အခန်း (၁၄၉၄)
Vol. 107 Ch. 1394
“ ရွှီး ”
ကောင်းကင်ထက်တွင် စစ်ဗိုလ်ချုပ်ပုံရိပ်က လက်ဝါးရိုက်ချက်တစ်ခုကို ထုတ်ဖော်လိုက်သည်။
ထိုအခါ မီးခိုးရောင်လေပွေတစ်ခုက ချက်ချင်း ထွက်ပေါ်လာပြီး ဟန်မူယဲ့ထံသို့ ဦးတည်သွားသည်။
ထိုစွမ်းအားက ထူးဆန်းပြီး ရုတ်တရက် ထွက်ပေါ်လာကာ ဟန်မူယဲ့ကို ချက်ချင်း လွှမ်းခြုံသွားသည်။
“ အဲ့ဒါ စကြာဝဠာကပ်ဘေးစွမ်းအား… မင်းမလုပ်… ”
ဒုစရိုက်နဂါးက မျက်လုံးပြူးကျယ်သွားပြီး အလန့်တကြား အော်ပြောလိုက်သည်။
သို့သော်လည်း သူ၏ စကားမဆုံးခင်မှာ မီးခိုးရောင်စွမ်းအင်စီးကြောင်းများက နဂါးများသဖွယ် ဟန်မူယဲ့၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားကြသည်။
“ ပြီးသွားပြီ ”
ယင်းက လူတိုင်း၏ အတွေးဖြစ်သည်။
စကြာဝဠာကပ်ဘေးစွမ်းအားကို မရှောင်တိမ်းနိုင်သလို မခုခံနိုင်ပေ။
ဤလောကတွင် စကြာဝဠာကပ်ဘေးကို ခုခံနိုင်သည့်အရာများက အလွန်နည်းပါးသည်။
စကြာဝဠာကပ်ဘေးက ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်နှင့် ထိုလူမှာ လွတ်လမ်းရှိတော့မည် မဟုတ်ချေ။
“ ရွှီး ”
တူညီသော ပဲ့တင်ပြန်သံက ဟန်မူယဲ့၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။
သုံးပေရှည်လျားသော ဓားတစ်လက် ဖွဲ့စည်းသွားသည်။
ပေတစ်ရာရှည်လျားသော ဓားအလင်းက သူ၏ ဦးခေါင်းထက်တွင် လွင့်မျောသွားပြီး တိမ်တိုက်အလွှာများကို ဖန်တီးပေးလိုက်သည်။
“ ဓားတာအို အုပ်ချုပ်သူလား ”
ကောင်းကင်ဘုံဖွင့်လှစ်ခြင်းဓားဂိတ်တံခါး၏ အပြင်ဘက်မှ လူငယ်က ပြုံးလိုက်သည်။
“ ဒီလိုစွမ်းအားနဲ့ဆိုရင် တကယ်လို့ သူသာ ကောင်းကင်ဘုံဖွင့်လှစ်ခြင်းဓားဂိတ်တံခါးကို ရိုသေကျိုးနွံစွာ ဝင်ရောက်ခဲ့မယ်ဆိုရင် အသူရာကောင်းကင်ဘုံဆီ တကယ်ပဲ သူတတ်လှမ်းနိုင်လိမ့်မယ် ”
“ မင်းသာ ငါ့ကို စောစော အညံ့ခံခဲ့မယ်ဆိုရင် မင်းရဲ့ အသက်ကို ငါချမ်းသာပေးနိုင်တယ်… အခုတော့ စိတ်မကောင်းစရာပဲ ”
စကြာဝဠာကပ်ဘေးစွမ်းအားက ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီဖြစ်လေရာ နောက်ထပ် အခွင့်အရေးမရှိတော့ချေ။
ယဇ်ပလ္လင်ပေါ်တွင် တိတ်ဆိတ်မှုက အရာအားလုံးကို ကြီးစိုးသွားသည်။
ထူးဆန်းသော မီးခိုးရောင်အရှိန်အဝါက ဟန်မူယဲ့ကို ဖုံးလွှမ်းသွားနေကြောင်း လူတိုင်း မြင်လိုက်ကြရသည်။
ဖြစ်နိုင်သည်မှာ သူက ယင်းကို တဒင်္ဂမျှ ခုခံနိုင်လိမ့်မည်။ သို့သော်လည်း နောက်ဆုံးမှာ သူက စကြာဝဠာကပ်ဘေးအောက်မှာ သေဆုံးသွားရလိမ့်မည်။
ထိုအခိုက်အတန့်မှာ ဟန်မူယဲ့က မျက်လုံးမှိတ်လိုက်သည်။
သူ၏ ခန္ဓာကိုယ်ထဲမှ မီးခိုးရောင်စကြာဝဠာကပ်ဘေးစွမ်းအားက လှည့်ပတ်သွားသည်။
အကယ်၍ သူသာ အတိတ်၌ စကြာဝဠာကပ်ဘေးစွမ်းအား အမျှင်တန်းတစ်ခုကို မဖမ်းဆုပ်နိုင်ခဲ့လျှင် သူ၏ ခန္ဓာကိုယ်က တခြားလူများတွေးထင်သကဲ့သို့ ပျက်စီးသွားလိမ့်မည်။
ဤတစ်ကြိမ်တွင် သူက စကြာဝဠာကပ်ဘေးစွမ်းအားကို ကောင်းမွန်စွာ နားလည်သွားသည်။
ဤစကြာဝဠာ၏ မူလဇစ်မြစ်က မပြည့်စုံပေ။
ပျောက်ဆုံးနေသော အစိတ်အပိုင်းက ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်နှင့် မြေပြင်ကြားထဲမှာ တည်ရှိနေသည်။
ယင်းက စကြာဝဠာကပ်ဘေး ဖြစ်သည်။
စကြာဝဠာကပ်ဘေးက ထိုဗလာနတ္ထိကို တဖြည်းဖြည်း ချဲ့ထွင်ပေးနေသော စွမ်းအားဖြစ်သည်။ နောက်ပိုင်းမှာ ထိုစကြာဝဠာကပ်ဘေးက ဘုံတစ်ခုလုံးကို ဖုံးလွှမ်းသွားလိမ့်မည်။
စကြာဝဠာကပ်ဘေးကို ချိုးဖြတ်ရန် နည်းလမ်းနှစ်ခု ရှိသည်။
နည်းလမ်းတစ်ခုမှာ ဆုံးရှုံးသွားသော မူလဇစ်မြစ်အစိတ်အပိုင်းကို ပြန်အားဖြည့်ပေးရန် ဖြစ်သည်။
ယင်းက အလွန်ခက်ခဲသည်။
အဘယ့်ကြောင့်ဆိုသော် မည်သည့်မူလစည်းမျဉ်းများက ပျောက်ဆုံးနေကြောင်း မည်သူမှ မသိသောကြောင့် ဖြစ်၏။
ဒုတိယနည်းလမ်းမှာ ယင်းကို ပြီးပြည့်စုံသော မူလဇစ်မြစ်ရှိသည့် တခြားစကြာဝဠာဖြင့် ပေါင်းစပ်ရန် ဖြစ်သည်။
စကြာဝဠာကပ်ဘေးအတွင်း ဤဘုံ မပျက်စီးသွားရသည့် အကြောင်းအရင်းမှာ လောကတစ်သောင်းယှဉ်ပြိုင်ပွဲကုန်းမြေက ယင်းကို ဖိနှိပ်ထားသောကြောင့် ဖြစ်သည်။
အသူရာကောင်းကင်ယဇ်ပလ္လင်က လောကတစ်သောင်းကုန်းမြေကို ဖိနှိပ်ထားပြီး ယင်း၏ မူလဇစ်မြစ်ကို ပျက်စီးခြင်းနှင့် မွေးဖွားခြင်းသံသရာထဲမှာ လည်ပတ်စေလိမ့်မည်။
တဖန် လောကတစ်သောင်းကုန်းမြေက ဤဘုံတစ်ခုလုံးကို ဖိနှိပ်ပြီး စကြာဝဠာကပ်ဘေးစွမ်းအားကို စကြာဝဠာအား ဝါးမျိုရန် ခွင့်ပြုပေးလိမ့်မည်။ သို့တိုင် အနာဂတ်မှာ ယင်းက နောက်တစ်ကြိမ် ပြန်ကောင်းမွန်လာလိမ့်မည်။
ယင်းတို့က အပျက်အစီးနယ်မြေများ ဖြစ်ကြသည်။
အတိတ်မှာ အံ့ဖွယ်ကိုးပါးတောင်သခင်က ထိုသို့လုပ်ဆောင်ရန် အသူရာကောင်းကင်ဘုံထဲသို့ ဝင်ရောက်သွားခဲ့သည်။
သူက အသူရာကောင်းကင်ဘုံ၏ တစ်စိတ်တစ်ပိုင်းကို အက်ကွဲစေပြီး ယင်းကို လောကတစ်သောင်းယှဉ်ပြိုင်ပွဲကုန်းမြေအဖြစ် ပြောင်းလဲပစ်ခဲ့သည်။
“ ဓားနတ်ဘုရားလုယွဲ့ အသူရာကောင်းကင်ဘုံဆီ ဝင်ရောက်သွားတာ မထူးဆန်းတော့ပါဘူး… သူက အဲ့ဒီစကြာဝဠာကို ခုတ်ပိုင်းခဲ့တဲ့လူ ဖြစ်ရမယ် ”
ဟန်မူယဲ့က တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူက တဖန် မျက်လုံးဖွင့်လှစ်လိုက်သည်။
ထိုအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်အတွင်းမှ စကြာဝဠာကပ်ဘေးစွမ်းအားက ရုတ်တရက် တုန်ယင်လာသည်။ ဤသည်မှာ တိမ်တိုက်များက ပရမ်းပတာ လှုပ်ယမ်းနေသည့်အလားပင်။
သူ၏ မူလဇစ်မြစ်က အလွန်တောင့်တင်းသန်မာလေရာ စကြာဝဠာကပ်ဘေးစွမ်းအားသည်ပင် သူ့ကို အန္တရာယ်မပြုနိုင်ပေ။
လူတိုင်း၏ အမြင်တွင် ဟန်မူယဲ့က မူလနေရာမှာ ရပ်နေပြီး မီးခိုးရောင်အရှိန်အဝါက သူ၏ ခန္ဓာကိုယ်ကို ဝန်းရံထားသည်။ သို့တိုင် သူ၏ အမူအရာက နည်းနည်းမှ မပြောင်းလဲသွားချေ။
“ အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ”
ဒုစရိုက်နဂါးက စိတ်ရှုပ်ထွေးစွာ တီးတိုးရေရွတ်လိုက်သည်။
မိုးပြာရောင်နဂါးသည်လည်း မျက်လုံးပြူးကျယ်သွားသည်။ ဟန်မူယဲ့ကို သူအာရုံစိုက်လိုက်သည့်အခါ တစ်ဖက်လူ၏ ဘေးပတ်ပတ်လည်မှ စကြာဝဠာကပ်ဘေးစွမ်းအားက ဗလာနတ္ထိအဖြစ် ဖြည်းဖြည်းချင်း ပြောင်းလဲသွားပြီး သူ၏ ပုံရိပ်က တည်ငြိမ်စွာ ပြန်ထွက်ပေါ်လာကြောင်း မြင်လိုက်ရသည်။
စကြာဝဠာကပ်ဘေးစွမ်းအားက သူ့ရဲ့ ခန္ဓာကိုယ်ကို မဖျက်ဆီးနိုင်ဘူးလား… ။
ဒီလောကမှာ စကြာဝဠာကပ်ဘေးထက် သာလွန်တဲ့စွမ်းအား ရှိသေးတာလား… ။
ဤအခိုက်အတန့်မှာ ယဇ်ပလ္လင်၏ အတွင်းနှင့်အပြင်မှ လူတိုင်းက ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။
စကြာဝဠာကပ်ဘေးက လူတိုင်းကြောက်ရွံ့ရသောအရာ ဖြစ်၏။ သို့တိုင် ယင်းက ဟန်မူယဲ့အပေါ် နည်းနည်းမှ သက်ရောက်မှုမရှိပေ။
ဒီလောကမှာ ဆရာဟန် မလုပ်နိုင်တာ ရှိသေးရဲ့လား… ။
“ ဗုန်း ”
ကောင်းကင်ပေါ်မှ စစ်ဗိုလ်ချုပ်ပုံရိပ်က ဟန်မူယဲ့၏ လုပ်ရက်ကြောင့် ဒေါသထွက်သွားဟန် ရ၏။ ၎င်းက ဓားမော့ဖြင့် ဟန်မူယဲ့ကို တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။
ထိုဓားချက်ထဲမှာ မဟာတာအို၏ အရှိန်အဝါလည်း ကိန်းအောင်းနေသည်။ မဟာတာအိုက စကြာဝဠာကပ်ဘေးစွမ်းအားနှင့် ပေါင်းစပ်သွားပြီး ဝဲကတော့တစ်ခုအဖြစ် ပြောင်းလဲသွားကာ ဟန်မူယဲ့ပေါ်သို့ ထပ်မံ ဖိချလိုက်သည်။
“ သန်မာလိုက်တာ ”
ဟန်မူယဲ့က ခေါင်းမော့လိုက်ပြီး စိတ်ထဲမှာ တိတ်တဆိတ် ချီးကျူးလိုက်သည်။
ထိုစစ်ဗိုလ်ချုပ်ပုံရိပ်သည် ကပ်ဘေးစွမ်းအားကို ထိန်းချုပ်နိုင်ရုံသာမက မဟာတာအိုစွမ်းအားကိုလည်း အသုံးပြုနိုင်သည်။
အစောနက မိုးကြိုးစွမ်းအားနှင့် ကပ်ဘေးစွမ်းအားက ဟန်မူယဲ့၏ ခန္ဓာကိုယ်ကို ထိမှန်သွားစဉ် တစ်ဖက်လူက မိုးကြိုးစွမ်းအားကိုဖြစ်စေ စကြာဝဠာကပ်ဘေးစွမ်းအားကိုဖြစ်စေ မမှုကြောင်း ၎င်းအာရုံခံမိခဲ့သည်။
သို့ဖြစ်၍ ဤတစ်ကြိမ်တွင် ၎င်းက စည်းမျဉ်းစွမ်းအားကို ထုတ်လွှတ်လိုက်သည်။
သန့်စင်သော စည်းမျဉ်းစွမ်းအားက စကြာဝဠာကပ်ဘေးစွမ်းအားနှင့် ပေါင်းစပ်သွားသည်။
ဤလောကတွင် အားနည်းချက်ကင်းမဲ့သူ မရှိပေ။
ဟန်မူယဲ့က မိုးကြိုးစွမ်းအားကို ကောင်းမွန်စွာ အသုံးပြုနိုင်သည်ဆိုမှတော့ သူ၏ ရုပ်ခန္ဓာကိုယ်က အားနည်းချက်ဖြစ်ရမည်။
ဓားမော့ရှည်မှ ထုတ်လွှတ်လိုက်သော စွမ်းအင်ဝဲကတော့က ဟန်မူယဲ့၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်လိမ့်မည်။
ဝဲကတော့ထွက်ပေါ်လာသည်နှင့်ချက်ချင်း ကြမ်းတမ်းသော လေပြင်းက ယဇ်ပလ္လင်ပေါ်မှာ တိုက်ခတ်သွားသည်။
အချင်းမိုင်သန်းတစ်ထောင် ကျယ်ဝန်းသော ဧရိယာက လေမုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ဟန်မူယဲ့သည်တော့ လေမုန်တိုင်း၏ အလယ်ဗဟိုမှာ တည်ရှိနေပြီး လောကတစ်ခုလုံး၏ အဖျက်အဆီးလေကြမ်းများကို ခံယူလိုက်ရသည်။
“ အရမ်းသန်မာတယ်… ”
အင်မော်တယ်ဘုရင်တစ်ပါးက ထိုလေကြမ်းဖြင့် အဖျားရိုက်ခတ်ခံလိုက်ရသည့်အခါ သူက ဒယိမ်းဒယိုင်ဖြစ်သွားပြီး မျက်နှာဖြူဖျော့သွားသည်။
မနီးမဝေးတွင် အားနည်းသော အင်မော်တယ်ဘုရင်များက လေမုန်တိုင်း၏ ဝါးမျိုစုပ်ယူခံလိုက်ကြရသည်။
“ ဟူး ”
ဟန်မူယဲ့က လက်သီးကို တင်းတင်းကျပ်ကျပ် ဆုပ်လိုက်ပြီး အရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ ထို့နောက် သူက အားမာန်ပြင်းထန်စွာ လက်သီးထိုးလွှတ်လိုက်သည်။
ထိုအခါ သူ၏ အရှေ့တွင် ရွှေရောင်လှိုင်းတစ်ခု ထွက်ပေါ်လာပြီး လက်သီးပုံရိပ်အဖြစ် အသွင်ပြောင်းလဲသွားကာ အရှေ့သို့ ဆက်လက် ပျံသန်းသွားသည်။
ထိုလက်သီးပုံရိပ်က လေမုန်တိုင်းနှင့် နှိုင်းယှဉ်လျှင် အလွန်အမင်း သေးနုတ်သည်။ သို့တိုင် လက်သီးပုံရိပ်က လေမုန်တိုင်းနှင့် တွေ့ဆုံသွားသည့်အခိုက် သူ၏ အရှေ့မှ ဟင်းလင်းပြင်က တိုက်ရိုက် အက်ကွဲသွားသည်။
“ ဘန်း ”
အချင်းမိုင်တစ်သောင်းကျယ်ဝန်းသော ကောင်းကင်က ပြိုကွဲသွားသည်။
နောက်အခိုက်အတန့်မှာ အချင်းမိုင်တစ်သောင်းကျယ်ဝန်းသော ဧရိယာက သေးငယ်သော ရွှေရောင်အစက်အပြောက်များအဖြစ် ပြောင်းလဲသွားပြီး အရပ်မျက်နှာအသီးသီးသို့ ပြန့်ကျဲသွားကြသည်။
ကြောက်မက်ဖွယ်ကောင်းသော လေမုန်တိုင်းသည်လည်း ထိုလက်သီးချက်ကြောင့် ဗလာနတ္ထိအဖြစ် လွင့်ပြယ်သွားသည်။
ထိုရုတ်တရက် အပြောင်းအလဲက ဓားမော့ကိုင်ထားသော စစ်ဗိုလ်ချုပ်ပုံရိပ်ကို အပြင်းအထန် တုန်ယင်သွားစေသည်။ ဤသည်မှာ ၎င်းက ပြိုကွဲပျက်စီးသွားတော့မည့်အလားပင်။
ကောင်းကင်ဘုံဖွင့်လှစ်ခြင်းဓားဂိတ်တံခါး၏ အပြင်ဘက်တွင် အသူရာကောင်းကင်ဘုံမှ လူငယ်က မျက်လုံးပြူးကျယ်သွားသည်။
ယဇ်ပလ္လင်ပေါ်မှ ကျင့်ကြံသူအားလုံးက ဟန်မူယဲ့ကို မယုံကြည်နိုင်စွာ ကြည့်လိုက်ကြသည်။
အစောနက လက်သီးချက်၏ အင်အားက ကောင်းကင်ဘုံကို ဖီဆန်ရန် လုံလောက်သည်။
“ အဲ့ဒီကောင်လေးက နဂါးမီကျောင်းရဲ့ သွေးစွမ်းအားကို အမွေဆက်ခံထားတယ် ”
ဒုစရိုက်နဂါးက ပြုံးလိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။
နဂါးမီကျောင်း… ။
မိုးပြာရောင်နဂါးနှင့် ဖီးနစ်က အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သို့သော်လည်း သူတို့က မည်သည့်မှတ်ချက်မှ မပေးချေ။
အံ့ဩစရာမဟုတ်တော့ဘူး… ။
ဟန်မူယဲ့က လက်သီးတစ်ချက်ဖြင့် စစ်ဗိုလ်ချုပ်ပုံရိပ်၏ သဘာဝလွန်စွမ်းအားကို ချိုးဖြတ်လိုက်လေရာ စစ်ဗိုလ်ချုပ်ပုံရိပ်က တဒင်္ဂ မိန်းမောသွားသည်။
ဟန်မူယဲ့က တစ်ဖက်လူကို နောက်ထပ် အခွင့်အရေးမပေးတော့ချေ။ သူက အရှေ့သို့ ပျံတတ်သွားပြီး လက်သီးတစ်လုံးပြီးတစ်လုံး ထိုးသွင်းလိုက်သည်။ ကြမ်းတမ်းသော လေပြင်းကို သယ်ဆောင်လာသည့် လက်သီးပုံရိပ်အမြောက်အများက စစ်ဗိုလ်ချုပ်ပုံရိပ်ထံသို့ တန်းမတ်စွာ ကျဆင်းသွားသည်။
သို့တိုင် သူက နေရာမှာ ရပ်တန့်မနေပေ။ သူက လက်မြှောက်လိုက်ပြီး မိုးကြိုးသွားအများအပြားကို ကောင်းကင်ဂိတ်စောင့်များထံသို့ ပစ်လွှတ်လိုက်သည်။
မိုးကြိုးသွားများ ဆင်းသက်လာသည့်အခါ စစ်ဗိုလ်ချုပ်ပုံရိပ်၏ ခန္ဓာကိုယ်က ပိုပြီးပြင်းထန်စွာ တုန်ယင်လာသည်။
“ ဗုန်း ”
လက်သီးအချက်တစ်ရာ ထိုးလွှတ်ပြီးနောက် စစ်ဗိုလ်ချုပ်ပုံရိပ်က နောက်ဆုံးမှာ ပေါက်ကွဲသွားသည်။
ကောင်းကင်ဂိတ်စောင့်များ၏ တိုက်ပွဲဝင်္ကပါသည်လည်း မရေမတွက်နိုင်သော မိုးကြိုးသွားများဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။
ကောင်းကင်ဂိတ်စောင့်များက မိုးကြိုးသွားများအား ခုခံကာကွယ်နေသည်ကို ဟန်မူယဲ့က လျစ်လျူရှုထားလျက် ကောင်းကင်ဘုံဖွင့်လှစ်ခြင်းဓားဂိတ်တံခါး၏ အပြင်ဘက်မှ လူငယ်ကို လှမ်းကြည့်လိုက်သည်။
လူငယ်က တဒင်္ဂဆွံ့အသွားသည်။
ဟန်မူယဲ့က လေထဲသို့ ခုန်တတ်သွားစဉ် သူ၏ ဓားက အဆုံးမဲ့သော မိုးကြိုးသွားများကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် သူက ကောင်းကင်ဘုံဖွင့်လှစ်ခြင်းဓားဂိတ်တံခါးထံသို့ တန်းမတ်စွာ ဦးတည်သွားသည်။
အဆုံးမဲ့သော မိုးကြိုးသွားများက သူ့ထံသို့ ဆင်းသက်လာနေကြောင်း မြင်သွားသောအခါ လူငယ်က ကြောက်လန့်တုန်လှုပ်သွားပြီး အမြန်ထွက်ပြေးသည်။
ဓားအလင်းက ကောင်းကင်ဘုံဖွင့်လှစ်ခြင်းဓားဂိတ်တံခါးကိုသာမက ရွှေရောင်အလင်းထောင့်တိုင်ကိုလည်း ထိမှန်သွားသည်။
မိုးကြိုးက ပေါက်ကွဲသွားသည့်အခါ ရွှေရောင်အလင်းထောင့်တိုင်က စတင်တုန်ခါသွားသည်။
ဟန်မူယဲ့က ဓားဆုပ်ကိုင်လျက် ကောင်းကင်ဘုံဖွင့်လှစ်ခြင်းဓားဂိတ်တံခါး၏ အပြင်ဘက်မှာ မတ်တတ်ရပ်လိုက်သည်။ အလွန်အားကောင်းသော တိုက်ပွဲစိတ်ဆန္ဒက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ဤအခြေအနေထိ ရောက်လာပြီဆိုမှတော့ မည်သို့ကြောင့် သူက ကောင်းကင်ဘုံဖွင့်လှစ်ခြင်းဓားဂိတ်တံခါးထဲသို့ မဝင်ရောက်ရမည်နည်း။ ယင်းက သူ့ပုံစံမဟုတ်ပေ။
သူက နောက်ထပ် တုံ့ဆိုင်းမနေဘဲ ရွှေရောင်အလင်းထောင့်တိုင်ထဲသို့ ဝင်ရောက်သွားသည်။
အလင်းထောင့်တိုင်ထဲတွင် အဆုံးမဲ့သော အလင်းစီးကြောင်းက သူ၏ ခန္ဓာကိုယ်ကို ချက်ချင်း ဖုံးလွှမ်းသွားသည်။
ယင်းက မူလစွမ်းအား၏ အားဖြည့်ပေးမှု ဖြစ်သည်။
သို့သော်လည်း တခြားလူများနှင့် မတူညီသည်မှာ ဟန်မူယဲ့၏ ဘေးပတ်ဝန်းကျင်မှ အလင်းစီးကြောင်းက အလွန်အမင်း ပေါကြွယ်ဝပြီး မျက်စိကျိန်းစပ်လုနီးပါး ထွန်းလင်းတောက်ပသည်။
ယင်း၏ ဆိုလိုရင်းမှာ သူက မူလစွမ်းအားအများကြီး လိုအပ်နေသောကြောင့် မဟုတ်ပေ။ ယင်းအစား သူ၏ ကျင့်ကြံခြင်းလမ်းခရီးတွင် သူက အရေအတွက် အလွန်များပြားသော စည်းမျဉ်းများကို နားလည်ထားခြင်းကြောင့် ဖြစ်သည်။
သူ၏ စည်းမျဉ်းတစ်ခုစီက အားဖြည့်ပေးရန် လိုအပ်လေရာ ထုံးစံအားဖြင့် ထိုအလင်းစီးကြောင်းက အလွန်ပေါကြွယ်ဝပြီး ထွန်းလင်းတောက်ပသည်။
“ လေ ”
“ ရေ ”
“ မီး ”
“ သူရိန်နေမင်း ”
ဟန်မူယဲ့က ကောင်းကင်နှင့် မြေပြင်ကြားမှ စွမ်းအင်တစ်မျိုးစီကို အာရုံခံလိုက်သည်။ ဤအခိုက်အတန့်မှာ နတ်ဘုရားအလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
သူ၏ အရှိန်အဝါသည်လည်း အလွန်တောက်ပပြီး နက်နဲသိမ်မွေ့လာသည်။
“ အခု ငါနားလည်သွားပြီ ”
သူက တိုးညင်းစွာ ရေရွတ်လိုက်လေရာ သူ၏ ခန္ဓာကိုယ်တစ်ဝိုက်မှ အရှိန်အဝါက သူ၏ ဘေးပတ်ပတ်လည်မှ အဆုံးမဲ့သော အလင်းစီးကြောင်းကို တွန်းထုတ်လိုက်သည်။
ဤအခိုက်အတန့်မှာ မည်သို့ကြောင့် အံ့ဖွယ်ကိုးပါးတောင်သခင်က သူ့အား ရတနာခုနစ်ပါးကို စုဆောင်းစေလိုကြောင်း ဟန်မူယဲ့ နားလည်သွားသည်။
မည်သို့ကြောင့် မဟာနေမင်းရွှေကျီးကန်းက ကောင်းကင်ပေါ်မှာ နေလုံးအဖြစ် အသွင်ပြောင်းလဲသွားခဲ့ကြောင်း သူနားလည်သွားသည်။
မည်သို့ကြောင့် ဤနေရာမှာ အပျက်အစီးနယ်မြေအများကြီး ရှိနေရကြောင်းကိုလည်း သူနားလည်သွားသည်။
ဤဘုံ၏ ပျောက်ဆုံးနေသော မူလဇစ်မြစ်အစိတ်အပိုင်းက ထိုရတနာခုနစ်ပါးထဲမှာ ထိန်းချုပ်ခံထားရသည်။
အံ့ဖွယ်ကိုးပါးတောင်သခင်က ဤဘုံ၏ ပျောက်ဆုံးနေသော မူလဇစ်မြစ်ကို အားဖြည့်ပေးရန်အလို့ငှာ ရတနာခုနစ်ပါးကို သန့်စင်ခဲ့သည်။
“ ဒါကြောင့်မို့လို့ သစ်သားနတ်ဘုရားက ဒီဘုံရဲ့ သစ်သားဒြပ်စင်စွမ်းအားကို အသူရာကောင်းကင်ဘုံ ခိုးသွားတဲ့နောက်မှာ ကျန်ရစ်ခဲ့တာပဲ ”
“ ဒါကြောင့်မို့လို့ ရွှေကျီးကန်းကလန်က ဖျက်ဆီးခံခဲ့ရတာ ”
“ ဒါကြောင့်မို့လို့ မျှော်လင့်ချက်မီးတောက်က ခရမ်းနေမင်းမီးပြင်းဖိုထဲမှာ စုဝေးနေတာ ”
…..
ဟန်မူယဲ့က အကြောင်းအရာအမျိုးမျိုးကို ဆင်ခြင်နားလည်သွားသည့်အခါ သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားက တစ်ဟုန်ထိုး မြင့်တတ်သွားသည်။
သူဉာဏ်အလင်းရသွားသည့်အခါ အဘယ့်ကြောင့် သူက တခြားလူများနှင့် မတူညီဘဲ ကပ်ဘေးစွမ်းအားကို ထိန်းချုပ်နိုင်နေကြောင်း ယခု နားလည်သွားသည်။
သူ၏ မူလဇစ်မြစ်က ဤဘုံမှ မဟုတ်သောကြောင့် ဖြစ်သည်။၁၄