← Chapters

အခန်း (၁၄၈၅)

Vol. 107 Ch. 1485

အခန်း (၁၄၈၅)

Vol. 107 Ch. 1485

နတ်ဘုရားတစ်သောင်းဘုရားကျောင်း… ကုန်သွယ်ရေးခန်းမ… ။

အတိအကျဆိုရသော် ယင်းက လေလံပွဲကျင်းပသော နယ်မြေလွတ်ဖြစ်သည်။

ယခုအခိုက်အတန့်မှာ ထိုင်ခုံတစ်သိန်းစလုံး လူပြည့်နေသည်။

ယနေ့က နတ်ဘုရားတစ်သောင်းဘုရားကျောင်း၏ အကြိမ်သုံးရာမြောက် လေလံပွဲဖွင့်လှစ်ခြင်း ဖြစ်သည်။

လေလံပွဲကို တစ်နှစ်တစ်ကြိမ် ကျင်းပခဲ့သည်။ သို့ဖြစ်လေရာ လေလံပွဲပြန်ကျင်းပခဲ့သည်မှာ နှစ်ပေါင်း(၃၀၀)ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။

ထိုအနှစ်(၃၀၀)အတွင်းမှာ လေလံပွဲက ပစ္စည်းတစ်မျိုးတည်းကိုသာ ရောင်းချခဲ့သည်။

ကောင်းကင်ပုတီးစေ့များ… ။

လေလံပွဲက အဆင့်လေး ကောင်းကင်ပုတီးစေ့များနှင့် အဆင့်သုံး ကောင်းကင်ပုတီးစေ့များကို အရေအတွက်များပြားစွာ ရောင်းချခဲ့သည်။

ထို့ပြင် လေလံပွဲတစ်ကြိမ်ကျင်းပသည့်အခါတိုင်း အဆင့်နှစ် ကောင်းကင်ပုတီးစေ့များက အနည်းဆုံး ဆယ်လုံးထွက်ပေါ်လာလိမ့်မည်။

တစ်ခါတစ်ရံမှာ အဆင့်တစ် ကောင်းကင်ပုတီးစေ့များသည်ပင် လေလံပွဲထဲမှာ ထွက်ပေါ်လာလေ့ရှိသည်။

သို့သော် ယနေ့ လေလံပွဲက ခါတိုင်းလေလံပွဲများထက် ပိုပြီးပြိုင်ဆိုင်မှုပြင်းထန်သည်။ အဘယ့်ကြောင့်ဆိုသော် ယနေ့တွင် အထွတ်အမြတ် အဆင့်တစ်ကောင်းကင်ပုတီးစေ့တစ်လုံး ထွက်ပေါ်လာသည်။

ထိုကောင်းကင်ပုတီးစေ့ကို လေလံဆွဲရန်အလို့ငှာ အင်အားစုအသီးသီးက စကြာဝဠာအဆင့် ရတနာ(၂၀)ခုကို ပေးကမ်းကြသည်။ ထို့အတူ ကမ္ဘာဦးအဆင့် စစ်ပွဲရုပ်သေးရုပ်များနှင့် အင်မော်တယ်ရတနာများလည်း ပါဝင်ကြသည်။

ထိုတန်ဖိုးက အလွန်ကြောက်စရာကောင်းသည်။ သို့တိုင် ယင်းက နောက်ဆုံး အဆုံးအဖြတ်မဟုတ်သေးပေ။ တန်ဖိုးက ဆက်ပြီး မြင့်တတ်သွားနေသည်။

မည်သည့်အင်အားစုတွင်မဆို ထိုတန်ဖိုးက အလွန်ကြီးမားသော ပမာဏဖြစ်သည်။

သို့သော်လည်း မည်သည့်အင်အားစုကမှ ယင်းကို ဂရုမစိုက်ကြချေ။

မည်သို့ဖြစ်ပါစေ ထိုအထွတ်အမြတ် အဆင့်တစ်ကောင်းကင်ပုတီးစေ့က အုပ်ချုပ်သူတစ်ပါးကို မွေးဖွားနိုင်စေမည့် အခွင့်အရေးတစ်ခုမဟုတ်ပါလော။

အစွမ်းထက်ပုဂ္ဂိုလ်များအတွက်တော့ အရင်းအမြစ်များက ပြင်ပပိုင်ဆိုင်မှုများသာ ဖြစ်၏။ သူတို့ကိုယ်ပိုင်စွမ်းအားနှင့် ကျင့်ကြံခြင်းသည်သာ သူတို့၏ စစ်မှန်သော ပိုင်ဆိုင်မှု ဖြစ်သည်။

“ ကောင်းကင်လျှို့ဝှက်ချက်မြို့အရှင်… တန်ဖိုးကို ဆက်မြှင့်တာက ဘာအဓိပ္ပာယ်မှ မရှိပါဘူး ”

အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော အကြီးအကဲတစ်ယောက်က မတ်တတ်ရပ်လိုက်ပြီး စင်မြင့်ပေါ်မှ ချူးကျန်းကျားကို ကြည့်လိုက်သည်။

“ ခင်ဗျားက ဒီက အရင်းအမြစ်တွေကို လောကတစ်သောင်းယှဉ်ပြိုင်ပွဲဆီ ပို့ပေးနေတာ ကျုပ်တို့တွေ သိပါတယ်… အဲ့ဒါမှ လောကတစ်သောင်းယှဉ်ပြိုင်ပွဲက လက်ရွေးစင်ကျင့်ကြံသူတွေက ဆက်လက် တောင့်ခံနိုင်ပြီး ပိုမိုများပြားတဲ့ ကောင်းကင်ပုတီးစေ့တွေကို ရရှိနိုင်ပါလိမ့်မယ် ”

“ ဒါပေမဲ့ ခင်ဗျားမြင်တဲ့အတိုင်းပါပဲ ကောင်းကင်ပုတီးစေ့တွေအတွက် အဆင့်မြင့်ရတနာတွေကို ကျုပ်တို့ နောက်ထပ် မတတ်နိုင်တော့ပါဘူး ”

သူ၏ စကားက အခန်းထဲမှာ ထိုင်နေကြသော အစွမ်းထက်ပုဂ္ဂိုလ်အားလုံးကို သဘောတူညီစွာ ခေါင်းညိတ်သွားစေသည်။

ဤအနှစ်(၃၀၀)အတွင်းမှာ သူတို့က အရင်းအမြစ်အများကြီးကို လောကတစ်သောင်းယှဉ်ပြိုင်ပွဲဆီသို့ ပေးပို့ခဲ့ကြသည်။

သူတို့က ကောင်းကင်ပုတီးစေ့အများအပြားကို ပြန်ရရှိခဲ့ပြီး အစွမ်းထက်ပုဂ္ဂိုလ်အများကြီးကို မွေးထုတ်ပေးနိုင်ခဲ့ကြသည်။ သို့သော်လည်း ယင်းက သူတို့၏ အရင်းအမြစ်များကို ကုန်ခမ်းလုနီးပါးဖြစ်စေသည်။

အထူးသဖြင့် အသစ်ပေါ်ထွန်းလာကြသော အစွမ်းထက်ပုဂ္ဂိုလ်များအတွက် သူတို့အင်အားစုများ၏ အရင်းအမြစ်များက မလောက်ငှတော့ပေ။

လူတိုင်းက စင်မြင့်ပေါ်မှ ချူးကျန်းကျားကို အာရုံစိုက်လိုက်ကြသည်။

လောကတစ်သောင်းယှဉ်ပြိုင်ပွဲ စတင်ခဲ့သည်မှာ အနှစ်(၃၀၀)ကျော်သွားပြီ ဖြစ်သည်။ ဤတစ်ကြိမ်ပြိုင်ပွဲတွင် သူတို့က ယခင်အခေါက်များထက် အဆပေါင်းများစွာ သာလွန်သော ရတနာများကို ရရှိခဲ့ကြသည်။

သို့သော်လည်း ယခင်အခေါက်များနှင့် မတူညီသည်မှာ အင်အားစုအသီးသီးမှ လက်ရွေးစင်များက ရတနာများကို ပြန်မပေးအပ်ဘဲ လေလံပွဲများမှတဆင့် ယင်းတို့ကို လဲလှယ်ကြသည်။

ထို့ကြောင့် လေလံပွဲပေါင်း(၃၀၀) ကျင်းပပြီးနောက် မည်သည့်အင်အားစုကမှ ထိုကုန်ကျမှုကို နောက်ထပ် မတတ်နိုင်ကြတော့ချေ။

သို့တိုင် သူတို့က ကောင်းကင်ပုတီးစေ့များကို လက်မလွှတ်ချင်ကြပေ။

“ ကျုပ်သိပြီ ”

ချူးကျန်းကျား၏ အသံက စင်မြင့်ပေါ်မှ ပဲ့တင်ထပ်လာသည်။

ထို့နောက် သူလက်မြှောက်လိုက်သည့်အခါ ကြယ်မြေပုံတစ်ခုက သူ့အရှေ့မှာ ဒြပ်ထည်ဖွဲ့စည်းသွားသည်။

“ ဝူလင်းကောင်းကင်ဘုံကုန်းမြေရဲ့ အလင်းကိုးကွင်းကောင်းကင်နယ်မြေထဲမှာ တိမ်ကျောက်စိမ်းရွှေမိုင်တွင်းတစ်ခု တည်ရှိတယ် ”

ချူးကျန်းကျား၏ စကားထဲမှာ အဆုံးမဲ့သော သွေးဆောင်မှုဖြင့် ပြည့်နှက်နေသည်။

သူက စင်မြင့်အောက်မှ ပုဂ္ဂိုလ်များကို ဝေ့ဝိုက်ကြည့်လိုက်သည်။

ဤတစ်ကြိမ်တွင် လူတိုင်းက မတ်တတ်ထရပ်လိုက်ကြသည်။

တိမ်ကျောက်စိမ်းရွှေ… ။

ထိုနာမည်က ဤနေရာတွင် ရှိနေကြသော ပုဂ္ဂိုလ်အားလုံး ရင်းနှီးကျွမ်းဝင်ပြီးသောအရာ ဖြစ်၏။

“ မိုင်းတွင်းရဲ့ နေရာအတိအကျကို အပိုလက်ဆောင်အနေနဲ့ ခင်ဗျားတို့အားလုံးကို ပြောပြပေးမယ် ”

“ စကြာဝဠာအဆင့်နဲ့ ကမ္ဘာဦးအဆင့် ရတနာတွေကို သန့်စင်တဲ့နေရာမှာ တိမ်ကျောက်စိမ်းရွှေက အကောင်းဆုံး အစားထိုးပစ္စည်းပဲ ”

“ ကုန်းမြေတစ်ခုလုံးရဲ့ တိမ်ကျောက်စိမ်းရွှေက လုံလောက်တယ် မဟုတ်လား ”

ကြယ်ကုန်းမြေတစ်ခုလုံး၏ တိမ်ကျောက်စိမ်းရွှေမိုင်းတွင်း… ။

ယင်းက လောကတစ်သောင်းထဲမှ အင်အားစုအားလုံးကို ရူးသွပ်သွားစေရန် လုံလောက်သည်။

“ ကောင်းကင်လျှို့ဝှက်ချက်မြို့အရှင်… တကယ်လို့ အဲ့ဒီရတနာက တကယ်တည်ရှိတယ်ဆိုရင် အဲ့ဒါကို ဘာဖြစ်လို့ ခင်ဗျားဘာသာ မတူးဖော်တာလဲ ”

ဦးချိုနှစ်ချောင်းရှိသော ဧရာမပုံရိပ်တစ်ခုက ခေါင်းမော့လိုက်ပြီး ချူးကျန်းကျားကို ကြည့်လိုက်သည်။

ထိုသို့ရတနာက သူတို့ကို အမှန်တကယ် သွေးဆောင်နိုင်သည်။

သို့သော်လည်း အသက်ရှင်နေမှသာလျှင် သူတို့က ထိုရတနာကို ရယူနိုင်လိမ့်မည်။

ကောင်းကင်လျှို့ဝှက်ချက်မြို့တော်က ထိုသို့ရတနာကို စိတ်မဝင်စားဘဲ သူတို့ကို ပေးကမ်းလာသည်။ သို့ဖြစ်လေရာ ထိုနောက်ကွယ်တွင် တခြားအကြောင်းအရင်းများ ရှိနေမည်လော။

မျိုးနွယ်ခြားအဖိုးအို၏ စကားက လူတိုင်းကို ခေါင်းမော့သွားစေသည်။ သူတို့အားလုံးက ချူးကျန်းကျားကို အာရုံစိုက်လိုက်ကြသည်။

“ အဲ့ဒီရတနာက အံ့ဖွယ်ကိုးပါးတောင်သခင်ရဲ့ ချိပ်ပိတ်ခံထားရပါတယ်… ကျုပ်တို့ရဲ့ ကောင်းကင်လျှို့ဝှက်ချက်မြို့တော်က အဲ့ဒါကို အသုံးပြုခွင့်မရှိပါဘူး ”

ချူးကျန်းကျားက တည်ငြိမ်စွာ ပြောသည်။

“ ဒါ့အပြင် ချိပ်တံဆိပ်ကို ဖွင့်လှစ်နိုင်မယ့် နည်းလမ်းကို ခင်ဗျားတို့ဘာသာ ရှာဖွေရလိမ့်မယ် ”

ချူးကျန်းကျားက လက်ဝှေ့ယမ်းလိုက်သည့်အခါ အထွတ်အမြတ် အဆင့်တစ်ကောင်းကင်ပုတီးစေ့က ဈေးအမြင့်ဆုံး ပေးအပ်ခဲ့သော ကျင့်ကြံသူထံသို့ ပျံသန်းသွားသည်။

ထို့နောက် လေလံပွဲအခန်းက စတင်လှိုင်းထသွားပြီး ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားကာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

အစွမ်းထက်ပုဂ္ဂိုလ်များက အခန်းထဲမှ တစ်ယောက်ပြီးတစ်ယောက် ပြန်ထွက်သွားကြသည်။ တူညီသော အချက်မှာ လူတိုင်း၏ မျက်နှာပေါ်တွင် အံ့ဩသော အရိပ်အယောင် ရှိသည်။

ဤတစ်ခေါက်လေလံပွဲတွင် သူတို့က တိမ်ကျောက်စိမ်းရွှေမိုင်းတွင်း၏ သတင်းကို ရရှိခဲ့ကြသည်။

“ အလင်းကိုးကွင်းကောင်းကင်နယ်မြေ… ကြည့်ရတာ အဲ့ဒီကို ငါခရီးထွက်ရတော့မယ် ထင်တယ် ”

“ ဟား ဟား… ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို ဘယ်လိုလုပ် ငါက လက်လွှတ်ခံမှာလဲ ”

မရေမတွက်နိုင်သော အစွမ်းထက်ပုဂ္ဂိုလ်များက တိတ်တဆိတ် ထွက်ခွာသွားကြပြီး ဟင်းလင်းပြင်ဆီသို့ ဦးတည်သွားကြသည်။

…..

ထိုအချိန်တွင် ချူးကျန်းကျားက လေလံပွဲမှ ရရှိလာသော ရတနာပစ္စည်းများကို ဟန်မူယဲ့ထံသို့ လွှဲပြောင်းပေးလိုက်သည်။

သူက ယင်းတို့ကို ကုန်သွယ်ရေးခန်းမမှတဆင့် ပို့ဆောင်ပေးလိုက်သည်။

အံ့ဖွယ်ကိုးပါးမြို့တော်၏ ကုန်သွယ်ရေးခန်းမထဲတွင် ဟန်မူယဲ့က စစ်ပွဲရုပ်သေးရုပ်များနှင့် ဝိညာဉ်ရတနာများကို သိမ်းဆည်းလိုက်သည်။

“ ဆရာဟန်… တိမ်ကျောက်စိမ်းရွှေမိုင်းတွင်းကို ဘာဖြစ်လို့ တခြားလူတွေနဲ့ ဝေမျှလိုက်တာပါလဲ ”

ချူးကျန်းကျားက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ရိုသေလေးစားစွာ ပြောသည်။

ကုန်းမြေတစ်ခု၏ တိမ်ကျောက်စိမ်းရွှေမိုင်းတွင်းက မည်မျှတန်ဖိုးကြီးမားလိုက်သနည်း။

သူတို့က မည်မျှများပြားသော တိမ်ကျောက်စိမ်းရွှေကို ထိုမိုင်းတွင်းများထဲမှ တူးထုတ်နိုင်လိမ့်မည်နည်း။

“ တိမ်ကျောက်စိမ်းရွှေက ဘာမှမထူးခြားပါဘူး… ကျုပ်လိုချင်တာက သူတို့ရဲ့ စုပေါင်းအင်အားပဲ ”

ဟန်မူယဲ့က မထူးမခြားနားပြောပြီး ချူးကျန်းကျားပေးသော ရတနာပစ္စည်းများကို သိမ်းဆည်းလိုက်သည်။

“ သူတို့တွေ ဘုံရန်သူကို တိုက်ခိုက်ဖို့ အင်အားပေါင်းစည်းနိုင်တဲ့အခါ ကောင်းကင်မိစ္ဆာသားရဲတွေကို ဆန့်ကျင်တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်သွားကြလိမ့်မယ် ”

စကားဆုံးသည်နှင့် ဟန်မူယဲ့၏ ပုံရိပ်က တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

ချူးကျန်းကျားက နေရာမှာ မတ်တတ်ရပ်နေလျက် ကျန်နေခဲ့သည်။ အစတွင် သူက ဇဝေဇဝါဖြစ်သွားပြီး ထို့နောက် သူ၏ မျက်လုံးက ပြူးကျယ်သွားသည်။

“ ကောင်းကင်မိစ္ဆာသားရဲတွေကို တိုက်ခိုက်ဖို့လား… ”

…..

လောကတစ်သောင်းယှဉ်ပြိုင်ပွဲကုန်းမြေ… ။

ကောင်းကင်ယံတွင် အက်ကွဲကြောင်းဒါဇင်ခန့်က ကြက်ခြေခတ်သဏ္ဍာန် အချင်းချင်း ယှက်ထွေနေကြသည်။

ထိုအက်ကွဲကြောင်းများ၏ အပြင်ဘက်တွင် ကောင်းကင်မိစ္ဆာသားရဲအုပ်စုများ ရှိသည်။

အက်ကွဲကြောင်းများ၏ အရှေ့တွင်တော့ စစ်ပွဲရုပ်သေးရုပ်များ၊ ဓားကျင့်ကြံသူများနှင့် အင်အားစုအသီးသီးမှ ကျင့်ကြံသူများက ညီညီညာညာ စီတန်းနေကြပြီး အပြင်သို့ တိုးထွက်လာနေကြသော ကောင်းကင်မိစ္ဆာသားရဲများကို သုတ်သင်ရှင်းလင်းနေကြသည်။

မည်သည့်ကောင်းကင်မိစ္ဆာသားရဲမှ လောကတစ်သောင်းယှဉ်ပြိုင်ပွဲကုန်းမြေထဲသို့ မဝင်ရောက်လာနိုင်ပေ။

ယင်းအစား ကောင်းကင်ပုတီးစေ့များသာ အက်ကွဲကြောင်းများထဲမှ ကျဆင်းလာကြသည်။

ယခု လောကတစ်သောင်းယှဉ်ပြိုင်ပွဲထဲတွင် အဆင့်လေးထက် နိမ့်ကျသော ကောင်းကင်ပုတီးစေ့များကို နေရာတိုင်းမှာ မြင်တွေ့နိုင်သည်။ သို့သော်လည်း ယင်းတို့ကို မည်သူမှ စိတ်မဝင်စားကြချေ။

သို့ဖြစ်၍ အဆင့်လေးအောက်မှ ကောင်းကင်ပုတီးစေ့များက မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြပြီး ယင်းတို့ထဲမှ မူလစွမ်းအားက မိုးမြေဆီသို့ လွင့်ပြယ်သွားသည်။

အဆင့်လေးနှင့် အထက်အဆင့် ကောင်းကင်ပုတီးစေ့များသည်သာ စုဆောင်းခံရလိမ့်မည်။

အရေအတွက်များပြားသော ကောင်းကင်မိစ္ဆာသားရဲများ သုတ်သင်ရှင်းလင်းခံရပြီး မူလစွမ်းအားအများကြီးက လောကတစ်သောင်းယှဉ်ပြိုင်ပွဲကုန်းမြေပေါ်သို့ သွန်းလောင်းလာသည့်အခါ ကုန်းမြေက တစ်နေ့ထက်တစ်နေ့ ပိုပြီးတည်ငြိမ်လာသည်။

သို့သော် ယင်းက ကောင်းကျိုးဆိုးကျိုးနှစ်ခုစလုံး ဒွန်တွဲနေသောအရာ ဖြစ်သည်။

ကောင်းကျိုးမှာ ကုန်းမြေက ပိုပြီးအခြေတည်ငြိမ်လာသည့်အခါ မိုးမြေ၏ ဖိနှိပ်မှုက ပိုပြီးအားကောင်းလာလိမ့်မည်။ ထိုအခါ ဤကုန်းမြေထဲသို့ ဝင်ရောက်လာကြသော ကောင်းကင်မိစ္ဆာသားရဲများ၏ အဖျက်စွမ်းအားက သိသိသာသာ လျော့နည်းသွားလိမ့်မည်။

ထိုနည်းဖြင့်ဆိုလျှင် ကုန်းမြေက အက်ကွဲသွားတော့မည် မဟုတ်ချေ။

ဆိုးကျိုးမှာ အကယ်၍ ကုန်းမြေက မအက်ကွဲဘဲ လောကတစ်သောင်းဆီ ပြန်ရောက်သွားမည်ဆိုလျှင် ကုန်းမြေထဲမှ သက်ရှိအားလုံးက သတ်ဖြတ်ခံရလိမ့်မည်။

မည်သူမှ မလွတ်မြောက်နိုင်ပေ။

ထို့ကြောင့် ယခုအချိန်မှာ ကျင့်ကြံသူအားလုံးက ကောင်းကင်မိစ္ဆာသားရဲများကို အစွမ်းကုန်သုံး၍ ခုခံတားဆီးနေကြသည်။

ယင်းမှာ သူတို့လုပ်ဆောင်ချင်သောကြောင့် မဟုတ်ပေ။ ယင်းအစား သူတို့မှာ တခြားရွေးချယ်စရာမရှိသောကြောင့် ဖြစ်၏။

“ ဗုန်း ”

အက်ကွဲကြောင်းထဲတွင် အဆင့်တစ် ကောင်းကင်မိစ္ဆာသားရဲတစ်ကောင်က အပြင်သို့ တိုးထွက်လာသည်။ အပြင်ဘက်တွင် စောင့်ကြပ်နေကြသော ကျင့်ကြံသူများက ၎င်းကို ခုခံတားဆီးလိုက်ကြသည်။

နောက်အခိုက်အတန့်မှာ သုံးပေရှည်လျားသော ဓားအလင်းတန်း ကျဆင်းလာသည့်အခါ အဆင့်တစ် ကောင်းကင်မိစ္ဆာသားရဲက အပိုင်းပိုင်းအစစ ဖြတ်တောက်ခံလိုက်ရသည်။

ဟွမ်ကျစ်ဟူက လက်မြှောက်လိုက်ပြီး အဆင့်တစ် ကောင်းကင်ပုတီးစေ့ကို ညင်သာစွာ သိမ်းဆည်းလိုက်သည်။ ထို့နောက် သူက အနောက်လှည့်လိုက်ပြီး ထွက်ခွာသွားသည်။

အဝေးတွင် စစ်ပွဲရုပ်သေးရုပ်တစ်ခုကို ထိန်းချုပ်ထားသော လူငယ်တစ်ယောက်က ပြုံးလိုက်သည်။

“ ကြယ်စင်စုစကြာဝဠာက ဝမ်လင်းနန်းတော်ရဲ့ နန်းတော်အရှင်သခင် ကုန်းစွန်းမင်က မိန်းကလေးဟွမ်ကျစ်ဟူနဲ့ တာအိုယှဉ်ပြိုင်ချင်တယ်လို့ ပြောခဲ့တယ်… ဒါပေမဲ့ သူက မိန်းကလေးဟွမ်ကျစ်ဟူရဲ့ ဓားတစ်ကွက်ကြောင့် ကြောက်လန့်သွားခဲ့တယ် ”

“ အဲ့ဒီနောက်ပိုင်းမှာ သူက မိန်းကလေးဟွမ်ကျစ်ဟူကို မြင်တဲ့နေရာတိုင်း အဝေးကို ရှောင်ထွက်သွားတော့တာပဲ ”

လူအုပ်ကြီးက ခေါင်းမော့လိုက်သည့်အခါ စစ်ပွဲရုပ်သေးရုပ်အများအပြားက ရွှေရောင်အလင်းကြောင့် အဝေးသို့ ဆုတ်ခွာသွားနေကြောင်း အမှန်တကယ် မြင်လိုက်ကြရသည်။

“ ဗုန်း ”

အဝေးမှ ကောင်းကင်ယံတွင် ရွှေရောင်အလင်းက ထွန်းလင်းသွားပြီး ဓားအလင်းက ကောင်းကင်နှင့် မြေပြင်ကြားမှာ လင်းထိန်သွားသည်။

“ အဲ့ဒါဆရာဟန်ပဲ… ဆရာဟန် လှုပ်ရှားပြီ ”

တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်။

“ ကြည့်ရတာ နောက်ထပ် အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲတစ်ကောင် ထွက်ပေါ်လာပြီ ထင်တယ် ”

အဆင့်တစ် ကောင်းကင်မိစ္ဆာသားရဲများသည် အထွတ်အထိပ်နတ်သားရဲစွမ်းအားကို ပိုင်ဆိုင်ထားကြသည်။ များသောအားဖြင့် ၎င်းတို့ကို သုတ်သင်ရှင်းလင်းရန် လက်ရွေးစင်ကျင့်ကြံသူတစ်သောင်းက ဝိုင်းဝန်းစုပေါင်း တိုက်ခိုက်ကြရလိမ့်မည်။

ပုံမှန်အားဖြင့် အဆင့်တစ် ကောင်းကင်မိစ္ဆာသားရဲများသည် အက်ကွဲကြောင်းအပြင်သို့ ထွက်လာကြပြီးနောက် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းကို စတင်လုပ်ဆောင်ကြလိမ့်မည်။ ထို့နောက် ၎င်းတို့က မည်သည့်ဒဏ်ရာမှမရဘဲ အက်ကွဲကြောင်းထဲသို့ ပြန်ဆုတ်ခွာသွားကြလိမ့်မည်။

အံ့ဖွယ်ကိုးပါးမြို့တော်မှ ဓားကျင့်ကြံသူများနှင့် ဓားဝင်္ကပါများသည်သာ ထိုသို့ကောင်းကင်မိစ္ဆာသားရဲများကို ရင်ဆိုင်နိုင်ကြသည်။

အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲသည်တော့ လောကတစ်သောင်းယှဉ်ပြိုင်ပွဲတွင် ၎င်းကို အင်အားစုအနည်းငယ်မျှသာ ခုခံနိုင်ကြသည်။

ဥပမာ အံ့ဖွယ်ကိုးပါးမြို့တော်နှင့် ဝမ်လင်းနန်းတော် ဖြစ်သည်။

ထိုအင်အားစုနှစ်ခုမှလွဲ၍ တခြားအင်အားစုများမှ စစ်တပ်များသည် အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲကို မတောင့်ခံနိုင်ကြချေ။ သူတို့က ထိုသို့တိုက်ပွဲအကျိုးဆောင်မှုကို တစ်ခါမှ မရရှိဖူးကြချေ။

အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲတစ်ကောင် ချဉ်းကပ်လာသည့်အခါတိုင်း လူတိုင်း၏ ပထမဆုံးတုံ့ပြန်မှုက ထွက်ပြေးခြင်း ဖြစ်သည်။

မှန်ပေသည်။ ထိုသို့ကြောက်စရာကောင်းသော အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲများကို တစ်ယောက်တည်း အမဲလိုက်နိုင်သူက ဟန်မူယဲ့သာ ဖြစ်သည်။

ဤတစ်ကြိမ် လောကတစ်သောင်းယှဉ်ပြိုင်ပွဲတွင် သူက ကမ္ဘာဦးအုပ်ချုပ်သူတစ်ပါးအနေနှင့် လူတိုင်း၏ အသိအမှတ်ပြုခြင်း ခံထားရသည်။

ဆရာဟန်… ။

တိမ်မြူဓားအင်မော်တယ်… ။

သူက လက်နက်သန့်စင်ခြင်းပညာရပ်ဖြင့် ဤလောက၏ အထွတ်အထိပ်မှာ ရပ်တည်နေသည်။ သို့တိုင် သူက ဓားတာအိုဖြင့် ကမ္ဘာဦးအုပ်ချုပ်သူအဆင့်အတန်းကို ရယူနိုင်ခဲ့သည်။

“ ဗုန်း ”

ပေတစ်သောင်းရှည်လျားသော ဓားအလင်းက ဟင်းလင်းပြင်ထဲမှ ပျံသန်းထွက်လာသော ပုံရိပ်ကို တိုက်ရိုက် ပိုင်းဖြတ်လိုက်သည်။

ထိုဓားအလင်းက အသက်ဓာတ်နှင့် အစွန်းရောက်ထက်ရှမှုကို သယ်ဆောင်လျက် အချင်းမိုင်သန်းပေါင်းများစွာ ကျယ်ပြောသော ဧရိယာကို ထွန်းလင်းသွားစေသည်။

ထိုဓားအလင်းက ဤလောက၏ အထွတ်အထိပ်ဓားပညာကို ကိုယ်စားပြုသည်။

မည်သူမှ ထိုဓားအလင်းအောက်မှာ မတ်တတ်မရပ်နိုင်ကြချေ။

နှစ်ပေါင်း(၃၀၀)ကုန်ဆုံးသွားပြီးနောက် ဟန်မူယဲ့၏ လက်ထဲမှ ဓားက ပိုပြီးထက်ရှလာပြီး ပိုပြီးအံ့ဖွယ်ကောင်းလာသည်။

ဓားတာအိုအုပ်ချုပ်သူအဆင့်သို့ ရောက်ရှိသွားပြီးနောက် သူ၏ ဓားတစ်ချက်စီက သူ့ကိုယ်ပိုင်စွမ်းအားကို လှုံ့ဆော်ပေးနေကြောင်း ဟန်မူယဲ့ ခံစားမိသည်။ ယင်းက ဓားတာအိုအပေါ် သူ၏ နားလည်သဘောပေါက်မှုကို ဆက်ပြီး မြှင့်တင်ပေးနေသည်။

မွေးဖွားခြင်းဓား… ။

ဖျက်ဆီးခြင်းဓား… ။

ဓားအလင်း၏ စွမ်းအားသည်လည်း နှစ်ပေါင်း(၃၀၀)ကြာပြီးနောက် အဆပေါင်းများစွာ ပိုပြီးသန်မာလာသည်။

ယခု အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲသည်ပင် သူ၏ ဓားအလင်းကို ထိပ်တိုက် မရင်ဆိုင်ဝံ့တော့ချေ။

“ သူ့ရဲ့ တိုက်ပွဲစွမ်းအားက အရင်ကမ္ဘာဦးအုပ်ချုပ်သူတွေထက် သာလွန်သွားပြီ ”

ဟွင်းသွမ်းက အဝေးမှာ ရပ်နေလျက် ကောင်းကင်ပေါ်မှ ဓားအလင်းကို ကြည့်လိုက်ပြီး နူးညံ့စွာ ရေရွတ်လိုက်သည်။

သူ၏ ဘေးတွင် နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ စူးရှသောအလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်နှင့် သူက ပြောသည်။

“ ရှေးဦးအပျက်အစီး‌မြေက အရင်ကမ္ဘာဦးအုပ်ချုပ်သူတွေဟာ ထွက်သွားဖို့ ရွေးချယ်ခဲ့ကြတယ် ”

“ သူတို့ရဲ့ ပြောကြားမှုအရ သူတို့ရဲ့ တည်ရှိမှုက ကောင်းကင်နဲ့ မြေပြင်ရဲ့ လည်ပတ်မှုအပေါ် သက်ရောက်မှုရှိလာတဲ့အခါ ထွက်ခွာဖို့ကလွဲလို့ သူတို့မှာ တခြားရွေးချယ်စရာမရှိတော့ဘူး ”

ကောင်းကင်နှင့် မြေပြင်၏ လည်ပတ်မှုအပေါ် သက်ရောက်နိုင်စွမ်းရှိသည့် တည်ရှိမှုက လောကတစ်ခု၏ ကမ္ဘာဦးအုပ်ချုပ်သူတစ်ပါး ဖြစ်သည်။

ထိုသို့တည်ရှိမှုများသာလျှင် ကောင်းကင်နှင့် မြေပြင်၏ လည်ပတ်မှုအပေါ် သက်ရောက်နိုင်စွမ်းရှိကြသည်။

“ သူက အဲ့ဒီအဆင့်ကို ရောက်ဖို့ သိပ်မလိုတော့ဘူး… ”

…..

All Chapters