တိုင်ကွန်းတစ်ယောက်၏ တစ်နေ့တာ
Vol. 4 Ch. 52
"ဒီပုလဲလည်ဆွဲတွေ ... ဟုတ်တယ် ... တစ်တန်းလုံးနော် ... ကူပြီးတော့ ထုပ်ပိုးပေးပါဦး ... "
"ဒီထဲမှာရှိတဲ့ စိန်လည်ဆွဲ တွေကိုလည်း ထုတ်ပိုးပေးပါဦးနော် ... "
"ငွေလက်ကောက် တစ်ရာယူမယ် ... ဟုတ်တယ် ... တစ်ရာ အတိအကျပဲ ... "
"ဘာ ... အဲလောက်မရှိဘူး ဟုတ်လား ... ဒီလောက်ကြီးမားတဲ့ လက်ဝတ် ရတနာဆိုင် ဖြစ်ပြီးတော့ ... နင်တို့တွေ ဘယ်လိုများ ရှင်သန် နေထိုင်နေကြတာတုန်း ... "
"ဟေး ရှောင်လန် ... ဒီကျောက်စိမ်းဘုရားက စာရင်းမှာပါတယ် ... အဲဒါလေး ကျောပိုးအိတ်ထဲ ထည့်ထားလိုက်ဦး ... "
ဆိုင်အတွင်းရှိ ဝန်ထမ်းအားလုံးသည် ပျားပန်းခပ်မျှ လှုပ်ရှားနေကြပြီး လူတိုင်းသည် ရတနာ ဗီရိုများအတွင်းရှိ ပစ္စည်းများအား အဆက်မပြတ် ထုတ်ပိုး နေကြရသည်။
သူတို့သည် ပထမဆုံး အကြိမ်အဖြစ် ရတနာများအား ထိုကဲ့သို့ ရောင်းချရခြင်း ဖြစ်သည်။ ဝယ်ယူသူအား ဈေးလျှော့ပေးရခြင်း ကြော်ငြာရခြင်း အလျဉ်းမရှိ။ သူတို့အနေဖြင့် ဗီရိုထဲရှိ ရတနာများအား ဆက်တိုက်ဆိုသလို ထုတ်ယူကာ ထုပ်ပိုးပေးရန်ပဲ လိုအပ်သည်။ ထိုခံစားချက်အား ဖော်ပြရမည်ဆိုလျှင် 'ကျေနပ်တယ် ... ' ။
ငွေကြေး တစ်ဘီလျံရှိသည့် ဘဏ်ကတ်အား ကောင်တာပေါ်တွင် တင်ထားသည့် လူကြောင့်သာ မဟုတ်ခဲ့လျှင် သူတို့သည် ဓားပြမှု ကျူးလွန်ရာတွင် ကူညီပေးနေခြင်းဟု ယုံကြည်မိကြမည် ဖြစ်သည်။
လှပသည့် ဆိုင်မန်နေဂျာ အမျိုးသမီးသည် အန်လင်းအား ကော်ကဲ့သို့ ကပ်နေပြီး အန်လင်း၏ ကျောပိုးအိတ်အား ကိုင်ဆောင်ကာ မျက်နှာတွင် ဖြားယောင်း သွေးဆောင်သည့် အပြုံးတစ်ခု တပ်ဆင် ထားသည်။
သူမတွေးထင်သည်မှာ အလွန်အမင်း ချဲ့ကားပြောဆိုခြင်းဖြင့် ထိုရောင်းချမှုမှ ရရှိလာသည့် အကျိုးအမြတ်သည် မြင့်တက် လာနိုင်သည်ဟုပင်။ သူမ၏ အပြုံးသည် ပို၍ပင် စွဲမက်ဖွယ် ကောင်းလာတော့သည်။ ကျောပိုးအိတ်အား ကျယ်နိုင်သမျှ ကျယ်အောင် ဖွင့်ထားပြီး ရတနာများ ပိုမိုများပြားစွာ ဝင်နိုင်စေရန် မျှော်လင့်နေမိသည်။ ထိုခံစားချက်သည် 'ဝမ်းသာတယ် ... ' ။
အန်လင်းသည် ရှားပါးလှသည့် ထိုအခွင့်အရေးမှနေ တိုင်ကွန်းတစ်ယောက် အဖြစ် အတွေ့အကြုံ ယူနေတော့သည်။ ကျောပိုးအိတ်ထဲသို့ တန်ဖိုးကြီးလှသည့် ရတနာများအား ဂေါ်ဖီထုပ်ကဲ့သို့ တစ်ခုပြီးတစ်ခု ပစ်ထည့်နေခြင်း ... ။ ထိုခံစားချက်မှာ 'အားရတယ် ... ' ။
ထိုအချိန်တွင် ဆိုင်ဘေးမှ ရပ်ကြည့်နေသူများသည် တစ်စထက်တစ်စ များပြား လာတော့သည်။
သူတို့အားလုံးတို့သည် လက်ဝတ် ရတနာဆိုင် အတွင်းတွင် ဖြစ်ပျက်နေသည့် အလွန် အံ့အားသင့်စရာ မြင်ကွင်းအား ကြည့်နေလျက်နှင့် ထိတ်လန့်မှုကြောင့် မိန်းမောတွေဝေ နေကြသည်။
ဆိုင်မန်နေဂျာနှင့် အရောင်းဝန်ထမ်းတို့၏ မျက်နှာတွင် ကျေနပ်ပီတိ ဖြစ်သည့် အပြုံးကိုယ်စီသာ ချိတ်ဆွဲထားခြင်း မရှိလျှင် ထိုရတနာဆိုင်မှာ ဓားပြတိုက်ခြင်း ခံနေရပြီဟု တွေးထင်ကြမည်ပင်။
"ရတနာဝယ်တာချင်း အတူတူလေ ... ဒါပေမဲ့ လူတစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံတာ ဒီလောက်တောင် ကွာခြားရသလား ... "
"အဲတော့ ဒါက လူချမ်းတာတွေ ဈေးဝယ်ထွက်တဲ့ပုံပေါ့ ... အမြင်ကျယ် သွားပါပြီ ... "
"ငါလည်း သူဌေးတွေ အများကြီး မြင်ဖူးပါတယ်ကွာ ... ဒါပေမဲ့ ရတနာပစ္စည်းကို အခုလိုမျိုး ကသုတ်ကရက် ဝယ်တာမျိုး ကြုံ ကြုံဖူးပေါင် ... "
"ပိုက်ဆံသုံးတာ အရမ်းကို ရက်ရော လွန်းနေတယ် ဆိုတော့ သူက သခင်လေး ဝမ်ကုန်များလား ... "
"မဖြစ်နိုင်ဘူး ... အရှေ့မှာရှိနေတဲ့လူက သခင်လေးဝမ်က အများကြီး ပိုခန့်ညားတယ် ... "
"ဘုရားရေ ... ပြေးဝင်သွားပြီး သူဌေးလေးက လက်တွဲဖော် တစ်ယောက်ယောက်များ ရှာနေသလားလို့ မေးချင်လိုက်တာနော် ... "
"အိပ်မက်ကနေ နိုးထလိုက်ပါတော့ ... ဆိုင်မန်နေဂျာမကို နင်မမြင်ဘူးလား ... သူက အဲဒီလူ သွားတဲ့နောက် တကောက်ကောက် လိုက်နေတာလေ ... သူ့ရည်ရွယ်ချက်က ရှင်းနေပြီပဲကို ... "
အချိန်အနည်းငယ် အတွင်းမှာပင် အန်လင်းနှင့် စုရှောင်လန်တို့သည် ရတနာဆိုင် တစ်ခုလုံးအား ဓားပြတိုက်လု နီးနီးပင် ဖြစ်သည်။
အိုး ... မဟုတ်သေးဘူး ... သူတို့က ရတနာဆိုင် တစ်ခုလုံးရှိ အရာအားလုံးအား 'ဝယ်ယူခဲ့ခြင်း' ဖြစ်သည်။
ရတနာအပြည့်နှင့် ကျောပိုးအိတ်များကို ကားအတွင်းသို့ ထည့်ရန် မထွက်ခွာမီတွင် ဆိုင်အတွင်းရှိ လူများနှင့် ဘေးမှ ရပ်ကြည့် နေသူများသည် တစ်ခဲနက် ကြိုဆိုရန် စောင့်ဆိုင်း နေကြသည်ကို တွေ့လိုက်ရသည်။ ထို့နောက်တွင် အန်လင်းနှင့် စုရှောင်လန်တို့သည် ဆိုင်အတွင်းမှ ထွက်ရန် ခြေလှမ်းလိုက်ကြသည်။
ကားဆီသို့ သွားသည့် လမ်းတစ်လျှောက်တွင် မြင်ကွင်း အားလုံးသည် နာမည်ကြီး စူပါစတား တစ်ယောက် ဈေးဝယ်စင်တာသို့ ရောက်ရှိလာသကဲ့သို့ စိတ်လှုပ်ရှားဖွယ် ကောင်းလွန်းသည်။
ကားအတွင်း ပြန်လည် ရောက်ရှိသည့် အခါတွင် အန်လင်းသည် ရတနာအားလုံးကို သိုလှောင် လက်စွပ်အတွင်း ထည့်သိမ်းလိုက်သည်။
ကိုးပြည်ထောင်နိုင်ငံတော်တစ်ဝှမ်းရှိ ကျင့်ကြံသူများသည် သေမျိုးကမ္ဘာမှ ရတနာများအား တကယ်တမ်းတွင် ထိုမျှလောက် တန်ဖိုးထားခြင်း မရှိကြချေ။ သူတို့က ထူးဆန်းသည့် ပစ္စည်းများအား ရရှိလို၍သာ အန်လင်းအား လူကြုံပါးလိုက်ကြခြင်း ဖြစ်သည်။
လက်ဝတ်ရတနာများကို သေမျိုးကမ္ဘာမှ ထွက်ရှိသည့် ထုတ်ကုန်များ အဖြစ် မှတ်ယူနိုင်သည်။ ထိုရတနာများအား သေမျိုးကမ္ဘာတွင် ထုတ်လုပ်သည်၊ ထူးခြားသည့် နည်းပညာများဖြင့် အနုစိတ် ဖန်တီးသည်။ ထိုရတနာများအား အမှတ်တရ ပစ္စည်းများအဖြစ် ယူဆနိုင်ပြီး ပျင်းရိချိန်တွင် ကစားနိုင်သည်။ သို့ပေမဲ့လည်း အချိန်တိုင်း ကိုင်ဆောင် အသုံးပြုရန် အတွက်မူ အတော်လေး မဖြစ်နိုင်ပေ။
ထို့ကြောင့် သူတို့၏ လက်ဝတ်ရတနာ ဝယ်ရာတွင် စံသတ်မှတ်ချက်သည် နိမ့်ကျသည်ဟု ဆိုရပေမည်။ ပုံစံနှင့် အရည်အသွေးအား ထည့်သွင်းစဉ်းစားခြင်း မရှိကြချေ။
စိန်လည်ဆွဲအား ဥပမာထား ပြောရမည်ဆိုလျှင် သူတို့လိုချင်သည့် အရာသည် လည်ဆွဲပေါ်တွင် စိန်ထည်ပါရှိလျှင် ရပြီ ဖြစ်သည်။ ပုံစံ သို့မဟုတ် ကာရက် ဘယ်လောက် ဆိုသည်အား သူတို့မသိ။ ထို့ကြောင့် ထိုတာဝန်သည် အန်လင်းအတွက် လွယ်ကူ ရိုးရှင်းပေသည်။
သို့ပေမဲ့လည်း အဝတ်အထည် ဝယ်ယူခြင်းသည်တော့ အတော်လေး ခက်ခဲပေလိမ့်မည်။
သေမျိုး ကမ္ဘာတွင်ရှိသည့် အဝတ်အထည်များသည် အတော်လေး ခေတ်မီကာ လူကြိုက်များသည်။ အချို့ကျင့်ကြံသူများသည် နှစ်သက် သဘောကျကြသည်။
အချို့ကျင့်ကြံသူများသည် သေမျိုးကမ္ဘာမှ အဝတ်အထည်များအား ဝတ်ဆင်ကာ လျှောက်သွားလေ့ ရှိကြသည်။
ဝယ်ယူရမည့် အဝတ်အထည် စာရင်းသည် အလွန်အမင်း များပြားခြင်း မရှိသော်လည်း လိုအပ်ချက်များမှာတော့ အတော်လေး မြင့်မားလှပေသည်။
တံဆိပ်၊ အမျိုးအစား၊ အတိုင်းအတာ၊ ပုံစံ ... စသည့် အချက်အလက် များအား ထည့်သွင်း စဉ်းစားရမည် ဖြစ်သည်။
အန်လင်းက လက်ထဲတွင်ရှိသည့် အဝယ်စာရင်းအား ကြည့်ကာ မျက်ခုံးအား နှိပ်နေမိသည်။ သူက ဖိအား အနည်းငယ်ပင် ခံစားနေရသည်။
အခြားတစ်ယောက်အစား ဝယ်ယူပေးခြင်းသည် လွယ်ကူခြင်းမရှိ။
သို့ပေမဲ့လည်း သူသည် စိတ်ဝိညာဉ် ကျောက်တုံးများအား လက်ခံခဲ့ပြီး ဖြစ်သဖြင့် ရွေးချယ်စရာ မရှိတော့ချေ။ ထို့ကြောင့် အံကြိတ်ကာသာ ကြိုးစားရပေတော့မည်။
ထိုသို့ဖြင့် အန်လင်းနှင့် စုရှောင်လန်တို့သည် အင်တာနေရှင်နယ် ဈေးဝယ်စင်တာသို့ ရုတ်ရုတ်သဲသဲဖြင့် ပြန်လည် ရောက်ရှိ လာပြန်သည်။
ဒီတစ်ကြိမ်တွင်မူ အဝတ်အထည် ဝယ်ယူခြင်းသည် ပိုမိုခက်ခဲ လာပေသည်။
ထိုသို့ဖြစ်ရသည့် အချက်နှစ်ချက်ရှိသည်။ ပထမအချက် ထိုတာဝန်သည် နဂိုကတည်းက ခက်ခဲပြီး ဖြစ်သည်။ ဒုတိယအချက် စုရှောင်လန်ကြောင့်ပင်။
သူမသည် သေမျိုးကမ္ဘာရှိ အဝတ်အထည်များအား စိတ်ဝင်စားသူ ဖြစ်သဖြင့် ကျင့်ကြံခြင်း လောကသို့ ပြန်လည် ယူသွားရန် အတွက် ဝယ်ယူချင်နေခြင်း ဖြစ်သည်။
စုရှောင်လန်သည် သူမအတွက် အဝတ်အစားများကို ဝယ်ယူရာတွင် မိနစ်အနည်းငယ်သာ လိုအပ်လိမ့်မည်ဟု အန်လင်းထင်ခဲ့မိသည်။
သို့ပေမဲ့လည်း များမကြာမီမှာပင် စုရှောင်လန်၏ ဈေးဝယ်သည့် ဗီဇအား သူလျှော့တွက်ခဲ့မိခြင်း ဖြစ်ကြောင်း နားလည်လာတော့သည်။
"အန်လင်း ... ဒီဂါဝန်လေးက ငါနဲ့လိုက်လား ... "
"အရမ်းလိုက်တယ် ... ယူလိုက်တော့ ... "
"အလျင်မလိုပါနဲ့ဟဲ့ ... တခြားအဝတ်တွေ ကြည့်ဦးမယ် ... "
"အန်လင်း ... ဒီတီရှပ်လေးကကော ... "
"ဝေါင်း ... လူငယ်ဆန်ပြီး တက်ကြွတဲ့ပုံ ရှိတယ် ... လုံးဝကို မူးမိုက်သွားတာပဲ ... မြန်မြန် ယူလိုက်တော့ ... "
"ဟမ် ... ငါထင်တာကတော့ အရောင်က အရမ်း မှိုင်းသလားလို့လေ ... ဆက်ကြည့် လိုက်ပါဦးမယ်လေ ... "
"အန်လင်း ... ကြည့် ... မြန်မြန် ... ဒီပန်းပွင့်လေးနဲ့ တစ်ထည်ကော ... "
"ဟာ ... နင်နဲ့ အရမ်း လိုက်လွန်းတယ် ... ပန်းနတ်မိမယ်လေး အတိုင်းပဲ ... ဒီတစ်ထည်ကိုတော့ သေချာပေါက် ယူသင့်တယ် ... "
"တကယ်လား ... ဒီပန်းပွင့်ပုံက အရမ်းကြီး ရှုပ်နေသလားလို့လေ ... တခြားပုံစံတွေ ကြည့်ရအောင်ပါနော် ... "
“အန်လင်း ... ဒီကိုကြည့် ... ”
“အရမ်းမိုက် ... ”
“အန်လင်း ... ဟိုနားက တစ်ထည် ... ”
“အမ် ... ”
“အန်လင်း ... ငါဝတ်ထားတာလေးကော ... ”
“အမ် ... ”
"အန်လင်း ... ဒီတစ်ထည်က မဆိုးဘူး ... ငါတို့ ဒါကို ယူသင့်တယ်မလား ... "
“အမ် ... ”
အန်လင်းခေါင်းထဲတွင် ရုတ်တရက်ဆိုသလို ပရိယာယ်တစ်ခု ပေါ်လာပြီး မျက်လုံးများက တောက်ပ လာသည်။
"ဒီတစ်ထည် လှတယ် ... ဝယ် ဝယ် ဝယ် ... ဒီတစ်ထည်လည်း ဝယ်လိုက်တော့ ... "
စုရှောင်လန်မှာ ငြင်းပယ်ဖို့ အခွင့်အရေးပင် မရလိုက်ဘဲ အန်လင်းက မတ်တတ် ရပ်လိုက်ကာ အဝတ်များအား ဆွဲယူလိုက်ပြီးနောက် ကောင်တာသို့ ငွေပေးချေရန် ပြေးသွားတော့သည်။
အန်လင်း ငွေပေးချေရန် ထွက်ခွာသွားသည့် မြင်ကွင်းအား ကြည့်ကာဖြင့် ဆိုင်ဝန်ထမ်းသည် စုရှောင်လန်အား မနာလိုသည့် အကြည့်ဖြင့် ကြည့်လာသည်။ "ရှင့်မှာ အရမ်းကောင်းတဲ့ ချစ်သူ တစ်ယောက် ရှိတာပဲ ... ကျွန်မတော့ဖြင့် အခုလိုမျိုး အဝတ်အစား ဝယ်တဲ့နေရာမှာ အရည်အချင်း ရှိတဲ့ လူမျိုး တစ်ခါမှာတောင် မတွေ့ခဲ့ဖူးဘူး ... "
စုရှောင်လန်၏ ကြွေရုပ်ကလေးနှင့် တူသည့် မျက်နှာတွင် ဂုဏ်ယူသည့် အမူအရာများ ပေါ်လာတော့သည်။ "အဝတ်က တစ်ထည်ပဲ ဝယ်ရသေးတာ ... ကျွန်မက ငါးထည်လောက် ဝယ်မလို့ ကြံထားတာလေ ... သူက တော့ တကယ်ပဲ လုပ်ချလိုက်ပြန်ပြီ ... "
အန်လင်းသည် ငွေချေသည့် ကောင်တာမှနေ ပြန်လာခဲ့ပြီး သူ့ကိုယ်သူ အရမ်း ကျေနပ်နေမိသည်။ စုရှောင်လန်၏ စကားများအား ကြားလိုက်ရသည့် အခါတွင် သူ့ခြေထောက် များသည် သူ့ဆီမှနေ ချက်ချင်းဆိုသလို ထွက်ခွာသွားပြီး သူ့အား ဒူးထောက် လျက်သား ချန်ခဲ့တော့သည်။ (အမောဆို့ပြီး ဒူးခွေကျသွားတယ်လို့ ဆိုလိုတာပါ)
ကောင်းကင်တွင် နေဝင်စပြုနေပြီ ဖြစ်သည်။ သူတို့၏ ဈေးဝယ်ခြင်း ခရီးစဉ်သည်လည်း အဆုံးသတ် ရတော့မည်။
သူ၏ အဝတ်အစားဝယ်ယူခြင်း အစီအစဉ်မှာတော့ နှစ်ဆယ် ရာနှုန်းခန့်သာ ပြီးမြောက် သေးသည်။ မူလ အဝယ်စာရင်းမှာတော့ ထက်ဝက်ခန့် ပြီးမြောက်သွားပြီ ဖြစ်သည်။ သို့ပေမဲ့လည်း ကံခေလွန်းပါသည်။ ဘာလို့ ကံခေရတာလဲ သိချင်တာလား ... ။ ကောင်းပါပြီ ... သိရပါလိမ့်မယ် ... ။
စုရှောင်လန်သည် တန်ဖိုးကြီးသည့် ညနေခင်း ပွဲတက်ဝတ်စုံ အပါအဝင် အဝတ်အထည် ငါးစုံ ဝယ်ခဲ့သည်။
ထိုညတွင် ဟောင်ရှန့်ရှန့်သည် အနောက်တောင် ဒေသရှိ ထင်ရှားသော နိုင်ငံရေးသမားများနှင့် စီးပွားရေး လုပ်ငန်းရှင်များအား ဖိတ်ခေါ်ကာ ကပွဲတစ်ပွဲ ကျင်းပခဲ့သည်။
ထိုကပွဲ၏ ရည်ရွယ်ချက်မှာ အန်လင်းတို့အား အခြားသူများနှင့် တွေ့ဆုံစေရန် ဖြစ်သည်။
အနာဂတ်တွင် တစ်ခုခု ဖြစ်လာပါက သူတို့အနေဖြင့် အန်လင်းတို့နှင့် ပူးပေါင်း ဆောင်ရွက်ကာ တာဝန်ပြီးမြောက်ရန်အတွက် အတတ်နိုင်ဆုံး ကြိုးစားနိုင်ကြစေရန် ဖြစ်သည်။
ထိုကပွဲအတွက် အန်လင်းသည်လည်း ပွဲတက် ဝတ်စုံတစ်စုံ ဝယ်ယူခဲ့သည်။
အန်လင်းအတွက် ပထမဆုံးအကြိမ် ပွဲတက်ဝတ်စုံ ဝတ်ဆင်ရခြင်း ဖြစ်သော်ငြား သူ၏ ကြီးကျယ်သည့် ပုံရိပ်နှင့် ချောမောသည့် မျက်နှာပြင် ထူးခြား တက်ကြွသည့် သွင်ပြင်တို့က သူ့အား တစ်မူ ထူးကဲ နေစေသည်။
စုရှောင်လန်မှာမူ ပြောစရာလိုမည် မထင်ပင်။ သူ့အား ဖျင်ကြမ်းအင်္ကျီ ဝတ်ဆင် ပေးမည်ဆိုလျှင်တောင် သူမ၏ အလှအပအား မှေးမှိန် သွားစေနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် သူမအတွင် 'မည်သည့်ဝတ်စုံနှင့် လိုက်ဖက်မည်နည်း' ဆိုသည့် ပြဿနာမှ ကင်းဝေးပေသည်။
အန်လင်းနှင့် စုရှောင်လန်တို့ ပါဝင်သည့် Ferrari လေးသည် ညချိန်တွင် ကျောက်စိမ်းဖြူ နန်းတော်သို့ ဦးတည်ကာ မောင်းနှင်လျက် ရှိသည်။
ကျောက်စိမ်းဖြူ နန်းတော်သည် သီးသန့်ကလပ် တစ်ခုဖြစ်ပြီး ဖွဲ့စည်း တည်ဆောက် ထားပုံမှာ နာမည်အတိုင်းပင် အဖြူရောင် နန်းတော်ကြီး ဖြစ်သည်။
အန်လင်းတို့ အတွက် စီစဉ်ထားသည့် ကပွဲသည်လည်း ထိုကျောက်စိမ်းဖြူ နန်းတော်အတွင်း စတင်ကာ ကျင်းပနေပြီ ဖြစ်သည်။
***