← Chapters

ပို၍ဆိုးရွားလာသောအခြေအနေ

Vol. 93 Ch. 925

ပို၍ဆိုးရွားလာသောအခြေအနေ

Vol. 93 Ch. 925

“အသုံးမကျတဲ့လူ"

ဂျီဟန်းယင်၏ ကဲ့ရဲ့ရှုတ်ချမှုသည် အိမ်ရှေ့မင်းသားတပါး၏ ဂုဏ်သိက္ခာကို မြောင်းထဲပစ်ချလိုက်သလို ဖြစ်သွားစေ၏။ ရှေးအတိတ်ကာလဆီကသူမ၏ အေးစက်စက်နိုင်သော၊ ဘယ်သူ့ကိုမှ ထီမထင်သော စရိုက်က တစ်ဖန်ပြန်၍ ပေါ်ပေါက်လာခဲ့ချေပြီ။

သူမ၏လုပ်ရပ်ကြောင့် စုချန်းပင်လျှင် အံ့အားသင့်သွား၏။ သူမကား အိမ်ထောင်သည်ဖြစ်သွားသည့်တိုင် ယခုအချိန်ထိ ဒေါသကြီးနေဆဲပေတကား။

မမျှော်လင့်သောအဖြစ်အပျက်ကြောင့် ကျန့်ရှောက်ဟုန် ဒေါသပေါက်ကွဲလုနီးနီး ဖြစ်နေစဉ်မှာပင် စုချန်းက ကြားဖြတ်ပြောလိုက်သည်။

“ကောင်းပြီလေ နှစ်တရာဆိုတော့လဲ နှစ်တရာပဲပေါ့"

ဘာ...

လူတိုင်း အံ့အားတကြီးနှင့် စုချန်းကို စိုက်ကြည့်နေကြလေသည်။

စုချန်းကား အမူအရာပင် မပျက်ချေ။

"ကျုပ်ရဲ့အကြွေးကို နှစ်တရာမှ ပြန်ဆပ်မယ်ဆိုရင်လဲ ရှိစေတော့ ကျုပ်ဘက်ကလဲ ရေတပ်ဌာနခွဲငှားမဲ့ကိစ္စကို ဘယ်တော့မှ ထပ်ပြီး မပြောတော့ဘူး ကဲ သွားကြစို့”

စုချန်း ပြောရင်း လှည့်ထွက်သွားရန် ဟန်ပြင်လိုက်၏။

သို့သော် ကျန့်ကျူးရှန်းက ချက်ချင်းပင် အသံမာမာဖြင့် ဝင်ရောက်ဟန့်တားလိုက်သည်။

"ခနနေပါအုံး သခင်လေးစု"

စုချန်းမှာ လက်နှစ်ဖက်ကို နောက်ပစ်လျက် တည်တည်ငြိမ်ငြိမ်ပင် ရှိနေ၏။

“တခြား ဘာများ လိုအပ်သေးလို့လဲ အရှင်မင်းကြီး”

ကျန့်ကျူးရှန်းက အောက်ပါအတိုင်း ပြောလိုက်လေသည်။

“သခင်လေးစုက ခရီးဝေးကနေ လာခဲ့တာဆိုတော့ အခုလို ရောက်တုန်းရောက်ခိုက် ဒီနန်းတော်မှာ ခနတဖြုတ် နေသွားပါအုံးလား"

“မလိုတော့ပါဘူးဗျာ ကျုပ်မှာ လုပ်စရာတွေအများကြီး ရှိနေတဲ့အတွက် ခုပဲသွားပါရစေ"

စုချန်းက ခပ်ပြတ်ပြတ်ပင် ငြင်းပယ်လိုက်သည်။

ကျန့်ကျူးရှန်ကား မျက်နှာသေကြီးနှင့် ပြုံးလိုက်၏။

“တကယ်လို့ ကျုပ်က မင်းကို အတင်းအကျပ် ဆွဲထားမယ်ဆိုရင် မင်း ဘယ်လိုလုပ်မလဲ”

စုချန်း မျက်မှောင်ကုတ်လိုက်၏။

“အရှင်မင်းကြီးက အကြွေးမဆပ်တဲ့အပြင် ကျုပ်ကိုပါ ဖမ်းဆီးဖို့ စီစဉ်နေတာလား”

ကျန့်ကျူးရှန်းသည် အမူအရာပင် မပျက်ချေ။

“မဟာပညာရှိစုချန်းရဲ့ အသိပညာဟာ အတိုင်းအဆ မရှိဘူး သခင်လေးစုကို ပိုင်ဆိုင်ထားခြင်းဟာ ရေတပ်ဖွဲ့အပိုတဖွဲ့ကို ပိုင်ဆိုင်ထားတာနဲ့ အတူတူပဲ သခင်လေးစုကို ခေါ်မထားနိုင်ဘူးဆိုရင် ကျုပ်တို့ နိုင်ငံသူ နိုင်ငံသားတွေကို စော်ကားရာ ရောက်နေလိမ့်မယ်”

သူ ပြောနေစဉ်မှာပင် ခန်းမ၏ တံခါးများအသီးသီးသည် ဖြည်းညှင်းစွာ ပွင့်လာပြီး မရေမတွက်နိုင်သော စစ်သည်များ အခန်းထဲသို့ စုပြုံဝင်ရောက်လာကြ၏။ ထိုအထဲတွင် ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင် အများအပြား ပါဝင်နေလေသည်။

“ဖေဖေ”

ကျန့်စီချွေ့ စိုးရိမ်တကြီး အော်ဟစ်လိုက်၏။

“ပါးစပ်ပိတ်ထားစမ်း နိုင်ငံတော်နဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ မင်း ဝင်ပြောပိုင်ခွင့် မရှိဘူး ငါက ရေအလျင်နိုင်ငံရဲ့အကျိုးအတွက် လုပ်နေတာကွ”

စုချန်း စိတ့်ပျက်လက်ပျက်နှင့် သက်ပြင်းချလိုက်၏။

“အရှင်မင်းကြီးဟာ လမ်းမှားကို ရွေးချယ်မိပြီး ကိုယ်ကိုယ်တိုင်နဲ့နိုင်ငံအပေါ် ဘေးအန္တရာယ် ကျရောက်လာမိစေမှာကိုတော့ ကျုပ် တကယ်ပဲစိတ်ပူမိတယ်"

ကျန့်ကျူးရှန်း ပြန်ဖြေလိုက်သည်။

“ဒါကြောင့်မို့လို့ မင်းကို ကျုပ် ဒီမှာ အတင်းဆွဲထားဖို့ ကြိုးစားရတာပေါ့ ကျုပ်အနေနဲ့ မင်းရဲ့အင်အားကို ဘယ်တော့မှ လျှော့မတွက်ခဲ့ဘူး ခုနတုန်းက နှစ်တစ်ရာ စောင့်ဖို့သဘောတူခဲ့တယ်ဆိုတာလဲ စိတ်ရင်းနဲ့မဟုတ်မှန်း ကျုပ် သိတယ်"

စုချန်းသည် အန္တရာယ်ရှိသော အခြေအနေမှ လွတ်မြောက်နိုင်ရန်အတွက်သာ သဘောတူဟန်ဆောင်ခဲ့ခြင်းမှန်း ကျန့်ကျူးရှန်း သိရှိထား၏။

ထို့ကြောင့်လည်း စုချန်းကို ထွက်သွားခွင့်ပေး၍မဖြစ်ဟု သူ ယတိပြတ်ဆုံးဖြတ်လိုက်ခြင်းပင်။

အချုပ်အနှောင်မဲ့ဂိုဏ်း၏ အင်အား မည်မျှကြီးမားမှန်း သူ မသိ။ သို့သော် စုချန်း တစ်ဦးတည်းကိုပင် သူ မည်သို့မှ လျှော့တွက်၍မရချေ။

ကျန့်ကျူးရှန်းအနေနှင့် ရေအလျင်နိုင်ငံကို နောက်ထပ် သတ်ဖြတ်သူများကဲသို့ သို့မဟုတ် လူပျံတော်များကဲ့သို့ ဖြစ်လာမည်ကို မည်သို့မှ မလိုလားချေ။ ထို့ကြောင့် သူ့အနေနှင့် အတတ်နိုင်ဆုံး ပညာရှိရှိ စဉ်းစားရန် လိုအပ်၏။

ခန်းမအတွင်းရှိ ဖိအားမှာ တရိပ်ရိပ် တိုးပွားလာနေ၏။ သို့သော် စုချန်းကား တည်ငြိမ်နေဆဲပင်။ သူ၏ မျက်နှာအမူအရာမှာလည်း ကန်ရေပြင်ကဲ့သို့ ငြိမ်သက်နေ၏။။

“အရှင်မင်းကြီးက ဒီအင်အားနဲ့ ကျုပ်ကို ထိန်းထားနိုင်လိမ့်မယ်လို့ တကယ်ပဲ ထင်နေတာလား”

ကျန့်ကျူးရှန်း ပြုံးလိုက်၏။

“ကျုပ် နားလည်ပါတယ်လေ မင်းဟာ အလင်းတုန်ခါခြင်းတစ္ဆေကို သုံးပြီး အချိန်မရွေး ထွက်သွားလို့ရပါတယ် ဒါပေမဲ့ ဒီနေရာမှာ ကျုပ်ဘက်က ပိတ်ဆို့ခြင်းပုံစံကွက်က်ို နှိုးဆွထားတဲ့အတွက် ဒီနည်းစနစ်က ထင်သလောက် အလုပ်ဖြစ်မှာမဟုတ်ဘူး နောက်ဆုံးကုန်ကုန်ပြောရင် မင်းအနေနဲ့ ဒီတံခါးပေါက်ကနေ ဒီအတိုင်း လမ်းလျှောက်ထွက်သွားလောက်တဲ့အစွမ်းမျိုးရှိခဲ့ရင်တောင် အတူပါလာတဲ့ လက်အောက်ငယ်သားတွေက လွတ်မြောက်နိုင်ပါ့မလား"

“ဒီတော့ အရှင်မင်းကြီးက ကျုပ်ရဲ့လက်အောက်ငယ်သားတွေကို သုံးပြီး ကျုပ်ကို ဖိအားပေးဖို့ ကြိုးစားနေတာပေါ့လေ ဟုတ်သလား”

စုချန်းက ထီမထင်ဟန်ဖြင့် ပြောလိုက်သည်။

“ဒီလုပ်ရပ်မျိုးက ကျုပ်နဲ့ အတော်လေး ရင်းနှီးနေသလိုပါပဲလား"

ကျန့်ကျူးရှန်း ပြုံးလိုက်၏။

“ထာဝရညဟာ မင်းရဲ့အားနည်းချက်တွေကို ဖော်ထုတ်ပေးခဲ့တယ် သခင်လေးစုဟာ အာဏာရှင် မဟုတ်ဘူး စင်စစ် ဘုရင်တောင် မဟုတ်ပါဘူး ဒါကြောင့် မင်းကို ဝန်းရံနေတဲ့ လူတွေဟာ မင်းရဲ့ အားနည်းချက်ဖြစ်လာတာပေါ့”

စုချန်းက ချက်ချင်းပင် ပြန်ထောက်လိုက်သည်။

“အရှင်မင်းကြီး ထင်သလို ဟုတ်ပါ့မလား ထာဝရည ကျုပ်ကို တကြိမ်အနိုင်ရသွားတဲ့လှည့်ကွက်မျိုးကို နောက်တခါ အမိခံလိမ့်မယ်လို့ အရှင်မင်းကြီး ဘာကြောင့်များ ထင်နေသလဲ မဆိုနိုင်ဘူး"

ကျန့်ကျူးရှန်း အံ့အားသင့်သွား၏။

“သူတို့လည်း ဒီနည်းစနစ်ကို သင်ယူခဲ့ပြီးပြီလို့ဆိုလိုတာလား ဒါမဖြစ်နိုင်ဘူး ကျုပ်သိသလောက်ကတော့ ဒီနည်းစနစ်ဟာ လေဟာနယ်သဘာဝစွမ်းအားနဲ့ သက်ဆိုင်နေတဲ့အတွက် သင်ကြားပေးဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး”

“အရှင်မင်းကြီး အတော်လေး လေ့လာထားတော့တော့ မှန်တယ် ဒါပေမဲ့ လက်တွေ့အခြေအနေက အဲဒီလောက်ထိ ရှုပ်ထွေးမနေဘူးဗျ”

စုချန်းက ပြန်ဖြေလိုက်သည်။

“ဘယ်လိုလူမျိုးကမှ သူ့ဘေးနားကလူတွေကို ထာဝရ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး ဒါကြောင့် လွန်ခဲ့တဲ့ အချိန်ကတည်းက ကျုပ်အဖို့ ဆုံးဖြတ်ချက်ချပြီးသွားပြီ ကိုယ့်ဘေးနား လူတွေကြောင့် ကျုပ်အဖို့ အမြဲတမ်း အရှုံးပေးနေရမဲ့အတူတူ အစကတည်းက ကျုပ်နဲ့အတူ သူတို့ တိုက်ပွဲဝင်နေတာက ပိုကောင်းလိမ့်မယ်"

ကိုယ့်ဘေးနားက လူတွေကြောင့် အမြဲတမ်း အရှုံးပေးနေရမဲ့အတူ သူတို့နဲ့အတူ တိုက်ပွဲဝင်နေတာက ပိုကောင်းလိမ့်မယ်...

ဤသည်မှာပင် ယခင် ရှုံးနိမ့်မှုမှ စုချန်း သင်ယူနိုင်ခဲ့သော နည်းလမ်းပင်ဖြစ်သည်။

ထို့ကြောင့်လည်း သူ ကုချိန်းလွှာကို သူ့နှင့်အတူ တပါတည်း ခေါ်ဆောင်လာခဲ့ခြင်းပေတည်း။ ထာဝရညက ကျူးရှန်းယောင်ကို ထောင်ချောက်ဆင်ခဲ့သည့် အချိန်မှစ၍ ထိုဆုံးဖြတ်ချက်ကို သူ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ကျန်းကျူးရှန်းအနေနှင့် သူ့ လက်အောက်ငယ်သားများ၏ အသက်ဖြင့် စုချန်းကို ခြိမ်းခြောက်နိုင်မည်ဟု အမှန်တကယ် ထင်မြင်နေခဲ့သည်တဲ့လား။ ၎င်းမှာ အလွန်ပင် ကလေးဆန်သော အတွေးဖြစ်လေသည်။

စုချန်းက အေးစက်စက်လေသံနှင့် စကားဆက်လိုက်ပြန်၏။

“ကျုပ်အနေနဲ့ ဒါကို ပိုအရေးကြီးတဲ့ ပစ်မှတ်တစ်ခုအတွက် အသုံးပြုဖို့ရည်ရွယ်ထားတဲ့အတွက် ဒီနေရာမှာ ထုတ်မသုံးချင်ဘူး ဒါပေမဲ့ ကျုပ်ရဲ့ရှေ့မှာ အသေခံချင်လို့ကို လာတောင်းဆိုနေတဲ့လူရှိနေမှတော့ ကျုပ်က ဘာလို့မလိုက်လျောပေးရမှာလဲ ဒါ တမျိုးတော့လဲ ကောင်းပါတယ်လေ ဒီလိုလုပ်လိုက်မှပဲ ကျုပ်အတွက် အချိန်ပိုရလာမှာပေါ့”

အထက်ပါအတိုင်း ပြောရင်း သူ လက်တဖက်ကို မြှောက်လိုက်ရာ သူ့လက်မှ အလင်းရောင်တခု လျှပ်တစ်ပြက် ထွက်ပေါ်လာပြီး နောက်ဆုံးတွင် ပုံရိပ်တရိပ် စတင်ပေါ်ပေါက်လာတော့သည်။

ထို့နောက်တွင်တော့ ပုံရိပ်ထဲမှ စုချန်းနှင့်အတူပါလာသည့် လွန်းပျံယာဥ်ရှစ်စင်းနှင့်အတူ ကြီးမားသော နန်းဆောင်ကြီးတဆောင်သည် ကောင်းကင်ဆီသို့ ဖြည်းညှင်းစွာ ကြွတက်နေ၏။ နန်းဆောင်၏ တံခါးများသည်လည်း တဖြည်းဖြည်း စတင်ပွင့်လာလေသည်။

ထိုနန်းဆောင်ထဲတွင် မည်သည့်အရာများ ရှိနေမည်ကို မည်သူမှ မသိကြချေ။

စုချန်းသည် ဤလွန်ခဲ့သည့် ငါးနှစ်တာ ကာလအတွင်း အကြီးအကျယ် ပြင်ဆင်နေခဲ့၏။ သူသည် ဘယ်သောအခါမှ သူ့ရည်ရွယ်ချက်ကို တိုက်ရိုက်မဖော်ပြခဲ့သည့်တိုင် သတိထားစောင့်ကြည့်နေပါက မြင်သာလောက်အောင် အရိပ်အမြွတ်များစွာ ချန်ထားရစ်ခဲ့၏။

သူ၏ တကယ့်ပစ်မှတ်မှာ တခြားမဟုတ်။ ပင်လယ်သားရဲမဟာဧကရာဇ်တကောင်ပင် ဖြစ်သည်။ ထို့ကြောင့် စုချန်း ပြင်ဆင်နေခဲ့သည့်အရာသည် အဆိုပါပင်လယ်သားရဲမဟာဧကရာဇ်တကောင်နှင့် ယှဥ်နိုင်လောက်အောင် အင်အားကြီးမားနေမည်မှာ အမှန်ပင်။

တဖက်တွင်လည်း ရေအလျင်နိုင်ငံ ဧကရာဇ်နန်းတော်သည် ကောင်းကင်မြို့တော်လောက် အင်အားမကြီးမားသည့်တိုင် ပင်လယ်သားရဲမဟာဧကရာဇ်တကောင်၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသည်မှာ သေချာနေ၏။

သို့ဆိုလျင် နန်းတော်၏ နံရံများသည် အချုပ်အနှောင်မဲ့ဂိုဏ်း ငါးနှစ်တိုင်တိုင် စုဆောင်းထားသည့် စွမ်းအားကို ခံနိုင်ရည်ရှိမည်၊ မရှိမည်မှာ အထူးပင် စောင့်ကြည့်ချင်စရာကောင်းနေတော့သည်။

သို့သော် ကျန်းကျူးရှန်းအနေနှင့် စုချန်း၏ တိုက်ခိုက်မှုကို သူတို့ ခံနိုင်ရည်ရှိမည်ဟု တထစ်ချယုံကြည်ထား၏။ သို့သော် စုချန်းသည် ရိုးရှင်းသော ပြိုင်ဘက်တဦး မဟုတ်သလို လူမိုက်တဦး မဟုတ်ကြောင်းကိုလည်း သူ သိရှိထားပြန်၏။

စုချန်းသာ ပင်လယ်သားရဲ မဟာဧကရာဇ်ကို ပစ်မှတ်ထားရဲသည်ဆိုလျင် သူ ဖော်ထုတ်လာမည့်စွမ်းအားသည်လည်း ထိုသတ္တဝါကို တန်ပြန်နိုင်လောက်အောင် အစွမ်းထက်နေမည်မှာ သေချာနေသည်။ ထို့ကြောင့် သူတို့အနေနှင့် စုချန်းနှင့် တကယ်ကြီးထိပ်တိုက်တိုးရလျင် အရင်းအနှီးကြီးကြီးမားမား ပေးဆပ်ရမည်ကလည်း မေးခွန်းထုတ်နေစရာမလိုတော့ချေ။

သို့သော် ကျန်းကျူးရှန်းအဖို့ကလည်း အချိန်အတော်ကြာကတည်းက ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား ချပြီးသွားလေပြီ။

ထိုအခါ သူက ခေါင်းခါရင်း ပြောလိုက်၏။

“သခင်လေးစုအနေနဲ့ ဒီတစ်ကြိမ်မှာ အစွမ်းထက်တဲ့အဖွဲ့တဖွဲ့ကို ခေါ်လာမယ်ဆိုတာ ကျုပ်ကယုံကြည်ပြီးသားပါလေ ဒါပေမဲ့ သခင်လေးစုဟာ ပင်လယ်သားရဲတွေနဲ့တိုက်ခိုက်ဖို့ဆိုရင် ကျုပ်တို့ရဲ့ ရေတပ်ကို ငှားမှပဲ ဖြစ်နိုင်မယ် ရေအလျင်နိုင်ငံအနေနဲ့ကတော့ ဒီလို ချေးငှားဖို့ မလိုအပ်ဘူး ဒါကြောင့်...”

“ဒါကြောင့် ကျုပ်က အရှင်မင်းကြီးကို ဘာမှ ပြန်မလုပ်နိုင်တော့ဘူးလို့ အရှင်မင်းကြီး ထင်နေတာပေါ့ ဟုတ်လား"

စုချန်း အေးစက်လှသောအသံနှင့် ရယ်မောလိုက်၏။

"ဒါ အတော်လေး ဆင်ခြင်တုံတရားရှိတဲ့ ခွဲခြမ်းစိတ်ဖြာမှုလို့ဆိုနိုင်တယ် အရှင်မင်းကြီးရဲ့မျက်လုံးထဲမှာ ကျုပ် အရှင်မင်းကြီးတို့ရဲ့ရေတပ်ကို ငှားရမ်းဖို့ လိုအပ်တာကပဲ ကျုပ်အားနည်းချက်ရဲ့ သက်သေဖြစ်လာတယ်ပေါ့လေ ဒီလိုတွေးမိတဲ့အတွက် အရှင်မင်းကြီးဟာ ကိုယ့်ကိုယ်ကို အတော်လေးဂုဏ်ယူနေတဲ့ပုံပါပဲ"

စုချန်း၏ အမူအရာမှာ ရုတ်တရက်ဆိုသလိုပင် လေးနက်လာသည်။

“ဒါ ကျုပ်အတွက် မကောင်းတဲ့ ကိစ္စ မဟုတ်ဘူးလို့ အရှင်မင်းကြီးကို ပြောခဲ့ပြီးပါပြီ ဘယ်လိုပဲနေနေ ဒီတိုက်ပွဲ စတင်လိုက်တာနဲ့ ကျုပ်အတွက် နောက်ထပ် ငါးနှစ်လောက် အချိန်ဆွဲဖို့ အကြောင်းပြချက်တစ်ခု ရသွားလိမ့်မယ် ဒီတိုက်ပွဲကြောင့် ကျုပ်အနေနဲ့ ဝှက်ဖဲတချပ်ကို ထုတ်ပြလိုက်ရတယ်ဆိုစေအုံး ဒီအတွက် ထာဝရည က စိတ်မရှည် ဖြစ်သွားနိုင်တယ်ဆိုစေအုံး နောက်ဆုံးတော့ ဒီကနေ အကျိုးရှိသွားမှာက ကျုပ်ပါပဲ"

အထက်ပါအတိုင်း ပြောပြီးသည်နှင့် စုချန်းက လက်သီးကိုဆုပ်လိုက်လေရာ ပုံရိပ်ထဲမှ နန်းတော်နှင့် ယာဥ်ရှစ်စင်းသည်လည်း ပြင်းပြင်းထန်ထန်ပင် တုန်ယင်လာတော့၏။

အချုပ်အနှောင်မဲ့ဂိုဏ်းကား သူတို့၏ စွမ်းအားကို အပြည့်အဝပင် ဖော်ထုတ်ပြသပေတော့မည်။ ထိုအချိန်မှာပင် ကြည်လင်ပြတ်သားသော အသံတသံ စတင်ထွက်ပေါ်လာ၏။

“ပင်လယ်လူသားမျိုးစိတ်သမီးတော် ဝက်မင်စတာ ကြွရောက်လာပါတယ်"

ထိုစကားကို ကြားလိုက်သည်နှင့် စုချန်း လက်သီးကို ဖြေလျှော့လိုက်ပြီး အချုပ်အနှောင်မဲ့ဂိုဏ်း ၏ တိုက်စစ်ကို ချက်ချင်းပင် ရပ်တန့်လိုက်သည်။

ကျန့်ကျူးရှန်းပင်လျှင် အံ့အားသင့်သွား၏။

“ဝက်မင်စတာ သူ ဘာလို့ ဒီကို ရောက်လာတာလဲ"

ကျန့်ရှောက်ဟုန်သည်လည်း စိတ်လှုပ်ရှားသွား၏။

“ဖေဖေ”

သူ့မျက်နှာတွင်ကား စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်နေလေသည်။

ကျန့်ကျူးရှန်း သက်ပြင်းရှည်ကြီး တစ်ချက်ကို ရှည်လျားစွာ ချလိုက်၏။

“တံခါးဖွင့်ပြီး ဧည့်သည်တွေကို ဝင်ခွင့်ပြုလိုက်ပါ”

ကျွီခနဲမြည်သံနှင့်အတူ နန်းတော်တံခါးများ တစ်ဖန်ပြန်၍ ပွင့်လာပြန်သည်။

ထို့နောက် လူတစု အခန်းထဲသို့ ဝင်ရောက်လာ၏။

ထိုလူများသည် လူသားများနှင့် အသွင်အပြင် အနည်းငယ် ကွဲပြားနေ၏။ သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးကို မြူခိုးများ ဖုံးအုပ်ထားပြီး ထူးဆန်းနက်နဲလှသော အရှိန်အဝါတမျိုးကို ဖော်ဆောင်နေသည်။ သူတို့ကား မြင်ရုံနှင့် ပင်လယ်သားများဖြစ်နေသည်မှာ ထင်ရှားနေ၏။

အတားအဆီးမဲ့လေသည် သူတို့ပတ်ဝန်းကျင်တွင် လွတ်လပ်စွာ လှည့်ပတ်နေ၏။

မှန်ပါသည်။ အတားအဆီးမဲ့လေဟူသည်မှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက ပင်လယ်လူသားမျိုးစိတ်များ အာကင်နာနိုင်ငံတော်ကြီးပြိုကွဲစဥ်က ရရှိခဲ့သည့် အတားအဆီးမဲ့လေပင် ဖြစ်သည်။

အတားအဆီးမဲ့လေဟူသည် ရှုပ်ထွေးသော အခြေအနေများအောက်တွင်သာ အသက်ဝင်စေနိုင်သည့် အာကင်နာနည်းစနစ်တစ်မျိုးဖြစ်ပြီး အတိအကျပြောရလျင် ၎င်းမှာ ရတနာတပါးတော့ မဟုတ်ချေ။ မည်သို့ဆိုစေ အတားအဆီးမဲ့လေကြောင့် ပင်လယ်လူသားမျိုးစိတ်များအနေနှင့် ကုန်းပေါ်တွင် လွတ်လပ်စွာ ခရီးသွားနိုင်လာ၏။

ပင်လယ်လူသားမျိုးစိတ်များသည် ပင်လယ်ကြီးထဲတွင်သာ နေထိုင်လေ့ရှိကြပြီး ပင်လယ်သည်သာ ၎င်းတို့နေထိုင်ရန် အသင့်တော်ဆုံး နေရာဌာနဟု ဆိုနိုင်သည်။

သူတို့၏ ပုံစံမှာကား လူသားများကဲ့သို့ ခေါင်း၊ ကိုယ်နှင့် လက်နှစ်ဖက်စီရှိကြသော်ငြား ကျောဘက်၌ ရေယက်နှစ်ခုစီ ရှိကြ၏။ သူတို့၏ အသားအရေမှာလည်း ချောမွတ်နေပြီး အကြေးခွံများ မရှိသည့်တိုင် အမြှေးပါးတမျိုးဖြင့် ဖုံးအုပ်ထားလေသည်။ ထို့ကြောင့် ၎င်းတို့အနေနှင့် ရေထဲတွင် အလွယ်တကူပင် အရှိန်ကို မြှင့်တင်နိုင်ကြ၏။

ပို၍ထူးခြားသည်မှာ သူတို့တွင် ဆံပင်ဟူ၍ လုံးဝမရှိပဲ မျက်နှာ၏ တစ်ဖက်တစ်ချက်စီတွင် ပါးဟက်တစ်စုံစီရှိကြပြီး ထိုပါးဟက်များမှ အသက်ရှူကြ၏။ သူတို့၏ မျက်လုံးများကိုလည်း မာကျောသော အမြှေးပါးဖြင့် ဖုံးအုပ်ကာကွယ်ထားလေသည်။

ထို့ကြောင့် ပင်လယ်လူသားမျိုးစိတ်များသည် လူသားများနှင့်ဆင်တူသော်ငြားလည်း ဇီဝကမ္မဆိုင်ရာ လုပ်ဆောင်ချက်များမှာ ဘာမှမဆိုင်ပဲ များစွာ ကွဲပြားနေ၏။

သံတမန်အဖွဲ့ကို ဦးဆောင်လာသူမှာ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း သမီးတော် ဝက်မင်စတာ ဖြစ်သည်။

သူမအကြောင်းကို ယခင်ကတည်းက စုချန်း ကြားဖူးထား၏။ သူမသည် ပင်လယ်လူသားမျိုးစိတ်များကြားတွင် အလွန် အစွမ်းထက်သူဖြစ်ပြီး လူတိုင်းက သူ့ကို လေးစားကြ၏။ ထို့ကြောင့် သူမကို ပင်လယ်လူသားမျိုးစိတ်၏ အဓိကကိုယ်စားလှယ်ဟု သတ်မှတ်နိုင်သည်။

ထိုမျှသာမကသေး သူမသည် ပင်လယ်လူသားမျိုးစိတ်ခေါင်းဆောင်၏ သမီးဖြစ်ပြီး အသက်ဆယ့်သုံးနှစ်အရွယ်မှာပင် သံဆူးတောင် ဝေလငါးတကောင်ကို သတ်ဖြတ်ခဲ့ပြီးလေပြီ။ ဤအချက်ကိုကြည့်ရုံနှင့် သူမသည် အလွန်ကျွမ်းကျင်သော မုဆိုးတဦးဖြစ်ကြောင်း သိသာနေ၏။

သူမ၏အဆင့်အတန်းမှာ နတ်ဘုရား ပင်လယ်စစ်သည်တော်တဦးထက် အနည်းငယ်သာနိမ့်လေရာ သူမ၏ အရေးပါပုံမှာ ရှင်းလင်းနေပေသည်။

သို့ဆိုလျင် သူမ အဘယ်ကြောင့် ဤနေရာသို့ ရောက်လာလေသနည်း။

ဘုရားသခင်သာ သိပေလိမ့်မည်။

ခန်းမထဲရောက်သည်နှင့် သူမက အောက်ပါအတိုင်း ပြောလိုက်၏။

“အရှင်မင်းကြီး...အရှင်မင်းကြီးရဲ့ လုပ်ဆောင်ချက်တွေဟာ ကျွန်မတို့ မျိုးစိတ်တွေကြားက သဟဇာတဖြစ်မှုကို ဖျက်ဆီးသလိုများ ဖြစ်မနေဘူးလား"

All Chapters