အခန်း (၁၄၉၁)
Vol. 107 Ch. 1491
ဤနေရာမှာ အဖမ်းခံထားရသော အစွမ်းထက်ပုဂ္ဂိုလ်အများစုက အတင်းအဓမ္မ ခေါ်ဆောင်ခံခဲ့ရခြင်း မဟုတ်ချေ။
သူတို့ထဲမှ အများစုက သူတို့၏ သဘောဆန္ဒအရ ဤယဇ်ပလ္လင်ကို လာစောင့်ကြပ်နေကြခြင်း ဖြစ်သည်။
သူတို့က သူတို့၏ ကိုယ်ပိုင်စွမ်းအားဖြင့် မိုးမြေကို တည်ငြိမ်စေပြီး အထက်ဘုံမှ တည်ရှိမှုများကို လှည့်စားနေကြခြင်း ဖြစ်သည်။ သူတို့၏ တည်ရှိမှုကြောင့် ဤနေရာမှာ အစွမ်းထက်ပုဂ္ဂိုလ်အများအပြား တည်ရှိနေသည်ဟု အထက်ဘုံမှ တည်ရှိမှုများ ယုံမှားသွားကြလိမ့်မည်။ ထို့ကြောင့် သူတို့က ကြောက်လန့်သွားကြပြီး လောကတစ်သောင်းကုန်းမြေဆီသို့ ဝင်ရောက်မလာဝံ့ကြတော့ချေ။
လောကတစ်သောင်းကုန်းမြေ၏ တည်ရှိမှုကြောင့် ဤဘုံအတွင်းမှ မူလစွမ်းအားက အနည်းငယ် အားပြန်ပြည့်လာပြီး ကျင့်ကြံခြင်းအမွေအနှစ်များကို ဆက်လက် တည်တံ့စေလိမ့်မည်။
ထိုကောင်းကင်ပုတီးစေ့များကို သူတို့၏ သက်ဆိုင်ရာစကြာဝဠာဆီသို့ ပြန်သယ်ဆောင်သွားခြင်းက သူတို့၏ ကိုယ်ပိုင်ကျင့်ကြံခြင်းစွမ်းအားကို တိုးမြှင့်ရန်အတွက်သာ မဟုတ်ပေ။ ယင်းက မိုးမြေ၏ မူလစွမ်းအားကို အားဖြည့်ပေးရန်အတွက်လည်း ရည်ရွယ်သည်။
ဤယဇ်ပလ္လင်သည် ကန်အန်းစကြာဝဠာ၏ မူလစွမ်းအားကို စုပ်ယူပြီး ကောင်းကင်ထက်မှ ဝဲကတော့မှတဆင့် အထက်ဘုံမှ မူလစည်းမျဉ်းစွမ်းအားများကို ဆွဲထုတ်လိမ့်မည်။
အတိတ်တွင် ဤဘုံမှာ အသက်ရှင်ကျန်ရစ်ခဲ့ကြသော အစွမ်းထက်ပုဂ္ဂိုလ်အားလုံးနီးပါးက ထိုယဇ်ပလ္လင်ကို ဆောက်လုပ်ရန် အားထုတ်ကြိုးပမ်းခဲ့ကြသည်။
အံ့ဖွယ်ကိုးပါးတောင်သခင်၏ ဦးဆောင်မှုအောက်မှာ စကြာဝဠာအသီးသီးမှ လက်နက်သန့်စင်သူပညာရှင်များက ဤနေရာမှာ စုဝေးခဲ့ကြသည်။
“ အသူရာကောင်းကင်ဘုံ… အသူရာကောင်းကင်ယဇ်ပလ္လင်… ကောင်းကင်ဘုံသို့ လမ်းကြောင်း… ”
ဟန်မူယဲ့က ကောင်းကင်ကို မော့ကြည့်လိုက်သည်။
ဤအခိုက်အတန့်မှာ ဂိတ်တံခါးက ဖြည်းညင်းစွာ ပွင့်သွားသည်။
အဘယ့်ကြောင့်ဆိုသော် ကောင်းကင်မိစ္ဆာသားရဲအများအပြားက အသတ်ခံလိုက်ရပြီး ၎င်းတို့ထံမှ မူလစွမ်းအားက ယဇ်ပလ္လင်အတွင်းသို့ ဆက်တိုက် တိုးဝင်သွားနေသောကြောင့် ဖြစ်သည်။
ယင်းက ကောင်းကင်ဘုံဆီသို့ လမ်းကြောင်းကို ဖွင့်လှစ်ပေးလိုက်သည်။
တစ်စုံတစ်ယောက်က ထိုဂိတ်တံခါးပေါ်သို့ ခြေချလိုက်မည်ဆိုလျှင် အသူရာကောင်းကင်ဘုံဆီသို့ ဝင်ရောက်နိုင်လိမ့်မည်။
“ ဂရား ”
ဂိတ်တံခါးဖွင့်လှစ်သွားသည်ကို မြင်သောအခါ ယဇ်ပလ္လင်ကို စောင့်ကြပ်နေကြသော အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲများက စိတ်လှုပ်ရှားစွာ ဟိန်းဟောက်လိုက်ကြသည်။
ထိုကောင်းကင်မိစ္ဆာသားရဲများက ၎င်းတို့၏ အတောင်ပံများကို ဖြန့်ကား၍ ဂိတ်တံခါးဆီသို့ ပျံသန်းသွားကြသည်။
အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲများ လှုပ်ရှားလိုက်သည့်အခါ ကြမ်းတမ်းသော လေပြင်းက မိုးမြေကြားထဲမှာ တိုက်ခတ်သွားသည်။ ထိုအခါ အဆင့်တစ် ကောင်းကင်မိစ္ဆာသားရဲများက ချက်ချင်း ပြိုကွဲသွားကြပြီး ကောင်းကင်ပုတီးစေ့များအဖြစ် ပြောင်းလဲသွားကြသည်။
ထိုကောင်းကင်ပုတီးစေ့များက ယဇ်ပလ္လင်ပေါ်သို့ ပြုတ်ကျသွားသည့်အခါ တချွင်ချွင်မြည်သံ ပဲ့တင်ထပ်သွားသည်။
ပြန့်ကျဲနေသော မူလစွမ်းအားက ယဇ်ပလ္လင်ပေါ်မှ ရွှေရောင်အလင်းကို ပိုပြီးထွန်းလင်းသွားစေသည်။
“ ဗုန်း ”
ရွှေရောင်အလင်းက အရွယ်အစားကြီးမားသော ထောင့်တိုင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ထက်မှ ဝဲကတော့နှင့် ချိတ်ဆက်သွားသည်။
“ ကောင်းကင်ဘုံသို့ လမ်းကြောင်းက ပွင့်သွားပြီ… ”
ကျောက်တိုင်တစ်ခုပေါ်တွင် ရွှေရောင်သံကြိုးများဖြင့် ချည်နှောင်ခံထားရသော အကြီးအကဲတစ်ဦးက ခေါင်းမော့လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောသည်။
“ ကောင်းကင်ဘုံသို့ လမ်းကြောင်း… အဲ့ဒါက အတိတ်မှာ ရှေးခေတ်အစွမ်းထက်ပုဂ္ဂိုလ်တွေ ထွက်ခွာသွားခဲ့ကြတဲ့ နေရာပဲ… အခု ငါတို့ထွက်ခွာဖို့ အချိန်ကျပြီလား ”
မိုးထိကျောက်တိုင်တစ်ခုပေါ်မှာ တွယ်ကပ်နေသော အနက်ရောင်ချပ်ဝတ်နှင့် လူငယ်တစ်ယောက်က မျက်လုံးဖွင့်လိုက်ပြီး ရွှေရောင်အလင်းထောင့်တိုင်ကို ကြည့်လိုက်သည်။
အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲများသည် ရွှေရောင်အလင်းထောင့်တိုင်ဆီသို့ မြန်ဆန်စွာ ပျံသန်းသွားကြသည်။ နောက်အခိုက်အတန့်မှာ ရွှေရောင်အလင်းက ၎င်းတို့၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။ ဤသည်မှာ စွမ်းအင်အလင်းစီးကြောင်းများက ၎င်းတို့၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားနေသည့်အလားပင်။
ထို့နောက် ၎င်းတို့၏ ခန္ဓာကိုယ်က စတင်ကြီးထွားလာသည်။ တစ်ချိန်တည်းမှာ ရွှေရောင်အကြေးခွံများက ၎င်းတို့၏ အရေပြားပေါ်မှာ ထွက်ပေါ်လာကြသည်။ ၎င်းတို့၏ သွေးအနှစ်သာရနှင့် စွမ်းအားသည်လည်း မြင့်တတ်သွားသည်။
အဲ့ဒါက အထက်ဘုံက ဆင်းသက်လာတဲ့ စွမ်းအားနဲ့ ပေါင်းစပ်လိုက်တဲ့ အကျိုးအမြတ်လား… ။
ထိုမြင်ကွင်းကို မြင်သွားသောအခါ ကောင်းကင်မိစ္ဆာသားရဲများကို အမဲလိုက်နေကြသော အရပ်ရှစ်မျက်နှာမှ အစွမ်းထက်ပုဂ္ဂိုလ်များက မျက်လုံးဝင်းလက်သွားကြသည်။ ပြင်းပြသော လိုအင်ဆန္ဒက သူတို့၏ အကြည့်ထဲမှာ ထွက်ပေါ်လာသည်။
ယင်းက မဟာအခွင့်အရေး မဟုတ်ပေဘူးလား။
ခေါင်းဖြူအကြီးအကဲတစ်ယောက်က မြန်ဆန်စွာ လှုပ်ရှားလိုက်သည်။ သူက အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲတစ်ကောင်အား အမဲလိုက်နေခြင်းကို လက်လျော့လိုက်ပြီး ယဇ်ပလ္လင်ဆီသို့ အမြန်ပျံသန်းသွားသည်။
“ အဲ့ဒီကို မသွားနဲ့… ခင်ဗျားရဲ့ ခန္ဓာကိုယ်က အဲ့ဒီမူလစွမ်းအားကို တောင့်ခံနိုင်မှာ မဟုတ်ဘူး ”
ဟန်မူယဲ့က အမြန်သတိပေးလိုက်သည်။
သို့သော်လည်း ဆင်ခြင်တုံတရားကို အလိုရမ္မက်က လွှမ်းမိုးသွားသည့်အခါ အန္တရာယ်ကို သတိမမူနိုင်တော့ပေ။
ခေါင်းဖြူအကြီးအကဲက လေထဲမှာ ခဏရပ်လိုက်သည်။ ထို့နောက် သူ၏ မျက်နှာပေါ်မှာ အပြုံးတစ်ခု ထွက်ပေါ်လာသည်။
“ ဟဲ ဟဲ… ကြည့်ရတာ ဆရာဟန်တစ်ယောက်ပဲ အဲ့ဒီစွမ်းအားကို ခုခံနိုင်မယ့်ပုံပဲ… ကျုပ်ပြောတာ ဟုတ်တယ်မလား ”
သူက ထိုသို့ပြောပြီးနောက် နောက်ထပ် တုံ့ဆိုင်းမနေဘဲ အပေါ်သို့ ခုန်လိုက်ပြီး ရွှေရောင်ထောင့်တိုင်ဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။
အလင်းထောင့်တိုင်ထဲသို့ ဝင်ရောက်သွားသည့်အခါ သူ၏ အမူအရာက ရုတ်ချည်း ပြောင်းလဲသွားပြီး ဖော်မပြနိုင်သော ဝမ်းသာပျော်ရွှင်မှုက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
ရွှေရောင်အလင်းစီးကြောင်းက သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည့်အခါ သူ၏ အရှိန်အဝါက တစ်ဟုန်ထိုး မြင့်တတ်သွားသည်။ ယင်းက သူ၏ မူလအကန့်အသတ်ကို ချိုးဖြတ်လိုက်သည်။
ယင်းက အားပြန်ဖြည့်ခြင်းနှင့် စွမ်းအားပေါင်းထည့်ခြင်း လုပ်ငန်းစဉ်ဖြစ်သည်။
“ ဟား ဟား… အဲ့ဒီလိုကို… ”
ရွှေရောင်အလင်းထောင့်တိုင်ထဲတွင် ခေါင်းဖြူအကြီးအကဲက ကျယ်လောင်စွာ အော်ရယ်လိုက်သည်။
သူ၏ အရှိန်အဝါက ဘောင်ဘင်ခတ်သွားပြီး အလျှင်အမြန် တိုးမြှင့်သွားသည်။
မူလစွမ်းအားဖြင့် အားဖြည့်ပေးခြင်း… ။
ပြီးပြည့်စုံသော မဟာတာအို… ။
အဝေးမှ အစွမ်းထက်ပုဂ္ဂိုလ်များသည် သူတို့လုပ်ဆောင်နေသော အရာများကို ဖြည်းဖြည်းချင်း ရပ်တန့်လိုက်ကြသည်။
မည်သို့ဖြစ်ပါစေ သူတို့၏ မျက်စိအရှေ့မှ မြင်ကွင်းက အလွန်အံ့ဖွယ်ကောင်းသည်။
သူတို့က နှစ်ပေါင်းမြောက်များစွာ ကျင့်ကြံခဲ့ဖူးသော်လည်း ထိုမျှများပြားသော မူလစွမ်းအားကို တစ်ခါမှ မမြင်ဖူးကြချေ။
ထို့ပြင် ထိုပြီးပြည့်စုံမှုက သူတို့တစ်ဘဝလုံး လိုက်ရှာဖွေနေခဲ့သောအရာ မဟုတ်ပေဘူးလား။
ယင်းက အုပ်ချုပ်သူအဆင့် ဖြစ်သည်။
ကိုယ်ပိုင်တာအိုကို မရွေးချယ်ရသေးသော အစွမ်းထက်ပုဂ္ဂိုလ်များသည် ဤဘဝမှာ ကမ္ဘာဦးအုပ်ချုပ်သူအဆင့်သို့ ရောက်ရှိနိုင်ကြလိမ့်မည် မဟုတ်ချေ။
သို့သော်လည်း ဤအခိုက်အတန့်မှာ ထိုခေါင်းဖြူအကြီးအကဲထံတွင် အုပ်ချုပ်သူတစ်ပါး၏ အရှိန်အဝါက ထွက်ပေါ်လာသည်။
ယင်းက အရှိန်အဝါသာဖြစ်ပြီး စစ်မှန်သော တိုက်ပွဲစွမ်းအား မဟုတ်ပေ။ သို့တိုင် မည်သို့ပင်ဆိုစေကာမူ ယင်းက အုပ်ချုပ်အဆင့်ဖြစ်နေဆဲပင်။
ကမ္ဘာဦးအုပ်ချုပ်သူက ဤဘုံ၏ အမြင့်ဆုံးအဆင့် ဖြစ်သည်။
ဤနေရာမှာ စုဝေးနေကြသော အစွမ်းထက်ပုဂ္ဂိုလ်သန်းပေါင်းများစွာတွင် ကမ္ဘာဦးအုပ်ချုပ်သူများက လက်ငါးချောင်းမပြည့်ပေ။
မိုးထိကျောက်တိုင်များပေါ်တွင် ချုပ်နှောင်ခံထားရသော စကြာဝဠာအသီးသီးမှ ရှေးခေတ်အစွမ်းထက်ပုဂ္ဂိုလ်များထဲမှာပင် အုပ်ချုပ်သူအဆင့်သို့ ရောက်ရှိနေသူများက အနည်းစုသာ ရှိသည်။
အဘယ့်ကြောင့်ဆိုသော် အုပ်ချုပ်သူအဆင့်က မူလစွမ်းအားနှင့် စည်းမျဉ်းများ၏ ပြီးပြည့်စုံမှုကို ရည်ညွှန်းသည်။
ထိုပြီးပြည့်စုံမှုကို ဆုတောင်းရုံဖြင့် မရရှိနိုင်ပေ။
ယင်းက အခွင့်အလမ်းပေါ်မှာ မူတည်သည်။
မဟာအခွင့်အလမ်းကို အမိအရ ဖမ်းဆုပ်နိုင်သူများသည်သာ ကမ္ဘာဦးအုပ်ချုပ်သူအဆင့်သို့ ခြေချနိုင်ကြသည်။
ထွန်းလင်းတောက်ပသော အလင်းက မိုးထိကျောက်တိုင်များပေါ်တွင် ချုပ်နှောင်ခံထားရသော အစွမ်းထက်ပုဂ္ဂိုလ်များ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သို့တိုင် သူတို့က နှုတ်ဆိတ်နေကြဆဲပင်။
ဒုစရိုက်နဂါးက ဟန်မူယဲ့ကို ကြည့်လိုက်သည်။
“ အဲ့ဒီကောင်လေး ဘယ်အရာကို ရွေးချယ်မယ်လို့ မင်းတို့ထင်လဲ ”
ဒုစရိုက်နဂါးက မိုးပြာရောင်နဂါးနှင့် ဖီးနစ်ရှိသော ကျောက်တိုင်များထံသို့ လှမ်းကြည့်လိုက်ပြီး မေးသည်။
မိုးပြာရောင်နဂါးနှင့် ဖီးနစ်က ဟန်မူယဲ့ကို အာရုံစိုက်လိုက်ကြသည်။ သို့သော်လည်း သူတို့က မည်သည့်စကားမှ မဆိုကြချေ။
“ ဝီး ”
ကောင်းကင်ပုတီးစေ့အရေအတွက်က ပိုမိုများပြားလာသည်နှင့်အမျှ မူလစွမ်းအားက ဆက်တိုက် မြင့်တတ်သွားနေပြီး ရွှေရောင်အလင်းထောင့်တိုင်က ပိုမိုကြီးမားလာကာ ပိုပြီးထွန်းလင်းတောက်ပလာသည်။
ကောင်းကင်ထက်မှ ဂိတ်တံခါးသည်လည်း ပိုပြီးကျယ်ပြောသွားသည်။
အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲများနှင့် အဆင့်တစ် ကောင်းကင်မိစ္ဆာသားရဲများက အလင်းထောင့်တိုင်ဆီသို့ စတင်ပျံသန်းသွားကြသည်။
“ မဟာတာအို ပြီးပြည့်စုံဖို့အတွက် ဘယ်လိုစတေးမှုကိုမဆို လုပ်ဆောင်သင့်တယ် ”
ဝတ်စုံနက်အကြီးအကဲတစ်ယောက်က ကျယ်လောင်စွာ အော်ရယ်လိုက်ပြီး ယဇ်ပလ္လင်ဆီသို့ ခုန်လိုက်သည်။
စကြာဝဠာအသီးသီးမှ အခြားအစွမ်းထက်ပုဂ္ဂိုလ်များသည်လည်း နောက်ထပ် တုံ့ဆိုင်းမနေကြဘဲ သူ့အနောက်မှ အမြန်လိုက်သွားကြသည်။
သူတို့က ယဇ်ပလ္လင်ပေါ်သို့ ခုန်တတ်လိုက်ကြပြီး ရွှေရောင်အလင်းထောင့်တိုင်ထဲသို့ ဝင်ရောက်သွားကြသည်။
ရွှေရောင်အလင်းထောင့်တိုင်ထဲတွင် စွမ်းအင်အလင်းစီးကြောင်းက သူတို့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီး ကျင့်ကြံသူတစ်ယောက်ချင်းစီ၏ အရှိန်အဝါကို မပြည့်စုံသော စည်းမျဉ်းစွမ်းအားများဖြင့် အားဖြည့်ပေးလိုက်သည်။
ထိုစွမ်းအင်မြှင့်တင်ပေးမှုက လူတိုင်း၏ မျက်နှာကို အံ့ဩဝမ်းသာမှုဖြင့် ပြည့်နှက်သွားစေသည်။
“ ဟား ဟား… မဟာတာအိုဇစ်မြစ်ရဲ့ အားဖြည့်ပေးမှုဆိုတာ ဒီဟာကို ပြောတာကို ”
“ ဒါက တကယ် မဟာအခွင့်အရေးပဲ… ဒီလိုအခွင့်အရေးမျိုးက တစ်ဘဝမှာ တစ်ခါရဖို့တောင် မလွယ်ကူဘူး ”
“ နှစ်ပေါင်း(၃၈)သန်းကြာပြီးနောက် ဒီနေ့မှာ ဒီအင်မော်တယ်ဘုရင်က အုပ်ချုပ်သူအဆင့်ဆီ တတ်လှမ်းနိုင်တော့မယ် ”
…..
ဟွမ်ကျစ်ဟူ၏ အမိန့်အောက်မှာ တိုက်ပွဲဝင်္ကပါကို ဖွဲ့စည်းထားကြသော လောကတစ်သောင်းကုန်းမြေမှ လက်ရွေးစင်ကျင့်ကြံသူသုံးသောင်းနှင့် မိမိကိုယ်ကိုယ် ယုံကြည်မှုမရှိသောကြောင့် စွန့်စားရန် တုံ့ဆိုင်းနေကြသော စကြာဝဠာအသီးသီးမှ ကျင့်ကြံသူတစ်သိန်းသည်သာ ဟင်းလင်းပြင်ထဲမှာ ဆက်လက် မတ်တတ်ရပ်နေကြသည်။ ဟန်မူယဲ့သည်တော့ လှုပ်ရှားခြင်းမပြုဘဲ ယဇ်ပလ္လင်ပေါ်မှာ မတ်တတ်ရပ်နေသည်။
တိုက်ပွဲဝင်္ကပါထဲမှ လက်ရွေးစင်ကျင့်ကြံသူအားလုံးက ခေါင်းလှည့်လိုက်ကြပြီး ဟွမ်ကျစ်ဟူကို ကြည့်လိုက်ကြသည်။
အမိန့်ကို တစ်သွေမသိမ်း လိုက်နာရမည်။
ဤအခိုက်အတန့်မှာ သူတို့က ထိုအတိုင်း လုပ်ဆောင်နေကြသည်။ အကယ်၍ သူတို့က အခွင့်အလမ်းအတွက် စွန့်စားချင်သည်ဆိုလျှင်ပင် ဟွမ်ကျစ်ဟူက သူတို့ကို အမိန့်ပေးရလိမ့်မည်။
ဟွမ်ကျစ်ဟူ၏ အမူအရာက တည်ငြိမ်သည်။ သူက ဟန်မူယဲ့ကို လှမ်းကြည့်လိုက်သည်။
မိုးထိကျောက်တိုင်ပေါ်မှ မိုးပြာရောင်နဂါးသည်လည်း ဟန်မူယဲ့ကို လေးနက်စွာ ကြည့်လိုက်သည်။
“ ကောင်လေး… မင်းက ဘာလို့ မသွားတာလဲ ”
မိုးပြာရောင်နဂါး၏ အသံက ပဲ့တင်ထပ်သွားသည်။
ဟန်မူယဲ့က ခေါင်းမော့လိုက်သည်။ သူက ရိုးသားသော အမူအရာဖြင့် သိမ်မွေ့စွာ ပြောသည်။
“ တကယ်တော့ အခွင့်အရေးဆိုတာဟာ ကောင်းချီးပေးမှုတွေ၊ အရင်းအမြစ်တွေနဲ့ အလားအလာတွေ အချိန်မှန် နေရာမှန်မှာ ထွက်ပေါ်လာတာကို ဆိုလိုပါတယ် ”
“ ဒါပေမဲ့ အခွင့်အရေးအားလုံးမှာ တူညီတဲ့ ပေးဆပ်မှုနဲ့ စတေးမှုတွေ ရှိပါတယ် ”
ဟန်မူယဲ့က ကောင်းကင်ပေါ်မှ ရွှေရောင်အလင်းထောင့်တိုင်ကို မော့ကြည့်လိုက်ပြီး ညင်သာစွာ ခေါင်းယမ်းလိုက်သည်။
စည်းမျဉ်းများ ပြီးပြည့်စုံရန်အလို့ငှာ တူညီသော တန်ဖိုးကို သူပေးချေနိုင်လိမ့်မည်ဟု ဟန်မူယဲ့ မထင်ပေ။
အကယ်၍ သူက ထိုတန်ဖိုးကို ပေးချေနိုင်သည်ဆိုလျှင်ပင် ယင်းကို အသုံးပြုလိမ့်မည် မဟုတ်ပေ။
အဘယ့်ကြောင့်ဆိုသော် သူ၏ ကျင့်ကြံခြင်းစွမ်းအားက ဤဘုံ၏ အထွတ်အထိပ်သို့ ရောက်ရှိပြီးပြီ မဟုတ်ပါလော။
ထို့ပြင် အကယ်၍ ကောင်းကင်ဘုံသို့ လမ်းကြောင်းက ထိုမျှအံ့ဖွယ်ကောင်းသည်ဆိုလျှင် မည်သို့ကြောင့် စကြာဝဠာအသီးသီးမှ ရှေးခေတ်နတ်သားရဲများနှင့် အစွမ်းထက်ပုဂ္ဂိုလ်များက ထိုကျောက်တိုင်များပေါ်မှာ ချုပ်နှောင်ခံထားကြရသနည်း။
ထိုသို့အခွင့်အရေးကို အမိအရ ဖမ်းဆုပ်သင့်သည်ကို သူတို့က မသိကြခြင်းလော။
ဟန်မူယဲ့၏ စကားက ကျောက်တိုင်များပေါ်မှ မရေမတွက်နိုင်သော အစွမ်းထက်ပုဂ္ဂိုလ်များ၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။ ဤအခိုက်အတန့်မှာ လူတိုင်းက ခေါင်းငုံ့လိုက်ကြပြီး ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။
“ ဟား ဟား… ဒီလိုမဟာအခွင့်အရေးနဲ့ ရင်ဆိုင်ရတာတောင် ကိုယ့်နှလုံးသားကို ထိန်းသိမ်းထားနိုင်တယ်… ဒီလိုလူမျိုးက အရမ်းရှားပါးတယ် ”
ဖီးနစ်က စိတ်ခံစားချက် ကိန်းအောင်းနေသော လေသံဖြင့် ချီးမွမ်းလိုက်သည်။
မည်သည့်အခြေအနေမှာမဆို ကိုယ့်နှလုံးသားကို ထိန်းသိမ်းထားနိုင်ခြင်း… ။
ယင်းက အမှန်တကယ် ရှားပါး၏။
ဟန်မူယဲ့က ညင်သာစွာ ခေါင်းမော့လိုက်ပြီး ကောင်းကင်ဘုံဖွင့်လှစ်ခြင်းဓားဂိတ်တံခါးကို ကြည့်လိုက်သည်။
“ ဗုန်း ”
ယဇ်ပလ္လင်၏ အပြင်ဘက်တွင် မရေမတွက်နိုင်သော ပုံရိပ်များ ထွက်ပေါ်လာကြသည်။
အတောင်ပံဆယ်ခု… ။
အတောင်ပံဆယ့်နှစ်ခု… ။
လက်လေးဖက်… မျက်လုံးသုံးလုံး… ။
၎င်းတို့က ကန်အန်းမျိုးနွယ်စု၏ လက်ရွေးစင်များမှလွဲ၍ တခြားမဟုတ်ကြချေ။
၎င်းတို့ထဲမှ မည်သူမဆို ကန်အန်းမျိုးနွယ်စု၏ ထိပ်တန်းကျွမ်းကျင်သူများ ဖြစ်ကြသည်။
သို့သော်လည်း ဤအခိုက်အတန့်မှာ ထိုကန်အန်းလက်ရွေးစင်များသည် ဘေးပတ်ဝန်းကျင်၌ ပြန့်ကျဲနေကြသော ကောင်းကင်မိစ္ဆာသားရဲများကို ဂရုမစိုက်ကြသလို ယဇ်ပလ္လင်၏ အပြင်ဘက်ရှိ စကြာဝဠာအသီးသီးမှ အစွမ်းထက်ပုဂ္ဂိုလ်များကိုလည်း မတိုက်ခိုက်ကြချေ။
၎င်းတို့က လုံးဝ တုံ့ဆိုင်းမနေဘဲ ယဇ်ပလ္လင်ပေါ်မှ ရွှေရောင်အလင်းထောင့်တိုင်ဆီသို့ တစ်ဟုန်ထိုး ပျံသန်းသွားကြသည်။
ရုတ်တရက်ဆိုသလို အလင်းထောင့်တိုင်ထဲမှ အလင်းစီးကြောင်းက ယခင်ကထက် အဆပေါင်းများစွာ ပိုပြီးထွန်းလင်းလာသည်။
ထိုအခိုက်အတန့်မှာ ကောင်းကင်ထက်မှ အလင်းဂိတ်တံခါးအားလုံးက ဖွင့်လှစ်သွားကြပြီး ရွှေရောင်အလင်းက ရေတံခွန်သဖွယ် အောက်သို့ စီးကျလာသည်။
“ အို… ဒီကောင်တွေက အရမ်းလောဘကြီးတာပဲ ”
အသံတစ်သံက ယဇ်ပလ္လင်ထက်မှ ပဲ့တင်ထပ်လာသည်။
လောဘကြီးတယ်လား… ။
အဲ့ဒါ ဘာကိုဆိုလိုတာလဲ… ။
အလင်းထောင့်တိုင်ထဲသို့ ဝင်ရောက်သွားကြသော လူတိုင်း၏ ကျင့်ကြံခြင်းစွမ်းအားက တစ်ဟုန်ထိုး မြင့်တတ်သွားနေစဉ် သူတို့အားလုံးက ဇဝေဇဝါဖြစ်သွားကြသည်။
“ ဟွန့်… ငကြောက်တွေပဲ ဒီလိုအချိန်မှာ အနောက်ဆုတ်ကြလိမ့်မယ် ”
ရွှေရောင်အလင်းထောင့်တိုင်ထဲတွင် အုပ်ချုပ်သူအဆင့်သို့ မြင့်တတ်သွားနေသော အကြီးအကဲတစ်ယောက်က အေးတိအေးစက် နှာခေါင်းရှုံ့လိုက်သည်။
“ အန္တရာယ်များတာနဲ့ပဲ ကျုပ်တို့က ဒီလိုမဟာအခွင့်အရေးကို အဆုံးရှုံးခံရမှာလား ”
အခွင့်အရေးဟူသည်မှာ ကိုယ်တိုင် တိုက်ခိုက်ယူရသောအရာ မဟုတ်ပါလော။
ရွှေရောင်အလင်းထောင့်တိုင်ထဲတွင် သူတို့၏ အမူအရာက ကြီးကြီးမားမား မပြောင်းလဲသွားဘဲ ဆက်လက် တည်ငြိမ်နေသော်လည်း ထိုအစွမ်းထက်ပုဂ္ဂိုလ်များက စိတ်မသက်မသာဖြစ်လာကြသည်။
“ မကောင်းတော့ဘူး ”
အလင်းထောင့်တိုင်ထဲတွင် အဆုံးမဲ့အကြောက်တရားဖြင့် ပြည့်နှက်နေသော အသံတစ်သံက ရုတ်တရက် ပဲ့တင်ထပ်သွားသည်။
လူတိုင်းက အသံလာရာဆီသို့ ခေါင်းမော့လိုက်သည့်အခါ အလင်းထောင့်တိုင်ထဲသို့ ပထမဆုံး ဝင်ရောက်သွားခဲ့သော ခေါင်းဖြူအကြီးအကဲကို မြင်တွေ့သွားကြသည်။
ဤအခိုက်အတန့်မှာ ထိုခေါင်းဖြူအကြီးအကဲ၏ အရှိန်အဝါက ပြီးပြည့်စုံသွားပြီး မဟာတာအိုစွမ်းအားက မြှောက်တတ်လာနေသည်။
သို့သော်လည်း သူ၏ မျက်နှာက လူသေကောင်ပမာ ဖြူဖျော့နေသည်။