သွားပြီ! လုံးဝသွားပြီ! ၂
Vol. 72 Ch. 1076
ချန်တပေါင်အချက်အလက်ကို မြန်မြန်ဆန်ဆန်အတည်ပြုပြီးသွားသည်။
ဝန်ထမ်းများကလည်း ချန်တပေါင်ကိုမျက်စိကြည်ဂျင်ဆင်းအကြောင်းမိတ်ဆက်ပေးသည်။ မျက်စိကြည်ဂျင်ဆင်းအကြောင်းပါသောအချက်အလက်စာရင်းလည်းပေးသည်။
ချန်တပေါင် စာရင်းကိုယူကြည့်လိုက်သည်။
ပထမဆုံးက စျေးနှုန်းဖြစ်သည်။ ပုံမှန်စျေးကမကြီး။ မျက်မှန်ဆေးရည်ပုလင်းထက်သုံးဆကျော်သာစျေးကြီးသည်။ နောက်ပြီး တပိုင်းကိုဆယ်ရက်မှလဝက်အထိစားနိုင်သည်။
ဘယ်သူမဆိုတတ်နိုင်သောပမာဏပင်။
သတင်းမှာဖော်ပြထားသလို မျက်စိကြည်ဂျင်ဆင်းက လေးငါးလကြာမည်ဟုလည်း အချက်အလက်မှာပါသည်။
နောက်ပြီး မထင်ထားသောသတင်းကို ချန်တပေါင်တွေ့သည်။ သာမန်ဂျင်ဆင်းဖြူအပြင် အရည်အသွေးမြင့်ဂျင်ဆင်းနှစ်မျိုးလည်းရှိသည်။
သို့ရာတွင် ထိုဂျင်ဆင်းကအကန့်အသတ်ရှိသောကြောင့် ဝယ်ယူခွင့်ရဖို့မဲနှိုက်ရမည်။
အရည်အသွေးမြင့်ဂျင်ဆင်းနှစ်မျိုးမှာ အရည်အသွေး ၂ နှင့် ၃ ဖြစ်သည်။
ချင်လင်ကအထူးထုတ်ထားပြီး တစ်ကြိမ်မှဒီလောက်သာထုတ်သည်။
ရည်ရွယ်ချက်က မျက်စိကြည်ဂျင်ဆင်းအာနိသင်ကိုလူတွေသိစေရန်ဖြစ်သည်။
အရည်အသွေး ၁ မျက်စိကြည်ဂျင်ဆင်းကအာနိသင်နှေးလွန်းသော်လည်း အရည်အသွေး ၂ နှင့် ၃ မျက်စိကြည်ဂျင်ဆင်းကမတူ။
မျက်စိကြည်ဂျင်ဆင်းကစိုက်ပျိုးချိန်မကြာသောကြောင့် ဂိမ်းထဲမှာမြန်မြန်ဆန်ဆန်စိုက်ပျိုးနိုင်သည်။ အရေအတွက်ကန့်သတ်ပြီး တစ်သုတ်ချင်းပို့နိုင်သည်။
နောက်ပြီး ဒီအချိန်ပဲရောင်းပေးမည်။ ရှေ့လျှောက် မျက်နှာသာပေးစရာမရှိဘဲထပ်ရောင်းမည်မဟုတ်။
ချင်လင်ထုတ်လာတဲ့ပစ္စည်းတွေအကြောင်း ချူယွဲ့ကမမေး။ ဘာပဲဖြစ်ဖြစ် သူအရူးမဟုတ်ပေ။
ဒီတော့ ဒီမျက်စိကြည်ဂျင်ဆင်းတစ်သုတ်ကိုဒီအတိုင်းသုံးပစ်လိုက်ရုံသာ။ နည်းရင် အရေအတွက်ကန့်သတ်လိုက်မည်။
အရည်အသွေးမြင့်ဂျင်ဆင်းများ၏အာနိသင်ကို ချန်တပေါင်အံ့ဩနေသည်။
ပုံမှန်မျက်စိကြည်ဂျင်ဆင်းက ပြန်ကောင်းဖို့လေးငါးလအချိန်ယူရပေမဲ့ အရည်အသွေးမြင့်တစ်ခုက နှစ်လ၊ နောက်တစ်ခုက တစ်ပတ်သာအချိန်ယူရသတဲ့။
ရက်ပိုင်းနဲ့မျက်စိပြန်ကောင်းတယ်ဆိုတာ အနီးမှုန်မျက်စိခွဲစိတ်တဲ့သူတွေ ကြော်ငြာကြတာမလား?
အရည်အသွေးမြင့်ဂျင်ဆင်းများက သာမန်ထက်အများကြီးစျေးပိုမြင့်သည်။
အရည်အသွေးမြင့်မျက်စိကြည်ဂျင်ဆင်းတစ်ခုကို ၁၀၀၀ ကျော်သည်။
အရည်အသွေးအမြင့်ဆုံးဂျင်ဆင်းက ယွမ် ၂၀၀၀၀ ကျော်။ ဒီစျေးက ဆေးရုံမှာမျက်စိခွဲစိတ်တဲ့စျေးဖြစ်နေပြီမလား?
ဒါ စောင်းပြောနေတာလား?
ချန်တပေါင်ကချက်ချင်း ဆိုင်ဝန်ထမ်းအား_
"အရည်အသွေးမြင့်ဂျင်ဆင်းတွေကိုဝယ်ဖို့ မဲဘယ်လိုနှိုက်ရမလဲ?''
ဝန်ထမ်းကချက်ချင်း မဲပုံးနားခေါ်ပြသည်။
မဲနှိုက်ဖို့က ရှင်းသည်။ ချင်းလင်ဆေးဝါးကုမ္ပဏီကဆော့ဝဲလ်နှင့်လုပ်ထား၏။ ကျပန်းစနစ်ဖြစ်ပြီး ပါဝင်သူများက'အတည်ပြုမည်'ကိုနှိပ်လိုက်ရုံသာ။
ချန်တပေါင်ကစာရင်းသွင်းပြီးနောက် ကွန်ပျူတာရှေ့တွင်'အတည်ပြုမည်'ကိုနှိပ်လိုက်သည်။
ခဏအကြာ ဆော့ဝဲလ်ကမဲနှိုက်ပေးသည်။ စက္ကန့်ပိုင်းကြာပြီးနောက် ရပ်သွား၏။
"ဂုဏ်ယူပါတယ်... အရည်အသွေးအမြင့်ဆုံးမျက်စိကြည်ဂျင်ဆင်းဝယ်ခွင့်ရပါတယ်!''
ရလဒ်ကိုမြင်ပြီး ချန်တပေါင်မယုံနိုင်ဖြစ်သွားသည်။ သူကလက်သီးလက်မောင်းတန်းပြီး ထအော်လိုက်၏။
အရည်အသွေးအမြင့်ဆုံးမျက်စိကြည်ဂျင်ဆင်း။ ဒါ သူရက်ပိုင်းနဲ့မျက်စိပြန်ကောင်းနိုင်တဲ့အဓိပ္ပါယ်မလား?
"လူကြီးမင်းချန်... ဂုဏ်ယူပါတယ်!''
ဝန်ထမ်းက သူ့ကိုချက်ချင်းဂုဏ်ပြုသည်။
"ကျေးဇူးပါ... ကျွန်တော်ကံကောင်းတာပဲ''
ချန်တပေါင် ပြုံးရွှင်နေသည်။ သူကဝန်ထမ်းဆီမှာစာရင်းသွင်းပြီး ယွမ် ၂၀၀၀၀ ကျော်တန်းရှင်းလိုက်သည်။ အခုတော့ မျက်စိကြည်ဂျင်ဆင်းရောက်လာဖို့စောင့်ရုံသာ။
ပြည်တွင်းအနှံ့မင်လဲ့ဆိုင်များတွင် ဒီလိုဖြစ်သွားသည်။ မင်လဲ့ဖောက်သည်အားလုံးက ပုံမှန်မျက်စိကြည်ဂျင်ဆင်းအော်ဒါတင်ကြ၏။
ချန်တပေါင်လိုကံကောင်းပြီး အရည်အသွေး ၂ နှင့် ၃ မျက်စိကြည်ဂျင်ဆင်းကိုဝယ်ခွင့်ရသူများလည်းရှိသည်။
ထိုလူများက မျက်စိကြည်ဂျင်ဆင်းရောက်လာဖို့စောင့်မျှော်နေကြ၏။
ချူယွဲ့နှင့်ချင်းလင်ဆေးဝါးကကြိုတင်ပြင်ဆင်ထားသောကြောင့် ဂျင်ဆင်းရောက်ဖို့သိပ်မကြာလိုက်။
မကြာမီ တစ်ယောက်ပြီးတစ်ယောက် ပါဆယ်များရကြသည်။
ချန်တပေါင်အလုပ်ဆင်းနေစဉ် ပါဆယ်ရောက်လာသည်။ ထို့ကြောင့် သူကခွင့်ယူပြီး အိမ်နားရှိပစ္စည်းပို့ရုံးတွင်ပါဆယ်သွားထုတ်ကာ အိမ်အမြန်ပြန်လာသည်။
ချန်တပေါင်ကချက်ချင်းပါဆယ်ဖွင့်ကြည့်ရာ မျက်စိကြည်ဂျင်ဆင်းကိုတွေ့သည်။ ဘယ်လိုစားရမည်ဟူသောညွှန်ကြားချက်ကို ကတ်နှင့်သေသေသပ်သပ်ရေးထား၏။
အရည်အသွေးအမြင့်ဆုံးမျက်စိကြည်ဂျင်ဆင်းကို တစ်နေ့သုံးပိုင်းသာစားနိုင်သည်။ ဒီထက်ပိုစားလည်း အာနိသင်ပိုမရ။
တစ်နေ့တာ မျက်စိမှစုပ်ယူနိုင်သောအာနိသင်ကအကန့်အသတ်ရှိသည်။
ကတ်ပေါ်တွင်လည်း_
"အရည်အသွေးအမြင့်ဆုံးမျက်စိကြည်ဂျင်ဆင်းကိုစားပြီး တရေးအိပ်ပါ... ထူးခြားမှုကိုခံစားရပါလိမ့်မည်!''
ထို့အပြင် ဂျင်ဆင်းဖြူကိုဖြတ်ရန် ဓားလှလှတစ်ချောင်းလည်းပါသည်။
ချန်တပေါင်ကလက်နှေးမနေဘဲ ဓားယူကာဆေးလိုက်သည်။ ထို့နောက် မျက်စိကြည်ဂျင်ဆင်းကိုအပိုင်းပိုင်းဖြတ်ပြီး ပါးစပ်ထဲထည့်လိုက်၏။ ပြီးလျှင် ကတ်ထဲမှညွှန်ကြားချက်အတိုင်းလိုက်နာပြီး မျှော်လင့်ချက်နှင့်ကြည့်လိုက်သည်။
တရေးအိပ်ပြီးမှ စဉ်းစားတော့မည်။
ချန်တပေါင်နိုးလာသောအခါ သုံးနာရီလောက်ရှိမည်။ မျက်မှန်ပြန်တပ်ကြည့်သောအခါ ကတ်ထဲမှာပြောသလို သူအံ့ဩသွားသည်။
သူ့အမြင်က အတော်ပြန်ကောင်းနေပြီ။
"အာနိသင်က တကယ်ပဲ''
ချန်တပေါင်ဝမ်းသာလုံးဆို့နေသည်။ ချင်းလင်ကုမ္ပဏီကတော့ ချင်းလင်ကုမ္ပဏီပါပဲ။
လက်ရှိအာနိသင်အရဆို သူ့အမြင်ကတစ်ပတ်အတွင်းပြန်ကောင်းလာလိမ့်မည်။
မကြာမီ အနီးမှုန်သမားတွေအရူးထကုန်တော့မည်။
ဒီနာမည်ကြီးနေတဲ့ဂျင်ဆင်းဖြူက တကယ်အနီးမှုန်ကုနိုင်သည်။
နောက်ဆို ပြည်တွင်းမှာအနီးမှုန်သမားရှိတော့မှာမဟုတ်။
တဖက်တွင်_
Paul က မျက်စိကြည်ဂျင်ဆင်းစောင့်နေသည်။
တနေ့လုံး မျက်စိကြည်ဂျင်ဆင်းကိုသူအာရုံစိုက်နေသည်။ မင်လဲ့ဆိုင်တွေနာမည်ကြီးနေမှန်းလည်းသိသည်။ သူတို့ Esolu ဖောက်သည်တွေက အချက်အလက်စာရင်းသွင်းဖို့တခြားဆိုင်ရောက်ကုန်တော့မည်။
ဒီအဓိပ္ပါယ်ကိုသူသိသည်။
သို့ရာတွင် မျက်စိကြည်ဂျင်ဆင်းကိုနာမည်ဖျက်ဖို့ အင်တာနက်ရေတပ်ရှာပြီး ဂျင်ဆင်းဖြူအကြောင်းရှင်းပြရန်ကျွမ်းကျင်သူများတောင်ခေါ်ထားသည်။
ဒါကလည်း စီးပွားရေးလောကမှာသုံးနေကျဗျူဟာတစ်ခုပင်။
မကောင်းပြောသူတွေရှိနေသရွေ့ သံသယဝင်သူတွေရှိသည်။
ဒါပေမဲ့ အသုံးမဝင်ဖြစ်သွားမယ်လို့ဘယ်သိမလဲ? သူတို့ကိုဘယ်သူမှယုံသည်မထင်။ ကျွမ်းကျင်သူတွေတောင် အပြင်းအထန်ဝေဖန်ခံရသည်။
ကြည့်ရတာ ဒီနိုင်ငံကလူတွေ ချင်းလင်ကုမ္ပဏီကိုအတော်ယုံကြတာပဲ။
ဒါဖြစ်နေကျစည်းမျဉ်းတွေအတိုင်းမဟုတ်။
သူတို့နိုင်ငံမှာ လူတွေဒီလောက်အများကြီးယုံကြည်ရတဲ့ကုမ္ပဏီမျိုးမရှိပေ။
ထိုအချိန်တွင် တရုတ်တာဝန်ခံက ပါဆယ်တချို့နှင့်အလောတကြီးရောက်လာပြီး_
"မစ္စတာ Paul... မျက်စိကြည်ဂျင်ဆင်းရပြီ... မင်လဲ့ဖောက်သည်တွေဆီကနေဝယ်ခိုင်းလိုက်တာ... အရည်အသွေးမြင့်တွေရဖို့ ပိုက်ဆံအများကြီးသုံးလိုက်ရတယ်... အခုစမ်းကြည့်ဖို့ တစ်ယောက်ယောက်ခေါ်လိုက်ရမလား?''
Paul က လောလောနှင့်မတ်တပ်ထရပ်ကာ_
"ငါကိုယ်တိုင်စမ်းကြည့်ချင်တယ်''
သူကလည်း အနီးမှုန်။ သူကိုယ်တိုင်သုံးကြည့်မှ ချင်းလင်ကုမ္ပဏီနဲ့တိုက်ခိုက်ရင် ထိထိရောက်ရောက်ပြောပြီးအကောင်းဆုံးတုံ့ပြန်နိုင်မည်။
သတင်းတွေကချဲ့ကားပြောသည်ဟု သူယုံကြည်ထားဆဲပင်။ ဘာပဲဖြစ်ဖြစ် ဒီလိုတွေပြောနေကျ။
"မစ္စတာ Paul... ဘယ်အရည်အသွေးကိုသုံးချင်လဲ?''
တရုတ်တာဝန်ခံက မေးသည်။
"အကောင်းဆုံးပေါ့''
Paul ကတန်းပြောလိုက်သည်။ အကောင်းဆုံးမှသိပ်မထိရောက်ရင် သာမန်ဆိုပြီးပြီ။
တာဝန်ခံကချက်ချင်း အရည်အသွေးအမြင့်ဆုံးမျက်စိကြည်ဂျင်ဆင်းပါဆယ်ကိုဖွင့်လိုက်သည်။ ဒီဂျင်ဆင်းဝယ်ဖို့ သူယွမ် ၁၀၀၀၀၀ သုံးခဲ့ရသည်။
တဖက်က ဒီထက်စျေးနိမ့်ရင်မပေးချင်။
မကြာမီ အရည်အသွေး ၃ မျက်စိကြည်ဂျင်ဆင်းကကိုဓားနှင့်ဖြတ်ပြီး Paul လက်ထဲထည့်ပေးလိုက်သည်။
Paul ကလည်း ဂျင်ဆင်းဖြူတပိုင်းကိုပါးစပ်ထဲထည့်လိုက်၏။
အစပိုင်းခါးပြီး နောက်ပိုင်းချိုသည်။
အရသာကို Paul သတိမထားမိဘဲ မျက်စိတွင်နွေးထွေးသက်သာသောခံစားချက်ကိုသာအာရုံစိုက်မိသည်။
သက်သောင့်သက်သာရှိသောကြောင့် မျက်စိကြည်ဂျင်ဆင်းကအလုပ်ဖြစ်ပုံရသည်။
အရှိန်ကမြန်လိုက်တာ၊ ဒီလောက်အချိန်တိုလေးနဲ့ ဘယ်လိုလုပ်အာနိသင်ပြနိုင်တာလဲ?
မျက်စိကြည်ဂျင်ဆင်းတပိုင်းသာစားရသေးသည်။
Paul မျက်နှာပျက်နေသည်။ ချန်တပေါင်လိုပင် ကတ်ထဲကညွှန်ကြားချက်အတိုင်းလိုက်လုပ်သည်။ သူကစိတ်လှုပ်ရှားစွာနှင့်မျက်လုံးမှိတ်ပြီး တရေးအိပ်ကြည့်လိုက်သည်။
နာရီပိုင်းအကြာ Paul မျက်နှာဖြူဖျော့သွား၏။
သူမြင်နေရတာ ဘာလဲမသိ။
အိပ်ရာမှနိုးပြီးနောက် အရည်အသွေးမြင့်မျက်စိကြည်ဂျင်ဆင်း၏အာနိသင်ကိုသေချာခံစားမိသည်!
သူ့အနီးမှုန်ကသိပ်မဆိုးတော့။
အာနိသင်ကသော*က်ရမ်းသိသာနေ!
သူမြင်နေရတဲ့မြင်ကွင်းက မအိပ်ခင်ကထက်ပိုကြည်လင်လာသည်။
ဒီလိုပုံရိပ်မျိုးက မျက်မှန်မပါဘဲဝါးနေသည်ထက်ပိုပြီးနေလို့ကောင်းသည်။ ဒါမှမဟုတ် ပိုစိတ်ချရသည်။
သို့ရာတွင် ဒီအာနိသင်ကြောင့် သူ့ကုမ္ပဏီအနာဂတ်ကိုမြင်ပြီးထိတ်လန့်မိသည်။
သူကိုယ်တိုင်တွေ့ကြုံရမှ အားအင်ချိနဲ့သွား၏။
"သွားပြီ... လုံးဝသွားပြီ!''
Paul စိတ်ပျက်သွားသည်။
ဒီနိုင်ငံမှာ ချင်းလင်ကုမ္ပဏီနာမည်ရှိကြောင်း သူသိသည်။ သူတို့ကိုနာမည်ဖျက်မရ၊ အကွက်ရွှေ့မရ။
ဒီလိုအာနိသင်မျိုးရှိတဲ့မျက်စိကြည်ဂျင်ဆင်းကို သူဘယ်နည်းနဲ့ဖြေရှင်းရမလဲ?
အရင်က ဒီလောက်အင်အားမဲ့တာမျိုးမဖြစ်ဖူးပေ!