← Chapters

အခန်း (၁၄၉၀)

Vol. 107 Ch. 1490

အခန်း (၁၄၉၀)

Vol. 107 Ch. 1490

အခြားတစ်ဖက်တွင် မီးတောက်မီးလျှံများဖြင့် ဖုံးလွှမ်းနေသော ပုံရိပ်က လှုပ်ရှားရန် အလွန်ပျင်းရိနေသည်။

“ ရှင့်ရဲ့ စွမ်းအားကိုပဲ ထိန်းသိမ်းထားစမ်းပါ… ရှင့်ရဲ့ မူလစွမ်းအား ကုန်ခမ်းသွားတဲ့အခါ ပြောမပြနိုင်တဲ့ နာကျင်မှုဝေဒနာကို ခံစားရလိမ့်မယ် ”

သိမ်မွေ့ညင်သာသော အမျိုးသမီးအသံက အခြားတစ်ဖက်မှ ပဲ့တင်ထပ်လာသည်။

ထိုတုံ့ပြန်မှုက ဒုစရိုက်နဂါးကို ပိုပြီးစိတ်လှုပ်ရှားစေသည်။ သူက ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။

“ ကိုယ်သိပါတယ် ဖီးနစ်… မင်း ကိုယ့်ကို ဂရုစိုက်နေတုန်းပဲ… ရှေးဦးအပျက်အစီးမြေကနေ ကိုယ်ထွက်သွားပြီးကတည်းက တစ်ချိန်လုံး မင်းကို လိုက်ရှာ… ”

သူ့စကား မဆုံးခင်မှာ အလွန်ဝေးကွာသော နေရာမှ အသံတစ်သံ ထွက်ပေါ်လာသည်။

“ အရူးကောင်… မင်းပါးစပ်ကနေ ရှေးဦးအပျက်အစီးမြေအကြောင်း ပြောထွက်သေးတယ်လား ”

ကြမ်းတမ်းရိုင်းစိုင်းသော ထိုအသံထဲမှာ မကျေနပ်မှုဖြင့် ပြည့်နှက်နေသည်။

အဝေးမှ အခြားကျောက်တိုင်တစ်ခုပေါ်တွင် မိုးပြာရောင်နဂါး၏ ဧရာမခန္ဓာကိုယ်က အနီရောင်သံကြိုးများဖြင့် ချည်နှောင်ခံထားရသည်။

သွေးက သံကြိုးများပေါ်မှာ စီးဆင်းနေပြီး ကျောက်တိုင်ပေါ်မှ မျှော့ကြောင်းများတစ်လျှောက် ဖြတ်သန်းသွားကာ ယဇ်ပလ္လင်ပေါ်မှ နတ်ဘုရားအင်းသင်္ကေတများ၏ စုပ်ယူခံနေရသည်။

“ မိုးပြာရောင်နဂါး… မင်းဘာမှဝင်ပြောစရာမလိုဘူး… မင်းက ဖီးနစ်ကိုတောင် ကာကွယ်မပေးနိုင်ဘူး ”

“ အတိတ်မှာ ငါမင်းကို မပြောခဲ့ဘူးလား… မင်းက ဖီးနစ်နဲ့ မထိုက်တန်ဘူး ”

ဒုစရိုက်နဂါးက ကျယ်လောင်စွာ အော်ပြောလိုက်သည်။

သူ၏ အသံ ပဲ့တင်ထပ်သွားသည့်အခါ မိုးထိကျောက်တိုင်များပေါ်တွင် ချုပ်နှောင်ခံထားရသော ပုံရိပ်အများအပြားက ခေါင်းမော့လိုက်ကြသည်။

နှစ်သန်းပေါင်းများစွာကြာ ပျင်းရိနေပြီးနောက် ယနေ့ စိတ်ဝင်စားဖွယ်ကောင်းသော ပွဲတစ်ပွဲ ထွက်ပေါ်လာဟန် ရ၏။

ယင်းကို ကြားသောအခါ မိုးပြာရောင်နဂါး၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်သွားပြီး ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါက သူ့ထံမှ ပေါ်လျှိုးလာသည်။

သို့သော်လည်း ယင်းက သွေးစီးဆင်းနေသော အလျင်ကို ပိုပြီးမြန်ဆန်သွားစေသည်။

“ မိုးပြာရောင်နဂါး… ရှင် သူ့စကားတွေကို လျစ်လျူရှုထားစမ်းပါ… သူကြာကြာ မတောင့်ခံနိုင်ပါဘူး ”

မီးတောက်မီးလျှံများကြားထဲမှ ပုံရိပ်က ပြောသည်။

ဘေးပတ်ဝန်းကျင်မှ ပုံရိပ်များက ထပ်မံ နှုတ်ဆိတ်သွားကြသည်။ ကောင်းကင်မိစ္ဆာသားရဲတချို့သာလျှင် အတောင်ပံတဖျပ်ဖျပ်ခတ်လိုက်ကြသည်။

“ မယုံဘူးလား ”

ဒုစရိုက်နဂါးက ထိုသို့ပြောပြီးနောက် ခေါင်းမော့လိုက်ပြီး ယဇ်ပလ္လင်နှင့် ချိတ်ဆက်နေသော ကောင်းကင်ပေါ်မှ အလင်းဝင်္ကပါကို ကြည့်လိုက်သည်။

“ မကြာခင် ငါလုပ်နိုင်တော့… ”

…..

တစ်လကြာ လွတ်လွတ်လပ်လပ် ရွေ့လျားသွားပြီးနောက် ဟန်မူယဲ့က ယဇ်ပလ္လင်နှင့် မိုင်တစ်သန်းအကွာအဝေးသို့ ရောက်ရှိလာသည်။

“ ဘုံဂိတ်တံခါး ”

ဟွင်းသွမ်း၏ တုန်ယင်နေသော အသံက ထွက်ပေါ်လာသည်။

“ အဲ့ဒီလိုဂိတ်တံခါးက ဒဏ္ဍာရီထဲမှာပဲ ရှိတာမဟုတ်ဘူးလား… အဲ့ဒါက အပြင်မှာ တကယ်ရှိလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး ”

ဟန်မူယဲ့ သိထားသည်မှာ သိုးကျောင်းသားကြယ်မျိုးနွယ်၏ နောက်ဆုံးမျိုးနွယ်ဝင်က ထိုဘုံဂိတ်တံခါးမှ ထွက်သွားခဲ့သည်။

မှန်ပေ၏။ ဓားနတ်ဘုရားလုယွဲ့က ထိုနေရာမှတဆင့် ထွက်သွားခဲ့ခြင်းလော သူမသိပေ။

သို့သော်လည်း သူက တခြားအချက်တစ်ခုကို ကောင်းကောင်း သိထားသည်။

အံ့ဖွယ်ကိုးပါးတောင်သခင်သည် ဤနေရာမှတဆင့် အပြင်လောကသို့ ထွက်သွားခဲ့သည်။ ထို့ပြင် သူက ပြန်ရောက်လာခဲ့သော တစ်ဦးတည်းသောလူ ဖြစ်သည်။

သို့သော်လည်း ဟန်မူယဲ့၏ အသိဉာဏ်က ကန့်သတ်ခံထားရသည်။

ဤဂိတ်တံခါးနှင့် ပတ်သက်သော မှတ်ဉာဏ်အများစုက ဝေဝါးနေသည်။

ဖြစ်နိုင်သည်မှာ ထိုသို့တည်ရှိမှုတစ်ခုက အချိန်လေဟာနယ်စည်းမျဉ်းအပေါ် အလွယ်တကူ သက်ရောက်နိုင်စွမ်းရှိသည်။

“ ကမ္ဘာဦးအုပ်ချုပ်သူအဆင့် အဲ့ဒီနတ်သားရဲတွေကို ဘာရည်ရွယ်ချက်ကြောင့် ဒီနေရာမှာ အကျဉ်းချထားတာလဲ ”

ဟွင်းသွမ်းက ယဇ်ပလ္လင်၏ ဘေးပတ်ဝန်းကျင်မှ မိုးထိကျောက်တိုင်များကို ကြည့်လိုက်သည့်အခါ သူ၏ ခန္ဓာကိုယ်က သိမ့်သိမ့်တုန်သွားသည်။

ထိုကျောက်တိုင်တစ်ခုစီပေါ်တွင် ခြေလှမ်းဝက် အုပ်ချုပ်သူတစ်ပါးကို ချုပ်နှောင်ထားကြသည်။ တချို့က အုပ်ချုပ်သူအဆင့်မှာ ရှိကြသည်။

စကြာဝဠာမြောက်များစွာ၏ အထွတ်အထိပ်ပုဂ္ဂိုလ်များက ဤနေရာမှာ အကျဉ်းချခံထားရသည်လော။

မည်သူက ထိုသို့ကြီးမားသော ကိစ္စကို လုပ်ဆောင်နိုင်သနည်း။

ဟန်မူယဲ့က ခေါင်းခါလိုက်သည်။

အဖြေကို သူမသိပေ။

အံ့ဖွယ်ကိုးပါးတောင်သခင်ရဲ့ ဝိညာဉ်ကိုယ်ပွားလား… ။

ဒါမှမဟုတ် တခြားအစွမ်းထက်ပုဂ္ဂိုလ်လား… ။

ထိုပုဂ္ဂိုလ်က မည်မျှအစွမ်းထက်သောကြောင့် ထိုမျှများပြားသော အထွတ်အထိပ်ပုဂ္ဂိုလ်များကို အကျဉ်းချထားနိုင်ရသနည်း။

ယဇ်ပလ္လင်၏ ဘေးပတ်ဝန်းကျင်တွင် မရေမတွက်နိုင်သော ကောင်းကင်မိစ္ဆာသားရဲများက အတောင်ပံတဖျပ်ဖျပ်ခတ်၍ ပျံဝဲနေကြသည်။

ထိုကောင်းကင်မိစ္ဆာသားရဲများက ၎င်းတို့၏ မူလစွမ်းအားကို ယဇ်ပလ္လင်ဆီသို့ ထည့်သွင်းပေးနေကြသည်။

“ ဗုန်း”

မနီးမဝေးတွင် ကျယ်လောင်သော မိုးခြိမ်းသံက မြည်ဟိန်းသွားသည်။

ကောင်းကင်မိစ္ဆာသားရဲများ၏ ခန္ဓာကိုယ်က ပေါက်ကွဲသွားပြီး ကောင်းကင်ပုတီးစေ့အဖြစ် ပြောင်းလဲသွားသည်။

အလင်းစီးကြောင်းများက လေထဲမှာ ဖြတ်သန်းစီးဆင်းသွားသည်။

လောကတစ်သောင်းကုန်းမြေမှ အစွမ်းထက်လက်ရွေးစင်များသည် တစ်ယောက်တည်းဖြစ်စေ သို့မဟုတ် အဖွဲ့လိုက်ဖြစ်စေ ကောင်းကင်မိစ္ဆာသားရဲများကို စတင်အမဲလိုက်ကြသည်။

ဤနေရာတွင် ကောင်းကင်မိစ္ဆာသားရဲများက အဆုံးမဲ့ဟန် ရ၏။ အားအနည်းဆုံး ကောင်းကင်မိစ္ဆာသားရဲများသည်ပင် အဆင့်လေးနှင့် အဆင့်ငါးမှာ ရှိကြသည်။

ထိပ်တန်းပုဂ္ဂိုလ်များအတွက်တော့ ထိုကောင်းကင်မိစ္ဆာသားရဲများကို သတ်ဖြတ်ခြင်းက ရတနာများကို သိမ်းပိုက်ခြင်းနှင့် မခြားပေ။

ပုံရိပ်တစ်ခုပြီးတစ်ခုက ကောင်းကင်မိစ္ဆာသားရဲများထံသို့ ပျံသန်းသွားကြသည်။

အဝေးမှ ယဇ်ပလ္လင်သည်တော့ ယင်းကို လူတိုင်းမြင်ကြသည်။

သို့သော်လည်း ထိုယဇ်ပလ္လင်နှင့်ပတ်သက်၍ ဘာမှမလုပ်နိုင်ကြောင်း ထိုအစွမ်းထက်ပုဂ္ဂိုလ်များ ကောင်းမွန်စွာ သိထားကြသည်။

အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲများသည်ပင် ထိုယဇ်ပလ္လင်ကို စောင့်ကြပ်ပေးနေလေရာ ယင်းက သူတို့ကိုင်တွယ်နိုင်သောအရာ မဟုတ်ပေ။

အကယ်၍ ထိုကောင်းကင်မိစ္ဆာသားရဲများသာ လှုပ်ရှားလာမည်ဆိုလျှင် သူတို့က ချက်ချင်း အနောက်ဆုတ်သွားရလိမ့်မည်။

အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲတစ်ကောင်ကို အနိုင်ယူရန် သူတို့က အတူပူးပေါင်းဆောင်ရွက်ရလိမ့်မည်။

ဟင်းလင်းပြင်ထဲမှ တိုက်ပွဲများက ယဇ်ပလ္လင်၏ ဘေးပတ်ဝန်းကျင်မှ ပုဂ္ဂိုလ်များ၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။

မိုးထိကျောက်တိုင်များပေါ်မှ ပုံရိပ်များက ခေါင်းမော့လိုက်ကြသည်။

“ ကောင်းကင်ဂုဏ်ရည်တောင်ရဲ့ အင်အားက ဘယ်ဆိုးလို့တုန်း ”

“ ကြယ်စင်စုစကြာဝဠာက ရုပ်သေးသခင်တွေလည်း ပိုပြီးသန်မာလာကြတယ်… သူတို့တစ်ယောက်စီက အနိမ့်ဆုံး အင်မော်တယ်ဘုရင်အဆင့်မှာ ရှိကြတယ်… မဆိုးဘူး ”

“ အဲ့ဒီဓားဝင်္ကပါက အရမ်းထက်ရှတာပဲ… အဲ့ဒါက ခြေလှမ်းဝက် အုပ်ချုပ်သူအဆင့်ထိ ရောက်နေပြီ ”

တီးတိုးရေရွတ်သံများက ပျံ့နှံ့ထွက်လာသည်။

ဟန်မူယဲ့က နေရာမှာ ရပ်နေသော်လည်း စူးရှသော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

နောက်အခိုက်အတန့်မှာ သူက ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်ပြီး ယဇ်ပလ္လင်၏ ဦးတည်ရာဆီသို့ မြန်ဆန်စွာ ပျံသန်းသွားသည်။

ဟန်မူယဲ့က သူသိချင်နေသော အဖြေများကို ရှာဖွေချင်သည်။

ထိုယဇ်ပလ္လင်ကို မည်သူက မည်သည့်ရည်ရွယ်ချက်ကြောင့် ဆောက်လုပ်ခဲ့ကြောင်း သူသိချင်သည်။

“ ဂရောင်း ”

ကောင်းကင်မိစ္ဆာသားရဲတစ်ကောင်က အောက်သို့ ဆင်းသက်လာပြီး ဟန်မူယဲ့၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။

ထိုကောင်းကင်မိစ္ဆာသားရဲ၏ ခန္ဓာကိုယ်က အလွန်ကြီးမားပြီး ၎င်း၏ မျက်နှာက ဒေါသကြောင့် ရက်စက်ခက်ထန်နေသည်။

ထိုဟိန်းသံက အရပ်မျက်နှာအသီးသီးသို့ ပဲ့တင်ထပ်သွားသည့်အခါ မရေမတွက်နိုင်သော ကောင်းကင်မိစ္ဆာသားရဲများက အတောင်ပံတဖျပ်ဖျပ်ခတ်လိုက်ကြပြီး ဟန်မူယဲ့ထံသို့ ပျံသန်းလာကြသည်။

“ တိမ်မြူဓားအင်မော်တယ်အတွက် လမ်းရှင်းပေးကြ ”

ဟွမ်ကျစ်ဟူက အော်ပြောလိုက်သည်။

သူ၏ အမိန့်အောက်မှာ လောကတစ်သောင်းကုန်းမြေမှ လက်ရွေးစင်ကျင့်ကြံသူသုံးသောင်းက တိုက်ပွဲဝင်္ကပါတစ်ခုကို ဖွဲ့စည်းလိုက်ကြပြီး ပေတစ်သောင်းရှည်လျားသော ဓားအလင်းကို ထုတ်လွှတ်လိုက်သည်။

ဓားအလင်းက ဟန်မူယဲ့ထံသို့ ဦးတည်သွားနေကြသော ကောင်းကင်မိစ္ဆာသားရဲများကို တိုက်ရိုက် ပိုင်းဖြတ်လိုက်သည်။

မည်သူမှ တုံ့ဆိုင်းမနေကြပေ။

သူတို့အားလုံးက အမိန့်ကို တစ်သွေမတိမ်း လိုက်နာကြသည်။

ထိုအချက်ကြောင့်ပင် ဟွမ်ကျစ်ဟူ ထိန်းချုပ်ထားသော တိုက်ပွဲဝင်္ကပါက အံ့မခန်းတိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။

ဓားအလင်း ဖြတ်သန်းသွားသည့်အခါ မည်သည့်ကောင်းကင်မိစ္ဆာသားရဲမှ အသက်မရှင်ကြချေ။

တောက်ပသော ဓားအလင်းက ဟင်းလင်းပြင်ကို ဖြတ်သန်းသွားသည့်အခါ လေကြမ်းများ တဟူးဟူး တိုက်ခတ်လာပြီး ကောင်းကင်မိစ္ဆာသားရဲများကို အစုလိုက်အပြုံလိုက် သုတ်သင်ရှင်းလင်းလိုက်သည်။

ဓားသွားအရှေ့မှာ တည်ရှိနေသော အရာအားလုံးက ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားသည်။

လျှပ်တစ်ပြက်အတွင်းမှာ ကောင်းကင်ပုတီးစေ့များက မိုးရွာသွန်းသကဲ့သို့ ကျဆင်းလာကြသည်။

မရေမတွက်နိုင်သော အလင်းတန်းများက အရပ်မျက်နှာအသီးသီးသို့ ပျံသန်းသွားကြသည်။

ဟင်းလင်းပြင်ထဲမှာ ပြန့်ကျဲနေသော မူလစွမ်းအားက တစ်ဟုန်ထိုး မြှောက်တတ်လာပြီး အလွန်ထူထဲသော စွမ်းအင်တိုင်လုံးများအဖြစ် သိပ်သည်းသွားသည်။ ထို့နောက် ယင်းတို့က ယဇ်ပလ္လင်ဆီသို့ ဦးတည်သွားကြသည်။

ထိုစွမ်းအင်တိုင်လုံးများက ယဇ်ပလ္လင်နှင့် ထိတွေ့သွားသည့်အခါ ရွှေရောင်အလင်းက ယဇ်ပလ္လင်ပေါ်တွင် ထွန်းလင်းတောက်ပလာသည်။ ထို့နောက် ရွှေရောင်ရောင်ခြည်စက်ဝန်းတစ်ခုက ဘေးပတ်ဝန်းကျင်သို့ စတင်ဖြန့်ကားသွားသည်။

ထိုရွှေရောင်အလင်း ပေါ်လျှိုးလာသည်နှင့် နတ်သားရဲများနှင့် အစွမ်းထက်ပုဂ္ဂိုလ်များကို ချည်နှောင်ထားသော သံကြိုးများက တလက်လက် တောက်ပသွားသည်။

တစ်ချိန်တည်းမှာ အလွန်တိတ်ဆိတ်ငြိမ်သက်နေသော ဧရာမယဇ်ပလ္လင်က စတင်အသက်ဝင်လာဟန် ရ၏။

မိုးထိကျောက်တိုင်များပေါ်တွင် ချုပ်နှောင်ခံထားရသော နတ်သားရဲများနှင့် အစွမ်းထက်ပုဂ္ဂိုလ်များက အံ့ဩသွားကြသည်။ ယခင်က ခေါင်းငုံ့ထားကြသော ပုဂ္ဂိုလ်များသည်ပင် ယခု ဖြည်းဖြည်းချင်း ခေါင်းမော့လိုက်ကြသည်။

“ သူတို့က အသူရာကောင်းကင်ယဇ်ပလ္လင်ကို ဖျက်ဆီးဖို့ ကြိုးစားနေတာလား ”

“ သူတို့ ရူးသွားကြတာလား… နောက်ဆုံး ကြိုးစားခဲ့ဖူးတဲ့လူက ဓားနတ်ဘုရားလုယွဲ့ ဟုတ်တယ်မလား ”

“ မဟုတ်မှ သူက အသူရာကောင်းကင်ယဇ်ပလ္လင်ကို ပြန်ဖွင့်လှစ်ပြီး တခြားဘုံဆီ သွားနိုင်မယ့် ဂိတ်တံခါးကို ဖွင့်လှစ်ချင်တာလား ”

“ မဖြစ်နိုင်တာ… အတိတ်မှာ အံ့ဖွယ်ကိုးပါးတောင်သခင်ကလွဲလို့ ဘယ်သူက အဲ့ဒီလို လုပ်နိုင်ခဲ့လို့လဲ… ”

“ အဲ့လိုမပြောနဲ့ဦး… သူ့ပုံစံကို ကြည့်ပါလား… သူက အံ့ဖွယ်ကိုးပါးတောင်သခင်နဲ့ မဆင်ဘူးလား… ဒါမှမဟုတ် ငါပဲ အမြင်မှားနေတာလား ”

ဟွမ်ကျစ်ဟူက ပေတစ်သောင်းရှည်လျားသော ဓားရှည်ကို ထိန်းချုပ်လျက် လမ်းကြောင်းတစ်ခု ဖွင့်လှစ်ပေးလိုက်သည်။

သူ၏ အနောက်တွင် လောကတစ်သောင်းကုန်းမြေမှ လက်ရွေးစင်များက အလွန်အားကောင်းသော တိုက်ပွဲစိတ်ဆန္ဒကို ထုတ်လွှတ်လိုက်ကြသည်။

အရှေ့တွင် အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲနှစ်ကောင်က အောက်သို့ ထိုးဆင်းလာကြသည်။

၎င်းက အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲ ဖြစ်သည်။

သို့သော် ယင်းက သူတို့စောင့်ဆိုင်းနေသောအရာ မဟုတ်ပေဘူးလား။

“ သတ် ”

ဟွမ်ကျစ်ဟူက ဧရာမဓားကို ဖမ်းဆုပ်လိုက်ပြီး ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။ ထို့နောက် ဘီလီယံနှင့်ချီသော ဓားအလင်းများက အရှေ့သို့ ပျံသန်းထွက်သွားကြသည်။

ဓားအလင်းများက အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲနှစ်ကောင်၏ ဘေးပတ်ဝန်းကျင်မှာ တိုက်ရိုက် ထွက်ပေါ်လာကြပြီး လှောင်ချိုင့်တစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။

ဟွမ်ကျစ်ဟူ အရှေ့သို့ ပျံသန်းသွားသည့်အခါ ရွှေရောင်စစ်ချပ်ဝတ်ပုံရိပ်တစ်ခုက သူ၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာသည်။ ထိုစစ်ချပ်ဝတ်၏ အပေါ်တွင် ရွှေအလင်းချပ်ဝတ်က ထပ်မံ ဒြပ်ထည်ဖွဲ့စည်းသွားသည်။

သူ၏ လက်ထဲမှာ သုံးပေရှည်လျားသော ဓားကို ဆုပ်ကိုင်ထားစဉ် ဟွမ်ကျစ်ဟူ ထုတ်လွှတ်လိုက်သော တိုက်ပွဲစွမ်းအားက ကောင်းကင်ကို တုန်လှုပ်သွားစေသည်။

“ လက်နက်သန့်စင်ခြင်းရဲ့ အားဖြည့်ပေးမှုကြောင့် တိုက်ပွဲစွမ်းအားက အဆပေါင်းများစွာ မြင့်တတ်သွားတယ်… အဲ့ဒါ ကြယ်စင်စုစကြာဝဠာရဲ့ အမွေအနှစ်ပဲ ”

မိုးထိကျောက်တိုင်များပေါ်မှ တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။

“ လူငယ်မျိုးဆက်တွေထဲမှာ ဒီလိုလက်ရွေးစင်တွေ ပေါ်ထွန်းလာကုန်ပြီလား ”

မိုးထိကျောက်တိုင်တစ်ခုပေါ်မှာ ချုပ်နှောင်ခံထားရသော အဖိုးအိုတစ်ယောက်က အံ့ဩစွာ ပြောသည်။ ထို့နောက် စိတ်သက်သာရာရသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

ဟွမ်ကျစ်ဟူက ဓားကိုင်ဆွဲလျက် အရှေ့သို့ ပျံသန်းသွားပြီး ဓားအလင်းလှောင်ချိုင့်ထဲမှာ ပိတ်လှောင်ခံထားရသော ကောင်းကင်မိစ္ဆာသားရဲကို တိုက်ခိုက်လိုက်သည်။

ကျန်လက်ရွေးစင်သုံးသောင်းသည်တော့ သူတို့က တခြားကောင်းကင်မိစ္ဆာသားရဲကို စုပေါင်းတိုက်ခိုက်လိုက်ကြသည်။

ထိုအခိုက်အတန့်မှာ ဟန်မူယဲ့က မည်သည့်အဟန့်အတားမှမရှိဘဲ ယဇ်ပလ္လင်ပေါ်သို့ ရောက်ရှိသွားသည်။

သူက ဖြည်းညင်းစွာ ထိုင်ချလိုက်ပြီး သူ၏ လက်ဖဝါးဖြင့် ယဇ်ပလ္လင်ကို ထိတွေ့လိုက်သည်။

“ ဗုန်း ”

အဆုံးမဲ့သော မှတ်ဉာဏ်စီးကြောင်းက သူ၏ အသိစိတ်ထဲသို့ တိုးဝင်လာသည်။

သွေးက ဟန်မူယဲ့၏ ဒွါရခုနစ်ပေါက်ထဲမှ ဆက်တိုက် စီးကျလာသည်။

သူ၏ မျက်လုံးက သွေးလွှမ်းနေသော်လည်း အဆုံးမဲ့နတ်ဘုရားအလင်းကို ထုတ်လွှတ်နေဆဲပင်။

“ အသူရာကောင်းကင်ဘုံ… မဟာတာအိုဇစ်မြစ်က ပြစ်ချက်မဲ့ပြီး ပကတိအတိုင်းရှိနေတုန်းလား ”

“ အသူရာကောင်းကင်ဘုံက ပုံရိပ်ယောင်ဘုံအားလုံးကို ဖိနှိပ်ထားတယ်… အဲ့ဒီကို ဝင်ရောက်နိုင်မှပဲ တစ်စုံတစ်ယောက်က ထာဝရရှင်သန်ခြင်းကို ရှာဖွေနိုင်လိမ့်မယ် ”

ကောင်းကင်ယံတွင် ရွှေရောင်ဝဲကတော့တစ်ခုက စတင်လှည့်ပတ်သွားသည်။

“ ကောင်းကင်ဘုံ… ဖွင့်လှစ်သွားပြီ… ”

လူတိုင်းက ခေါင်းမော့လိုက်ကြပြီး ကောင်းကင်ထက်မှ ဝဲကတော့ထဲမှာ ဖြည်းညင်းစွာ ထွက်ပေါ်လာနေသော ကောင်းကင်ဘုံဖွင့်လှစ်ခြင်းဓားဂိတ်တံခါးကို ကြည့်လိုက်ကြသည်။

ဂိတ်တံခါးပေါ်တွင် မရေမတွက်နိုင်သော နတ်ဘုရားအင်းသင်္ကေတများက ယှက်ထွေနေကြသည်။

ထိုနတ်ဘုရားအင်းသင်္ကေတများက ယဇ်လ္လင်ပေါ်မှ သင်္ကေတများနှင့် ဆင်တူကြပြီး အသက်ဓာတ်နှင့် အလင်းရောင်ကို ထုတ်လွှတ်နေကြသည်။

ထိုနတ်ဘုရားအင်းသင်္ကေတများက လောကတစ်သောင်းကုန်းမြေမှ စည်းမျဉ်းများ၏ ဒြပ်ထည်ဖွဲ့စည်းမှု ဖြစ်သည်။

ကောင်းကင်ပေါ်တွင် ထိုသို့ဂိတ်တံခါး ထွက်ပေါ်လာရန် စည်းမျဉ်းအများအပြားကို လိုအပ်သည်။

ဟန်မူယဲ့၏ လက်ဖဝါးက ယဇ်ပလ္လင်ပေါ်သို့ ဖိကပ်ထားစဉ် သူ၏ မျက်နှာပေါ်မှာ နာကျင်သောအမူအရာ ထွက်ပေါ်လာသည်။

ရှုပ်ထွေးပြီး အဆုံးမဲ့သော သတင်းအချက်အလက်များက မှတ်ဉာဏ်စီးကြောင်းနှင့်အတူ သူ၏ အသိစိတ်နှင့် ဝိညာဉ်ကို ဖုံးလွှမ်းသွားသည်။

“ လောကတစ်သောင်းကုန်းမြေရဲ့ မူလဇစ်မြစ်က မပြည့်စုံဘူး… အဲ့ဒါက အထက်ဘုံကနေ ဆွဲထုတ်ထားတဲ့အရာပဲ ”

“ ကောင်းကင်မိစ္ဆာသားရဲတွေကို မွေးဖွားပေးတာက သူတို့ရဲ့ ကောင်းကင်ပုတီးစေ့တွေနဲ့ မူလဇစ်မြစ်ကို အားပြန်ဖြည့်ပေးဖို့ ဖြစ်တယ် ”

“ ဒီယဇ်ပလ္လင်က ကောင်းကင်ဘုံဖွင့်လှစ်ခြင်းဓားဂိတ်တံခါးကို စောင့်ကြပ်ဖို့နဲ့ အထက်ဘုံက တည်ရှိမှုတွေကို ဟန့်တားဖို့ လောကတစ်သောင်းကုန်းမြေက အစွမ်းထက်ပုဂ္ဂိုလ်တွေရဲ့ မူလစွမ်းအားကို အသုံးပြုပြီး အားပြန်ဖြည့်နေတာပဲ ”

ဟန်မူယဲ့က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ဖြည်းညင်းစွာ ခေါင်းမော့လိုက်သည်။

All Chapters