ချီးမွမ်းရအောင် စုချန်းက မထိုက်သေးပါဘူးခင်ဗျာ"

ကျန့်ကျူးရှန်းကလည်း စုချန်း၏ ယဥ်ကျေးမှုကို အသိအမှတ်ပြုဟန်ဖြင့် ခေါင်းတချက်ညိတ်ရင်း ဆက်ပြောလိုက်သည်။

"မင်းဒီကိုရောက်လာဖို့ ကျုပ်စောင့်နေရတာ အချိန်အတော်ကို ကြာသွားပြီ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့တွေ့ခွင့်ရတာ ကျုပ်အဖို့ ကံကောင်းတာပဲ သူကတော့ ကျုပ်ရဲ့သား ရှောက်ဟုန်ပါ ရှောက်ဟုန် ဧည့်သည်တော်ကြီးကို နှုတ်ဆက်လိုက်ပါအုံး"

အလွန်လှပသည့် နဂါးဝတ်ရုံဝတ် လူငယ်တဦးက စုချန်းကို ဦးညွတ်အရိုအသေပြုရင်း နှုတ်ဆက်လိုက်ပြန်သည်။

"သခင်လေးစုကို ဂါရဝပြုပါတယ်"

သူ့စကားသည် ယဉ်ကျေးပုံပေါ်နေ၏။ သို့သော် သူ့လေသံတွင်တော့ မကျေမနပ်ဖြစ်အငွေ့အသက်များ ထပ်ဟပ်နေလေသည်။

အိမ်ရှေ့မင်းသားကျန့်ရှောက်ဟုန် ဖြစ်ကြောင်း သိလိုက်ရ၍ စုချန်းကလည်း မသ်ိမသာပြုံးရင်း ပြန်လည်နှုတ်ဆက်လိုက်၏။

"အိမ်ရှေ့မင်းသားကို ဂါရဝပြုပါတယ်"

ကျန့်ရှောက်ဟုန်က ပြန်ဖြေလိုက်သည်။ သူ့လေသံမှာ အေးစက်တင်းမာနေ၏။

"မဟာပညာရှိကြီးစုချန်း ခင်ဗျားရဲ့ စွန့်စားခန်းတွေအကြောင်း ပုံပြင်တွေကို ကျုပ်တို့ နားနဲ့မဆန့်အောင် ကြားခဲ့ရပြီးပြီ ခင်ဗျားဟာ သွေးဗီဇမလိုအပ်တဲ့ကျင့်ကြံခြင်းနည်းစနစ်တွေကို တီထွင်ခဲ့တယ် လူသားမျိုးနွယ်ကို တိုးတက်မြင့်မားစေခဲ့တယ် သတ်ဖြတ်သူနယ်မြေအနှံ့ လှည့်လည်သွားလာခဲ့တယ် ကောင်းကင်ဘုံလက်သီးတပ်ရင်းကို ကယ်တင်ခဲ့တယ် ဒါတင်မကသေးဘူး ခင်ဗျားက လူပျံတော်တွေကိုပါ လှည့်စားခဲ့သေးတယ် ခင်ဗျားဟာ မယုံနိုင်လောက်အောင်ကို ထူးချွန်ပေတာပဲ"

စုချန်းက ပြုံးရင်း ပြန်ပြောလိုက်သည်။

"ဒါကတော့ အိမ်ရှေ့မင်းသား ကျုပ်ကို ချီးမွမ်းလွန်းနေပါပြီ"

ကျန့်ရှောက်ဟုန် တချက်မဲ့လိုက်၏။

"ကျုပ် ချီးမွမ်းတာတောင် နည်းနေပါသေးတယ် သခင်လေးစုဟာ တခြားမျိုးစိတ်တွေကို တဦးတည်းရင်ဆိုင်ခဲ့ရုံတင်မကပဲ အခုဆိုရင် နိုင်ငံခုနစ်နိုင်ငံ ကိုပါ သြဇာလွှမ်းမိုးနိုင်နေပြီ ကျုပ်တို့နိုင်ငံရဲ့ ရေတပ်ကို ဘယ်သူ ဦးစီးရမယ်ဆိုတာကိုတောင် ခင်ဗျားမှာ အမိန့်ပေးခွင့်ရှိနေပြီ"

ကျန့်ကျူးရှန်း၏ မျက်နှာ မည်းမှောင်သွား၏။

"ရှောက်ဟုန်"

ကျန့်ရှောက်ဟုန်သည် ခေါင်းငုံ့ကာ နှုတ်ဆိတ်သွား၏။ သို့သော် သူ၏မျက်နှာတွင်ကား မကျေနပ်သည့် အမူအရာက ရှိနေဆဲပင်။

ကျန့်ကျူးရှန်းက တောင်းပန်လိုက်လေသည်။

"ကျုပ် တောင်းပန်ပါတယ်ကွာ လူငယ်တွေ ဘယ်လောက် စိတ်မထိန်းနိုင်လဲဆိုတာ မင်းလဲ သိပါတယ်"

တကယ်တမ်းတွင် ကျန့်ရှောက်ဟုန်က စုချန်းထက် အသက်ပိုကြီး၏။ သို့သော် စုချန်း၏ အဆင့်အတန်းအရ မည်သူကမျှ သူ့ကို လူငယ်အဖြစ် သဘောမထားရဲချေ။

ကျန့်ရှောက်ဟုန်၏ လုပ်ရပ်များသည် ရိုင်းစိုင်းသော်လည်း အိမ်ရှေ့မင်းတစ်ပါးအနေဖြင့် မာန်မာနထောင်လွှားလိမ့်မည်သာ။ တစ်နည်းအားဖြင့် ဤသည်မှာ အိမ်ရှေ့မင်းတစ်ပါးအတွက် သင့်လျော်သော ပုံစံပင် ဖြစ်ကောင်းဖြစ်နေပေလိမ့်မည်။ ထိုသို့မဟုတ်ပဲ သူရဲကောင်းဆန်လွန်းခြင်း သို့မဟုတ် စိတ်သဘောထား ကြီးမြတ်လွန်းနေမှသာ အိမ်ရှေ့မင်းသားတပါးအတွက် ထူးဆန်းကောင်းထူးဆန်းနေပေလိမ့်မည်။

နိုင်ငံတိုင်း၏ အုပ်စိုးရှင်တိုင်းသည် သူရဲကောင်းဆန်ပြီး မြင့်မြတ်နေရန် မလိုအပ်။ ဤသည်မှာ ခါးသီးသော်လည်း အမှန်တရားပင်တည်း။

ယခုလည်း ကျန့်ရှောက်ဟုန်က စုချန်းကို မနှစ်မြို့ကြောင်း သူ့သဘောထားကို ပွင့်ပွင့်လင်းလင်းပင် ပြသလိုက်၏။

ထိုအတွက် အကြောင်းရင်းကလည်း ရှင်းရှင်းလင်းလင်းပင် ရှိနေခဲ့လေသည်။

အကြောင်းမှာ ကျန့်စီချွေ့ကို ပင်လယ်ထိန်းချုပ်ရေးဌာနခွဲ၏ စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်ရန် စုချန်းက အပေးအယူလုပ်ခဲ့သည် မဟုတ်ပါလား။ ၎င်းမှာ ရေအလျင်နိုင်ငံ၏ ရိုးရာစည်းမျဉ်းများကို ချိုးဖောက်ရာရောက်ခဲ့သည့်အပြင် သူ့အတွက်လည်း အကျိုးမရှိချေ။ ထို့ကြောင့် ကျန့်ရှောက်ဟုန်တယောက် အကြီးအကျယ် စိတ်တိုင်းမကျ ဖြစ်နေရခြင်းပင်။

စုချန်းသည် ဤအပေးအယူအတွက် တန်ဖိုးကြီးကြီးမားမား ပေးခဲ့ရသည်မှာ အမှန်ပင်။ သို့သော် ကျန့်ရှောက်ဟုန်က စုချန်း မည်မျှပေးဆပ်ခဲ့သည်ကို ဂရုမစိုက်။ အကြောင်းမှာ ဤအပေးအယူကြောင့် ထိခိုက်နစ်နာသွားသူမှာ သူဖြစ်နေပြီး ထိုအတွက် အကျိုးအမြတ်ကို သူ ခံစားရမည်မဟုတ်သောကြောင့်ပင်။

အထက်ပါအတိုင်း အချေအတင်ဖြစ်ပြီးနောက် သူတို့အားလုံး ခန်းမထဲသို့ ဝင်ရောက်လာခဲ့ကြ၏။ ခန်းမထဲတွင်ကား ကျန့်ကျူးရှန်းက စုချန်းအတွက် ကြီးမားသည့် စားသောက်ကြီးကို ပြင်ဆင်ထားလေသည်။

နှစ်ဖက်အဖွဲ့များ နေရာယူပြီးသည်နှင့် ကျန့်ကျူးရှန်းက ပြောလိုက်၏။

"ဒီတော့ ကိစ္စက အရင်တကြိမ်က ကိစ္စပဲမလား"

"မှန်ပါတယ်အရှင်မင်းကြီး"

စုချန်း ခေါင်းညိတ်ပြလိုက်သည်။

"ကျုပ်အနေနဲ့ ပင်လယ်ထိန်းချုပ်ရေး ဌာနခွဲကို ခဏငှားဖို့ အဆိုပြုထားတဲ့ ကိစ္စပါပဲ"

"ဘာအတွက်လဲ"

"ပင်လယ်ပြင်ထဲကို စစ်ဆင်ရေးထွက်ပြီး ပင်လယ်သားရဲတချို့နဲ့ တိုက်ခိုက်ဖို့ပါပဲ"

"ပင်လယ်သားရဲတွေကိုတော့ ကျုပ်တို့က အချိန်တိုင်း တိုက်ခိုက်နေတာပဲလေ"

"ဒါပေမဲ့ ကျုပ်အနေနဲ့ ကျုပ်ရဲ့နည်းလမ်းနဲ့ လုပ်ဖို့ လိုအပ်နေလို့ပါ အရှင်မင်းကြီး"

"ဘယ်လိုနည်းလမ်းလဲဆိုတာ ကျုပ် သိဖို့လိုတယ်"

"ဒါကတော့ ပြောပြလို့မရပါဘူး ကျုပ်အနေနဲ့ ခနတဖြုတ် လျှို့ဝှက်ထားဖို့ လိုအပ်နေသေးတယ်"

ကျန့်ကျူးရှန်း နှုတ်ဆိတ်သွားလေသည်။

အချိန်အတော်ကြာပြီးမှ သူက ပြောလိုက်၏။

"ပင်လယ်ထိန်းချုပ်ရေးဌာနခွဲဟာ ကျွန်တော်နိုင်ငံရဲ့ အရေးကြီးတဲ့ စစ်အင်အားစု ဖြစ်တယ် ဒီဌာနခွဲ ပျက်စီးသွားလို့ မဖြစ်ဘူး"

စုချန်းက တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြေလိုက်သည်။

"ဒါကြောင့်လည်း ကျုပ်အနေနဲ့ အစကတည်းက ဌာနခွဲတခုလုံးကို ဝယ်ယူနိုင်လောက်အောင် လုံလောက်တဲ့ ငွေကြေးပေးခဲ့တာပေါ့"

လွန်ခဲ့သော ငါးနှစ်က စုချန်းသည် ဤအပေးအယူအတွက် ကျန့်မျိုးနွယ်သွေးဗီဇကို မြှင့်တင်ပေးနိုင်သည့် နည်းစနစ်အပြင် တခြားအဆင့်မြှင့်ထားသော လျှို့ဝှက်နည်းစနစ်များ၊ ရှားပါးသော ကျင့်ကြံရေးအရင်းအမြစ်များနှင့် ငွေကြေး အမြောက်အမြားတို့ကို ပေးခဲ့ရ၏။

စုချန်း၏ ဤငွေကြေးပမာဏသည် ပင်လယ်ထိန်းချုပ်ရေးဌာနခွဲတစ်ခုလုံးကို အစမှအဆုံးတိုင် ပြန်လည်တည်ဆောက်ရန် မလုံလောက်သော်လည်း ဌနခွဲ၏ တဝက်မျှကိုတော့ ပြန်လည်တည်ဆောက်ရန် ကောင်းကောင်းကြီး လုံလောက်ပေသည်။

ထို့ကြောင့်လည်း ကျန့်ကျူးရှန်းအနေနှင့် ပင်လယ်ထိန်းချုပ်ရေးဌာနခွဲကို

စုချန်း အချိန်ကာလတခုအတွက် အသုံးပြုရန် သဘောတူခဲ့ခြင်းပင်။

ဤသို့နှင့် ငါးနှစ်ဟူသောအချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့၏။ ယခု စုချန်း ရေအလျင်နိုင်ငံသို့ လာရောက်ရခြင်းမှာ အပေးအယူအတွက် ရသင့်ရထိုက်သည့်အရာအား တောင်းဆိုရန် လာခဲ့ခြင်းပင်။ သို့သော် ကျန့်ကျူးရှန်ဘက်က လွယ်လင့်တကူ သဘောတူညီမည့်ပုံ မပေါ်ချေတကား။

အတန်ကြာသော် ကျန့်ကျူးရှန်းက ပြောလိုက်လေသည်။

"ကျုပ်အနေနဲ့ မင်းအတွက် ပင်လယ်ထိန်းချုပ်ရေးဌာနခွဲကို ငှားပေးလိုက်လို့ရပါတယ် ဒါပေမဲ့ အခြေအနေအချို့ကိုတော့ ညှိနှိုင်းဖို့လိုသေးတယ်"

သို့သော် စုချန်းက ခေါင်းခါလိုက်၏။

"ကျုပ်တို့ လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက အားလုံးကို ညှိနှိုင်းခဲ့ပြီးပြီ ထင်တာပဲ"

ကျန့်ရှောက်ဟုန်က ချက်ချင်းပင် ပြန်ပြောလိုက်သည်။

"အဲဒါ လွန်ခဲ့တဲ့ငါးနှစ်ကလေ အခုကျတော့ အခြေအနေတွေက တူမှမတူတော့တာပဲ"

စုချန်းက ကျန့်ရှောက်ဟုန်ကို တချက်လှမ်းကြည့်ပြီး ကျန့်ကျူးရှန်းကို ပြန်ကြည့်လိုက်ပြန်သည်။ ကျန့်ကျူးရှန်းကား ကျန့်ရှောက်ဟုန် စကားပြောသည်ကို တခွန်းတပါဒမှ တားဆီးခြင်းမရှိ။

ဘာတွေဖြစ်ပျက်နေမှန်း စုချန်း ချက်ချင်းပင် နားလည်သွားခဲ့၏။

ထို့နောက် သူက ပြန်မေးလိုက်သည်။

"အိမ်ရှေ့မင်းသား ဆိုလိုတဲ့ အခြေအနေဆိုတာ ဘာတွေများပါလိမ့်"

"ခင်ဗျား ပင်လယ်ထိန်းချုပ်ရေးဌာနခွဲကို တနှစ် အသုံးပြုနိုင်တယ် ဒါပေမဲ့ အနည်းဆုံး ရှစ်ဆယ်ရာခိုင်နှုန်းကို အသက်ရှင်လျက် ပြန်ခေါ်လာရမယ် စပေါ်ငွေက မူလကျောက်တုံး ဘီလီယံငါးရာဖြစ်မယ် ခင်ဗျား ပြန်ခေါ်လာနိုင်တဲ့လူနည်းသွားလေလေ စျေးက မြင့်တက်သွားလိမ့်မယ်"

ကျန့်ရှောက်ဟုန်က ချက်ချင်း ပြန်ဖြေလိုက်၏။ ကြည့်ရသည်မှာ စကတည်းက သားအဖနှစ်ယောက် ကြိုတင်ညှိနှိုင်းထားကြသည့်ဟန်ပင်။

စုချန်း ရယ်မောလိုက်၏။

"အိမ်ရှေ့မင်းသား နောက်နေတာလား"

"ကျုပ်ကရော နောက်နေတဲ့ပုံ ပေါက်နေလို့လား"

သို့သော် စုချန်းက ၎င်းကို လျစ်လျူရှုလိုက်ပြီး ကျန့်ကျူးရှန်းဘက်သို့ လှည့်မေးလိုက်သည်။

"အရှင်မင်းကြီး ကျုပ်တို့ဟာ အရင်တုန်းက မူလကျောက်တုံး ဘီလီယံနှစ်ရာနဲ့ သုံးနှစ် ငှားရမ်းဖို့ သဘောတူညီမှုယူခဲ့ကြတယ် အလဲအလှယ်အနေနဲ့ ကျုပ်ဟာ တပ်ဖွဲ့ရဲ့အနည်းဆုံး ခုနစ်ဆယ်ရာခိုင်နှုန်းကို ပြန်ခေါ်လာရမယ် ပြန်မခေါ်လာနိုင်ရင် လျော်ကြေးပေးရမယ်လို့ သဘောတူခဲ့ကြတယ် အခုကျမှ ဘာဖြစ်လို့ အခြေအနေတွေ ရုတ်တရက် ပြောင်းလဲသွားရတာလဲ ပြီးတော့ စျေးနှုန်းက ကွာဟလွန်းတယ်အရှင်မင်းကြီး ဒါ လောဘကြီးရာ ရောက်လွန်းမနေဘူးလား"

ကျန့်ကျူးရှန်းက သက်ပြင်းချလိုက်၏။

"သခင်လေးစုအနေနဲ့ ကျုပ်ရဲ့ အနေအထားကို နားလည်ပေးဖို့လိုတယ် ကျုပ်ဟာ ရေအလျင်နိုင်ငံရဲ့ဘုရင်တပါးဖြစ်ပြီး ကျုပ်ရဲ့ တာဝန်က လူသားနယ်မြေ ဝင်ပေါက်ကို ကာကွယ်ဖို့ပဲ ဒါ ပေါ့ပေါ့ဆဆ သဘောထားရမဲ့ တာဝန်မျိုး မဟုတ်ဘူး"

ပြန်ပြောလိုက်သော စုချန်း၏ လေသံမှာ အေးစက်တင်းမာနေ၏။

"လူသားမျိုးစိတ်တွေကို သတ်ဖြတ်သူ၊ လူပျံတော်၊ သားရဲတွေနဲ့ ဝိညာဥ်မျိုးစိတ်တွေက စစ်မျက်နှာအသွယ်သွယ်ကနေ အမြဲတစေ တိုက်ခိုက်နေတာပါ အရှင်မင်းကြီး နိုင်ငံခုနစ်နိုင်ငံထဲမှာ ဘယ်နိုင်ငံကများ လွယ်ကူနေတာ ရှိလို့လဲ အရှင်မင်းကြီးအနေနဲ့ သဘောတူညီချက်က အန္တရာယ်များတယ်လို့ခံစားမိရင် အဲဒီကတည်းက သဘောမတူခဲ့လို့ရတယ် အခုကျမှ ကိုယ့်စကားကို ပြန်ရုပ်သိမ်းတာကတော့ မကောင်းပါဘူးလေ"

"ဒါ ဘယ်လိုလုပ်ပြီး ကိုယ့်စကားကို ပြန်ရုပ်သိမ်းတာ ဖြစ်ရမှာလဲ"

ကျန့်ရှောက်ဟုန်က မဲ့ကာရွဲ့ကာနှင့် ပြောလိုက်ပြန်သည်။

"ကျုပ်တို့ဘက်က ဖြစ်စေချင်တဲ့ အခြေအနေကို နည်းနည်းပါးပါး ပြောင်းလိုက်တဲ့သဘောပါပဲ ဒါ တအားကြီး လွန်ကဲနေတာမျိုးတော့လဲ မဟုတ်ပါဘူးလေ"

သို့သော် စုချန်းကတော့ ပြတ်ပြတ်သားသားပင်။

"ကျွန်တော်ကတော့ ဒါ တော်တော်များသွားပြီလို့ထင်တယ် ကြည့်ရတာ ရေအလျင်နိုင်ငံအနေနဲ့ ကျုပ်နဲ့ဆက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒမရှိတဲ့ပုံပဲ ဒါဆိုလဲ ကျုပ် ပင်လယ်ထိန်းချုပ်ရေးဌာနခွဲကို မငှားတော့ပါဘူး ကျုပ် အရင်ပေးထားတဲ့ ပိုက်ဆံကိုပဲ ပြန်ပေးပါတော့"

ကျန့်ရှောက်ဟုန်က ချက်ချင်းဆိုသလို ဝင်ပြောလိုက်ပြန်၏။

"ခင်ဗျား ရေတပ်ကို မငှားဘူးဆိုရင်လဲ ရတယ် ဒါပေမဲ့ ခင်ဗျား ပေးထားတဲ့ ပိုက်ဆံတွေကိုတော့ ကျုပ်တို့ သုံးပြီးနေပြီ ဒါကြောင့် အားလုံးကို ပြန်ပေးနိုင်မှာ မဟုတ်ဘူး"

ကြည့်ရသလောက် ရေအလျင်နိုင်ငံဘက်မှ စုချန်းအပေါ် ပေါ်တင်ကလိန်ကကျစ် လုပ်တော့မည်ဟန် ပေါ်နေ၏။

စုချန်း ကျန့်ရှောက်ဟုန်ကို ဖြတ်ခနဲ လှမ်းကြည့်လိုက်သည်။

"ပြန်ပေးနိုင်မှာ မဟုတ်ဘူး ဟုတ်လား"

ထို့နောက် သူ ကျန့်ကျူးရှန်ဘက်သို့ လှည့်ရင်း မေးလိုက်လေသည်။

"အရှင်မင်းကြီးက အကြွေးကို လျော်ပစ်ချင်နေတာလား"

"ကျုပ်က ဘယ်လိုလုပ် အကြွေးကို လျော်ပစ်ရမှာလဲ"

ကျန့်ကျူးရှန်းက အေးဆေးတည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

"ကျုပ်တို့ရဲ့ ဝန်ဆောင်မှုကို မင်း မငှားဘူးဆိုတော့လဲ ကျုပ်တို့က ပိုက်ဆံပြန်ပေးရမှာပေါ့ ဒါပေမဲ့ အချိန်တချို့တော့ ယူရလိမ့်မယ်"

"ဘယ်လောက်ကြာမလဲ"

ကျန့်ရှောက်ဟုန်က ရယ်မောလိုက်၏။

"ကျုပ် အထင် နှစ်ပေါင်းတစ်ရာလောက်ပေါ့"

ထိုစကားကြောင့် လူတိုင်း အံ့အားသင့်သွား၏။

ကျန့်စီချွေ့ကိုယ်တိုင်လည်း အကြီးအကျယ် စိတ်လှုပ်ရှားသွားလေသည်။

"အဖေ"

ကျန့်ကျူးရှန်း ဒေါသတကြီးနှင့် ကျန့်စီချွေ့ကို လှည့်ကြည့်လိုက်သည်။

"နှစ်ပေါင်း တစ်ရာ"

စုချန်း အကြီးအကျယ်ပင် ရယ်ချင်သွားတော့သည်။

"ဒါ ခင်ဗျားတို့ရဲ့ တကယ့်အစီအစဥ်ပေါ့လေ ဟုတ်လား နှစ်ပေါင်းတစ်ရာတဲ့ ရယ်စရာကောင်းလိုက်တာ"

ကျန့်ရှောက်ဟုန်ကား ခပ်တည်တည်နှင့် ပြန်ပြောလိုက်၏။

"ခင်ဗျား စကားပြောတာ သတိထားပြောပါ ကျုပ်တို့ဘက်က အနည်းဆုံး အပေးအယူရဲ့ တစိတ်တပိုင်းကိုတော့ ဖြည့်ဆည်းပေးခဲ့ပြီးပြီ"

"အပေးအယူရဲ့ ဘယ်အပိုင်းလဲ"

"ဘယ်အပိုင်းလဲ ဟုတ်လား ကျုပ်ညီငယ်ကို ပင်လယ်ထိန်းချုပ်ရေးဌာနခွဲရဲ့ ဦးစီးချုပ်အဖြစ် ခန့်အပ်ခဲ့ပြီးပြီ အဲဒါက သဘောတူညီချက်ရဲ့ တစိတ်တပိုင်းပဲ မဟုတ်ဘူးလား သူ ငါးနှစ်ကြာအောင် ဦးစီးချုပ် လုပ်ခဲ့ပြီးပြီမို့ ကျုပ်တို့ဘက်က တရားလွန်တယ်လို့ မဆိုနိုင်ဘူး"

စုချန်း အားရပါးရ ရယ်မောမိတော့သည်။ ထို့နောက် သူ ကျန့်စီချွေ့ကို ကြည့်လိုက်ပြန်သည်။

ကျန့်စီချွေ့ ချက်ချင်း မတ်တပ်ရပ်လိုက်၏။

"အစ်ကိုကြီး ခင်ဗျား ဒါ ဘာလုပ်နေတာလဲ"

"မင်း ခုထိ နားမလည်သေးဘူးလား"

ကျန့်ရှောက်ဟုန်က ကျန့်စီချွေ့ကို တည့်တည့်ပင် ကြည့်ရင်း ပြောလိုက်လေသည်။

"မင်းဟာ အပြင်လူတဦးနဲ့ ပူးပေါင်းပြီး ရေတပ်ကို၊ ပြီးတော့ တနိုင်ငံလုံးကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့တယ်"

ပြောရင်းနှင့် ကျန့်ရှောက်ဟုန်သည် ခုံကို လက်ဝါးဖြင့် ရိုက်ချပြီး မတ်တပ်ရပ်လိုက်၏။

သူ့အစ်ကိုကို ကြည့်ရင်း ကျန့်စီချွေ့ နာကျင်စွာ ခံစားလိုက်ရလေသည်။

"အစ်ကိုကြီး ကျုပ် အဲဒီလိုလူ မဟုတ်ဘူးဆိုတာ ခင်ဗျား သိပါတယ် ကျုပ် ထီးနန်းကို ဘယ်တုန်းကမှ မက်မောခဲ့တဲ့ကောင်မဟုတ်ဘူး"

ကျန့်ရှောက်ဟုန်က ပြန်ပြောလိုက်၏။

"မင်းမှာ ရည်မှန်းချက် မရှိပေမဲ့ မင်းဘေးကလူတွေရဲ့စိတ်ကို ဘယ်သိနိုင်မလဲ တစ်ခါတလေကျရင် ဆုံးဖြတ်ချက်က မင်းတယောက်တည်းအပေါ်မှာ မူတည်နေတာမှ မဟုတ်တာ"

သူ စကားပြောနေစဉ်မှာပင် သူ့ အကြည့်က ဂျီဟန်းယင် ဘက်သို့ ရွေ့လျားသွားလေသည်။

သဘောကတော့ သူ ဂျီဟန်းယင်ကို စိတ်ပူနေသည့်သဘောပင်။

ထိုအချိန်မှာပင် ဝိုင်ခွက်တခွက်က ကျန့်ရှောက်ဟုန်ဆီသို့ တိုးဝင်လာ၏။ ထို့နောက် ဝိုင်များ သူ့တကိုယ်လုံးသို့ ဖိတ်ကျသွားတော့သည်။

ကျန့်ရှောက်ဟုန် ကြက်သေသေသွား၏။

"မင်း"

ထို့နောက် ဂျီဟန်းယင်က တံတွေးတချက်ထွေးပြီး အေးစက်စက်လေသံနှင့် ပြောလိုက်လေသည်။

"အသုံးမကျတဲ့လူ"

All Chapters