← Chapters

အခန်း (၁၄၉၃)

Vol. 107 Ch. 1493

အခန်း (၁၄၉၃)

Vol. 107 Ch. 1493

အလင်းထောင့်တိုင်ထဲတွင် အစောနက စိတ်ပျက်အားလျော့နေကြသော ထိုကျင့်ကြံသူများသည် ယခု အသက်ရှင်နိုင်ရန်အလို့ငှာ အလုအယက် ပြေးလွှားသွားကြသည်။

ကောင်းကင်ဘုံသို့ လမ်းကြောင်းက အံ့အားသင့်ဖွယ်ကောင်းစွာ ကျိုးပြတ်သွားသည့်အခါ မရေမတွက်နိုင်သော ကျင့်ကြံသူများက အရပ်မျက်နှာအသီးသီးသို့ သူ့ထက်ငါအရင် ထွက်ပြေးသွားကြသည်။

“‌ သေချင်နေတာပဲ ”

အသူရာကောင်းကင်ဘုံမှ လူငယ်၏ မျက်နှာက မည်းမှောင်သွားသည်။

“ ဒီယဇ်ပလ္လင်ကို တည်ဆောက်ပြီးနောက် ငါ့ရဲ့ အသူရာကောင်းကင်ဘုံနဲ့ သဘောတူညီမှုတစ်ခု ပြုလုပ်ခဲ့တယ်… ကောင်းကင်ဘုံဆီ လမ်းကြောင်းထဲမှာ သေခြင်းရှင်ခြင်းက ကံတရားအလိုတော်ပဲ… ဒီနေ့ မင်းက အဲ့ဒီစည်းမျဉ်းကို ချိုးဖောက်လိုက်ပြီ ”

လူငယ်က ဟန်မူယဲ့ကို စိုက်ကြည့်လိုက်သည့်အခါ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ကောင်းကင်အစောင့်အရှောက်တွေ… သူ့ကို သတ်ဖြတ်ကြ ”

သူအမိန့်ပေးလိုက်သည့်အခါ ရွှေရောင်စစ်ချပ်ဝတ် ဝတ်ဆင်ထားကြသော စစ်ဗိုလ်ချုပ်အယောက်တစ်ရာက သူ့အနောက်မှ အရှေ့ထွက်လာကြသည်။

တောက်ပသော ဓားမော့အလင်းက မိုးကြိုးသွားကို ဆွဲခေါ်လျက် ဟန်မူယဲ့ထံသို့ ဆင်းသက်သွားသည်။

“ ဝင်္ကပါဖွဲ့စည်းကြမယ် ”

ဟွမ်ကျစ်ဟူက တုံ့ဆိုင်းမနေဘဲ တိုက်ပွဲဝင်္ကပါတစ်ခုကို ချက်ချင်း ဖွဲ့စည်းလိုက်ပြီး ရွှေရောင်စစ်ဗိုလ်ချုပ်များထံသို့ ဦးတည်သွားသည်။

သို့သော်လည်း စစ်ဗိုလ်ချုပ်များ၏ ခေါင်းဆောင်က သူ၏ လက်ထဲမှ ဓားမော့ရှည်ကို လွှဲယမ်းလိုက်လေရာ အပြာရောင်အလင်းအကာအကွယ်တစ်ခုက သူတို့အရှေ့မှ လေဟာနယ်ထဲမှာ ထွက်ပေါ်လာသည်။

ယင်းက မူလပြီးပြည့်စုံခြင်း ဖြစ်သည်။ မဟာတာအို၏ စည်းမျဉ်းစွမ်းအားများက ဤဘုံမှာ ထွက်ပေါ်လာကြသည်။

ယင်းက သဘာဝအလျောက် ဖိနှိပ်မှုဖြစ်သည်။

ယင်း၏ နောက်ကွယ်မှာ မည်သည့်အကြောင်းအရင်းမှ မရှိပေ။

သို့ဖြစ်လေရာ ကမ္ဘာဦးအုပ်ချုပ်သူများဖြင့်ပင် ရင်ဆိုင်နိုင်သော ထိုဓားဝင်္ကပါက ဓားမော့တစ်ချက်ကြောင့် အနောက်ဆုတ်သွားရသည်။

“ ဗုန်း ”

လက်ရွေးစင်ကျင့်ကြံသူသုံးသောင်းဖြင့် ဖွဲ့စည်းထားသော ဓားဝင်္ကပါက ပြိုကွဲပျက်စီးသွားပြီး သူတို့အားလုံးက မျက်နှာဖြူဖျော့သွားကြသည်။

ဟွမ်ကျစ်ဟူတစ်ယောက်တည်းသာ သူ၏ လက်ထဲမှ ဓားကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။ သူက အရှေ့သို့ ဆက်ပြီး ချီတတ်သွားသည်။

သူ၏ မွေးစားအဖေနှင့် မရင်ဆိုင်မီ သူ့ကို အရင်ဆုံး ဖြတ်ကျော်ရလိမ့်မည်။

“ အဲ့ဒီမိန်းကလေး… သူမဆိုးဘူး ”

ကျောက်တိုင်တစ်ခုပေါ်တွင် ဝတ်စုံစိမ်းဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက ချီးမွမ်းပြောသည်။

ဟန်မူယဲ့သည် သူ၏ လက်တစ်ဖက်ကို ယဇ်ပလ္လင်ပေါ် တင်ထားလျက် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။

ကောင်းကင်အစောင့်အရှောက်… ။

ကြယ်စင်စုစကြာဝဠာမှ ရုပ်သေးသခင်များက ထိုကောင်းကင်အစောင့်အရှောက်များထံမှ မွေးဖွားလာကြခြင်း ဖြစ်သည်။

ကောင်းကင်အစောင့်အရှောက်တစ်ယောက်စီက ပြီးပြည့်စုံသော မူလစွမ်းအားကို ပိုင်ဆိုင်ထားကြပြီး စည်းမျဉ်းချိုးဖြတ်စွမ်းအားများကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ကြသည်။

ထို့ပြင် ထိုကောင်းကင်အစောင့်အရှောက်များက မိုးကြိုးတာအိုစွမ်းအားကို ပိုင်ဆိုင်ထားကြပြီး ဘုံတစ်ခုလုံး၏ ကောင်းချီးပေးမှုကိုလည်း ရရှိထားကြသည်။

“ ဂျိန်း ”

မိုးကြိုးသွားတစ်စင်းက ဟန်မူယဲ့၏ ဦးခေါင်းထက်သို့ ကျဆင်းလာပြီး မိုးကြိုးတိုင်လုံးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

မိုးကြိုးတိုင်လုံးမှ ထုတ်လွှတ်နေသော အရှိန်အဝါက အလွန်လွှမ်းမိုးဖိနှိပ်ပြီး လူတိုင်းကို အရိုးခိုက်ခိုက်တုန်စေမည့် အအေးဓာတ်အား ထုတ်လွှတ်နေသည်။

ယင်းက ကြယ်စင်စုတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သော မိုးကြိုးစွမ်းအား ဖြစ်သည်။

ယင်းက မိုးကြိုးမှ ဖြစ်ပေါ်လာသော စည်းမျဉ်းများဖြစ်ကြပြီး အချိန်မြစ်ကို ကပြောင်းကပြန် ပြုလုပ်နိုင်စွမ်းရှိသည်။

“ အဲ့ဒီကောင်လေးတော့ ဒုက္ခရောက်တော့မယ် ”

မိုးပြာရောင်နဂါး၏ မျက်နှာပေါ်မှာ တုံ့ဆိုင်းသောအမူအရာ ထွက်ပေါ်လာပြီး သူက ဒုစရိုက်နဂါးထံသို့ လှည့်ကြည့်လိုက်သည်။

“ ရှင်က မိုးကြိုးစွမ်းအားကို ကောင်းကောင်း ထိန်းချုပ်နိုင်တယ်မဟုတ်လား… ရှင်သူ့ကို ကယ်တင်ပေးနိုင်မလား ”

ဖီးနစ်က ဒုစရိုက်နဂါးကို ကြည့်လိုက်ပြီး သိမ်မွေ့စွာ ပြောသည်။

မိုးကြိုးစွမ်းအားကို ကောင်းကောင်း ထိန်းချုပ်နိုင်တယ်ဟုတ်လား… ။

ဒုစရိုက်နဂါးက ဟန်မူယဲ့ထံသို့ အကြည့်ရွှေပြောင်းလိုက်သည်။

သူက အမှန်တကယ်ပင် မိုးကြိုးစွမ်းအားကို ကောင်းမွန်စွာ အသုံးပြုနိုင်သည်။ သို့သော်လည်း ထိုကောင်လေးနှင့် နှိုင်းယှဉ်မည်ဆိုလျှင် မိုးကြိုးထိန်းချုပ်သော သူ၏ အရည်အချင်းက အလွန်သေးနုတ်ပေသည်။

သို့ဖြစ်၍ ဒုစရိုက်နဂါးက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး အဝေးသို့ ခေါင်းလှည့်လိုက်သည်။

သူက ဟန်မူယဲ့ကို နောက်ထပ် မကြည့်တော့ပေ။

ဖီးနစ်က နူးညံ့စွာ သက်ပြင်းချလိုက်သည်။

အမှန်မှာ ဒုစရိုက်နဂါးက အလွန်ဆိုးသွမ်းသူ မဟုတ်ပေ။ သို့သော်လည်း သူက အလွန်ကပ်စေးနှဲသည်။

အဝေးတွင် အသက်ရှင်ရန် အလုအယက် ပြေးလွှားနေကြသော အစွမ်းထက်ပုဂ္ဂိုလ်များသည် ဟန်မူယဲ့၏ ဦးခေါင်းပေါ်သို့ မိုးကြိုးသွားတစ်စင်းက တန်းမတ်စွာ ကျဆင်းသွားနေကြောင်း မြင်သွားသောအခါ မျက်နှာဖြူဖျော့သွားကြသည်။

သူတို့အားလုံးက ဟန်မူယဲ့၏ ကယ်တင်ပေးခြင်း ခံခဲ့ကြရသည်။ သို့သော်လည်း သူတို့က ဟန်မူယဲ့ကို ကယ်တင်ပေးရန် အစွမ်းမရှိကြချေ။

ပြီးပြည့်စုံသော မူလစွမ်းအား ကိန်းအောင်းနေသည့် ထိုမိုးကြိုးက သူတို့၏ ခုခံကာကွယ်နိုင်စွမ်းထက် လုံးဝကျော်လွန်နေသည်။

လူအများစုက ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်ကြသည်။

“ ဂျိန်း ”

မိုးကြိုးက ဟန်မူယဲ့ကို ထိမှန်သွားသည်။

မိုးကြိုးထဲမှာ ကိန်းအောင်းနေသော လျှပ်စီးကြောင်းများက ဟန်မူယဲ့၏ ခန္ဓာကိုယ်ကို အပြည့်ဖုံးလွှမ်းသွားသည်။

ကောင်းကင်ဘုံဖွင့်လှစ်ခြင်းဓားဂိတ်တံခါး၏ အပြင်ဘက်မှ လူငယ်က အထင်အမြင်သေးစွာ နှာခေါင်းရှုံ့လိုက်သည်။

“ အဲ့ဒါ အသူရာကောင်းကင်ဘုံကို ပုန်ကန်တဲ့ နောက်ဆက်တွဲ အကျိုးဆက်… ”

သို့သော်လည်း သူ၏ စကားမဆုံးခင်မှာ မယုံကြည်နိုင်သော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

အောက်ဘက်၌ လျှပ်စီးစက်ကွင်းများကြားထဲမှာ ဧရာမပုံရိပ်တစ်ခုက ဖြည်းညင်းစွာ ဒြပ်ထည်ဖွဲ့စည်းသွားနေသည်။

၎င်းက နွားတစ်ကောင် ဖြစ်သည်။

နွား၏ ဦးခေါင်းထိပ်ပေါ်တွင် အလွန်ရှည်လျားသော ဦးချိုတစ်ချောင်း ရှိသည်။

၎င်းက တောက်ပသော ရောင်ခြည်ရောင်ဝါကို ထုတ်လွှတ်နေပြီး ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် မိုးကြိုးနတ်ဘုရားအင်းသင်္ကေတများဖြင့် ပြည့်နှက်နေသည်။

“ နတ်နွားရဲ့ ခန္ဓာကိုယ် ”

“ အို ဘုရားရေ… အဲ့ဒီကောင်လေးက မိုးကြိုးခွေသားရဲရဲ့ နတ်ဘုရားစွမ်းအားကို ပိုင်ဆိုင်ထားတယ် ”

အံ့ဩသော အာမေဋိတ်သံများက မိုးထိကျောက်တိုင်များပေါ်မှ ပဲ့တင်ထပ်လာသည်။

ဤတစ်ကြိမ်တွင် ဟန်မူယဲ့က အန္တရာယ်ထဲသို့ ကျရောက်သွားပြီဟု သူတို့တွေးထင်ခဲ့ကြသည်။ သို့သော်လည်း ဟန်မူယဲ့က မိုးကြိုးခွေသားရဲ၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူတို့မမျှော်လင့်ထားကြချေ။

နတ်နွားသည် မိုးကြိုးတာအိုနတ်သားရဲတစ်ကောင် ဖြစ်သည်။

အကယ်၍ မိုးကြိုးတာအိုနတ်သားရဲတစ်ကောင်က မိုးကြိုးကြောင့် သေဆုံးသွားမည်ဆိုလျှင် မိုးမြေ၏ စည်းမျဉ်းများက ကပြောင်းကပြန်ဖြစ်သွားလိမ့်မည် မဟုတ်ပါလော။

အဆုံးမဲ့သော မိုးကြိုးများက နတ်နွား၏ ခန္ဓာကိုယ်ပေါ်မှာ ကြက်ခြေခတ်သဏ္ဍာန် ပျံ့နှံ့သွားကြသည်။ ထို့နောက် ယင်းတို့က နတ်နွား၏ ခန္ဓာကိုယ်ပေါ်မှ မိုးကြိုးနတ်ဘုရားအင်းသင်္ကေတများ၏ ဝါးမျိုစုပ်ယူခံလိုက်ရသည်။

ထို့ကြောင့် လူတိုင်း၏ မျက်စိအရှေ့မှာ နတ်နွား၏ ခန္ဓာကိုယ်က ပိုပြီးထင်ရှားလာသည်။

ဟန်မူယဲ့ ဖြည်းညင်းစွာ ခြေထောက်မြှောက်လိုက်သည်နှင့် နတ်နွားသည်လည်း ခေါင်းမော့လိုက်သည်။

“ ဝေါင်း ”

သူက ခြေတစ်လှမ်းဖြင့် လေပေါ်သို့ ခုန်တတ်သွားသည်။

မိုးကြိုးစက်ကွင်းများက သူ၏ ခန္ဓာကိုယ်ပေါ်တွင် အဆက်မပြတ် လင်းလက်သွားသည်။ ထို့နောက် အရှေ့သို့ သူလက်သီးထိုးလိုက်လေရာ သူ၏ လက်သီးက ဧရာမတောင်တန်းတစ်ခုအသွင် ပြောင်းလဲသွားသည်။

ဓားမော့ကိုင်ဆောင်ထားကြသော ကောင်းကင်ဂိတ်စောင့်များသည်လည်း တုံ့ဆိုင်းမနေကြပေ။ သူတို့က ဓားမော့ကို လွှဲယမ်းလိုက်ကြသည်။

ဧရာမတောင်တန်းက အက်ကွဲသွားသော်လည်း ယင်း၏ ကျောက်တုံးကျောက်ဆောင်များထဲမှာ ကိန်းဝပ်နေသော မိုးကြိုးစက်ကွင်းများက လေထဲမှာ ပြန့်ကျဲသွားကြသည်။ ယင်းက ကောင်းကင်ဂိတ်စောင့်များကို ခန္ဓာကိုယ်ကို သိမ့်သိမ့်တုန်သွားစေသည်။

မိုးကြိုးနှင့် လျှပ်စီးက ဟန်မူယဲ့၏ လက်နှစ်ဖက်တွင် အဆက်မပြတ် စီးဆင်းသွားနေသည်။ သူလက်သီးထိုးလိုက်သည့်အခါတိုင်း အကန့်အသတ်မဲ့သော မိုးကြိုးစက်ကွင်းများက တရစပ် ထွက်ပေါ်လာကြသည်။

ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်ထဲ၌ ငြိမ်သက်နေသော မိုးကြိုးတာအိုစွမ်းအားက အပြည့်အဝ နိုးထလာသည်။

အဘယ့်ကြောင့်ဆိုသော် ယခု သူ၏ မိုးကြိုးတာအိုက ပြီးပြည့်စုံသွားပြီ ဖြစ်၏။

မူလဇစ်မြစ် ပြီးပြည့်စုံခြင်း… ။

“ အတင့်ရဲလှချည်လား ”

ကောင်းကင်ဘုံဖွင့်လှစ်ခြင်းဓားဂိတ်တံခါး၏ အပြင်ဘက်၌ မတ်တတ်ရပ်နေသော လူငယ်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။

ထိုစဉ် ကောင်းကင်ဂိတ်စောင့်များက အချင်းချင်း ပူးပေါင်းလိုက်ကြပြီး တိုက်ပွဲဝင်္ကပါတစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။

ထိုအခါ အတောင်ပံရှစ်ခုပါသော ဧရာမစစ်ဗိုလ်ချုပ်ပုံရိပ်တစ်ခုက ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာသည်။

စစ်ဗိုလ်ချုပ်ပုံရိပ်၏ လက်ထဲတွင် အရွယ်အစားကြီးမားသော ဓားမော့တစ်လက်ကို ဆုပ်ကိုင်ထားသည်။ ဓားမော့၏ မျက်နှာပြင်တစ်ခုလုံးက နက်မှောင်ပြီး အေးစက်စက်အလင်းကို ထုတ်လွှတ်နေသည်။

ထိုစစ်ဗိုလ်ချုပ်ပုံရိပ် ထွက်ပေါ်လာသည့်အခိုက် ယဇ်ပလ္လင်ပေါ်မှ နတ်ဘုရားအလင်းက ချက်ချင်း ဖိနှိပ်ခံလိုက်ရသည်။

“ သတိထား ကောင်လေး… အဲ့ဒါက ဒီဘုံကို ဖိနှိပ်ဖို့ အသူရာကောင်းကင်ဘုံက အထူးဖန်တီးထားတဲ့ ကမ္ဘာဦးကောင်းကင်ဘုံစစ်ဗိုလ်ချုပ်ပဲ ”

ကျောက်တိုင်တစ်ခုပေါ်တွင် ချုပ်နှောင်ခံထားရသော အကြီးအကဲတစ်ဦးက လှမ်းအော်လိုက်ပြီး သတိပေးသည်။

စကြာဝဠာကပ်ဘေးလား… ။

ဤသည်မှာ ဟန်မူယဲ့က သူမှလွဲ၍ စကြာဝဠာကပ်ဘေးစွမ်းအားကို ပိုင်ဆိုင်ထားသော တခြားတစ်ယောက်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

ဘာလို့ အဲ့ဒီစစ်ဗိုလ်ချုပ်ပုံရိပ်က စကြာဝဠာကပ်ဘေးစွမ်းအားကို ထိန်းချုပ်နိုင်ရတာလဲ…. ။

“ စကြာဝဠာကပ်ဘေး… ”

စူးရှသော အလင်းရောင်က ဟန်မူယဲ့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

သူက တစ်စုံတစ်ခုကို စဉ်းစားမိသွားသည်။

ထို့နောက် သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲတွင် အဆုံးမဲ့သော မူလစွမ်းအားက တစ်ဟုန်ထိုး မြှောက်တတ်လာသည်။

ဟန်မူယဲ့က သူ၏ ခေါင်းထဲမှာ ထွက်ပေါ်လာသော ထိုအတွေးကို သူကိုယ်တိုင် အတည်ပြုကြည့်ချင်သည်။

ကောင်းကင်ဘုံဖီဆန်ခြင်း… ။

ဟန်မူယဲ့က ကောင်းကင်ပေါ်သို့ ပျံတတ်သွားကြောင်း မြင်လိုက်ရသောအခါ လူတိုင်းက မျက်နှာတည်ကြည်သွားကြသည်။

အထူးသဖြင့် ကျောက်တိုင်များပေါ်မှ အစွမ်းထက်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ဤအခိုက်အတန့်မှာ သူတို့၏ မျက်လုံးက ထွန်းလင်းတောက်ပလာသည်။

သူတို့က ဤယဇ်ပလ္လင်ကို စောင့်ကြပ်ပေးနေကြပြီး အသူရာကောင်းကင်ဘုံမှ အစွမ်းထက်ပုဂ္ဂိုလ်များကို ခုခံတွန်းလှန်နေကြသည်။ တစ်ဖက်မှာတော့ အသူရာကောင်းကင်ဘုံက ထိုကောင်းကင်ဂိတ်စောင့်များကို အသုံးပြု၍ ဤဘုံကို ဖိနှိပ်နေသည်။

အသူရာကောင်းကင်ဘုံက အထက်ဘုံတစ်ခုဖြစ်ပြီး အဆင့်နိမ့်ဘုံအများအပြားကို လွှမ်းမိုးဖိနှိပ်ထားသည်။ သို့ဖြစ်၍ ကောင်းကင်ဂိတ်စောင့်များကို ဤနေရာမှာ တာဝန်ပေးထားခြင်းက သူတို့မည်မျှအင်အားကြီးမားကြောင်း ဖော်ပြလိုက်ခြင်းနှင့် မခြားပေ။

ကောင်းကင်ဂိတ်စောင့်များက ပြီးပြည့်စုံသော မူလစွမ်းအားကို ပိုင်ဆိုင်ထားကြသည့်အပြင် စကြာဝဠာကပ်ဘေးစွမ်းအားကိုလည်း အသုံးပြုနိုင်ကြသည်။

ဤနှစ်များတွင် စကြာဝဠာအသီးသီးမှ မရေမတွက်နိုင်သော အစွမ်းထက်ပုဂ္ဂိုလ်များက ကောင်းကင်ယဇ်ပလ္လင်ပေါ်၌ ကောင်းကင်ဂိတ်စောင့်များ၏ လက်ထဲမှာ အသက်ဆုံးရှုံးသွားခဲ့ကြသည်။

“ အဲ့ဒီစကြာဝဠာကပ်ဘေးက ကျုပ်တို့ခေါင်းပေါ်မှာ အမြဲတမ်း ပျံဝဲနေတဲ့ ကွပ်မျက်ဓားလိုပဲ… အစွမ်းထက်ပုဂ္ဂိုလ်အများစုက အဲ့ဒီကပ်ဘေးကနေ မလွတ်မြောက်နိုင်ခဲ့ကြဘူး ”

ဖီးနစ်က စိတ်ခံစားချက်ဖြင့် စကားပြောလိုက်သည့်အခါ ရွှေရောင်အလင်းက သူ၏ မျက်လုံးထဲမှာ ထွန်းလင်းလာပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ မီးတောက်မီးလျှံများက ပရမ်းပတာ လှုပ်ခတ်သွားသည်။

စကြာဝဠာ၏ အထွတ်အထိပ်သို့ ရောက်ရှိနေကြသော ထိုအစွမ်းထက်ပုဂ္ဂိုလ်များသည် စကြာဝဠာကပ်ဘေးကို ကြောက်ရွံ့ကြသည်။ ထို့အတူ သူတို့က စကြာဝဠာကပ်ဘေးစွမ်းအားကို သူတို့၏ ခန္ဓာကိုယ်ထဲသို့ မထည့်သွင်းဝံ့ကြချေ။

ထို့ပြင် စကြာဝဠာတစ်ခုမှာ ကမ္ဘာဦးအုပ်ချုပ်သူများက မည်မျှများများ ရှိနိုင်လိမ့်မည်နည်း။

“ စကြာဝဠာကပ်ဘေးကို ထိပ်တိုက် ရင်ဆိုင်ရဲတယ်… အဲ့ဒီကောင်လေးက တကယ် အကြောက်အရွံ့မဲ့တာပဲ… ”

မိုးပြာရောင်နဂါးက ကောင်းကင်ပေါ်သို့ ပျံတတ်သွားနေသော ဟန်မူယဲ့ကို ကြည့်လိုက်ပြီး သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။

ဤအခိုက်အတန့်မှာ ကောင်းကင်ဘုံသို့ လမ်းကြောင်းထဲမှ ထွက်ပြေးလွတ်မြောက်လာကြသော ထိုအစွမ်းထက်ပုဂ္ဂိုလ်များသည် မျက်တောင်တစ်ချက်မခတ်ဘဲ ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။

သူတို့အားလုံးက အထွတ်အထိပ်ပုဂ္ဂိုလ်များ ဖြစ်ကြသော်လည်း သူတို့က ဟန်မူယဲ့ကဲ့သို့ အစွမ်းမထက်သလို ရဲစွမ်းသတ္တိလည်း မရှိကြချေ။

သူတို့က ယနေ့မှာ အကျိုးအမြတ်အများကြီး ရရှိခဲ့ကြပြီး သူတို့၏ ကျင့်ကြံခြင်းစွမ်းအားက ကြီးကြီးမားမား တိုးမြှင့်သွားခဲ့ကြသည်။ သူတို့ထဲမှ တချို့က မူလဇစ်မြစ်ပြီးပြည့်စုံခြင်းကို ရရှိရန် အခွင့်အရေးတစ်ခု ရရှိခဲ့ကြသည်။ သို့တိုင်အောင် သူတို့က ဟန်မူယဲ့နှင့် နှိုင်းယှဉ်လျှင် အလွန်နိမ့်ကျနေဆဲပင်။

ယင်းက ကျင့်ကြံခြင်းစွမ်းအား ကွာခြားမှု မဟုတ်ပေ။ ယင်းအစား စိတ်ဓာတ်စွမ်းအား ကွာခြားမှု ဖြစ်သည်။

“ ကျေးဇူးပြုပြီး အဲ့ဒီကောင်လေး မသေပါစေနဲ့… ”

မုတ်ဆိတ်ဖြူအကြီးအကဲတစ်ယောက်က စိတ်ရှုပ်ထွေးသော အမူအရာဖြင့် နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။

ဟန်မူယဲ့က ကောင်းကင်ပေါ်သို့ ရူးသွပ်စွာ ပျံတတ်သွားနေကြောင်း မြင်လိုက်သောအခါ ဟွမ်ကျစ်ဟူက အံတင်းတင်းကြိတ်လိုက်ပြီး သူ၏ လက်ထဲမှ ဓားကို တင်းကျပ်စွာ ဆုပ်လိုက်သည်။

ဟွမ်ကျစ်ဟူ၏ အနောက်မှာ မတ်တတ်ရပ်နေကြသော လက်ရွေးစင်ကျင့်ကြံသူသုံးသောင်းသည်လည်း စိတ်လှုပ်ရှားလာကြသည်။ တိုက်ပွဲစိတ်ဆန္ဒက သူတို့၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးထွက်လာလေရာ သူတို့၏ မျက်လုံးများက မီးဟုန်းဟုန်းတောက်လာသည်။

ဤအခိုက်အတန့်မှာ သူတို့၏ စိတ်ခံစားချက်များက အလွန်ပြင်းထန်သွားသည်။

ယနေ့ မြင်ကွင်းကို မြင်တွေ့လိုက်ရသော သူတို့၏ အကြီးအကဲများသည်ပင် သူတို့၏ စိတ်ခံစားချက်များကို ထိန်းချုပ်ရန် ခက်ခဲသွားကြသည်။

ထိုလူတစ်ယောက်တည်းသာလျှင် ကောင်းကင်ဘုံကို အန်တုရန် ထိုသို့ရူးမိုက်ဝံ့သည်။

“ ငါတို့ကျင့်ကြံတယ်ဆိုတာ ဘာအတွက်လဲ… တစ်နေ့မှာ ဒီလိုရူးသွပ်တဲ့လူ ဖြစ်လာနိုင်ဖို့ မဟုတ်ဘူးလား ”

“ တစ်ဘဝလုံးစာ ကျင့်ကြံလာပြီး ကိုယ့်စိတ်ကိုယ် မထိန်းချုပ်နိုင်ဘူးဆိုရင် ကျင့်ကြံတာက ဘာအသုံးဝင်မှာလဲ ”

“ စကြာဝဠာကပ်ဘေးဟုတ်လား… တကယ်တော့ အဲ့ဒါက သေခြင်းရှင်ခြင်းလေးပါပဲ… ”

ဖြစ်နိုင်သည်မှာ လူငယ်မျိုးဆက်သစ် လက်ရွေးစင်များသည်သာ ထိုသို့ရူးမိုက်ဝံ့ပြီး အံ့ဖွယ်ကောင်းသော တိုက်ပွဲစိတ်ဆန္ဒကို ပိုင်ဆိုင်နိုင်ကြလိမ့်မည်။

တခြားလူများသည်တော့ ထိုသို့လုပ်ဆောင်ဝံ့လိမ့်မည် မဟုတ်ချေ။

All Chapters