ကံလို့ဆိုနိုင်လား? ၂
Vol. 72 Ch. 1078
"ဒီလိုလုပ်လို့ရလား?''
Paul ကသတင်းကြားပြီး ဒေါသထွက်ကာစိတ်ပျက်ပျက်နှင့် သူ့ဘေးမှထိုင်ခုံကိုကန်ထုတ်ပစ်လိုက်သည်။
…
ချင်းလင်အပန်းဖြေစံအိမ်_
ချင်လင်လည်းမျက်စိကြည်ဂျင်ဆင်းအကြောင်းသတင်းများကိုအာရုံစိုက်နေသည်။
အရည်အသွေး ၂ နှင့် ၃ မျက်စိကြည်ဂျင်ဆင်းထုတ်ပြီးနောက် အာနိသင်ကအလွန်မြန်သည်။ အခု လိုင်းပေါ်မှာလုံးဝပေါက်နေပြီ။
တနည်းပြောရရင် အခြေအနေအားလုံးအထိုင်ကျသွားပြီ။
အနည်းဆုံးတော့ တရုတ်ပြည်မှာ ဝန်ကြီးလုပြောတဲ့ခေါင်းဆောင်စကားကြောင့် မျက်မှန်ကုမ္ပဏီတွေတုတ်တုတ်မှမလှုပ်နိုင်။
မသမာနည်းသုံးချင်လား? အထက်က အသာလေးဖိချပစ်လိမ့်မည်။
ဒီတော့ ဒီကိစ္စကိုခေါင်းထဲထားစရာမလိုတော့။ ချူယွဲ့ဆီအပ်ထားလိုက်ရုံသာ။
စိတ်ပူခြင်းပူရင် ချူယွဲ့ကိုတာဝန်ခံအဖြစ်ထားမထားသာစဉ်းစားရမည်။
သို့ရာတွင် ဗီဒီယိုသုံးလေးပုဒ်ကြည့်ပြီးနောက် တစ်ခုခုတော့မဟုတ်မှန်း ချင်လင်သတိထားမိသည်။ မျက်စိကြည်ဂျင်ဆင်းကနာမည်ကြီးနေသော်လည်း ရေပန်းစားစာရင်းထိပ်ဆုံးသုံးခုထဲမပါသေး။
ဒီလိုမဖြစ်သင့်။
ချင်းလင်ကုမ္ပဏီနဲ့မျက်စိကြည်ဂျင်ဆင်းကပေါက်နေတာ၊ ဘာကြောင့်ရေပန်းစားရှာဖွေမှုသုံးခုထဲမပါရတာလဲ?
သူကရေပန်းစားရှာဖွေမှုကိုတစ်ချက်ကြည့်လိုက်ရာ ထိပ်ဆုံးသတင်းသုံးခုကြောင့်အံ့ဩသွားသည်။
ဒါကြောင့်ကိုး။
'အန်း'နှင့်စသောပုဂ္ဂိုလ်ကြီးတစ်ယောက်ကို လူကြိုက်များခြင်းကြောင့် လက်ဖြောင့်သမားငှားပြီးပစ်ခတ်ခဲ့သောသတင်းပင်။
'အန်း'ပုဂ္ဂိုလ်ကြီးအဖြစ်ဆိုးပုံကိုကြည့်ရင်း ဘာမှန်းမသိ ချင်လင်ရယ်ချင်လာသည်။
သူ မစ္ဆရိယစိတ်ထားတာမဟုတ်။ မျက်စိကြည်ဂျင်ဆင်းကြော်ငြာအောင်မြင်သောကြောင့် ဝမ်းသာခြင်းသာ။
ရုတ်တရက် ချင်လင်စိတ်ကြည်သွားသည်။ သူကသတင်းဆက်ဖတ်မည်အပြု သူ့စိတ်ထဲတွင်တစ်ခုခုပေါ်လာသည်။
စိုက်ပျိုးရေးခြံပေါက်ဝတွင် လူပုလေးအာနီပေါ်လာပြန်သည်။
သူဝမ်းသာသွားသည်။ ဒီလူက လယ်ယာသုံးပစ္စည်းလာပို့တာဖြစ်မည်။ သူ့ဂိမ်းဇာတ်ကောင်ကိုလူပုလေးအာနီရှေ့အမြန်သွားစေသည်။
သို့ရာတွင် BUG ထပ်ပေါ်လာပြီး အသိပေးစာတစ်ခုသာရသည်:
(လူပုလေးအာနီက တစ်ခုခုပေးချင်ပုံရသည်!)
ထို့နောက် ဘာရှင်းပြချက်မှမရှိတော့။
ဂိမ်းနှင့်မဆိုင်သောဇာတ်ကွက်ဖြစ်သောကြောင့် သူကိုယ်တိုင်ဂိမ်းထဲဝင်သည်။
ချင်လင်ကရုံးခန်းတံခါးလော့ချပြီး အတွေးနှင့်ဂိမ်းထဲဝင်လိုက်ရာ လူပုလေးအာနီကိုတွေ့သည်။
"ဒီနှစ်ခုကအရမ်းလေးတယ်... မြန်မြန်ယူ!''
အာနီကလည်း တန်းပြောသည်။
အပြင်မှာ ကာတွန်းနှင့်မတူ။ လူပုလေးအာနီလက်ထဲတွင် ပုဆိန်နှင့်ပေါက်ပြားလယ်ယာသုံးပစ္စည်းနှစ်ခုကိုင်ထားသည်။
ပုဆိန်နှင့်ပေါက်ပြားက လူအတွက်ပုံမှန်အရွယ်အစားဖြစ်သော်လည်း လူပုလေးအဖို့ကြီးလွန်းသည်။
ချင်လင်ကချက်ချင်း ပုဆိန်နှင့်ပေါက်ပြားယူလိုက်သည်။
လယ်ယာသုံးပစ္စည်းများကငွေရောင်ဖြစ်ပြီး အထူးပုံဖော်ထားသည်။ ပုံစံက လျှို့ဝှက်ဆန်းကြယ်စာများနှင့်တူသည်။
လယ်ယာသုံးပစ္စည်းနှစ်ခု၏မှတ်ချက်ကိုလည်း တခါတည်းကြည့်လိုက်သည်:
(ငွေပေါက်ပြား: အထူး)
(ပန်းပဲဆရာလူပုလေးလုပ်ထားသောအထူးကိရိယာဖြစ်သည်။ တူးလျှင်ပိုပြီးထိရောက်သည်!)
(ငွေပုဆိန်: အထူး)
(ပန်းပဲဆရာလူပုလေးလုပ်ထားသောအထူးကိရိယာဖြစ်သည်။ သစ်ပင်ခုတ်ရာတွင်အလွန်ထက်ပြီးထိရောက်သည်!)
မှတ်ချက်ကရှင်းသည်။
ဂိမ်းအတိုင်းဆို ဒီလိုအာနိသင်ရှိဖို့မလွယ်။ ပေါက်ပြားတစ်ကြိမ်ပေါက်မှမြေကွက်တစ်ကွက်သာတူးနိုင်သော်လည်း ငွေပေါက်ပြားကမူ ၄ ကွက်တူးနိုင်သည်။
နောက်ပြီး အတိုင်းအတာတစ်ခုရောက်လျှင် ပစ္စည်းကောင်းတွေ့နိုင်ခြေလည်းရှိသည်။
ကောင်းချီးပေါက်ပြားနှင့်မယှဉ်နိုင်သော်လည်း ဖြစ်လာနိုင်ခြေရှိသောပစ္စည်းကောင်းပင်။
သစ်ပင်ခုတ်သောပုဆိန်ကလည်း ဒီအတိုင်း။ အရင်က သစ်ပင်တစ်ပင်ကိုလေးငါးချက်ခုတ်ရသော်လည်း ငွေပုဆိန်ကမူ တစ်ချက်တည်းနှင့်ခုတ်နိုင်သည်။
"ဟုတ်ပြီ... ငါကတိပေးထားတဲ့အတိုင်း လယ်ယာသုံးပစ္စည်းတွေလာပေးတာ... ပြန်လိုက်ဦးမယ်... နောက်မှပြန်လာခဲ့မယ်''
အာနီက ချင်လင်ကိုငွေထည်နှစ်ခုပေးပြီးပြန်သွားသည်။
ချင်လင်လည်းအတွေးနှင့်ဂိမ်းထဲမှပြန်ထွက်ပြီး လက်တွေ့ဘဝရောက်လာသည်။
သူဂိမ်းဖန်သားပြင်ကိုပြန်ကြည့်သောအခါ ကျောပိုးအိတ်ထဲတွင်လယ်ယာသုံးပစ္စည်းနှစ်ခုရောက်နေပြီ။
ချင်လင်က ဂိမ်းဇာတ်ကောင်အားငွေပုဆိန်ကိုင်ပြီး နတ်ဘုရားမတောင်သွားစေသည်။ ဒီနေ့အသစ်ထွက်တဲ့သစ်ပင်တွေမခုတ်ရသေး။
မြန်မြန်ဆန်ဆန်ပင် သူ့ဂိမ်းဇာတ်ကောင်အား သစ်ပင်အသစ်ရှာစေသည်။
အရင်က ဒီလိုသစ်ပင်တစ်ပင်ခုတ်ဖို့ သူ့ဂိမ်းဇာတ်ကောင်ကိုအကြိမ်ကြိမ်ခုတ်ခိုင်းရသည်။
ဒီတစ်ခါ သူ့ဂိမ်းဇာတ်ကောင်ကအချိန်တိုအတွင်းခုတ်ချနိုင်သည်။ မြေပေါ်တွင်သစ်သားတပုံကြီးရသည်။
ထိရောက်လိုက်တာ။
ဂိမ်းအထူးအရည်အသွေးကြောင့် ငွေပုဆိန်က သစ်ပင်ဘယ်လောက်ကြီးကြီးခုတ်နိုင်သည်။
ရုတ်တရက် ချင်လင်အကြံတစ်ခုရသည်။
လက်တွေ့ဘဝမှာ ငွေပုဆိန်ကဒီလိုအစွမ်းထက်ရင်ရော?
ချင်လင်ကစဉ်းစားရင်း အတွေးနှင့်ဂိမ်းထဲပြန်ဝင်ကာ သစ်ပင်အသစ်ထွက်သောနေရာရောက်လာသည်။
သစ်ပင်နည်းနည်းသာပြန်ထွက်သောဂိမ်းဖန်သားပြင်နှင့်မတူဘဲ သစ်ပင်များအုံ့ဆိုင်းနေသောတကယ့်သစ်တောကြီးဖြစ်နေသည်။
ချင်လင်ကငွေပုဆိန်ကိုင်လျက်သား ဂိမ်းထဲပေါ်လာ၏။
သူကငွေပုဆိန်နှင့် သစ်ပင်တစ်ပင်ဆီလျှောက်သွားသည်။ သူ့ရှေ့မှသစ်ပင်က လူပေါင်လုံးလောက်ရှိသည်။
သူကချက်ချင်းပုဆိန်မြှောက်ပြီး သစ်ပင်ကြီးကိုခုတ်ချလိုက်သည်။
ထိုခဏတွင် ငွေပုဆိန်ပေါ်မှပုံစံလှုပ်သွားသည်ကိုသူခံစားမိသည်။
ထို့နောက် ပုဆိန်အသွားက သစ်ပင်ကိုတိတိပပပိုင်းပစ်လိုက်သည်။
ဟွား လား လား!
တခဏချင်း သစ်ပင်လဲသွားပြီး သစ်ရွက်များမြေပေါ်ကြွေကျကုန်သည်။
ချင်လင်ကသူ့လက်ထဲမှပုဆိန်ကိုတအံ့တဩကြည့်လိုက်သည်။
အံ့ဩစရာကောင်းလိုက်တာ။ တစ်ချက်တည်းနဲ့ တဝက်ပိုင်းနိုင်တယ်!
နောက်ပြီး ပုဆိန်နှင့်သစ်ပင်ကိုခုတ်သောခဏတွင် သစ်ပင်ကမြေကြီးပျော့လို သိပ်အားမစိုက်ရပေ။
ဒီတော့ ဒီထက်ပိုထူတဲ့သစ်ပင်ကိုခုတ်နိုင်တဲ့သဘော။
ထို့ကြောင့် ချင်လင်ကရှေ့ဆက်လျှောက်သွားရာ လူ့ပေါင်နှစ်ဆလောက်ရှိသောသစ်ပင်ကိုတွေ့သည်။ သူကရှေ့တိုးပြီး ပုဆိန်နှင့်ခုတ်ချလိုက်၏။ ဒါလည်းသေသေသပ်သပ်ပြတ်သွားသည်။
ဟွား လား လား!
သစ်ပင်လဲသွားပြီး သစ်ရွက်များတဖွဲဖွဲကျလာသည်။
သူကပိုကြီးသောသစ်ပင်ရှာပြီး ပုဆိန်နှင့်ခုတ်ပြန်သည်။ အလျားလိုက်ပြတ်ပြီး လဲသွားပြန်၏။
"နည်းနည်းတော့ အံ့ဩစရာ!''
ချင်လင် အံ့ဩနေသည်။
ဒီငွေပုဆိန်နဲ့ဆို ရှေးခေတ်သိုင်းပညာရှင်တွေကိုကျော်တက်သွားနိုင်သည်။
ဝူရှ TV စီးရီးထဲကသိုင်းဆရာတွေတောင် ဒီလိုသစ်ပင်ကြီးကိုတစ်ချက်တည်းမခုတ်နိုင်ဘူးမလား?
ချင်လင်ကတွေးတောရင်း သစ်ပင်ထပ်ရှာပြန်သည်။ အားလုံးလိုလို တစ်ချက်တည်းနဲ့ပြတ်သည်။
လူသာဆို ဘယ်လိုများနေမလဲ?
အပြင်လောကက ငွေပုဆိန်မလိုအောင်ငြိမ်းချမ်းနေတာနှမြောစရာ။ ပေါ်လာတာအချိန်မှားနေပြီ။
ချင်လင်ကခဏဆော့ပြီး ဂိမ်းထဲမှထွက်လိုက်သည်။ ဂိမ်းဇာတ်ကောင်အား နတ်ဘုရားမတောင်မှပြန်ထွက်စေ၏။
ငွေပုဆိန်ထက်ငွေပေါက်ပြားအကြောင်း ပိုသိချင်လာသည်။
ငွေပေါက်ပြားကပိုပြီး လက်တွေ့ကျသောကြောင့်ပင်။
မြေကွက်အသစ်မရှိသောကြောင့် တစ်ခါတည်း ၄ ကွက်စမ်းသပ်စရာမရှိ။ အထူးဇာတ်ကွက်တာဝန်မရှိရင်ပေါ့။
ဒါပေမဲ့ သတ္တုတူးရတာတင် ဟုတ်လှပြီ။ သတ္တုတူးတာပိုထိရောက်ပြီး ပစ္စည်းကောင်းရနိုင်ခြေလည်းမြင့်သည်။
အထူးသဖြင့် ကျိန်စာအာနိသင်ရရင် ငွေပေါက်ပြားကိုကျိန်စာပေါက်ပြားပြောင်းပြီး သူပျံနိုင်တော့မည်။
ကျိန်စာပေါက်ပြားကိုဘုရားကျောင်းမှာဆုတောင်းရင် ကောင်းချီးပေါက်ပြားဖြစ်လာမည်။ အဲဒီနောက် ကောင်းချီးပေါက်ပြားနဲ့ အထူးပစ္စည်းများတူးရမည်။
ဥပမာ ကျောက်တုံးပျံ၊ နတ်ဘုရားမ၊ Kappa ရုပ်တု၊ အံ့ဖွယ်ရုပ်ကြွင်း၊ ဂြိုဟ်အစိုင်အခဲ၊ ယဉ်ကျေးမှုအမွေအနှစ်များ။
ထိုစိတ်ကူးနှင့် ချင်လင်ကဂိမ်းဇာတ်ကောင်အား ရေကန်သတ္တုတွင်းသွားစေသည်။ မတူးရသေးသော ၄၁ လွှာရောက်သောအခါ ဂိမ်းဇာတ်ကောင်ကိုစတူးခိုင်းသည်။
တစ်ခါတလေ ကံကပြောမရ။ ဂိမ်းဆော့ရင်ပိုဆိုးသည်။ A+12 အတောင်ပံရဖို့ ဒေါ်လာသောင်းချီသုံးလည်းမရဘဲ ဘာရယ်မဟုတ်နှိပ်လိုက်မှ +12 တန်းရချင်ရသွားနိုင်သည်။
ဒီတစ်ခါ ချင်လင်က ဂိမ်းဇာတ်ကောင်အား ၄၁ လွှာကိုတူးစေရာ ရေကန်သတ္တုတွင်း ၄ ကွက်တူးပြီး တစ်ကွက်မှတိမ်မည်းမည်းထွက်လာကာ ငွေပေါက်ပြားကိုရစ်ပတ်ထားသည်:
သူ့စိတ်ထဲမှာလည်း အသိပေးစာရသည်:
(ဂုဏ်ယူပါတယ်... ကျိန်စာအာနိသင်ရပါပြီ... သင့်လယ်ယာသုံးပစ္စည်းကိုဆိုးဆိုးဝါးဝါးပြောင်းလဲလိုက်ပါပြီ!)
"တစ်ချက်တည်းနဲ့?''
ချင်လင် လုံးဝအံ့အားသင့်သွားသည်။