စက်ရုံအရင်ရောင်း! ၂
Vol. 72 Ch. 1073
သူ့မူလအစီအစဉ်က မင်လဲ့ကုမ္ပဏီတစ်ခုလုံးရယူဖို့ပင်။
ဆိုင်များ၊ဖောက်သည်အချက်အလက်များနှင့်ကျွမ်းကျင်ဝန်ထမ်းများက ပိုအရေးကြီးသည်။ ကိရိယာနှင့်ပစ္စည်းများက ပိုက်ဆံပေးရင်ရသည်။
ယွင်ဟွားရယ်လိုက်သည်။
ဆိုင်နဲ့ဖောက်သည်အချက်အလက်လိုဟာတွေကို သူဘယ်လိုရောင်းမလဲ?
အကုန် မျက်စိကြည်ဂျင်ဆင်းအတွက်ပြင်ထားတာ။
သို့ရာတွင် ယွင်ဟွားက_
"မစ္စတာ Paul... ကျွန်တော်တို့ကအနီးမှုန်မျက်မှန်မရောင်းတော့ဘူးဆိုပေမဲ့ နေကာမျက်မှန် မျက်ကပ်မှန်နဲ့ ဆေးတွေရှိသေးတယ်... တခြားရှယ်ယာရှင်တွေနဲ့ဆွေးနွေးရဦးမှာ''
Paul က မင်လဲ့အတွင်းရေးကိုသေချာမသိသောကြောင့် မျက်မှောင်ကြုတ်ပြီး_
"မစ္စတာယွင်... ငါသိသလောက်တော့ မင်းကမင်လဲ့မှာအကြီးဆုံးရှယ်ယာရှင်ပဲ... မင်းရောင်းမယ်ဆိုရင် တခြားရှယ်ယာရှင်တွေကလည်း မင်းအမြင်ကိုအလေးထားရမှာပဲမလား''
ယွင်ဟွားကပြုံးပြီး_
"မစ္စတာ Paul... ကျွန်တော် စက်ရုံနဲ့ပစ္စည်းကိရိယာတွေ ခင်ဗျားဆီရောင်းပြီးပြီ... အဲဒီပိုက်ဆံကအများကြီးပဲ... နောက်ဆုံး ခင်ဗျားပဲအကုန်သုံးရမှာ... ကျွန်တော်လည်း ကျွန်တော့်ဝင်ငွေအတွက်လုပ်ငန်းသေးသေးတော့လိုသေးတယ်လေ''
"မစ္စတာ Paul က အထူးကော်မရှင်ခပေးချင်ရင်တော့ မစ္စတာ Paul အတွက် မင်လဲ့ရှယ်ယာရှင်အစည်းအဝေးလုပ်ပြီးတော့ ကျွန်တော့်ရှယ်ယာကိုရောင်းပေးနိုင်ပါတယ်''
သူဆိုလိုတာ Paul သဘောပေါက်သည်။
သူ့ကိုထပ်ပြီးငွေညှစ်ဖို့လုပ်နေပြန်ပြီ။
ဒါကလည်း ယွင်ဟွားတကယ်နှုတ်ထွက်ချင်ကြောင်းသက်သေပြနေသည်။ အခုက ပိုက်ဆံနည်းနည်းပိုထွက်အောင်လုပ်နေခြင်းသာ။
တကယ်လို့ မင်လဲ့တစ်ခုလုံးကိုသာဆွဲချနိုင်ရင်၊ စက်ရုံ၊ပစ္စည်းကိရိယာတွေဝယ်တဲ့ငွေနဲ့စာရင် ဒီငွေညှစ်တာက ဘာမှမဟုတ်။
"မစ္စတာယွင်ဟွား... မင်းကော်မရှင်ဘယ်လောက်လိုချင်လဲ?''
Paul ကမေးသည်။
"သန်း ၅၀၀!''
ယွင်ဟွားကပြုံးပြုံးနှင့်ပြောသည်။ သူပိုမတောင်း။
ဘာပဲဖြစ်ဖြစ် တဖက်ကအရူးမဟုတ်။ သန်း ၅၀၀ က မများလွန်း၊မနည်းလွန်းဘဲ တဖက်ကတတ်နိုင်သောအတိုင်းအတာပင်။
ဘယ်လောက်ရှိရှိ၊ တဖက်ကရယူဖို့ဆုံးဖြတ်ထားရင်တောင် သူတို့မအ။
သန်း ၅၀၀ က Esolu အတွက်မများသော်လည်း မင်လဲ့ကိုဝယ်ဖို့၊ဘာရယ်မဟုတ်ပေးပစ်ဖို့ကများသည်။
"ဟုတ်ပြီ... မစ္စတာယွင်ကိုကော်မရှင်ပေးမယ်... ဒါပေမဲ့ စာချုပ်လက်မှတ်ထိုးပေးရမယ်... ရှယ်ယာတွေကို ငါတို့ကိုရောင်းရမယ်''
နောက်ဆုံး Paul က သဘောတူလိုက်သည်။
ဘာပဲဖြစ်ဖြစ် မင်လဲ့တစ်ခုလုံးကိုရရင်တန်သည်။
ယွင်ဟွားကရှယ်ယာရှင်အစည်းအဝေးလုပ်ပြီး သူတို့ကိုရှယ်ယာရောင်းပေးဖို့ကြေညာရင် တခြားရှယ်ယာရှင်တွေကဆန့်ကျင်ဖို့စိတ်ကူးရှိမှာမဟုတ်။ သူတို့ မင်လဲ့ကိုအောင်အောင်မြင်မြင်သိမ်းပိုက်နိုင်ပြီ။
နောက်ဆုံး ထပ်တိုးစာချုပ်ရှိလာသည်။
စက်ရုံ၊ကိရိယာနှင့်ပစ္စည်းများလွှဲပြောင်းစာချုပ်!
ပြီးရင် ယွင်ဟွားအထူးပြင်ဆင်ထားတဲ့ကော်မရှင်ကြေးစာချုပ်။
စာချုပ်နှစ်ခုပေါ်တွင် Paul ကလက်မှတ်ထိုးလိုက်သောကြောင့် ယွင်ဟွားရယ်လိုက်သည်။ သူ့ထောင်ချောက်ထဲရောက်ပြီ။
သူ့ရှယ်ယာကိုရောင်းဖို့သဘောတူလိုက်သော်လည်း ဘယ်လောက်ရောင်းမည်ဟုစာချုပ်ထဲမှာဖော်ပြမထား။
၀.၀၀၀၀၀၀၀၀၁% ဆိုလည်း ရောင်းတာပဲမလား?
အရင် Esolu က သူတို့ကိုပစ္စည်းမူပိုင်ခွင့်နဲ့ချောက်ချခဲ့သည်။ အခုသူတို့ဖော်တဲ့ဆေး သူတို့ကိုပြန်ကျွေးရမည်။
Paul မှာ မြောက်ကြွနေ၍သတိမထားမိ။
အဖြစ်မှန်သိသွားရင် သူဘယ်လိုဖြစ်သွားမလဲ?
Paul ကစာချုပ်လက်မှတ်ထိုးပြီး ယွင်ဟွားကိုလွှဲပေးလိုက်သည်_
"မစ္စတာယွင်... မင်းကတိကိုဘယ်အချိန်တည်မှာလဲ?''
ယွင်ဟွားကစာချုပ်ယူပြီး ချက်ချင်းကတိပေးလိုက်သည်_
"မစ္စတာ Paul... ကျွန်တော့်အကောင့်ထဲပိုက်ဆံရောက်တာနဲ့ တန်းစီစဉ်ပေးမယ်... ရှယ်ယာရှင်အစည်းအဝေးလုပ်ပြီး ခင်ဗျားတက်ရောက်ဖို့ဖိတ်မယ်''
ဘာပဲဖြစ်ဖြစ် ဒါရိုက်တာချူက မကြာခင်ကိုယ်စားလှယ်တစ်ဦးလွှတ်တော့မည်။ ရှယ်ယာရှင်အစည်းအဝေးကျင်းပပြီး Paul ကိုသက်သေအဖြစ်ဖိတ်မည်။
သူ့ကတိလည်းတည်ပြီးသားဖြစ်မည်။
Paul သာ ချင်းလင်ကိုရှယ်ယာရောင်းပေးဖို့သိမ်းသွင်းနိုင်ရင် သူ့လုပ်နိုင်စွမ်းပဲ ဟုတ်တယ်မလား?
"ဟုတ်ပြီ... အပေးအယူဖြစ်ပြီ"
Paul ရယ်လိုက်သည်။
ကားထဲပြန်ရောက်သောအခါ လက်ထောက်က Paul ကိုဂုဏ်ပြုလိုက်သည်_
"သူဌေး ဂုဏ်ယူပါတယ်... အခုမင်လဲ့ကိုဝယ်လိုက်နိုင်ပြီ... ရှေ့လျှောက် သူဌေးရဲ့အစီအစဉ်တွေအဆင်ချောတော့မယ်''
Paul ကစိတ်ကြည်နေသည်။ ထို့နောက် တရုတ်တာဝန်ခံကိုခေါ်ပြီး မင်လဲ့စက်ရုံ၊ကိရိယာနှင့်ပစ္စည်းများအဝယ်စာချုပ်လွှဲပေးလိုက်သည်။ နောက်နှစ်ရက်အတွင်း အမြန်ဆုံးကိစ္စပြတ်အောင်ရှင်းခိုင်းသည်။
တရုတ်တာဝန်ခံကစာချုပ်မြင်ပြီး အပျော်လွန်ကာချက်ချင်းအလုပ်စသည်။
ဒါတွေမရှိရင် အနီးမှုန်မျက်မှန်ရောင်းတဲ့ကုမ္ပဏီက သွားမရှိတဲ့ကျားလိုဖြစ်သွားမည်။
မျက်စိတစ်မှိတ်အတွင်း ရက်ပိုင်းကုန်လွန်သွားသည်။
Paul ကလည်း ယွင်ဟွားကိုကတိပေးထားသည့်အတိုင်းပိုက်ဆံလွှဲပေးသည်။ တချိန်တည်းမှာ Esolu လူတွေက မင်လဲ့၏စက်ရုံ၊ကိရိယာ၊ပစ္စည်းများကိုလွှဲပြောင်းယူကြသည်။
တရုတ်တာဝန်ခံကလည်း အစီရင်ခံသည်_
"မစ္စတာ Paul... မင်လဲ့ကထုတ်လုပ်ရေးလိုင်းကိုသေချာထိန်းသိမ်းထားတာ... အကြာကြီးသုံးလို့ရသေးတယ်... အချိန်ကျရင် အလုပ်တန်းစလို့ရတယ်''
"ဒါပေမဲ့ မင်လဲ့တစ်ခုလုံးကိုသိမ်းဖို့မြန်မြန်လုပ်ရမယ်... အခု မင်လဲ့ဆိုင်တွေက လတ်တလောဆောက်လုပ်ရေးဝင်ထားတယ်လို့သတင်းရတယ်... သူ့မှာတခြားရည်ရွယ်ချက်များရှိနေမလား?''
Paul ကနားထောင်ရင်း မျက်မှောင်နည်းနည်းကြုတ်ကာ ယွင်ဟွားကိုဖုန်းတန်းဆက်လိုက်သည်။ ဖုန်းဝင်ဝင်ချင်း သူက_
"မစ္စတာယွင်... မင်းဆီငွေရောက်ပြီထင်တယ်... မင်းရဲ့ကတိကရော? ငါတို့စာချုပ်လက်မှတ်ထိုးထားပြီးပြီနော်''
ယွင်ဟွားကချက်ချင်းပြန်ဖြေသည်_
"မစ္စတာ Paul... စာချုပ်ချုပ်ထားမှတော့ ကျွန်တော်ကတိမပျက်ပါဘူးဗျ... ဒီနေ့လယ် မင်လဲ့ကရှယ်ယာရှင်အစည်းအဝေးလုပ်မယ်ဆိုတာ ခင်ဗျားကိုအသိပေးမလို့ပါ... မစ္စတာ Paul လာဖို့ဖိတ်ချင်ပါတယ်''
"ဟား ဟား.. မစ္စတာယွင်က တကယ်ကတိတည်တဲ့သူပဲ''
Paul ကပြုံးပြုံးနှင့်ဖုန်းချသွားသည်။ ထို့နောက် တာဝန်ခံအား_
"အဲဒီမစ္စတာယွင်က မင်လဲ့မှာရှယ်ယာရှင်အစည်းအဝေးတောင်ခေါ်ထားပြီ... နေ့လယ်ကျ အားလုံးရှင်းအောင် မင်လဲ့ကိုသွားရမှာပေါ့''
သို့သော် တဖက်တွင်ယွင်ဟွားက ကုမ္ပဏီမှကျန်ရှယ်ယာရှင်နှစ်ဦးနှင့်အတူ လူနှစ်ဦးကိုကြိုဆိုနေမှန်း Paul မသိချေ။
တစ်ယောက်ကချူယွဲ့ဖြစ်ပြီး နောက်တစ်ယောက်က သက်လတ်ပိုင်းလူတစ်ဦးဖြစ်သည်။ သူကချူယွဲ့ခြေလှမ်းအတိုင်းလိုက်နေသော ချင်းလင်ဆေးဝါးမန်နေဂျာဖြစ်ပြီး ချင်းလင်ဆေးဝါးမှမင်လဲ့သို့လွှတ်လိုက်သောဒါရိုက်တာဘုတ်အဖွဲ့ကိုယ်စားလှယ်လည်းဖြစ်သည်။
မင်လဲ့ရှယ်ယာသည့်ကိစ္စကပေါ့သေးသေးမဟုတ်သောကြောင့် ချူယွဲ့ကိုယ်တိုင်လာသည်။
တခြားရှယ်ယာရှင်နှစ်ဦးကလည်း ချင်းလင်ကုမ္ပဏီကလွှဲယူမည်ကိုကန့်ကွက်ခြင်းမရှိ။
ဘာပဲဖြစ်ဖြစ် ချင်းလင်ကုမ္ပဏီရဲ့အလားအလာကို လူတိုင်းသိသည်။ လောလောဆယ် ချင်းလင်ကုမ္ပဏီက ဘယ်ပြည်တွင်းကုမ္ပဏီထက်မှမညံ့။
နောက်ပြီး ရှယ်ယာနဲ့စာရင် အခုမင်လဲ့စီမံရေးစီနီယာများဖြစ်သောကြောင့် ရှေ့လျှောက်ချင်းလင်ရဲ့ဌာနမှာ စီမံခွင့်ရနိုင်သည်။
Tanuki ရဲ့အဖေနဲ့ပင်ဂွင်းကုမ္ပဏီလို အသိအမှတ်ပြုခံရသရွေ့ ကုမ္ပဏီဖွံ့ဖြိုးလာတဲ့အခါ ရုံးချုပ်မှာအလုပ်လုပ်ခွင့်ရနိုင်သည်။
ဘယ်သူမဆိုစိတ်ဝင်စားသော၊တိုးတက်မှုရှိသောမဟာလမ်းကြောင်းကြီးဖြစ်သည်။
ယွင်ဟွားကဖုန်းချပြီးနောက် ချူယွဲ့နှင့်သက်လတ်ပိုင်းလူဘက်လှည့်ကာ_
"ဒါရိုက်တာချူ ဒါရိုက်တာရွှေ့... ဒါ Paul ရဲ့ဖုန်းပဲ... သူ့ကိုဒီနေ့လယ်ရှယ်ယာရှင်အစည်းအဝေးကိုဖိတ်ထားတယ်''
ချူယွဲ့တို့ကနားထောင်ရင်း ရယ်လိုက်ကြသည်။
ယွင်ဟွားက Paul ကိုအကွက်ရွှေ့လိုက်ကြောင်း သူတို့ကြားသည်။
ဒါပေမဲ့ Esolu က မင်လဲ့ကိုဒီလောက်ထိချောက်ချပြီး ထုတ်လုပ်ရေးရပ်ဆိုင်းခံရအောင်လုပ်မှတော့ လက်စားပြန်ချေခံရတာသဘာဝပင်။
တဖက်တွင် ထောင်လွှားနေသော Paul က မျက်စိကြည်ဂျင်ဆင်းလိုအရာရှိမည်ဟု လုံးဝမတွေးမိချေ။
…
နေ့လယ်ပိုင်း မြန်မြန်ဆန်ဆန်ရောက်လာသည်။
Paul ကလည်း ပြောထားသောအချိန်အတိုင်း သူ့လူများနှင့်မင်လဲ့ကုမ္ပဏီကိုရောက်ချလာသည်။
ယွင်ဟွားက သူ့ကိုကြိုဖို့လူစီစဉ်ထားသည်။ Paul ကိုမြင်သောအခါ ပြုံးပြုံးနှင့်_
"မစ္စတာ Paul... ကျွန်တော်တို့ဥက္ကဌယွင်ကမှာထားတယ်... ခင်ဗျားလာရင် ရှယ်ယာရှင်အစည်းအဝေးခန်းထဲလာခဲ့ပါတဲ့''
"ကြည့်ရတာ မစ္စတာယွင်ကသေချာစီစဉ်ထားတဲ့ပုံပဲ''
Paul က တရုတ်တာဝန်ခံကိုပြောလိုက်သည်။
မကြာမီ Paul က မင်လဲ့ရှယ်ယာရှင်အစည်းအဝေးခန်းထဲရောက်လာသည်။
သူဝင်ဝင်ချင်း အထဲမှာလူ ၅ ယောက်ထိုင်နေသည်ကိုတွေ့ရသည်။
တစ်ယောက်က ယွင်ဟွားဖြစ်သည်။ ကျန်လေးယောက်က မင်လဲ့ရှယ်ယာရှင်များဖြစ်မည်။
ယွင်ဟွားက Paul ကိုမြင်သည်နှင့် ပြုံးပြီးမိတ်ဆက်ပေးသည်_
"မိတ်ဆက်ပေးပါရစေ... ဒါက မစ္စတာ Paul ပါ''
ချူယွဲ့တို့ကလည်း Paul ကိုထူးဆန်းသောအကြည့်နှင့်ကြည့်လိုက်ကြသည်။
အားလုံးဝိုင်းကြည့်နေသောကြောင့် Paul ကလည်းပြုံးပြုံးနှင့်ရှေ့တိုးလာပြီး_
"အားလုံးပဲ... ဒါပထမဆုံးအကြိမ်အစည်းအဝေးပါ... ကျုပ်ဘယ်သူလဲဆိုတာ အားလုံးသိမယ်ထင်ပါတယ်... ဒီနေ့ Esolu ကိုယ်စား မင်လဲ့ကိုလာခဲ့တာပါ... တခြားရည်ရွယ်ချက်မရှိပါဘူး... အားလုံးနဲ့ ရှယ်ယာအကြောင်းဆွေးနွေးချင်ရုံပါ''
"မင်းတို့မင်လဲ့ကုမ္ပဏီရဲ့မစ္စတာယွင်က ရှယ်ယာရောင်းဖို့သဘောတူထားပြီးပြီ... အဲဒီတော့ အားလုံးဒီကိစ္စကိုစဉ်းစားနိုင်မယ်ထင်ပါတယ်''
"ပြီးတော့ အားလုံးကိုပြောစရာရှိတယ်... မစ္စတာယွင်က မင်လဲ့ရဲ့စက်ရုံ ကိရိယာနဲ့ပစ္စည်းတွေအကုန် ကျုပ်တို့ကိုရောင်းထားပြီးပြီ''
"ဒီအဓိပ္ပါယ်ကို အားလုံးသိမယ်ထင်ပါတယ်... မင်းတို့မင်လဲ့ကုမ္ပဏီက အကြီးဆုံးလုပ်ငန်းကိုဆုံးရှုံးသွားပြီ''