← Chapters

အခန်း (၁၄၉၇)

Vol. 107 Ch. 1497

အခန်း (၁၄၉၇)

Vol. 107 Ch. 1497

ဟန်မူယဲ့က သူ၏ နတ်ဘုရားမီးတောက်များကို ပြန်ရုပ်သိမ်းလိုက်သည်။ ယခု သူ၏ နတ်ဘုရားမီးတောက်တစ်ထောင်က အသိစိတ်ရှိသွားကြပြီ ဖြစ်၏။

ဟွမ်ကျစ်ဟူနှင့် လက်ရွေးစင်ကျင့်ကြံသူများက တိုက်ပွဲမြေပြင်ကို စတင်ရှင်းလင်းလိုက်ကြသည်။ သူတို့က အသူရာကောင်းကင်ဘုံမှ စစ်သည်တော်များ၏ လက်နက်များကို စုဆောင်းလိုက်ကြသည်။ ယင်းတို့က ဤဘုံမှာ တန်ဖိုးမကြီးမားသော်လည်း အဆင့်နိမ့်ဘုံများတွင်တော့ ယင်းတို့က အလွန်သန်မာသော မူလစွမ်းအင်ရတနာများအဖြစ် သတ်မှတ်ခံကြရလိမ့်မည်။

တခြားအင်အားစုများသည်လည်း ရတနာများ စုဆောင်းရန် လုပ်ဆောင်လိုက်ကြသည်။ တစ်ချိန်တည်းမှာ သူတို့က သူတို့ကိုယ်ပိုင်မူလစွမ်းအားကို အားပြန်ဖြည့်လိုက်ကြသည်။

ဤအခိုက်အတန့်မှာ ကောင်းကင်ဘုံဖွင့်လှစ်ခြင်းဓားဂိတ်တံခါးထဲသို့ ဝင်ရောက်လာကြသော ကျင့်ကြံသူများက အရေအတွက် တစ်သန်းကျော်သွားသည်။

ဤအခွင့်အရေးက သူတို့အတွက် လုံးဝ စိတ်ကူးမယဉ်နိုင်သောအရာ ဖြစ်၏။

“ ကောင်းကင်ဘုံဖွင့်လှစ်ခြင်းဓားဂိတ်တံခါးက နောက်ထပ် သုံးရက်ကြာ တောင့်ခံနိုင်လိမ့်မယ်… သုံးရက်ကြာပြီးရင် ဂိတ်တံခါးက ပိတ်သွားလိမ့်မယ်… နောက်တစ်ခါ ပြန်ပွင့်ဖို့ဆိုရင် အနည်းဆုံး အနှစ်တစ်ထောင်ကြာလိမ့်မယ် ”

ဟန်မူယဲ့က ဘေးဘီကို ကြည့်လိုက်ပြီး တည်ငြိမ်သော အမူအရာဖြင့် ပြောသည်။

သူက ယဇ်ပလ္လင်မှ မှတ်ဉာဏ်များကို စုပ်ယူပြီးပြီ ဖြစ်၏။ သို့ဖြစ်၍ ဂိတ်တံခါးဖွင့်လှစ်မည့် ကြာချိန်နှင့် တခြားကိစ္စများကို အသေးစိတ် သူနားလည်ထားသည်။

“ အသူရာကောင်းကင်ဘုံထဲမှာ နေခဲ့ဖို့ ဆန္ဒရှိတဲ့ တာအိုရောင်းရင်းတွေက ဒီဟာကို အခွင့်အရေးတစ်ခုအဖြစ် အသုံးချပြီး ဒီက သတ္ထုပစ္စည်းတွေနဲ့ ခင်ဗျားတို့ရဲ့ ရတနာတွေကို သန့်စင်ကြပါ ”

ဟန်မူယဲ့က အကြံဉာဏ်ပေးသည်။

“ အဆင့်နိမ့်ဘုံဆီ ပြန်သွားမယ့်လူတွေက မူလစွမ်းအား တည်ငြိမ်အောင် ကြိုးစားရင်း အရင်းအမြစ်တွေ လိုက်လံစုဆောင်းကြပါ ”

သန့်စင်ထားသော ရတနာများမရှိလျှင် အဆင့်နိမ့်ဘုံများမှ ကျင့်ကြံသူများသည် ဤအသူရာကောင်းကင်ဘုံထဲမှာ နေရာတစ်နေရာရရန် လွယ်ကူကြလိမ့်မည် မဟုတ်ချေ။

သန့်စင်ထားသော ရတနာများရှိလျှင် အကယ်၍ သူတို့က ဤဘုံနှင့် မရင်းနှီးလျှင်ပင် ကျင့်ကြံခြင်းစွမ်းအားနှင့် ရတနာများကို အသုံးပြုပြီး ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်ကြလိမ့်မည်။

မည်သို့ဖြစ်ပါစေ သူတို့က အဆင့်နိမ့်ဘုံ၌ အထွတ်အထိပ်ပညာရှင်များဖြစ်ကြလေရာ ဤအသူရာကောင်းကင်ဘုံတွင်လည်း အစွမ်းထက်ပညာရှင်များ ဖြစ်နေကြဆဲပင်။

ဤသုံးရက်အတွင်းမှာ နောက်ထပ် တိုက်ပွဲသုံးပွဲသာ ရှိခဲ့သည်။

ဟန်မူယဲ့နှင့် ဟွမ်ကျစ်ဟူ၏ ဓားဝင်္ကပါကြောင့် ထိုတိုက်ပွဲအားလုံးကို သူတို့အနိုင်ရရှိခဲ့ကြသည်။

သုံးရက်ကြာပြီးနောက် အစွမ်းထက်ကျင့်ကြံသူတစ်သိန်းကျော်က အသူရာကောင်းကင်ဘုံထဲ၌ စတင်စွန့်စားခရီးထွက်ကြသည်။ ကျန်လူများသည်တော့ သူတို့က ဟန်မူယဲ့နှင့်အတူ အဆင့်နိမ့်ဘုံဆီသို့ ပြန်သွားကြသည်။

ကောင်းကင်ဘုံဖွင့်လှစ်ခြင်းဓားဂိတ်တံခါးက နောင်အနှစ်တစ်ထောင်ကြာပြီးလျှင် ပြန်ပွင့်လာလိမ့်မည်။

ထိုအချိန်ကျလျှင် သူတို့က ပိုမိုကောင်းမွန်သော ပြင်ဆင်မှုများနှင့်အတူ ဤဘုံထဲသို့ ပြန်ဝင်လာကြလိမ့်မည်။

မည်သို့ဖြစ်ပါစေ ဤတစ်ကြိမ်တွင် သူတို့၏ ရိတ်သိမ်းမှုက အတော်လေး ကြီးမားသည်။

ကောင်းကင်ဘုံဖွင့်လှစ်ခြင်းဓားဂိတ်တံခါး၏ အပြင်သို့ ရောက်ရှိသွားကြသောအခါ လူတိုင်း၏ မျက်နှာပေါ်တွင် စိတ်ခံစားချက်အမျိုးမျိုး ထွက်ပေါ်လာသည်။

ဤအခိုက်အတန့်မှာ သူတို့၏ မူလစွမ်းအားက ပြီးပြည့်စုံလုနီးပါး သန့်စင်သွားပြီး သူတို့၏ ကျင့်ကြံခြင်းက အခြေခိုင်မာသွားသည်။

အသူရာကောင်းကင်ဘုံထဲတွင် ထိုခံစားချက်က ဘာမှမထူးခြားသော်လည်း ယခု အဆင့်နိမ့်ဘုံဆီသို့ သူတို့ပြန်ရောက်လာသည့်အခါ ကြီးမားသော ကွာခြားချက်ကို ချက်ချင်း သူတို့ခံစားမိသွားကြသည်။

ယင်းက သက်ရှိအားလုံးထက် သာလွန်သော တန်ခိုးရှင်နယ်ပယ် ဖြစ်သည်။

အဓိကမြင်သာသော အချက်မှာ အချုပ်အနှောင်များမှ ကင်းလွတ်သွားသော ခံစားချက် ဖြစ်သည်။

“ ကပ်ဘေးစွမ်းအားက ကျုပ်တို့အပေါ် နောက်ထပ် သက်ရောက်မှုမရှိတောဘူး… ”

မုတ်ဆိတ်ဖြူအကြီးအကဲတစ်ဦးက နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။ စိတ်လှုပ်ရှားမှုက သူ၏ မျက်နှာပေါ်မှာ အထင်အရှား ထွက်ပေါ်နေသည်။

အသူရာကောင်းကင်ဘုံဆီသို့ သူတို့သွားရောက်ချင်ကြသည့် အဓိကဆန္ဒမှာ ဤဘုံကို စကြာဝဠာကပ်ဘေးက လွှမ်းမိုးနေသောကြောင့် မဟုတ်ပါလော။ ယင်းက နောက်ပိုင်းမှာ သူတို့၏ အသက်ကို ဖျက်ဆီးပစ်လိမ့်မည်။

သို့သော်လည်း ယခု သူတို့၏ မူလစွမ်းအားက အခြေခိုင်မာသွားပြီဖြစ်လေရာ မည်သည့်ကပ်ဘေးမှ သူတို့အပေါ် မသက်ရောက်နိုင်တော့ပေ။ ယင်းက မည်သည့်ဘုံတွင်မဆို အတူတူဖြစ်သည်။

ဟန်မူယဲ့က အောက်သို့ ငုံ့ကြည့်လိုက်သည်။

ယခု အသူရာကောင်းကင်ယဇ်ပလ္လင်က အရောင်မှိန်ဖျော့သွားနေသည်။

“ ဂျိန်း ”

ဟန်မူယဲ့က အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ကောင်းကင်နှင့် မြေပြင်ကြားမှာ ကျယ်လောင်သော မိုးခြိမ်းသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် အလွန်ကျယ်ပြောသော ဝဲကတော့က ဖြည်းညင်းစွာ ပြန်ပိတ်သွားပြီး ပျောက်ကွယ်သွားသည်။

အသူရာကောင်းကင်ဘုံနှင့် အဆင့်နိမ့်ဘုံကို ပိုင်းခြားထားသော အလင်းဂိတ်တံခါးက ပျောက်ကွယ်သွားသည်။

မိုးကောင်းကင်နှင့် ထိစပ်နေသော အလင်းထောင့်တိုင်သည်လည်း လွင့်ပြယ်သွားသည်။

ယင်းက နောင်အနှစ်တစ်ထောင်ကြာပြီးမှ ပြန်ပွင့်လိမ့်မည်။

အသူရာကောင်းကင်ဘုံမှ ပြန်ရောက်လာကြသော ကျင့်ကြံသူများက ပျောက်ကွယ်သွားနေသော အလင်းဝဲကတော့ကို ကြည့်နေရင်း စိတ်ရှုပ်ထွေးသွားကြသည်။

မိုးထိကျောက်တိုင်များပေါ်တွင် ချုပ်နှောင်ခံထားရသော နတ်သားရဲများနှင့် အစွမ်းထက်ပုဂ္ဂိုလ်များက ဟန်မူယဲ့ကို မော့ကြည့်လိုက်ကြသည်။

ဟန်မူယဲ့ လက်မြှောက်တင်လိုက်သည့်အခါ ဝုန်းခနဲ မြည်သံက မိုးမြေကြားထဲမှာ ပဲ့တင်ထပ်သွားသည်။

နတ်ဘုရားအလင်းအလွှာအထပ်ထပ်က အောက်ဘက်မှ ယဇ်ပလ္လင်ကို တိုက်ရိုက် ဖုံးလွှမ်းသွားကြသည်။

အချင်းမိုင်သန်းတစ်ထောင်ကျယ်ပြောသော ဧရာမယဇ်ပလ္လင်ပေါ်မှ နတ်ဘုရားအင်းသင်္ကေတများက နောက်တစ်ကြိမ် ထွန်းလင်းလာသည်။

သို့သော်လည်း ဤတစ်ကြိမ်တွင် ထိုနတ်ဘုရားအင်းသင်္ကေတများက ကျောက်တိုင်များပေါ်မှ အစွမ်းထက်ပုဂ္ဂိုလ်များထံမှ မူလစွမ်းအားကို မစုပ်ယူတော့ပေ။ ယင်းအစား ယဇ်ပလ္လင်က သူတို့ကို တဖန် အားပြန်ဖြည့်ပေးလိုက်သည်။

မူလစွမ်းအင်စီးကြောင်းများက မိုးထိကျောက်တိုင်များဆီသို့ စီးဆင်းသွားကြသည်။

တစ်ချိန်တည်းမှာ အချင်းမိုင်သန်းတစ်ထောင်ကျယ်ပြောသော ဧရာမယဇ်ပလ္လင်က စတင်ပြိုကွဲပျက်စီးသွားသည်။

သို့သော်လည်း ယင်းက လုံးဝ ပြိုကွဲပျက်စီးသွားခြင်း မဟုတ်ပေ။

ယင်းအစား အသူရာကောင်းကင်ယဇ်ပလ္လင်က လောကတစ်သောင်းကုန်းမြေနှင့် ဆင်တူသော အပိုင်းအစများအဖြစ် ကွဲထွက်သွားသည်။

မိုးထိကျောက်တိုင်များပေါ်မှ သံကြိုးများသည်လည်း တစ်လက်မချင်းစီ အက်ကွဲသွားကြသည်။

“ လေးစားရပါသော အကြီးအကဲများခင်ဗျား… အသူရာကောင်းကင်ယဇ်ပလ္လင်ကို နှစ်တွေအကြာကြီး ကာကွယ်စောင့်ကြပ်ပေးခဲ့အတွက် အကြီးအကဲတို့ကို ကျေးဇူးတင်ပါတယ်… အခု အကြီးအကဲတို့ အနားယူရမယ့်အချိန် ရောက်ပါပြီ ”

“ အခု ယဇ်ပလ္လင်က အပိုင်းပိုင်းအစစ ပြိုကွဲပျက်စီးသွားပြီး နောင်အနှစ်တစ်ထောင်ကြာမှ ပြန်ဖွဲ့စည်းသွားပါလိမ့်မယ် ”

“ ကျုပ်ဟန်မူယဲ့က ကတိပေးပါတယ်… နောင်အနှစ်တစ်ထောင်ကြာလို့ ကောင်းကင်ဘုံဖွင့်လှစ်ခြင်းဓားဂိတ်တံခါး ပြန်ဖွင့်လှစ်တဲ့အခါ အသူရာကောင်းကင်ဘုံဆီသွားဖို့ ဆန္ဒရှိတဲ့ ဘယ်သူမဆို ကျုပ်ဟန်က ဘေးကင်းလုံခြုံစွာ လိုက်ပို့ပေးပါမယ် ”

ဟန်မူယဲ့က ယဇ်ပလ္လင်ပေါ်မှ အစွမ်းထက်ပုဂ္ဂိုလ်များကို ကတိပေးလိုက်သည်။

ထိုအစွမ်းထက်ပုဂ္ဂိုလ်များက သူတို့၏ မူလစွမ်းအားကို ယဇ်ပလ္လင်ဆီသို့ ဆန္ဒရှိစွာ ထည့်သွင်းပေးပြီး ယင်းကို နှစ်ပေါင်းမြောက်များစွာ ကာကွယ်စောင့်ကြပ်ပေးနေခဲ့ခြင်းမှာ အတိတ်တွင် အံ့ဖွယ်ကိုးပါးတောင်သခင်ပြောခဲ့သော ကတိစကားကြောင့် ဖြစ်သည်။

“ ဗုန်း ”

ယဇ်ပလ္လင်က အပြည့်အဝ ပြိုကွဲပျက်စီးသွားသည့်အခါ အစွမ်းထက်ပုဂ္ဂိုလ်အားလုံးက အချုပ်အနှောင်မှ လွတ်မြောက်သွားကြသည်။

“ အဲ့ဒီကောင်လေးက အံ့ဖွယ်ကိုးပါးတောင်သခင်မဟုတ်ဘူးလို့ မင်းငါ့ကို ပြောရင် ငါလုံးဝ ယုံမှာမဟုတ်ဘူး… ”

မိုးပြာရောင်နဂါးက ကောင်းကင်ဘုံဖွင့်လှစ်ခြင်းဓားဂိတ်တံခါး၏ အရှေ့မှာ မတ်တတ်ရပ်နေသော ဟန်မူယဲ့ကို ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။

ဒုစရိုက်နဂါးက စိတ်ခံစားချက်ပြင်းထန်သော အမူအရာကို ထုတ်ဖော်လိုက်ပြီး ဘေးသို့ ခေါင်းလှည့်လိုက်ကာ ဖီးနစ်ကို ကြည့်လိုက်သည်။

“ ကိုယ်မင်းကို ဘာပြောခဲ့လဲ… ကိုယ်မင်းကို ကယ်တင်နိုင်ပါတယ်ဆို ”

ဖီးနစ်သည် အနီရောင်ဂါဝန်ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးအဖြစ် အသွင်ပြောင်းလဲသွားပြီး ဒုစရိုက်နဂါးကို ကြည့်လိုက်သည်။

“ ကျွန်မ မူလစကြာဝဠာဆီ ပြန်သွားဦးမယ်… ”

အစွမ်းထက်ပုဂ္ဂိုလ် တစ်ယောက်ပြီးတစ်ယောက်က နောက်ထပ် ဆက်မနေကြတော့ဘဲ အမြန်ထွက်ခွာသွားကြသည်။

အဘယ့်ကြောင့်ဆိုသော် ဟန်မူယဲ့က ကန်အန်းစကြာဝဠာကို သိမ်းပိုက်ရန်အလို့ငှာ သူတို့အား အသင့်ပြင်ခိုင်းထားသည်။

“ ကန်အန်းစကြာဝဠာက အထက်ဘုံနဲ့ အနီးဆုံးနေရာမှာ ရှိတယ်… ဒီတော့ ကန်အန်းစကြာဝဠာထဲမှာ ကျုပ်တို့ရဲ့ မူလစွမ်းအားကို အခြေခိုင်မာအောင် လုပ်နိုင်တယ် ”

“ စကြာဝဠာရဲ့ တစ်စိတ်တစ်ပိုင်းကို သိမ်းပိုက်နိုင်တာနဲ့ အဲ့ဒီထဲမှာ ခင်ဗျားတို့အားလုံး ကျင့်ကြံနိုင်ကြလိမ့်မယ် ”

“ ဒီနည်းနဲ့ဆိုရင် နောင်အနှစ်တစ်ထောင်ကြာပြီးလို့ အသူရာကောင်းကင်ဘုံဆီ ပြန်ဝင်ရောက်တဲ့အခါ ခင်ဗျားတို့တွေ တစ်ဝက်အားစိုက်ထုတ်ရုံနဲ့ ရလဒ်နှစ်ဆ ရလာကြလိမ့်မယ် ”

ဟန်မူယဲ့က လူတိုင်းကို ကြည့်လိုက်ပြီး ကျယ်လောင်စွာ ပြောသည်။

ကန်အန်းစကြာဝဠာမှာ ကျင့်ကြံသည့်အခါ သူတို့၏ မူလစွမ်းအားကို အားပြန်ဖြည့်နိုင်ကြလိမ့်မည်။ ထို့ပြင် ကောင်းကင်မိစ္ဆာသားရဲများကို အမဲလိုက်၍ ၎င်းတို့ထံမှ ကောင်းကင်ပုတီးစေ့များဖြင့်လည်း မူလစွမ်းအားကို အားပြန်ဖြည့်နိုင်ကြလိမ့်မည်။

အသူရာကောင်းကင်ဘုံဆီသို့ တစ်ခေါက်အလည်ရောက်သွားပြီးနောက် ဤနေရာမှ လူတိုင်း၏ အတွေးနှင့်အမြင်က ယခင်နှင့် လုံးဝကွာခြားသွားသည်။

“ ကောင်းပြီ… ဒါဆိုရင် ကန်အန်းစကြာဝဠာဆီ သွားကြရအောင် ”

ခြေလှမ်းဝက် အုပ်ချုပ်သူအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး အရှေ့သို့ ပျံသန်းသွားကြသည်။

အစွမ်းထက် ကျင့်ကြံသူတစ်သန်းက ကန်အန်းစကြာဝဠာဆီသို့ ချီတတ်သွားကြသည်။

ဤတစ်ကြိမ်တွင် ကန်အန်းစကြာဝဠာက ကြီးမားသော မဟာကပ်ဘေးနှင့် ရင်ဆိုင်ရတော့မည်။

ဟန်မူယဲ့က သူ့အနောက်မှ ဟွမ်ကျစ်ဟူကို လှည့်ကြည့်လိုက်သည်။

“ ကန်အန်းစကြာဝဠာကို ငါတို့သိမ်းပိုက်ပြီးတဲ့အခါ မူလစကြာဝဠာဆီ ပြန်လာပြီး ကောင်းကင်စက်ဝန်းစစ်မြေပြင်ကို ဖြေရှင်းကြမယ် ”

“ အကြွင်းမဲ့စွမ်းအားအောက်မှာ အကြံအစည်အားလုံးက အချည်းနှီးဖြစ်ရလိမ့်မယ် ”

…..

ကန်အန်းစကြာဝဠာကို သိမ်းပိုက်ခြင်း… ။

ကန်အန်းစကြာဝဠာသည် အတိတ်တွင် ကြယ်စင်စုစကြဝဠာဆီသို့ ကျူးကျော်ဝင်ရောက်နိုင်ခဲ့သော အစွမ်းထက်အင်အားစုတစ်ခု ဖြစ်သည်။ သို့တိုင် ဟန်မူယဲ့က ယခု ကန်အန်းစကြာဝဠာကို သူသိမ်းပိုက်မည်ဟု ပြောသည်။

သို့သော်လည်း သူက ထိုစကားကို မဆင်မခြင်ပြောခဲ့ခြင်း မဟုတ်ချေ။

ယနေ့တွင် အစွမ်းထက်ကျင့်ကြံသူတစ်သန်းက စုဝေးသွားကြသည်။ ထို့ပြင် သူတို့ထဲမှ အများစုက ကောင်းကင်ဘုံသို့ လမ်းကြောင်းနှင့် အသူရာကောင်းကင်ဘုံထဲမှာ သူတို့၏ မူလစွမ်းအားကို အားဖြည့်နိုင်ခဲ့ကြပြီး ရတနာအများအပြားကို ပိုင်ဆိုင်ထားကြသည်။

ထို့ပြင် သူတို့က လောကတစ်သောင်းကုန်းမြေမှ လက်ရွေးစင်ကျင့်ကြံသူများ ဖြစ်ကြသည်။

ကောင်းကင်ဘုံသို့ လမ်းကြောင်းနှင့် အသူရာကောင်းကင်ဘုံထဲသို့ ဝင်ရောက်ပြီးနောက်မှာ သူတို့က သူတို့ကိုယ်ပိုင်စကြာဝဠာဆီသို့ ပြန်ရန် ဆန္ဒမရှိကြတော့ချေ။ အဘယ့်ကြောင့်ဆိုသော် သူတို့လိုအပ်နေသောအရာက မူလစွမ်းအား ဖြစ်သည်။

သူတို့ကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်များအတွက် ကန်အန်းစကြာဝဠာထဲမှာ နေထိုင်ခြင်းသည်သာ သူတို့ကို ဆက်လက် စွမ်းအားမြှင့်တင်ပေးနိုင်လိမ့်မည်။

မည်သို့ဖြစ်ပါစေ ကန်အန်းစကြာဝဠာက အသူရာကောင်းကင်ဘုံနှင့် အနီးဆုံးနေရာမှာ တည်ရှိနေသည်မဟုတ်ပါလော။

ထို့ပြင် ဤတစ်ကြိမ်မှာ ဟန်မူယဲ့က အသူရာကောင်းကင်ယဇ်ပလ္လင်ကို အက်ကွဲစေပြီး ရှေးခေတ်မှ အစွမ်းထက်ပုဂ္ဂိုလ်များကို ပြန်လွှတ်ပေးခဲ့သည်။

ထိုအစွမ်းထက်ပုဂ္ဂိုလ်များထဲမှ အများစုက ကန်အန်းစကြာဝဠာဆီသို့ ခြေချကြလိမ့်မည်။

ထိုသို့အကြောင်းအရင်းများကြောင့် ဟန်မူယဲ့က ကန်အန်းစကြာဝဠာကို သိမ်းပိုက်နိုင်လိမ့်မည်ဟု သေချာစွာ ပြောဝံ့ခြင်း ဖြစ်သည်။

မှန်ပေ၏။ ယင်းက သိမ်းပိုက်ရန်သာ ဖြစ်သည်။ သူက ကန်အန်းစကြာဝဠာ၏ အမွေအနှစ်ကို အမြစ်ဖြတ်သုတ်သင်ပစ်ရန် မရည်ရွယ်ပေ။

တခြားလူများ၏ အမွေအနှစ်များကို ဖျက်ဆီးပစ်ရန် မလိုအပ်ပေ။

စကြာဝဠာတစ်ခုတွင် အမွေအနှစ်များက ရေတွက်မရအောင် အလွန်များပြားသည်။ ယင်းတို့အားလုံးကို ဖျက်ဆီးပစ်ရန်မှာ လွယ်ကူသောကိစ္စတစ်ခု မဟုတ်ချေ။

“ ဗုန်း ”

ပေတစ်သောင်းရှည်လျားသော ဓားက ဆင်းသက်လာသည်။

ထို့နောက် ရွှေရောင်အက်ကွဲကြောင်းတစ်ခုက ကောင်းကင်ယံမှာ ထွက်ပေါ်လာပြီး လေဟာနယ်အလွှာအထပ်ထပ်ကို ဖျက်ဆီးပစ်လိုက်သည်။

“ သွားကြစို့ ”

ဟွမ်ကျစ်ဟူက တိုးညင်းစွာ အော်လိုက်သည်။ ထို့နောက် သူက လက်ရွေးစင်ကျင့်ကြံသူများဖြင့် ဖွဲ့စည်းထားသော တိုက်ပွဲဝင်္ကပါကို ဦးဆောင်၍ အက်ကွဲကြောင်းအတွင်းသို့ ဝင်ရောက်သွားသည်။

အက်ကွဲကြောင်း၏ အခြားတစ်ဖက်က ကန်အန်းစကြာဝဠာ ဖြစ်သည်။

ဟန်မူယဲ့က နေရာမှာ ရပ်နေပြီး ကန်အန်းစကြာဝဠာထဲသို့ ဝင်ရောက်သွားနေကြသော ပုံရိပ်များကို ကြည့်လိုက်သည်။

ထို့နောက် သူက ခေါင်းလှည့်လိုက်ပြီး သူ့အနောက်၌ ဟာလာဟင်းလင်းဖြစ်နေသော မိုးမြေကို ကြည့်လိုက်သည်။

ယခင်က ထိုနေရာမှာ အသူရာကောင်းကင်ယဇ်ပလ္လင် ရှိနေခဲ့သည်။

အနှစ်တစ်ထောင်ကြာပြီးလျှင် အသူရာကောင်းကင်ယဇ်ပလ္လင်က ထိုနေရာမှာ ပြန်ဖွဲ့စည်းသွားလိမ့်မည်။

ဟန်မူယဲ့က လက်မြှောက်လိုက်လေရာ ရွှေရောင်အလင်းက သူ၏ လက်ဖဝါးပေါ်မှာ ထွန်းလင်းလာသည်။

“ ဗုန်း ”

ရွှေရောင်အလင်းက ဗလာဖြစ်နေသော ဟင်းလင်းပြင်ပေါ်သို့ ကျရောက်သွားသည့်အခါ သာမန်မျက်စိဖြင့်ပင် မြင်နိုင်သော အားလှိုင်းဂယက်များ ထွက်ပေါ်လာကြသည်။

ထို့နောက် အားလှိုင်းဂယက်များက ဟင်းလင်းပြင်ထဲမှာ အတူတကွ ယှက်ထွေသွားကြပြီး မှေးမှိန်သော ဝိညာဉ်အလင်းကို ထုတ်လွှတ်လိုက်သည်။

ထိုဝိညာဉ်အလင်းက ဓားမော့ရှည်တစ်လက် ဖြစ်သည်။

ဟန်မူယဲ့က လက်ဆန့်ထုတ်လိုက်လေရာ ဓားမော့က သူ၏ လက်ဖဝါးပေါ်သို့ ကျဆင်းလာသည်။

ထိုဓားမော့ကို သူဆုပ်ကိုင်လိုက်သည့်အခါ လေးလံမှုနှင့် အေးစက်မှုကို ခံစားမိသွားသည်။

ဝိညာဉ်စွမ်းအင်အလွှာများက ထိုဓားမော့ထဲသို့ ပေါင်းစပ်သွားသည်နှင့်ချက်ချင်း ထပ်ဆင့်ပုံရိပ်အလွှာများက သူ၏ အသိစိတ်ထဲမှာ ထွက်ပေါ်လာကြသည်။

“ ဟုန်မင်းဓားမော့ ”

All Chapters