အခန်း (၁၄၉၂)
Vol. 107 Ch. 1292
“ မဟာတာအိုက ပြီးပြည့်စုံတယ်လို့ ထင်ရတယ်… ဒါပေမဲ့ စစ်မှန်တဲ့ ဒြပ်ထည်ဖွဲ့စည်းမှု မရှိဘူး… ”
ခေါင်းဖြူအကြီးအကဲက ခေါင်းမော့လိုက်ပြီး ကောင်းကင်ပေါ်မှ အလင်းဂိတ်တံခါးကို ကြည့်လိုက်သည်။
“ ငါတကယ်ပဲ ကောင်းကင်ဘုံဂိတ်တံခါးကို ဖြတ်ကျော်နိုင်မှာလား ”
သူက စကားဆုံးသည်နှင့် ကောင်းကင်ပေါ်မှ အလင်းဂိတ်တံခါးဆီသို့ ပျံတတ်သွားသည်။ သူ၏ ခန္ဓာကိုယ်က ကောင်းကင်ဘုံဂိတ်တံခါးနှင့် နီးသထက် နီးကပ်သွားသည်။
သို့သော်လည်း သူ၏ အလျင်က ပိုပြီးနှေးကွေးလာပြီး သူ၏ အရေပြားက ပိုပြီးဖြူဖျော့လာသည်။
“ မဟုတ်သေးဘူး ”
“ အစွမ်းထက် အင်အားတစ်ခုက ကောင်းကင်ဘုံဂိတ်တံခါးထဲမှာ စုဝေးနေတယ် ”
“ ကောင်းကင်ဘုံကပ်ဘေးဒုက္ခ ”
လူတိုင်း၏ အမြင်အာရုံထဲတွင် ဓားမော့ကိုင်ထားသော အဖွဲ့တစ်ဖွဲ့က ကောင်းကင်ဘုံဂိတ်တံခါးထဲမှ ထွက်ပေါ်လာသည်။
သူတို့က ရုပ်သေးသခင်များကဲ့သို့ ရွှေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားကြပြီး ပေတစ်ရာရှည်လျားကြသည်။ ထို့ပြင် သူတို့အားလုံးက စိတ်ခံစားချက်ကင်းမဲ့ပုံပေါ်သည်။
အကြီးအကဲတစ်ယောက်က အလင်းဂိတ်တံခါးဆီသို့ ပျံတတ်လာနေသည်ကို သူတို့မြင်သွားသောအခါ ရွှေချပ်ဝတ်စစ်ဗိုလ်ချုပ်တစ်ယောက်က လက်မြှောက်လိုက်ပြီး သူ၏ လက်ထဲမှ ဓားမော့ဖြင့် အောက်သို့ ခုတ်ပိုင်းလိုက်သည်။
ရွှေရောင်မိုးကြိုးသွားတစ်စင်းက ဓားမော့ဖြင့် ဆွဲယူခံလိုက်ရပြီး အကြီးအကဲ၏ ခန္ဓာကိုယ်ဆီသို့ တန်းမတ်စွာ ဆင်းသက်သွားသည်။
“ ဝုန်း ”
မိုးကြိုးသွားဖြင့် ထိမှန်သွားသည့်အခါ အဖိုးအိုက နာကျင်စွာ အော်ဟစ်ညည်းညူလိုက်သည်။
ထိုမိုးကြိုးပစ်ချက်က အလင်းထောင့်တိုင်ထဲမှ ကျင့်ကြံသူအားလုံးကို မျက်နှာဖြူဖျော့သွားစေသည်။
ထိုမိုးကြိုးပစ်ချက်က အလွန်အားကောင်းရုံသာမက ပြီးပြည့်စုံသော တာအိုစွမ်းအားသည်လည်း ထိုမိုးကြိုးထဲမှ ထွက်ပေါ်နေသည်။
ပြီးပြည့်စုံသော မိုးကြိုးတာအို… ။
ထိုသို့မိုးကြိုးကို မည်သူက ခုခံနိုင်လိမ့်မည်နည်း။
အစစ်အမှန် အုပ်ချုပ်သူတစ်ပါးသည်ပင် ထိုသို့မိုးကြိုးဖြင့် ရင်ဆိုင်ရသည့်အခါ အခက်တွေ့ရလိမ့်မည်။
“ အဲ့ဒါ အသူရာကောင်းကင်ဘုံရဲ့ ဂိတ်စောင့်တွေလား ”
ဟန်မူယဲ့က မျက်လုံးမှေးကျဉ်းလိုက်သည်။
စူးရှသော အလင်းတန်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
သူက ထိုပုံရိပ်များကို ယဇ်ပလ္လင်၏ မှတ်ဉာဏ်များထဲမှာ မြင်ဖူးသည်။
ထိုအစောင့်အကြပ်များသည် စစ်မှန်သောလူများ မဟုတ်ကြချေ။ ယင်းအစား သူတို့က ရုပ်သေးသခင်များ ဖြစ်ကြသည်။
သူတို့က စကြာဝဠာအဆင့်ထက် ကျော်လွန်သော ရုပ်သေးသခင်များ ဖြစ်ကြသည်။
ထိုလက်နက်သန့်စင်ခြင်းနည်းစနစ်သည် ကြယ်စင်စုစကြာဝဠာမှ အမွေအနှစ်နှင့် လုံးဝ ခြားနားသည်။
မှန်ပေသည်။ စကြာဝဠာအဆင့်ထက် ကျော်လွန်ခြင်းက လက်နက်သန့်စင်ခြင်းပညာရပ်၏ တားမြစ်နယ်မြေဆီသို့ ဝင်ရောက်သော နည်းလမ်းတစ်ခု မဟုတ်ပေ။
ယဇ်ပလ္လင်ထံမှ မှတ်ဉာဏ်များအရ ထိုကောင်းကင်ဘုံဂိတ်စောင့်များကို သန့်စင်ထားသည့် နည်းစနစ်က အသူရာကောင်းကင်ဘုံ၏ မဟာတာအိုနှင့် ပေါင်းစပ်ခြင်းဖြစ်သည်ဟု ဟန်မူယဲ့ ခံစားမိသည်။
ယင်းက မဟာတာအိုအဆင့်၏ ဖိနှိပ်မှု ဖြစ်သည်။
သူက ရွှေရောင်အလင်းထောင့်တိုင်ထဲမှ ပုံရိပ်များကို ကြည့်လိုက်သည်။
ထိုအစွမ်းထက်ပုဂ္ဂိုလ်များက ကောင်းကင်ဘုံသို့ လမ်းကြောင်းထံမှ စွမ်းအင်အလင်းစီးကြောင်းဖြင့် အားဖြည့်ပေးခြင်းခံထားရသော်လည်း သူတို့က ထိုကောင်းကင်ဘုံဂိတ်စောင့်များ၏ ပြိုင်ဘက်များ မဟုတ်ကြချေ။
“ ဗုန်း ”
ဒုတိယမြောက် ဓားမော့အလင်းက ကျဆင်းလာသည်။
ခေါင်းဖြူအကြီးအကဲက အံတင်းတင်းကြိတ်လိုက်ပြီး သူ၏ စကြာဝဠာအဆင့် ရတနာတစ်ခုကို စတေးလိုက်သည်။
သို့သော်လည်း ထိုစကြာဝဠာအဆင့် ရတနာက ဓားမော့အလင်းကို ဆယ်စက္ကန့်မျှသာ ခုခံတားဆီးနိုင်ခဲ့သည်။ ထို့နောက် ရတနာက ကျယ်လောင်စွာ ပေါက်ကွဲသွားသည်။
ဓားမော့အလင်းက အောက်သို့ ဆက်လက် ကျဆင်းလာသည်။
အဖိုးအို၏ ခန္ဓာကိုယ်က မိုးကြိုးကို မခုခံနိုင်လေရာ တဖြည်းဖြည်း စတင်အက်ကွဲလာသည်။
“ တကယ်ပဲ အဲ့ဒါကို ငါမတောင့်ခံနိုင်ဘူး… ”
အဖိုးအိုက သူ၏ ခန္ဓာကိုယ်ပေါ်မှ အက်ကွဲရာများကို ကြည့်လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။ နောက်အခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်က ရုတ်တရက် ပေါက်ကွဲသွားသည်။
ပေါက်ကွဲမှုအတွင်းဝယ် ရွှေရောင်ကောင်းကင်ပုတီးစေ့များက လေထဲမှာ ထွက်ပေါ်လာကြသည်။
မှန်ပေ၏။ မူလစွမ်းအားက ကောင်းကင်ပုတီးစေ့များအဖြစ် သိပ်သည်းသွားခြင်း ဖြစ်သည်။
တစ်စုံတစ်ယောက်က ဤကောင်းကင်ဘုံလမ်းကြောင်းထဲသို့ ခြေချလိုက်သည်နှင့် သူတို့၏ မဟာတာအိုက အသူရာကောင်းကင်ဘုံ၏ စည်းမျဉ်းများအဖြစ် ပြောင်းလဲသွားလိမ့်မည်။
ထို့ကြောင့် ခေါင်းဖြူအကြီးအကဲက ကောင်းကင်ပုတီးစေ့များအဖြစ် ပြောင်းလဲသွားရခြင်း ဖြစ်သည်။
တစ်စုံတစ်ယောက်က မည်သည့်သက်ရှိဖြစ်ပါစေ ခန္ဓာကိုယ်ပျက်စီးသွားသည်နှင့် ကောင်းကင်ပုတီးစေ့များအဖြစ် ဖွဲ့စည်းသွားလိမ့်မည်။
သက်ရှိများအပေါ် ထိုသို့ခေါင်းပုံဖြတ်ခြင်းက အလွန်ရက်စက်ကြမ်းကြုတ်ပေသည်။
သို့သော်လည်း ယင်းက အသူရာကောင်းကင်ဘုံ၏ စည်းမျဉ်းများ ဖြစ်သည်။
သက်ရှိအားလုံးက ကောင်းကင်ပုတီးစေ့များ ဖြစ်ကြသည်။
သူတို့က မည်သည့်အဆင့်ထိ ကျင့်ကြံနိုင်ပါစေ နောက်ဆုံးမှာ အချိန်ကျရောက်လာလျှင် ကောင်းကင်ပုတီးစေ့များအဖြစ် ပြောင်းလဲသွားကြလိမ့်မည်။
“ အဲ့ဒါ အသူရာကောင်းကင်ဘုံရဲ့ စည်းမျဉ်းတွေ ”
ဒုစရိုက်နဂါးက ခေါင်းမော့လိုက်လေရာ ကြောက်ရွံ့မှုက သူ၏ မျက်လုံးထဲမှာ အထင်အရှား ထွက်ပေါ်လာသည်။
“ စွမ်းအားအဆင့်ကွာခြားမှုက ကြီးမားသလို နားလည်မှုတွေလည်း မတူညီကြဘူး ”
ဖီးနစ်က ခေါင်းညိတ်လိုက်သည်။
“ အဲ့ဒါ တောတွင်းဥပဒေပဲ ”
ထိုသို့တောတွင်းဥပဒေက ရှေးခေတ်ကာလမှ ရှေးဦးပျက်အစီးမြေမှာလည်း ရှိခဲ့သည်။
ဖြစ်နိုင်သည်မှာ အသူရာကောင်းကင်ဘုံ၏ စည်းမျဉ်းများက စစ်မှန်သော တောတွင်းဥပဒေလား။
ဟန်မူယဲ့က ခေါင်းယမ်းလိုက်သည်။
အမှန်မှာ မည်သည့်နေရာ မည်သည့်ကျင့်ကြံခြင်းအဆင့်မှာပဲဖြစ်ပါစေ တောတွင်းဥပဒေက ရှိသည်။ အင်အားကြီးသူများက အားနည်းသူများကို အနိုင်ကျင့်ဖိနှိပ်ကြလိမ့်မည်။
ခြားနားချက်တစ်ခုမှာ အသူရာကောင်းကင်ဘုံ၏ စည်းမျဉ်းများက တခြားဘုံများကဲ့သို့ ဖုံးကွယ်ခြင်းမရှိဘဲ တိုက်ရိုက် ပွင့်လင်းသည်။
“ ပြေးကြ ”
အလင်းထောင့်တိုင်ထဲတွင် အော်သံတစ်သံ ပဲ့တင်ထပ်သွားသည်။
ရွှေရောင်ထွန်းလင်းနေသော အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးက ကောင်းကင်ပေါ်မှ အလင်းဂိတ်တံခါးဆီသို့ ဆက်ပြီး မပျံသန်းသွားတော့ဘဲ အလင်းထောင့်တိုင်ထဲမှ ပြေးထွက်သွားသည်။
သို့သော်လည်း အလင်းထောင့်တိုင်ထဲမှ သူပြေးထွက်သွားသည်နှင့်တစ်ပြိုင်နက် ရွှေရောင်အလင်းက ယဇ်ပလ္လင်ပေါ်မှာ ရုတ်တရက် ထွက်ပေါ်လာသည်။
ရွှေရောင်သံကြိုးတစ်ချောင်းက ပျံသန်းထွက်လာပြီး သူ့ကို မိုးထိကျောက်တိုင်အသစ်တစ်ခုပေါ်မှာ ချုပ်နှောင်လိုက်သည်။
ထိုမြင်ကွင်းက အလင်းထောင့်တိုင်ထဲမှ လူတိုင်းကို အံ့ဩထိတ်လန့်သွားစေသည်။
“ အခု မင်းတို့နားလည်သွားပြီလား ”
ကျောက်တိုင်တစ်ခုပေါ်မှ တစ်စုံတစ်ယောက်က ပြောသည်။
“ ကောင်းကင်ဘုံဂိတ်တံခါးကို ဖြတ်သန်းပြီး အသူရာကောင်းကင်ဘုံဆီ ဝင်ရောက်ဖို့ ကြိုးစားမယ်ဆိုရင်… ”
“ ကောင်းကင်ဘုံဂိတ်စောင့်တွေရဲ့ အသတ်ခံရလိမ့်မယ် ”
“ အဲ့လိုမဟုတ်ရင် မင်းက ဒီယဇ်ပလ္လင်အတွက် စတေးခံဖြစ်လာလိမ့်မယ် ”
“ တခြားရွေးချယ်စရာ မရှိဘူး ”
အလင်းထောင့်တိုင်ထဲတွင် မူလစွမ်းအား၏ အားဖြည့်ပေးမှုကြောင့် အစောနက ဝမ်းသာပျော်ရွှင်နေခဲ့ကြသော အစွမ်းထက်ပုဂ္ဂိုလ်များက ယခု မျက်နှာဖြူဖျော့သွားကြသည်။
“ အရှေ့ချီတတ်ကြမယ် ”
အော်သံများ ထွက်ပေါ်လာပြီးနောက် ပုံရိပ်ဒါဇင်ခန့်က ကောင်းကင်ပေါ်မှ ဂိတ်တံခါးဆီသို့ ပျံတတ်သွားကြသည်။
“ ထွက်ပြေးကြမယ် ”
အများစုက အလင်းထောင့်တိုင်ထဲမှ ပြေးထွက်သွားကြသည်။
ကျန်လူအနည်းစုသည်တော့ ဆက်ပြီး စောင့်ကြည့်နေကြသည်။
ကံမကောင်းစွာပင် အသူရာကောင်းကင်ဘုံ၏ စည်းမျဉ်းများက မည်သူ့ကိုမှ ချွင်းချွက်မပေးချေ။
ကောင်းကင်ယံမှ အလင်းဂိတ်တံခါး၏ အပြင်ဘက်တွင် မိုးကြိုးသွားများ ကျဆင်းလာကြသည်။
ထို့နောက် ကောင်းကင်ပုတီးစေ့အများအပြား ထွက်ပေါ်လာကြသည်။
ယင်းတို့အားလုံးက အထွတ်အမြတ် အဆင့်တစ်ကောင်းကင်ပုတီးစေ့များ ဖြစ်ကြသည်။
ယဇ်ပလ္လင်ပေါ်တွင် နောက်ထပ် မိုးထိကျောက်တိုင်အသစ်များ ထွက်ပေါ်လာကြသည်။
မည်သူမှ ချွင်းချက်မဟုတ်ချေ။
“ ကျွတ်… ကျွတ်… ဒီတစ်ခေါက်အသုတ်က အတော်လေး ကောင်းမွန်တာပဲ ”
အသံတစ်သံက အလင်းဂိတ်တံခါးထဲမှ ထွက်ပေါ်လာသည်။
ကျောက်စိမ်းဝတ်ရုံ ဝတ်ဆင်ထားပြီး ဦးခေါင်းထက်တွင် ရွှေရောင်သရဖူဆောင်းထားသော ဆံဖြူလူငယ်တစ်ယောက်က လက်နှစ်ဖက်ကို အနောက်ပစ်ထားလျက် အရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်လာသည်။
သူက လေထဲမှာ ပြန့်ကျဲနေသော ကောင်းကင်ပုတီးစေ့များကို ဖမ်းဆုပ်ရန် လက်ဆန့်ထုတ်လိုက်သည်။
ယင်းက ကောင်းကင်ပုတီးစေ့များကို ရိတ်သိမ်းခြင်း ဖြစ်သည်။
အသူရာကောင်းကင်ဘုံက လူလား… ။
ဟန်မူယဲ့၏ အကြည့်က ကောင်းကင်ဘုံဖွင့်လှစ်ခြင်းဓားဂိတ်တံခါးထဲမှ ထွက်လျှောက်လာသော ပုံရိပ်ပေါ်သို့ ကျရောက်သွားသည်။
မဟာတာအို ပြီးပြည့်စုံခြင်း… ။
ထိုဘုံမှ ကျင့်ကြံသူများသည် ပြီးပြည့်စုံသော မဟာတာအိုကို သူတို့တစ်ဘဝလုံး လိုက်ရှာဖွေရန် မလိုအပ်ကြချေ။ သူတို့က ပြီးပြည့်စုံသော မူလဇစ်မြစ်ဖြင့် မွေးဖွားလာသူများ ဖြစ်ကြသည်။
ယင်းက အထက်ဘုံ၏ အားသာချက်ဖြစ်သည်။
သူတို့အတွက် သာမန်အရာက တခြားလူများ သူတို့တစ်ဘဝလုံးစာ စတေး၍ ရှာဖွေနေသော အန္တိမပန်းတိုင် ဖြစ်သည်။
ဤဘုံမှ ကျင့်ကြံသူများသည် ပြီးပြည့်စုံသောအဆင့်သို့ တတ်လှမ်းနိုင်ရန် သူတို့တစ်ဘဝလုံးစာ ပေးဆပ်၍ ကြိုးစားနေကြသည်။ သို့မှသာ သူတို့က ပြီးပြည့်စုံသော မဟာတာအိုကို ပိုင်ဆိုင်နိုင်ကြလိမ့်မည်။
“ ဟာ… ပြီးပြည့်စုံတဲ့ မဟာတာအို… ”
ဒုစရိုက်နဂါး၏ အကြည့်က ထိုလူငယ်ပေါ်သို့ ကျရောက်သွားသည့်အခါ မယုံကြည်နိုင်မှုက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
“ ကမ္ဘာဦးရှေးခေတ်ကနေ စတင်ပြီး အုပ်ချုပ်သူအဆင့်ထိ တတ်လှမ်းနိုင်ဖို့ အသွင်ပြောင်းလဲမှုပေါင်း (၃၁၂၀)ကြိမ်ကို ငါဖြတ်ကျော်ခဲ့ရတယ်… အဲ့ဒီအတောအတွင်းမှာ မရေမတွက်နိုင်တဲ့ တိုက်ပွဲတွေနဲ့ ကပ်ဘေးဒုက္ခတွေကို ငါရင်ဆိုင်ခဲ့ရတယ် ”
“ မူလစွမ်းအား ပြီးပြည့်စုံတဲ့အထိ ကျင့်ကြံနိုင်ဖို့ နှစ်သန်းပေါင်းငါးဆယ် ငါအချိန်ယူခဲ့ရတယ် ”
ဒုစရိုက်နဂါးသည် ရှေးခေတ်ကာလ၏ ကမ္ဘာဦးအုပ်ချုပ်သူတစ်ပါးဖြစ်သည်နှင့်အညီ လက်ရှိအဆင့်သို့ သူရောက်ရှိရန် မရေမတွက်နိုင်သော အခက်အခဲများကို ကျော်ဖြတ်ခဲ့ရသည်။
သို့သော်လည်း ဤဘုံ၏ အသင်္ချေလောကများထဲမှာ အုပ်ချုပ်သူအဆင့်သို့ ရောက်ရှိနေသူများက မည်မျှနည်းပါးလိုက်သနည်း။
“ အသူရာကောင်းကင်ဘုံမှာ ပြီးပြည့်စုံတဲ့ မူလဇစ်မြစ်နဲ့ မွေးဖွားလာတဲ့အတွက် ငါ့ကို မင်းမနာလိုမဖြစ်နဲ့… အတိတ်မှာ အသူရာကောင်းကင်ဘုံက မင်းတို့လို အဆင့်နိမ်ဘုံတစ်ခုပဲ ဖြစ်ခဲ့တယ်… ဒါပေမဲ့ ငါတို့ရဲ့ ဘိုးဘေးတွေက လမ်းသစ်ဖောက်ခဲ့ပြီး နောင်မျိုးဆက်သစ်တွေအတွက် အခွင့်အလမ်းတွေ ဖန်တီးပေးခဲ့တယ်… အဲ့ဒါကြောင့် နှစ်ပေါင်းများစွာကြာပြီးနောက်မှာ ငါတို့က ဒီလိုအခြေအနေကို ရောက်ရှိလာခဲ့တာပဲ ”
ကောင်းကင်ဘုံဖွင့်လှစ်ခြင်းဓားဂိတ်တံခါး၏ အပြင်ဘက်မှ လူငယ်က ဒုစရိုက်နဂါး၏ စကားကို ကြားသွားသည့်အလား ညင်သာစွာ ပြုံးလိုက်ပြီး ပြောသည်။
“ ကျင့်ကြံခြင်းလမ်းစဉ်အပေါ် မင်းတစ်ယောက်တည်းရဲ့ ကြိုးစားအားထုတ်မှုက ငါ့အသူရာကောင်းကင်ဘုံက ဘိုးဘေးတွေရဲ့ ပင်ပန်းဆင်းရဲမှုတွေကို ဘယ်လိုလုပ် ယှဉ်ပြိုင်နိုင်မှာလဲ ”
ထိုသို့ပြောပြီးနောက် လူငယ်က ခေါင်းယမ်းလိုက်ပြီး ကောင်းကင်ပုတီးစေ့များ သိမ်းဆည်းရန် လက်ဆန့်ထုတ်လိုက်သည်။
ဤဘုံမှ အစွမ်းထက်ပုဂ္ဂိုလ်များသည် ကောင်းကင်ဘုံဂိတ်စောင့်များ၏ သုတ်သင်ခံလိုက်ကြရပြီး ကောင်းကင်ပုတီးစေ့များအဖြစ် ပြောင်းလဲသွားကြသည်။
ထိုကောင်းကင်ပုတီးစေ့များက အထွတ်အမြတ် အဆင့်တစ်ကောင်းကင်ပုတီးစေ့များ ဖြစ်ကြသည်။ ယင်းတို့က အသူရာကောင်းကင်ဘုံမှာပင် အလွန်တန်ဖိုးကြီးမားသည်။
သို့သော်လည်း ဤကောင်းကင်ဘုံဖွင့်လှစ်ခြင်းဓားဂိတ်တံခါးက အမြဲတမ်း မဖွင့်လှစ်ပေ။ သို့ဖြစ်၍ ဤသို့ရိတ်သိမ်းမှုမျိုးက အလွန်ရှားပါးသည်။
လူငယ်က လေထဲမှာ ဆက်တိုက် ပြုတ်ကျသွားနေသော အထွတ်အမြတ် အဆင့်တစ်ကောင်းကင်ပုတီးစေ့တစ်ရာကို ဖမ်းဆုပ်လိုက်သည့်အခါ သူ၏ မျက်နှာက ပိုပြီးပြုံးရွှင်သွားသည်။
သူက လွန်ခဲ့သော နှစ်တစ်သန်းအတွင်း ပျင်းရိဖွယ်ကောင်းသော ဤဂိတ်စောင့်တာဝန်ကို ထမ်းဆောင်ခဲ့ရသည်။ သို့သော်လည်း ယနေ့တွင် ဤသို့မဟာအခွင့်အရေးဖြင့် သူတွေ့ကြုံရလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားခဲ့ပေ။
ဤသို့ရိတ်သိမ်းမှုက နှစ်သန်းပေါင်းများစွာအတွင်း တစ်ကြိမ်တစ်ခါပင် ထွက်ပေါ်လာရန် မဖြစ်နိုင်သော မဟာအခွင့်အရေး ဖြစ်သည်။
ဤအခိုက်အတန့်မှာ ကောင်းကင်ဘုံလမ်းကြောင်း၏ အလင်းထောင့်တိုင်ထဲမှာ ရှိနေကြသော အစွမ်းထက်ပုဂ္ဂိုလ်များသည် မိုးကြိုးသွားများဖြင့် သုတ်သင်ရှင်းလင်းခံလိုက်ကြရသည်။
သူတို့က စကြာဝဠာအသီးသီးမှ အထွတ်အထိပ်ပုဂ္ဂိုလ်များဖြစ်နေလျှင်ပင် ထိုမိုးကြိုးသွားများက အသက်ချမ်းသာပေးလိမ့်မည် မဟုတ်ချေ။
အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲများ၏ ကံကြမ္မာသည်လည်း ထို့အတူပင်။
ကန်အန်းမျိုးနွယ်စုမှ ကန်အန်းဘုရင်များသည်လည်း ခန္ဓာကိုယ်မပျက်စီးသွားမီ အသက်ရှူချိန်အနည်းမျှသာ တောင့်ခံနိုင်ခဲ့ကြသည်။
ကောင်းကင်ဘုံဂိတ်စောင့်များ၏ လက်ထဲမှ ဓားမော့က အရောင်ထွန်းလင်းသွားသည့်အခါ မိုးကြိုးသွားများက အောက်သို့ တရစပ် ကျဆင်းလာကြပြီး ခန္ဓာကိုယ်အမြောက်အများကို ဖျက်ဆီးပစ်လိုက်ကြသည်။
အလင်းထောင့်တိုင်ထဲတွင် အစောနက မောက်မာထောင်လွှားခဲ့ကြသော ထိုပုဂ္ဂိုလ်များက ယခု ခွေးလေခွေးလွင့်များသဖွယ် ဖြစ်လာကြသည်။
“ ဟွန့်… ဘယ်အခွင့်အရေးမှာ တူညီတဲ့တန်ဖိုး မပေးချေရတာ ရှိလို့လဲ… ဒီလောကမှာ အလကားရတဲ့အရာ ဘာမှမရှိဘူး ”
မိုးထိကျောက်တိုင်ပေါ်မှ ဒုစရိုက်နဂါးက တည်ငြိမ်စွာ ပြောလိုက်သည့်အခါ စိတ်ခံစားမှုအရိပ်အယောင်က သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
ယင်းကို ကြားသောအခါ ကျောက်တိုင်များပေါ်မှ ပုဂ္ဂိုလ်အားလုံးက နှုတ်ဆိတ်သွားကြသည်။
သူတို့က အတိတ်မှာ ယနေ့ကဲ့သို့ အဖြစ်အပျက်မျိုးကို ကြိမ်ဖန်များစွာ မြင်ခဲ့ဖူးသည်။
ထိုအချိန်တုန်းက သူတို့သည်လည်း ထိုလူများကဲ့သို့ လုပ်ဆောင်ခဲ့ကြသည် မဟုတ်ပါလော။
ကောင်းကင်ပုတီးစေ့များ ပိုမိုများပြားလာသည်နှင့်အမျှ ကောင်းကင်ဘုံဖွင့်လှစ်ခြင်းဓားဂိတ်တံခါး၏ အရှေ့မှ လူငယ်က ပိုပြီးစိတ်လှုပ်ရှားလာသည်။ သူ၏ မျက်နှာပေါ်မှ အပြုံးသည်လည်း ပိုပြီးထင်ရှားလာသည်။
“ ရွှီး ”
ထိုအခိုက်အတန့်မှာ ကောင်းကင်ဘုံပုတီးစေ့များက ရုတ်တရက် တုန်ယင်သွားကြပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားကြသည်။
အောက်ဘက်တွင် ယဇ်ပလ္လင်ပေါ်သို့ လက်ဖိကပ်ထားသော ဟန်မူယဲ့၏ ခန္ဓာကိုယ်က ရွှေရောင်ထွန်းလင်းလာသည်။
နတ်ဘုရားအလင်း ထွန်းလင်းတောက်ပလာသည့်အခါ ယဇ်ပလ္လင်ပေါ်မှ နတ်ဘုရားအင်းသင်္ကေတများက စတင်အသက်ဝင်လာကြသည်။ ထို့နောက် အင်းသင်္ကေတများက ဝဲကတော့တစ်ခုအဖြစ် ဖွဲ့စည်းသွားပြီး စွမ်းအင်အမျိုးမျိုးကို ထုတ်လွှတ်လိုက်သည်။
“ သူက ယဇ်ပလ္လင်ကို ထိန်းချုပ်နေတာလား ”
“ မဖြစ်နိုင်တာ… အသူရာကောင်းကင်ယဇ်ပလ္လင်ကို တည်ဆောက်ပြီးကတည်းက ဘယ်သူမှ အဲ့ဒါကို မထိန်းချုပ်နိုင်ခဲ့ဘူးလေ ”
“ ဒါက… အသူရာကောင်းကင်ယဇ်ပလ္လင်ကို ဘယ်လိုထိန်းချုပ်ရမလဲ ဘယ်သူ ငါ့ကို ပြောပြပေးနိုင်မလဲ ”
မိုးထိကျောက်တိုင်များပေါ်မှ အစွမ်းထက်ပုဂ္ဂိုလ်များက အံ့ဩသွားကြသည်။
ဟန်မူယဲ့က သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအင်အားလုံးကို ယဇ်ပလ္လင်ဆီသို့ ထုတ်လွှတ်လိုက်သည်။ ထို့နောက် ရွှေရောင်နတ်ဘုရားအလင်းတန်းများက ယဇ်ပလ္လင်ထံမှ ထွက်ပေါ်လာပြီး အလင်းဂိတ်တံခါးများအဖြစ် အသွင်ပြောင်းလဲသွားကြသည်။
ထိုအလင်းဂိတ်တံခါးများက ကောင်းကင်နှင့် ထိစပ်နေသော အလင်းထောင့်တိုင်နှင့် ပြင်းထန်စွာ ဝင်ဆောင့်သွားကြသည်။
“ အသက်ဆယ်ခါရှူချိန်ကြာ အချိန်ရမယ်… ခင်ဗျားတို့ရဲ့ သေခြင်းရှင်ခြင်းက အခု ခင်ဗျားတို့ရဲ့ ဆုံးဖြတ်ချက်ပေါ်မှာ မူတည်သွားပြီ ”
ဟန်မူယဲ့က အက်ရှရှအသံဖြင့် အားအင်ချည့်နဲ့စွာ ပြောသည်။
သူက အလင်းထောင့်တိုင်ထဲမှာ ပိတ်မိနေကြသော ကျင့်ကြံသူများအတွက် အသက်ဆယ်ခါရှူချိန်ကြာ အချိန်ဆွဲပေးလိုက်သည်။