မော်တော်ကားတို့၏ နတ်ဘုရားမ စုရှောင်လန်
Vol. 4 Ch. 51
အနီရောင် Ferrari အတွင်းတွင် စုရှောင်လန်သည် နှုတ်ခမ်းအား တင်းတင်းစေ့ကာ ကားမောင်းနေပြီး သူမမျက်နှာတွင် အလေးမထားသည့် အမူအရာဖြင့် ရှိနေသည်။
သို့ပေမဲ့လည်း သူမသည် ရယ်ချင်စိတ်ကို ထိန်းချုပ်ထားရသဖြင့် ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်နေသည်။
အန်လင်းမျက်နှာတွင် လက်လျှော့လိုက်သည့် အမူအရာ ပေါ်လာပြီးနောက် "ရယ်ချင်ရင် ရယ်ပါလား ... ဘာလို့ ထိန်းနေရတာတုန်း ... "
“ဘွားဟားဟားဟား ... ”
စုရှောင်လန်သည် အန်လင်း၏ ခံစားချက်များအား မစဉ်းစားတော့ဘဲနှင့် ဝါးလုံးကွဲ ရယ်မော တော့သည်။ "နင်ရယ်ခိုင်းတာနော် ... အဲတော့ ငါ့ကို စိတ်မဆိုးနဲ့ ... ဟားဟားဟားဟား"
အန်လင်းက အနည်းငယ် ရှုံ့မဲ့လာပြီး "တကယ်ကြီး အရမ်းကို ရယ်စရာကောင်းနေတာလား ... "
စုရှောင်လန်က သူမရဲ့ လက်သွယ်သွယ်ကို ဆန့်ထုတ် လိုက်ပြီးနောက် အန်လင်း ပါးစပ်နားဆီသို့ ရွှေ့ကာ မိုက်ခရိုဖုန်း သဏ္ဌာန် ပြုလုပ်လိုက်သည်။ "စော်ပစ်ကောင် အန် ကို အင်တာဗျူးချင်ပါတယ်ရှင့် ... ခံစားချက်လေး ဝေမျှပေးပါဦး ... "
"ဟေ့ ဟေ့ ... နည်းနည်းများသွားပြီ ... စော်ပစ်ကောင် အန် ဆိုတာက ဘာကြီးတုန်း ... "
အန်လင်းက စုရှောင်လန်အား ကြည့်လိုက်ပြီးနောက် "လင်းဝူဟွာနဲ့ ငါက ရက်နည်းနည်းပဲ တွဲခဲ့ရတာ ... ငါတို့ ပြတ်သွားတာဖြင့် ကြာလှပြီ ... ငါ့ရဲ့ သန်းပေါင်းများစွာသော အကြွေးတွေကြောင့်လေ ... စော်ပစ်ကောင် ... အဲလိုအဖြစ်မျိုး မရှိပေါင် ... "
"ဘာ ... နင်တို့က ရက်နည်းနည်းပဲ တွဲခဲ့တာ ဟုတ်လား ... "
"အဲဒါက ဘယ်လို ရည်းစားမျိုးတုန်း ... ငါသာ နင့်နေရာမှာဆိုရင် သူမကို ရည်းစားဟောင်း ဆိုပြီး မိတ်ဆက်ပေးဖို့ ရှက်လွန်းလို့ သေမှာပဲ ... "
စုရှောင်လန်က ခေါင်းတခါခါဖြင့် ပြောသည်။
အန်လင်းမျက်နှာသည် အနီရောင် သန်းလာပြီး "ငါက သူမရဲ့လက်ကို ကိုင်ခဲ့တယ်လေ ... ဘယ်လိုလုပ်ပြီး ရည်းစား မဟုတ်ရမှာတုန်း ... "
"နင်နဲ့ငါဆိုရင် လက်ကိုင်လွန်းလို့ ကျိုးပါကျိုးတော့မယ် ... လူတိုင်းကို ငါက နင့်ရဲ့ တာအို လက်တွဲဖော်ပါလို့ ကြော်ငြာရမှာလား ပြော ... " စုရှောင်လန်က လှောင်ပြောင် လိုက်သည်။
ထိုသို့ ကြားလိုက်သည့် အခါတွင် အန်လင်းသည် တိတ်ဆိတ်သွားပြီး ပြောစရာစကား မဲ့သွားသည်။
"အဲတော့ နင်က ဖြစ်ခဲ့တာတွေ အားလုံးကို လုံးဝ ဂရုမစိုက်ဘူးပေါ့ ... "
"ဂီး ... ငါ့မှာတော့ နင့်ဂုဏ်သိက္ခာကို ကာကွယ်ပေးဖို့ ပင်ပန်းလိုက်ရတာ ... " စုရှောင်လန်က စိတ်ပျက်စွာဖြင့် သက်ပြင်း ချလိုက်သည်။
စုရှောင်လန်၏ စကားကို ကြားလိုက်ရသည့် အခါ အန်လင်း နှလုံးသားထဲတွင် ကျေးဇူးတင်ခြင်းများ ဖြစ်ပေါ်လာသည်။ "ဘာပဲဖြစ်ဖြစ်လေ ... ငါနင့်ကို တကယ်ကို ကျေးဇူးတင်မိတာ ... "
စုရှောင်လန်က ရယ်မော လိုက်သည်။
အန်လင်း၏ စိတ်အာရုံသည် တဖြည်းဖြည်းချင်း တည်ငြိမ် လာပြီးနောက် ရုတ်တရက် ဆိုသလိုပင် တစ်စုံတစ်ခုအား သတိထားမိလိုက်သည်။
"ရှောင်လန် ... နင်ဘယ်တုန်းက ကားမောင်း သင်လိုက်တာတုန်း ... "
အန်လင်းသည် ထိတ်လန့်သည့် အမူအရာဖြင့် စုရှောင်လန်အား မျက်လုံးပြူးကာ ကြည့်နေသည်။
စုရှောင်လန်သည် အသာပြုံးလိုက်ပြီး "အခုပဲလေ ... "
အခုပဲ ... ဟုတ်လား ...
စုရှောင်လန်၏ ကျွမ်းကျင်လှသည့် ကားမောင်း စွမ်းရည်ကြောင့် အန်လင်းမှာ တံတွေးသာ အသာမျိုချ မိတော့သည်။ သူ့စိတ်ထဲတွင်တော့ ပျံသန်း သွားချင်နေပြီ ဖြစ်သည်။
အမျိုးသမီး ယာဉ်မောင်းတွေရဲ့ ပုံစံကို သူမက ဆန့်ကျင်ချင် နေတာများလား ... ။
ကြောက်ဖို့ ကောင်းလွန်းတဲ့ ပါရမီ ... သူမက မော်တော်ယာဉ်တို့ရဲ့ နတ်ဘုရား ပြန်ဝင်စား တာများလား ...
"အဲဒါဆို ဒီကားကကော ... " အန်လင်းက Ferrari အား လက်ညှိုးထိုးကာ မေးသည်။
"ဪ ... ငါက ကားမောင်းသင်ချင်တာလေ ... အဲဒါကြောင့် ကျန်းဟုန်ရီကို ကားတစ်စီးလောက် တောင်းလိုက်တာ သူက ဒီကားကို ပေးတာပဲ ... "
"ဒီကားရဲ့ အပြင်အဆင်က တော်တော်လေး မိုက်တယ်လေ ... လမ်းပေါ်မှာ သွားလာနေတဲ့ တခြားကားတွေထက် ပိုကောင်းတယ် ... ကျန်းဟုန်ရီက တကယ်ကို အမြင်ရှိတာပဲ ... " စုရှောင်လန်သည် ရှားရှားပါးပါး ချီးကျူးလိုက်ခြင်း ဖြစ်သည်။
အန်လင်း တိတ်ဆိတ် သွားသည်။ ဒီကိစ္စက အမြင်နဲ့ ဆုံးဖြတ်ရမှာ မဟုတ်ချေ။
လမ်းပေါ်တွင် သွားလာနေသည့် သာမန် ကားတစ်စီးသည် သန်းဆယ်နှင့်ချီတန်သည့် ကားတစ်စီးအား မည်သို့ယှဉ်နိုင်မည်နည်း။
ကျန်းဟုန်ရီသည် ရက်ရောလွန်းသူဟု ပြောရပေမည်။
စုရှောင်လန်လိုမျိုး ဘဝတွင် မော်တော်ကားအား တစ်ခါမှ ထိတွေ့ဖူးခြင်း မရှိသူ တစ်ယောက်ကို ယခုလိုမျိုး အကန့်အသတ်ဖြင့် ထုတ်ထားသည့် ပြိုင်ကားအား မောင်းနှင်စေခြင်း ... ။ အန်လင်းသည် လေးစားမှုအပြည့်ဖြင့်သာ ကြည့်နိုင်တော့သည်။
"ဘယ်ကိုသွားဦးမှာလဲ ... ငါမောင်းပို့ပေးမယ် ... " စုရှောင်လန်က မေးသည်။
"ဟမ် ... အင်တာနေရှင်နယ် ဈေးဝယ်စင်တာကို သွားကြမယ် ... ငါ့မှာ အဝတ်အထည်တွေ လက်ဝတ် ရတနာတွေ ဝယ်ဖို့လိုသေးတယ် ... "
စုရှောင်လန်သည် အန်လင်းအား အံ့အားတကြီး ကြည့်လာသည်။ "ဟမ် ... နင်က ဖက်ရှင်ဆိုင်နဲ့ ရတနာဆိုင် ဖွင့်ဖို့ ကြိုးစားနေတာလား ... ဟုတ်လား ... "
အန်လင်းက ပြုံးလိုက်ပြီးနောက် စုရှောင်လန်အား သူ၏ သယ်ယူပို့ဆောင်ရေး လုပ်ငန်းကို ပြောပြလိုက်သည်။
စုရှောင်လန်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီးနောက် အန်လင်း၏ ရှင်းပြချက်အား လက်ခံသည့် အနေဖြင့် ခေါင်းညိတ် လိုက်သည်။ "နင့်မှာ စီးပွားရေးအမြင်ရှိမယ်လို့ ဘယ်သူက ထင်မှာလဲ ... "
"သေချာတာပေါ့ ... " အန်လင်းက ဂုဏ်ယူစွာဖြင့် ပြောသည်။ "နင့်မှာ စိတ်ဝိညာဉ် ကျောက်တုံးတွေ လိုသေးလား ... ငါ့မှာ သုံးသောင်းတောင် ရှိတယ် ... ဘယ်မှာ သုံးရမလဲကို မသိသေးဘူး ... နင့်ကို ပေးလိုက်ရင်ကော ... "
အန်လင်းသည် စုရှောင်လန်ထံမှ အကူအညီ အများကြီး ရရှိထားပြီး ပြန်ပေးဖို့ရန် အခွင့်အရေး မရခဲ့ဖူးပေ။
ထို့ကြောင့် ယခုအခွင့်အရေးအား အသုံးချကာ သူ့ကျေးဇူးတင်မှုကို ဖော်ပြချင်မိသည်။
"စိတ်ဝိညာဉ် ကျောက်တုံးလား ... မလိုပါဘူးဟယ် ... ပြီးတော့ နင့်ရဲ့ ကြိုးစားမှုကြောင့် ရလာတာလေ ... ငါက မယူနိုင်ပါဘူးနော် ... "
"အဲဒါဆို နင်လိုချင်တာ ဘာရှိလဲ ... "
"ငါလိုချင်တာ ... " စုရှောင်လန်က သူမမေးစေ့အား ပွတ်ကာဖြင့် စဉ်းစားလျက် ရှိကာ သူမမျက်နှာတွင် အတွေးထဲ နစ်မျောနေသည့် အမူအရာ ဖြစ်ပေါ်နေသည်။
အန်လင်းသည် တိတ်ဆိတ်လျက်ရှိနေပြီး စုရှောင်လန်၏ အဖြေကို စိတ်အားထက်သန်မှု အပြည့်ဖြင့် စောင့်ဆိုင်းနေသည်။
ကံမကောင်းစွာဖြင့်ပင် သူမသည် ၁၅ မိနစ်ခန့် စဉ်းစားသော်လည်း မည်သည့်အရာမှ တွေးလို့ မရနိုင်ချေ၊
အန်လင်းက စိတ်ပျက်လာသည့် အချိန်တွင် နူးညံ့သည့် အသံလေးသည် ကားအတွင်း ထွက်ပေါ် လာသည်။
"သခင်ရေ ... သခင် ... မမ လန်လန် လိုချင်တာကို ရှောင်းဟုန် သိတယ်ရှင့် ... "
အန်လင်း၏ အိတ်ကပ်အတွင်းမှနေ အနီရောင် ခေါင်းလေးတစ်ခု ထွက်ပြူလာသည်။
ရှောင်ဟုန်သည် အန်လင်း၏ စွမ်းအင်အဆီအနှစ်များမှ ရရှိသည့် အာဟာရများဖြင့် မြေပြင်တွင် အမြစ်တွယ်နေခြင်းမှ ကင်းလွတ်သွားပြီ ဖြစ်သည်။ ထို့အပြင် ပုံစံပြောင်းလာနိုင်ပြီး ရွေ့လျား လာနိုင်လေပြီ။
"အိုး ... ဘာများတုန်း ... " အန်လင်း မျက်လုံးများက တဖျက်ဖျက် လက်လာပြီး မေးလိုက်သည်။
ထိုအချိန်တွင် စုရှောင်လန်၏ အကြည့်သည်လည်း ရှောင်းဟုန်အပေါ် ကျရောက်လျက် ရှိသည်။ ရှောင်းဟုန်၏ အဖြေကို သူမအရမ်း သိချင်နေခြင်းကြောင့်ပင်။
ရှောင်းဟုန်၏ ဦးခေါင်းလေးသည် ဘယ်ညာ ယိမ်းလျက်ရှိပြီး "မိန်းကလေးဆိုတာ လှပတဲ့ ပန်းတစ်ပွင့်လိုပဲတဲ့ ... မိန်းကလေး တစ်ယောက်ကို ပန်းလက်ဆောင် ပေးတာက အရမ်းကို ကြည်နူးဖို့ ကောင်းပြီး သူတို့ရဲ့ စိတ်ထဲကနေ ပျော်ရွှင်မှုကို ခံစားရနိုင်တယ်တဲ့ ... "
"အဲတော့ နင်ဘာကို ဆိုလိုချင်တာတုန်း ... "
ရှောင်းဟုန်သည် အလွန်အမင်း လှုပ်ရှားလာပြီး "သခင်ရေ ... ရှောင်းဟုန်လေးကို မမလန်လန်ဆီ လက်ဆောင် အနေနဲ့ ပေးလိုက်မယ် ဆိုရင်ကော ... သခင့်အတွက် ဆိုရင် ရှောင်းဟုန်လေးက နောင်တမရဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် ရောင်းချဖို့ ဆန္ဒရှိပါတယ် ... "
ရှောင်းဟုန်၏ ကမ်းလှမ်းချက်ကြောင့် အန်လင်းမျက်နှာမှာ အကြီးအကျယ် ရှုံ့မဲ့လာပြီး စုရှောင်လန်သည် အော်ဟစ်ကာ ရယ်မောတော့သည်။
အန်လင်းသည် ရှောင်းဟုန်၏ ခေါင်းအား ဒေါသတကြီး ဆိတ်လိုက်ပြီး "နင့်ရဲ့ ကြောက်ဖို့ ကောင်းတဲ့ ကမ်းလှမ်းချက်ကို ဘေးဖယ် ထားလိုက်စမ်းပါ ... ငါ့ဘေးမှာ နေရတာ နင့်အတွက် အတော်လေး မကျေမနပ် ဖြစ်စရာ ကောင်းနေတာလား ... ပြောစမ်း ... "
"အို့ ... အို့ ... အို့ ... " ရှောင်းဟုန်က မတောင်းပန်ခင်မှာ နာကျင်စွာဖြင့် အော်ဟစ် လိုက်သည်။ "အဲလိုမျိုး မဟုတ်ပါဘူးရှင် ... ရှောင်းဟုန်က သခင့်ကိုလည်း စွန့်ခွာ မသွားချင်ပါဘူး ... ရှောင်းဟုန်က သခင့်ရဲ့ တာဝန်ကို ကူညီပြီး ထမ်းဆောင်ပေးဖို့ ကြိုးစားနေတာပါ ... အို့ ... အို့ ... အို့ ... "
အန်လင်းက ဟွန့်ခနဲ အသံပြုပြီးနောက် ရှောင်းဟုန်အား သူ့အိတ်ကပ် အတွင်း ထိုးထည့် လိုက်သည်။ ထိုစိတ်ရှုပ်စရာ စိတ်ဝိညာဉ်အား ထပ်ပြီး စကား မပြောလိုတော့ပေ။
စုရှောင်လန်မူကား သူမပါးစပ်အား လက်ဖြင့်အုပ်ကာဖြင့် တိတ်တဆိတ် ရယ်နေတော့သည်။ ခေတ္တမျှ ကြာပြီးနောက်တွင် အန်လင်းဘက်သို့ လှည့်ကာ "ရောက်ပြီ ... "
အမြင်အာရုံအား ဖမ်းစားထားနိုင်သည့် Ferrari လေးသည် အင်တာနေရှင်နယ် ဈေးဝယ်စင်တာ နံဘေးရှိ ကားပါကင်တွင် ရပ်တန့်လိုက်ပြီးနောက် ဘေးမှ ရပ်ကြည့်နေသော လူအများ၏ အာရုံကို ဆွဲဆောင် ထားလေသည်။
မရှေးမနှောင်းမှာပင် ခန့်ညားချောမောသည့် အမျိုးသား တစ်ယောက်နှင့် လှပသည့် အမျိုးသမီး တစ်ယောက်တို့ ကားအတွင်းမှ ထွက်လာသည့် မြင်ကွင်းသည် လူအများအား ပါးစပ် အဟောင်းသား ဖြစ်စေသည်။
နှစ်ယောက်စလုံးသည် ကျောပိုးအိတ် ကိုယ်စီဖြင့် ဈေးဝယ်စင်တာ အတွင်းသို့ လျင်မြန်စွာ ဝင်ရောက် သွားကြသည်။
သူတို့ ဦးတည်ထားသည့် ပထမဆုံးဆိုင်မှာ လက်ဝတ် ရတနာဆိုင် ဖြစ်သည်။
လက်ဝတ် ရတနာဆိုင် အတွင်းရှိ ဝန်ထမ်းများသည် သူတို့နှစ်ဦး၏ ကျောပိုးအိတ် ကိုယ်စီလွယ်ကာ ဆိုင်အတွင်းသို့ မုန်တိုင်းသဖွယ် ရောက်ရှိလာခြင်းကြောင့် ကြောက်ရွံ့ ထိတ်လန့်ကာ ကြက်သေ သေနေကြတော့သည်။
သူတို့အား အပြစ်တင်၍ မရချေ။ သင်သည်လည်း လူနှစ်ယောက်သည် လက်ဝတ် ရတနာဆိုင် အတွင်း ပြေးဝင်လာသည်ကို တွေ့ပါက မည်သည်ကို တွေးထင်မိမည်နည်း။
သေချာပေါက် ဓားပြတိုက်သည်ဟု ထင်ပေလိမ့်မည်။
ထိုလူသည် အသံကျယ်ကျယ်ဖြင့် လက်ဝတ်ရတနာများ ထည့်ထားသည့် ဗီရီုများအား ညွှန်ပြကာ "ဒီဟာတွေ အကုန်လုံး ... ငါယူမယ် ထုတ်လိုက် ... " ဟု ဆိုလိုက်သည့် အခါတွင် ထိုကြောက်ရွံ့မှုသည် ပိုလိုပင် ဆိုးဝါး လာတော့သည်။
ထိုစကားတစ်ခွန်းသည် ဆိုင်ထဲရှိ ဝန်ထမ်း မိန်းကလေးများအား ကြောက်ရွံ့မှုကြောင့် တုန်ရီ နေစေပြီး တချို့သည် အချက်ပေး ခေါင်းလောင်းအား နှိပ်ရန် ပြင်နေကြပြီ ဖြစ်သည်။
ထိုအချိန်မှာပင် ထိုလူသည် ခရက်ဒစ်ကတ်တစ်ခုအား ထုတ်ကာ ကောင်တာပေါ် ပစ်တင် လိုက်ပြီးနောက် "ဘာလို့ အဲဒီနားမှာ မတ်တတ် ရပ်နေကြတာတုန်း ... မြန်မြန်လုပ်ကြ ... ရတနာတွေ ထုတ်လေ ... ငါက အရမ်းအလုပ်များတယ်ကွ ... "
အဖြစ်အပျက်က တစ်မုဟုတ်ချင်း ပြောင်းလဲသွားပြီးနောက် ဆိုင်ထဲရှိ ဝန်ထမ်းတစ်ဦးသည် ချက်ချင်းဆိုသလို သူမလက်အား အချက်ပေး ခေါင်းလောင်းမှ ဖယ်လိုက်ပြီးနောက် "ဆရာ ... ကတ်နဲ့ ငွေချေမှာလားရှင့် ... "
"သေလိုက်ပါတော့ ... ငါဘာလုပ်တယ်များ ထင်နေကြတာတုန်း ... နေ့ခင်းကြောင်တောင်မှာ ဓားပြ လာတိုက်တာလို့ ထင်နေတာလား ... "
"ကျွန်မတို့က တကယ်ကြီး ဓားပြ လာတိုက်တာလို့ ထင်နေမိတာရှင့် ... "
သူ့စကားများအား ကြားသည့်အခါတွင် ဆိုင်ထဲရှိ ဝန်ထမ်းများ အားလုံးသည် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်း ရှိုက်လိုက်ကြပြီး သူတို့၏ စိတ်ခံစားချက် များသည်လည်း တည်ငြိမ် လာတော့သည်။
"အဲဒါဆို ကျောပိုးအိတ်တွေက ဘာလုပ်ဖို့လဲ ဆရာ ... "
"ဒီကျောပိုးအိတ် အပြည့်ဖြည့်ဖို့လေ ... " ထိုလူက အရေးမလုပ်ဟန်ဖြင့် ပြောသည်။
"ဖြ ... ဖြည့်မယ် ... " လူတိုင်းသည် ကျောပိုးအိတ် ကိုင်ထားသည့် လူအား ပါးစပ် အဟောင်းသားဖြင့် ငေးကြည့်နေမိသည်။
ဒီလိုပုံနဲ့ လက်ဝတ် ရတနာ လာဝယ်တဲ့သူကို မြင်ဖူးသလားရှင် ... ။
ဒီက ရတနာတွေပါနော် ... ဆန်မဟုတ်ဘူး။
အခုလေးတွင်မှ တည်ငြိမ်စပြုလာသည့် ဆိုင်ထဲရှိ ဝန်ထမ်းလေးများသည် သူမတို့၏ နှလုံးသားလေးများမှာ နောက်တစ်ဖန် တင်းကျပ်လာပြန်သည်။
မျှော်လင့် ထားသလိုမျိုးပဲ ... ရဲကို ခေါ်လိုက်သင့်တယ်။
"အိုး ... ခဏလေး ... မဟုတ်ဘူး ... ဒီကျောပိုးအိတ်ကို ဖြည့်ရမှာ မဟုတ်ဘူး ... " ထိုလူသည် ရုတ်တရက် ဆိုသလို အမှားပြင်လိုက်သည်။
ထိုစကားအား ကြားသည့်အခါတွင် ဆိုင်ထဲမှ မိန်းကလေးများသည် စိတ်သက်သာရာ ရမိတော့သည်။
ဪ ... သူက ငါတို့ကို နောက်နေတာပေါ့ ... ။ ဟူး ...
"နောက်ထပ် ကျောပိုးအိတ် တစ်လုံး ရှိသေးတယ် ... ငါက နှစ်ခုလုံး ဖြည့်ချင်တာ ... "
ထိုလူသည် သူ့အနောက်ရှိ အမျိုးသမီးအား ညွှန်ပြလိုက်သည်။
လူတိုင်းသည် သူတို့၏ အာရုံအား ထိုလူနောက်တွင် ရပ်နေသည့် အမျိုးသမီးထံသို့ ပို့လိုက် ကြသည်။ သူမသည်လည်း မျက်နှာတွင် အပြုံးလှလှတစ်ပွင့် ဆင်မြန်းကာ ကျောပိုးအိတ် တစ်လုံးအား ကိုင်ထားသည်ကို တွေ့လိုက်ရသည်။
ဆိုင်ထဲရှိ လူများအားလုံး : “ ... ”
ထိုသို့ဖြင့် လက်ဝတ် ရတနာဆိုင် အတွင်းရှိ လူများသည် အန်လင်းနှင့် စုရှောင်လန်တို့၏ အကြိမ်များစွာ စနောက်ခြင်းအား ခံရတော့သည် ... .။
**