လျှို့ဝှက်လက်ဝါးကြီးအုပ်!
Vol. 72 Ch. 1067
ရုံချန်းကျိုဟွေ့တောင်မှာ စီရင်စုတောင်ပိုင်းတွင်ရှိပြီး အလွန်ဝေးလံသောတောင်တန်းဖြစ်သည်။
ထိုနေရာတွင် အပူချိန်ပိုနိမ့်ပြီး ခမ်းခမ်းနားနားကတော့ပုံရွက်ကြွေတောများရှိသည်။ မြေအနေအထားကြောင့် ယင်တောင်စောင်းနှင့်ယင်မျက်နှာပြင်တောင်စောင်းများရှိသည်။
နောက်ပြီး ထိုနေရာကဝေးလံခေါင်ဖျားသော်လည်း ရေစီးဆင်းမှုနှင့်လေဝင်လေထွက်ကောင်းသောကြောင့် မြေပွပြီးမြေဩဇာကောင်းသည်။
ဒီလိုမြေမျိုးက ဂျင်ဆင်းစိုက်ရန်သင့်တော်သည်။
နောက်ပြီး တောင်ပေါ်မှာဂျင်ဆင်းစိုက်တာအကျိုးရှိသည်။ သစ်ပင်ခုတ်စရာ၊သဘာဝပေါက်ပင်များကိုရှင်းစရာမလို။ တန်းစိုက်ပျိုးနိုင်သည်။
ထို့ကြောင့် ချူယွဲ့က ချင်လင်ဆီမှမျက်စိကြည်ဂျင်ဆင်းမျိုးစေ့ယူပြီး ချင်းလင်ဆေးဝါးကုမ္ပဏီကိုတာဝန်ခံပြီးနောက်ပိုင်း မျက်စိကြည်ဂျင်ဆင်းစိုက်ရန် ကျိုဟွေ့တောင်ကိုစာချုပ်ချုပ်ခဲ့သည်။
မျက်စိကြည်ဂျင်ဆင်းက စိုက်ပျိုးချိန်တိုတောင်းသည်။ ကျိုဟွေ့တောင်မှာစိုက်တာ ပထမအသုတ်မဟုတ်။
အရင်တစ်ခါစိုက်ထားသောကြောင့် မျိုးစေ့များပိုရလာသည်။
ကားတချို့က လမ်းလေးအတိုင်း ကျိုဟွေ့တောင်ပေါ်မြန်မြန်ဆန်ဆန်ရောက်လာသည်။
ကားတစ်စီးပေါ်တွင် ချူယွဲ့က ချင်လင်ကိုမိတ်ဆက်ပေးနေသည်_
"ဥက္ကဌချင်... ဒီကျိုဟွေ့တောင်စိုက်ခင်းက အရင်ဆုံးစာချုပ်ချုပ်ထားတာပဲ... ဒီမှာစိုက်တဲ့မျက်စိကြည်ဂျင်ဆင်းက အကြီးမြန်တယ်''
"ကျိုဟွေ့တောင်အပြင် ရုံချန်းမှာတခြား ၆ နေရာရှိသေးတယ်... မင်မြို့တော်ကိုလူလွှတ်ပြီးတော့လည်း သင့်တော်မယ့်နေရာစုံစမ်းခိုင်းထားတယ်''
“အင်း!”
ချင်လင် ခေါင်းညိမ့်လိုက်သည်။
သူ ချင်းလင်ဆေးဝါးကိုအာရုံစိုက်နေသည်။ ချူယွဲ့ကကောင်းကောင်းလုပ်ထား၏။ အရေးအကြီးဆုံးက ရေပူစမ်းဆေးမှုန့်ပင်။
ချင်းလင်ဆေးဝါး၏လက်ရှိပစ္စည်းနှင့်စက်ရုံက ဝယ်လိုအားကိုမလိုက်နိုင်၍ ထုတ်လုပ်မှုကန့်သတ်ထားရသော်လည်း ပြည်တွင်းစျေးကွက်နှင့်နိုင်ငံခြားစျေးကွက်ကြောင့် ဒီနှစ်ချင်းလင်ဆေးဝါးဝင်ငွေက ဘီလီယံ ၅၀ ကျော်ဦးမည်။
အထူးသဖြင့် ဂျာမနီသူဌေးကြီးများနှင့်အင်္ဂလန်တော်ဝင်မိသားစုက သူ့ဆီမှတန်ဖိုးကြီးကြီးပေးဝယ်ထားသည်။
သူတို့က သူတို့ပြည်သူတွေဆီကနေ မျက်တောင်မခတ်ဘဲဂုတ်သွေးစုပ်နိုင်မှတော့ သူကဘာဂရုစိုက်နေရမလဲ?
ပစ္စည်းနဲ့စက်ရုံထုတ်လုပ်ရေးအလျင်မီရင် ချင်းလင်ဆေးဝါးဝင်ငွေက ဒီထက်ကောင်းမည်။
"မျက်စိကြည်ဂျင်ဆင်းအာနိသင်ကိုစမ်းကြည့်ပြီးပြီလား?''
ချင်လင်ကမေးပြန်သည်။
မနေ့ကဝန်ကြီးလုဆီမှဖုန်းရပြီး ဘာအဓိပ္ပါယ်လဲသူသိသည်။ ထို့ကြောင့် ချင်းလင်ဆေးဝါးကိုသွားပြီး ချူယွဲ့နှင့်တွေ့ခြင်းပင်။
အရင်ကမျက်စိကြည်ဂျင်ဆင်းအာနိသင်ကိုစမ်းသပ်ခဲ့ဖူးသော်လည်း အရည်အသွေး ၂ နှင့် ၃ ဖြစ်၍ အာနိသင်ကအလွန်ထက်သည်။
အခု ချင်းလင်ဆေးဝါးကစိုက်တဲ့ဂျင်ဆင်းက အရည်အသွေးကျသွားလိမ့်မည်။
"အရင်လက စမ်းခဲ့တယ်''
ချူယွဲ့ကရှင်းပြသည်_
"အနီးမှုန်တဲ့လူတွေရှာပြီးတော့ မျက်စိကောင်းအောင် နေ့တိုင်းဂျင်ဆင်းသုံးဆစ်စားခိုင်းတာ''
"ပါဝါ ၇၀၀ တပ်ရတဲ့သူက အရင်တစ်လနဲ့အများကြီးကောင်းလာတယ်... ကျွန်တော်ခန့်မှန်းချက်အရ လေးငါးလလောက်ဆိုလုံးဝပြန်ကောင်းလိမ့်မယ်''
ဒါကလည်း ချင်လင်မှန်းထားသည့်အတိုင်း အရည်အသွေးကျဆင်းသွားသည်ကိုအတည်ပြုလိုက်ခြင်းပင်။
ဒါပေမဲ့ လေးငါးလအကြာမှာ မျက်စိပြန်ကောင်းမယ်ဆိုရင် ဘယ်သူကငြင်းမလဲ?
အနီးမှုန်ခွဲစိတ်ပြီး အချိန်တိုအတွင်းအမြင်ပြန်ကောင်းသူတွေရှိပေမဲ့ ပြည်တွင်းမှာဘာလို့အနီးမှုန်ခွဲစိတ်မှုသန်း ၇၀၀ ကျော်ပဲရှိတာလဲ? ဒါကမေးခွန်းထုတ်စရာ။
အဲဒီလူတွေကရူးနေလို့ မျက်စိဘယ်လိုခွဲရမှန်းမသိတာလား?
အကြောင်းက အနီးမှုန်ခွဲစိတ်မှုအန္တရာယ်ကိုမလိုချင်သောကြောင့်ပင်။
အနီးမှုန်ခွဲစိတ်ခြင်းကြောင့် မျက်ကြည်လွှာအလယ်မှစောင်းသွားခြင်း၊ စွေသွားခြင်း၊ အမြင်ပိုဆိုးခြင်း၊ မျက်ကြည်လွှာပါးခြင်း၊ မျက်ကြည်လွှာပေါက်ခြင်းနှင့်တခြားနောက်ဆက်တွဲရလဒ်များဖြစ်နိုင်သည်။
ခွဲစိတ်သည့်အတောအတွင်း အတိုင်းအတာတစ်ခုအထိမျက်စိထိခိုက်မှုရှိနိုင်သည်။ မျက်စိခွဲစိတ်မှုကိုအသေးစိတ်သေချာမလုပ်နိုင်ရင်၊ ခွဲစိတ်ပြီးနောက်ပိုင်း ဂရုစိုက်မှုလိုအပ်ရင် မျက်စိခွဲစိတ်မှုကနေအထိအခိုက်ရှိနိုင်သည်။
ခွဲစိတ်ပြီး မျက်စိအသုံးများခြင်း၊အနီးကပ်ကြည့်ခြင်းများက ပြဿနာဖြစ်နိုင်သည်။ နေ့စဉ်မျက်စိကိုဂရုစိုက်ရတာကလည်း ကရိကထများသည်။ ပြင်ပသက်ရောက်မှုနည်းနည်းရှိသည်နှင့် ရောင်ရမ်းနိုင်သည်။
ဒါကြောင့် အတော်များများက မျက်စိမခွဲကြခြင်းပင်။
ဒါပေမဲ့ မျက်စိကြည်ဂျင်ဆင်းက မတူ။ ပြန်ကောင်းချိန်က ခွဲစိတ်မှုထက်ကြာသော်လည်း ဘေးထွက်ဆိုးကျိုးမရှိ။ အန္တရာယ်ကင်းကင်းနှင့် အမြင်ပြန်ကြည်နိုင်သည်။
ကားများက ကျိုဟွေ့တောင်မှာရပ်လိုက်ကြသည်။
မျက်စိကြည်ဂျင်ဆင်းကို ကျိုဟွေ့တောင်အနီးသစ်တောမှာစိုက်ထားသော်လည်း တောလမ်းများစွာရှိပြီး အရပ်ရှစ်မျက်နှာပြန့်နေသည်။
"ဥက္ကဌချင်... တောင်ပေါ် ဒီလမ်းကတက်မယ်!''
ချူယွဲ့ကကားပေါ်မှဆင်းပြီး ချင်လင်ကိုတံခါးဖွင့်ပေးကာ တောင်တက်လမ်းတစ်လမ်းဆီလျှောက်သွားသည်။
ဒီကျိုဟွေ့တောင်က မျက်စိကြည်ဂျင်ဆင်းအတွက်ပထမဆုံးသာချုပ်ချုပ်နေရာဖြစ်၍ သူတစ်ကြိမ်မကရောက်ဖူးသည်။
ချင်လင်က ဆေးဝါးကုမ္ပဏီကိုဗြုန်းစားကြီးရောက်ချလာသောကြောင့် ချူယွဲ့မှာဝန်ထမ်းများကိုကြိုအသိမပေးခဲ့ရ။ စိုက်ခင်းဝန်ထမ်းများက အခမ်းအနားနှင့်ကြိုဆိုရန် ပြင်ဆင်ချိန်မရပေ။
သူ့သူဌေးကဟိတ်ဟန်မကြိုက်မှန်း ချူယွဲ့သိသောကြောင့် မန်နေဂျာနှစ်ယောက်သာအဖော်ခေါ်ခဲ့သည်။
ချင်လင်နှင့်ချူယွဲ့ကတောင်ပေါ်တက်ပြီးမကြာမီ မျက်စိကြည်ဂျင်ဆင်းများကိုတွေ့သည်။
အရင်ကဂိမ်းထဲမှာစိုက်ဖူးသောကြောင့် သူမှတ်မိသည်။
ကျိုဟွေ့တောင်မျက်စိကြည်ဂျင်ဆင်းများမှာ အခက်အလက်များဝေဆာနေသောကြောင့် ကောင်းကောင်းဖြစ်နေမှန်းသိသာသည်။ စိုက်ခင်းဝန်ထမ်းများက အများကြီးအားစိုက်ထုတ်ထားကြသည်။
တပတ်လှည့်စစ်ဆေးပြီးနောက် ချင်လင်ကပြဿနာရှိသည်မထင်။ ခြင်များကိုသွေးဆက်မလှူချင်သောကြောင့် ချူယွဲ့အား မျက်စိကြည်ဂျင်ဆင်းနည်းနည်းထည့်ပေးခိုင်းသည်။
ချူယွဲ့ကခေါင်းညိမ့်ပြီး စိုက်ခင်းမန်နေဂျာကိုညွှန်ကြားလိုက်သည်။ မကြာမီ အသားနည်းနည်းညိုသောလူတစ်ယောက်က ဂျင်ဆင်းများယူလာ၏။
ထို့နောက် ချင်လင်နှင့်ချူယွဲ့ကစိုက်ခင်းမှထွက်ပြီး ရုံချန်းပြန်လာခဲ့သည်။
လမ်းတွင်_
"ဥက္ကဌချင်... ဒီနေ့ရောက်လာတာ မျက်စိကြည်ဂျင်ဆင်းကိုစစ်ဆေးရုံသက်သက်မဟုတ်ဘူးမလား?''
ချူယွဲ့ကမေးသည်။
ချင်လင်ကခေါင်းညိမ့်ပြီး ချူယွဲ့ကိုစာဖိုင်ပေးကာ_
"အင်း.. ကိစ္စရှိတယ်... ဒါတွေအရင်ကြည့်လိုက်ပါဦး!''
ဝန်ကြီးလုပေးသောအချက်အလက်များပင်။
ချူယွဲ့ကဖတ်ပြီး သူဌေးလာရင်းကိစ္စကိုသဘောပေါက်သွားသည်။