← Chapters

ချိတ်ပိတ်ခံထားရသော ပါရမီရှင် လူငယ်လေး

Vol. 1 Ch. 2

ချိတ်ပိတ်ခံထားရသော ပါရမီရှင် လူငယ်လေး

Vol. 1 Ch. 2

ကောင်းကင် ကြယ်တာရာ နယ်မြေ၊ ရှန်ဝူနိုင်ငံတော်၊ ကောင်းကင်တောင်ပံမြို့

"အာ့... "

ကျန်းရီတစ်ယောက် မျက်လုံးများ ဖွင့်လိုက်သည်နှင့် မှုန်ဝါးဝါးလောကနှင့် မိတ်ဆက်ခြင်းခံလိုက်ရသည်။ သူ့ကိုယ်၏ နေရာလပ်မကျန် မီးမြှိုက်ခံထားရသလို နာကျင် ကျိန်းစပ်နေသည်။ အဆိုးဆုံးကတော့ သည်းမခံနိုင်လောက်သော အတိုင်းအဆဖြင့် ထိုးကိုက်နေသော သူ့ခေါင်းပင်။ နီရဲရောင်ကိုင်းနေသော မျက်နှာနှင့် ကျန်းရီသည် သူ့မှာရှိသော အားအနည်းငယ်ဖြင့် လှဲနေရာမှထရန် ကြိုးစားလိုက်သည်။ သူ၏ လက်ရှိပတ်ဝန်းကျင် အနေအထားကို သတိပြုမိတော့ ကျန်းမိသားစု၏ ပိုင်ဆိုင်မှုများထဲမှ တစ်ခုဖြစ်သော အနောက်ဘက် တောင်ကုန်း စိုက်ခင်းထဲရှိ တောင်ပူစာ တစ်ခုပေါ်တွင် သူလဲနေခြင်းဖြစ်ကြောင်း ကျန်းရီ လျင်လျင်မြန်မြန်ဘဲ သဘောပေါက်လိုက်သည်။

ကြက်ဥ အရွယ်အစားလောက်ရှိသော သူ့နဖူးပေါ်မှ ဘုကြီးကို လက်လှမ်းမိတော့ ထိန်းချုပ်၍ မရနိုင်သော ဒေါသတို့ ကျန်းရီကို လွှမ်းခြုံသွားသည်။ ဒီမနက် စိုက်ခင်းရှိ ဆေးဘက်ဝင် အပင်တို့၏ အထွက်နှုန်းကို စစ်ဆေးရန် သူ အပြေးအလွှား လာခဲ့သည်။ ကံဆိုးစွာ ကျန်းရုဟူအပါအဝင် ဂိုဏ်းခွဲတစ်ခုမှ အခြားသူများနှင့် သူ ထိပ်တိုက်တွေ့လေသည်။ သူတို့သည် စိုက်ခင်းမှ ဆေးပင်များကို ရောင်းကာ အပိုဝင်ငွေရရန် အကြံအစည်နှင့် ခိုးနေကြသည်။ သူ့တို့၏ အကျင့်က ပြင်မရတာ ကြာလာသည် နှင့်အမျှ ဒီဗရမ်းဗတာ လူပေါ်ကြော့တွေ လုပ်သမျှကို သာမန်အားဖြင့် မိသားစုက မသိချင် မမြင်ချင်ယောင် ဆောင်ပေးထားလေသည်။

သို့သော်ငြား ကျန်းရီသည် အတွေ့အကြုံမရှိတာကြောင့် ဒီလိုမျိုး တိုးတိုးတိတ်တိတ် "လက်တွေ့ကျကျ ကိုင်တွယ် ဖြေရှင်းမှုများ" အကြောင်းကို မသိပေ။ ထို့ကြောင့် သူသည် မနေနိုင် မထိုင်နိုင်ဖြင့် သူတို့၏ လုပ်ရပ်များကို အပြစ်တင် ပြောဆိုမိခဲ့သည်။ လူစု၏ မထင်မှတ်ထားသော တုံ့ပြန်မှုကတော့ အတူတကွ ပူးပေါင်းပြီး သူ့အား အုပ်စုဖွဲ့ ရိုက်နှက်ခြင်းပါပေ။ သူတို့သည် သူ့ကို အေးအေးလူလူပင် အလဲထိုးကာ ထားခဲ့သည်မှာ ယခုအချိန်အထိပင် ဖြစ်သည်။

"ကျန်းရုဟူ" ကျန်းရီခါးသက်စွာ ရေရွတ်ခဲ့သည်၊ "ငါ လုပ်ခဲ့တာဆိုလို့ မင်းကိုနည်းနည်းလေးဘဲ အပြစ်တင်မိတာ၊ မင်းကတော့ ငါ့ကို ရိုက်ခဲ့တယ်လား၊ ဟမ့် တစ်နေ့ကျ ငါမင်းကို သေချာပေါက်ကို လက်စားပြန်ချေမယ်"

သူ့ခြေထောက် နှစ်ချောင်းနှင့်သူ မတ်တတ် မရပ်နိုင်ခင်တွင် စူးရှရှ နာကျင်မှု တစ်ခုက သူ့ကို ယိမ်းယိုင်သွားစေကာ မြေပေါ်သို့ ထပ်လဲကျလုနီးပါး ဖြစ်သွားစေသည်။ သူ့ကိုယ်တွင် ပျံ့ကြဲနေသော ကြီးကြီးသေးသေး ဒဏ်ရာဟူသမျှက သူ့ကို ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို ပေးသည်။ သူ၏အတွေးများသည် နာကျင်မှုဖြင့် ယောက်ယက်ခတ်နေသည်။ သူ၏ နူးညံ့သော မျက်နှာသည်လည်း မသိလိုက်ခင်တွင်ပင် ရှုံ့တွနေလေသည်။

ကံဆိုးစွာပင် သူတို့ကို တိတ်တဆိတ် ကျိန်ဆဲရုံ၊ လက်စားချေရန် စိတ်ထဲမှ ထပ်တလဲလဲ ကတိပြုရုံအပြင် သူဘာများ လုပ်နိုင်ပါမည်လဲ။

ကျန်းရီ၏ မိသားစုသည် ကောင်းကင် တောင်ပံမြို့ရှိ မိသားစုဂိုဏ်းကြီး ၅ခုထဲမှ တစ်ခုဖြစ်သည်။ ကျန်းမိသားစုတွင် ဆက်ခံသူ မြောက်များစွာ ရှိပြီး တစ်ဦးစီတိုင်းသည် ဝါစဉ်အရ တိတိကျကျ နေရာ သတ်မှတ်ထားသည်။

ကျန်းမိသားစု၏ လူငယ်မျိုးဆက်တွင် အလေးစားခံရဆုံး သူတို့မှာ ပုံမှန်အားဖြင့် ကျန်းမိသားစု၏ မူလ သွေးမျိုးဆက်နှင့် တိုက်ရိုက် တော်စပ်သူများ တစ်ဆင့်ခံ သွေးသား တော်စပ်သူများ ဖြစ်ကြသည်။ သွေးသား တော်စပ်ခြင်းမရှိသော ဆွေမျိုးများကိုမူ ဒုတိယတန်းစားအဖြစ် သတ်မှတ်ကြသည်။ ရလဒ်မူကား ပထမတန်းစားတွင် တိုက်ရိုက် သွေးမျိုးဆက်များနှင့် မိသားစုခွဲများမှ အရည်အချင်း မြင့်မားသူ လူနည်းစုသာ ပါဝင်ခြင်းပင်။ ကျန်းရုဟူကဲ့သို့ မိသားစုခွဲမှဖြစ်ပြီး သာမန်စွမ်းရည်သာ ပိုင်ဆိုင်ထားသူ အဖို့တော့ အနည်းငယ်မျှသော အဆင့်အတန်းကိုသာ ပိုင်ဆိုင်ပေသည်။

ကျန်းရီမူကား... . သူ၏မျိုးရိုးအရ ဆုံးဖြတ်လျှင် ဂိုဏ်းသားများ အကြားတွင် ထိပ်ဆုံးနေရာ၌ ရှိပေသည်။ ထိုသို့သော ဂုဏ်ရည်ကိုပိုင်ဆိုင်ထားသော်ငြား ကျန်းမိသားစုရှိ သူ၏ တကယ့်အဆင့်အတန်းအမှန်သည် မိသားစု၏ အဆင့်အနိမ့်ဆုံး အဖွဲ့ဝင်များထက် ပို၍ သာလွန်ခြင်းမရှိပေ။

ထိုအရာသည် လွန်ခဲ့သည့် နှစ် အနည်းငယ်ထဲကပင် အမှန်တကယ် အဆင့်သတ်မှတ်ခံထားရခြင်း ဖြစ်သည်။ သူသည် ကျန်းမိသားစု သခင်လေးဟု အမည်ခံသာ ရှိခြင်းကြောင့် မိသားစုရှိ ရာထူးမြင့် အဖွဲ့ဝင်များထံမှ မကြာခဏ ဆိုသလို အနိုင်ကျင့်ခြင်း ခံခဲ့ရသည်။ ဤ ညှဉ်းပန်း နှိပ်စက်မှုများသည် သူ့ကို ထိခိုက်ဒဏ်ရာ အများအပြား ရစေမြဲပင်... .။ ဒီတစ်ခေါက်တွင်လည်း သူသည် ဆိုးဆိုးဝါးဝါး အရိုက်နှက် ခံရပြီး တစ်မနက်လုံးကို မေ့မျောလျက် ကုန်ဆုံးခဲ့ရသည်။

"သန်မာမှု"

"စွမ်းအား"

"ကျန်းရီဆိုတဲ့ ငါ့မှာ ခွန်အား မရှိတာကြောင့် ကျန်းရုဟူလိုမျိုး ရွံစရာကောင်ရဲ့ ခြေထောက်အောက်မှာ နင်းချေခြင်း ခံရတယ်၊ မရေမတွက်နိုင်တဲ့ အရှက်ခွဲမှုတွေကို ခါးစည်းခံရတယ်။ ဒါ ငါလိုချင်တဲ့ ဘဝ မဟုတ်ဘူး ... .အခုလည်း မဟုတ်ဘူး၊ နောင်လည်း မဟုတ်စေရဘူး"

ကျန်းရီသည် မနက်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက် တစ်သီ တစ်တန်းကြီးကို ပြန် စဉ်းစားနေခဲ့သည်။ သူ့မျက်နှာသည် နာကျည်းမှု၊ ဒေါသတို့ဖြင့် လောင်မြိုက်နေသည်။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်မှာ လက်သည်းများ လက်ဖဝါးထက်သို့ စိုက်ဝင်နေသည် အထိပင်။

ပိုပြီး မူးဝေလာသော ခံစားချက်ကို ရသော်ငြား သူ ခေါင်းမာစွာဖြင့် ခေါင်းကို မတ်မတ် ထူလိုက်သည်။ ပတ်ဝန်းကျင်ကို လျစ်လျူရှုရင်း ယိုင်နဲ့စွာ တစ်လှမ်းချင်းစီ လှမ်းရင်း ကျန်းရီ အိမ်ပြန်ခဲ့သည်။ ရှည်လျားပြီး နာကျင်စရာ ကောင်းသော ခရီးတစ်လျှောက်လုံး သူ၏ မျက်ဝန်းနက်များသည် ဒေါသငွေ့များ လွှမ်းနေခဲ့သည်။ ပြင်းထန်သော ကိုယ်ရောစိတ်ပါ နာကျင်မှုသည် သူ၏ နူးညံ့ ပျော့ပြောင်းသော မျက်နှာကို ကြောက်စရာ ကောင်းအောင် ရှုံ့တွနေစေသည်။

လွန်ခဲ့သည့် ဆယ့်နှစ်နှစ်က သုံးနှစ်အရွယ်ရှိ ကျန်းရီလေးကို အကြီးအကဲချုပ်က ကျန်းမိသားစုဆီ ခေါ်လာခဲ့ပြီး အကြီးအကဲချုပ်၏ မွေးစားမြေးအဖြစ် ချီးမြှောက်ခဲ့သည်။ ဤသည်ကား ကျန်းရီသည် ကျန်းဂိုဏ်း၏ သွေးများ သူ့သွေးကြောထဲတွင် စီးဆင်းမနေသော်ငြား ကျန်းဂိုဏ်း၏ တရားဝင်ဆက်ခံသူ အဖြစ် ဂုဏ်သရေရှိ အဆင့်အတန်းကို ရရှိခဲ့ပုံပင် ဖြစ်သည်။

ငါးနှစ်အရွယ်တွင် ကျန်းရီသည် မိသားစုအတွင်းရှိ အခြား ကလေးများကဲ့သို့ သိုင်းပညာ၏ အခြေခံ လေ့ကျင့်မှုများကို စတင်ခဲ့သည်။ ထို့နောက် သိုင်းပညာအရာတွင် အံ့အားသင့်ဖွယ် ကျွမ်းကျင်စွာတတ်မြောက်မှုကို သူပြသခဲ့သည်၊ သူသည် မည်မျှ ရှုပ်ထွေးသော ပညာရပ်ပင်ဖြစ်စေ အလွယ်တကူပင် တိတိကျကျ အတုယူကာ သင်ယူနိုင်စွမ်းရှိသည်။ ထိုစွမ်းရည်ကြောင့်ပင် သူသည် တစ်ရှိန်ထိုး ကျော်ကြားသွားခဲ့သည်။ လူအများသည် သူ့အား "ကျန်းဂိုဏ်း၏ ပါရမီရှင် ကလေးငယ်" ဟုပင် ခေါ်ဆိုသမှု ပြုခဲ့ကြသည်။

သို့သော်ငြား နှစ်နှစ်ခန့် ကြာသောအခါ သူ၏ ကံတရားသည် ညတွင်းချင်းပင် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်... ...

သူတို့ ခုနှစ်နှစ် အရွယ်သို့ ရောက်သောအခါ ဂိုဏ်းသည် ထုံးစံအတိုင်း ဆက်ခံသူများကို အတွင်းအား ကျင့်ကြံနည်း သင်ကြားပေးခဲ့သည်၊ ခုနှစ်နှစ်အရွယ် ကျန်းရီလည်း အပါအဝင်ပင်။ ကျန်းရီသည် 'ကျန်း'ရေ အသွင်ကျင့်စဉ်ကိုပင် သင်ကြားပေးခြင်းခံရသည်။ ကျန်းမိသားစု၏ ‌ရေအသွင် ကျင့်စဉ်သည် တိုက်ရိုက် သွေးမျိုးဆက်များ သာလျှင် သင်ကြားခွင့်ရှိသော ပညာရပ်ဖြစ်သည်။

ကံဆိုးစွာပင် ကျန်းမိသားစု အဖွဲ့ဝင်များ၏ မျှော်လင့်ချက်များကို သွေဖယ်၍ ကျန်းရီသည် တစ်လလုံး လေ့ကျင့်သော်ငြား ရေဓာတ်စွမ်းအင်ကို မဖြစ်စလောက် ပမာဏလေးသာ စုဆောင်းနိုင်ခဲ့သည်။ ထိုအရာသည် တုန်လှုပ်စရာပင်၊ အဘယ်ကြောင့်ဆိုသော် သာမန်အကျဆုံး ဆက်ခံသူများတောင်မှ အလားတူရလဒ်ကို ရရန် သုံးရက်မှ ငါးရက်အထိသာ လိုအပ်သောကြောင့်ပင်။

ကောင်းကင် ကြယ်တာရာနယ်မြေရှိ လူများသည် အခြေခံ ဒြပ်စင်များဖြစ်သော သတ္ထု ၊ သစ်သား၊ ရေ၊ မီး၊ မြေ စသည်တို့၏ အစွမ်းကို ယူ၍ ကျင့်ကြံရန် နှင့် အတွင်းအား တိုးတက်ရန် အလို့ငှါ အသုံးပြုကြသည်။ အတွင်းအား ကောင်းသော သူများသာလျှင် အမျိုးမျိုးသော စွမ်းအားမြင့် ပညာရပ်များတွင် အတွင်းအားကို အသုံးပြု နိုင်သောကြောင့်လည်း ဖြစ်သည်။

တောင်များကို ခွဲခြမ်းခြင်း၊ ကောင်းကင်ယံတွင် လွတ်လပ်စွာပျံသန်းခြင်း၊ တန်ခိုး သြဇာအာဏာရှိခြင်းတို့မှာ လုံလောက်သော အတွင်းအား ရှိမှသာလျှင် ဖြစ်နိုင်ပေသည်။ သို့သော် အတွင်းအား မရှိလျှင် သိုင်းပညာရပ်တွင် မည်မျှပင် ကျွမ်းကျင်နေပါစေ၊ မည်သည့် ပညာရပ်တွင်မဆို ထူးချွန်နေပါစေ၊ လုံးဝ အသုံးမဝင်သည်သာ။ အတွင်းအား မရှိလျှင် အခြေခံအကျဆုံး သိုင်းပညာပင် မအောင်မြင်နိုင်။

ကျန်းရီလေး၏ သိုင်းပညာ အခြေခံ စွမ်းရည်နှင့် အမှန်တကယ် အောင်မြင်မှု စွမ်းရည်တို့မှာ ဘယ်လိုများ ကမ္ဘာခြားသလို ဖြစ်နေရသည်လဲ။ ကျန်းမိသားစုရှိ လူတိုင်း လုံးဝ ဆွံ့အ နေခဲ့ကြသည်။

မူမမှန်သော အခြေအနေကို သဘောပေါက် သွားသောအခါ တုန်လှုပ်သွားသော အကြီးအကဲချုပ်သည် သူ့ကိုယ်ပိုင် စာကြည့်ခန်းသို့ အထူးတလည် သွားခဲ့သည်။ သူသည် မရေမတွက်နိုင်သော ရနိုင်သမျှ စာအုပ်များအပြင် အတွင်းအား ကျင့်ကြံခြင်း နည်းလမ်းများနှင့် သက်ဆိုင်သော စာအုပ်ဒါဇင်များစွာကို စုဆောင်းခဲ့ပြီး ကျန်းရီကို ပေးကာ ဖော်ပြပါ နည်းလမ်းများအတိုင်း စာအုပ်တစ်ခုချင်း ပုံစံ တစ်ခုချင်းစီ လေ့ကျင့်စေလေသည်။

ကျန်းရီသည် အဆင့် အနိမ့်ဆုံး အတွင်းအား ကျင့်ကြံခြင်း နည်းလမ်းများကို လေ့ကျင့်ရန်သာ ထိုက်တန်သည် ဖြစ်စေ မထိုက်တန်သည် ဖြစ်စေ၊ သာမန် လူတစ်ယောက်၏ နှုန်းနှင့် သူလေ့ကျင့်သည်မှာ အချိန်ကြာလေလေ သူ၏ သိုင်းပညာတွင် ပါရမီပါမှုနှင့် ဆိုလျှင် သူသည် သေချာပေါက်ကို သိုင်းပညာတွင် ကျွမ်းကျင်လာပြီး အားကောင်းသော သိုင်းပညာရှင် တစ်ယောက် ဖြစ်လာပေလိမ့်မည်။

ငယ်ရွယ်သော ကျန်းရီလေးသည် တစ်နှစ်လုံးကို လျှို့ဝှက် စာအုပ်ထူထူကြီးများ အထပ်ပေါင်းများစွာမှ ရနိုင်သမျှသော စိတ်စွမ်းအင် လေ့ကျင့်ခြင်း ပညာရပ်တိုင်းကို ကြိုးစားလေ့ကျင့်ရင်းဖြင့်သာ ကုန်ဆုံးခဲ့ရသည်။ သို့သော်လည်း အံ့သြစရာဖြစ်ရပ်ကို သူ လုံးဝ မကြုံတွေ့ခဲ့ရပေ။ သူတစ်လအထက် စုဆောင်းထားသော အတွင်းအား ပမာဏသည် ထူးချွန်သော တပည့်အချို့ တစ်ရက်သာ စုဆောင်းသော ပမာဏထက် နည်းနေမြဲပင်။

ကမ္ဘာပေါ်တွင် ဒီလို ဆန့်ကျင်ဘက် ဝန်ရိုးစွန်းနှစ်ခုကဲ့သို့ အခြေမျိုး အဘယ်သို့များ တည်ရှိနေနိုင်ရပါသနည်း။

အချည်းနှီးဖြစ်မှု တိုးလာသည်နှင့်အမျှ နောက်ဆုံးတွင် အကြီးအကဲချုပ်သည် အတွင်းအား သုံး၍ ကျန်းရီ၏ ခန္ဓာကိုယ်ကို စစ်ဆေးရန် အကြံရလာခဲ့သည်။ သို့နှင့် သူသည် အံ့အားသင့်ဖွယ် တစ်စုံတစ်ရာကို တွေ့ရှိခဲ့လေသည်၊ ကျန်းရီ၏ ဒန်တျန်း နေရာကို စာရွက်တစ်ရွက်ထက် ပို၍ပါးသော ချိတ်ပိတ်သင်္ကေတများဖြင့် ပြည့်နေသည့် အလွှာတစ်လွှာက ဝန်းရံထားလေသည်။ ထိုအလွှာသည် ကျန်းရီ၏ ဒန်တျန်းနေရာတစ်ခုလုံးကို နေရာလပ်မကျန် ဖုံးအုပ်ထားသည်။ ၎င်းသည် ချက်နေရာကို ဝင်ရောက်မည့် အတွင်းအား၏ အမြန်နှုန်းကို အကြီးအကျယ်လျှော့ချရင်း ဝင်ပေါက်၊ ထွက်ပေါက်ကို ပိတ်ဆို့နေသည့် စစ်ထုတ်ကိရိယာနှင့် ဆင်တူသည်။

တစ်နည်းအားဖြင့်ဆိုသော် ထိုကိုးရိုးကားရားနိုင်သော အရံအတားမှာ ကျန်းရီလေး၏ ကျင့်ကြံခြင်းနှုန်းကို ဆိုးရွားစွာ နှေးကွေးအောင် လုပ်သည့် လက်သည်တရားခံပင် ဖြစ်ချေသည်

ထိုသဘာဝလွန်ဖြစ်ရပ်၏ နောက်ဆက်တွဲ အဖြစ် အကြီးအကဲချုပ်သည် ချိတ်ပိတ်သင်္ကေတပေါ်ရှိ ပုံရိပ်ကို ပုံဖော်ကြည့်ရန် စိတ်စွမ်းအင်ကို အသုံးပြုခဲ့သည်။ ပုံမှာ လျှို့ဝှက်ဆန်းကြယ်သော နဂါးတစ်ကောင်ပုံစံ အက္ခရာရုပ်ပုံ တစ်ခုဖြစ်သည်။ ပြဿနာသည်ကား ချိတ်ပိတ်ထားသည့် အက္ခရာကိုချိုးဖျက်ဖို့ အသာထား၊ မည်သူ တစ်ဦးတစ်ယောက်မှ အက္ခရာရုပ်ပုံကို ပုံဖော်ထားသည့် စကားလုံးများကို မဖတ်နိုင်၊ နားမလည်နိုင်ခြင်းပင်...

ကျန်းရီသည် အတွင်းအား ကျင့်ကြံဖို့ရန် မဖြစ်နိုင်မှန်း အတည်ပြုပြီးသောအခါ အကြီးအကဲချုပ်သည် သူ့ မွေးစားမြေးလေး၏ ပြဿနာကို အဖြေရှာရန်အတွက် အခန်းတံခါးပိတ်ကာ ရှေးဟောင်း အက္ခရာ ရုပ်ပုံစာအုပ်များ၊ ရှေးဟောင်းစာပေ အမျိုးအစားပေါင်း များစွာကို ဖတ်ရင်းဖြင့် နေ့ရက်ပေါင်း များစွာကို ကုန်ဆုံးစေခဲ့သည်။ သူသည် တစ်နေ့တွင် ချိတ်ပိတ်အက္ခရာကို ချိုးဖျက်နိုင်ရမည် ဟူသော မျှော်လင့်ချက်နှင့် ဘာသာစကား ပညာရှင်များ၊ မှော်အက္ခရာ ရုပ်ပုံပညာတွင် ထူးချွန်သူများ၏ အကူအညီကို ရလိုရငြားဖြင့် ကမ္ဘာ့အစွန်အဖျားတိုင် သွားရောက်ခဲ့သည်။ လပိုင်းအတွင်းမှာပင် သနားစဖွယ် အကြီးအကဲချုပ်သည် ဆယ်နှစ်ခန့်မျှ အိုစာသွားသည့်ပုံ ပေါက်ခဲ့သည်။

ကျန်းရီ ကိုးနှစ်အရွယ်တွင် အကြီးအကဲချုပ်သည် မိသားစုကို ခရီးထွက်သွားသည်ဟု အသိပေးသည့်အနေဖြင့် စာတစ်စောင် ထားခဲ့ပြန်လေသည်။ ထိုတစ်ခေါက် သူ၏ခရီးသည် ခြောက်နှစ်တိတိ ကြာမြင့်ခဲ့လေသည် ထိုကာလ တစ်လျှောက်လုံး မိသားစုသည် သူ့ဆီမှ စာတစ်စောင်၊ သတင်းတစ်ခုတစ်လေမျှ မကြားခဲ့ရသည်မှာ ကမ္ဘာမြေပေါ်မှ သူပျောက်ကွယ်သွားသကဲ့သို့ပင်။

ကျန်းရီလေး၏ ကံကြမ္မာသည် အံ့သြဖွယ်ရာ ပါရမီရှင်လေး အဖြစ်မှသည် ဂိုဏ်း၏ အင်အားအကြီးဆုံးအဖွဲ့ဝင်ကို ပျောက်ကွယ်သွားရန် ဖြစ်စေသည့် လုံးဝအသုံးမကျသူ အဖြစ်သို့ ဂုဏ်သတင်း ကျဆင်းသွားရသည်။

ဤဆိုးဝါးသော အခြေအနေများ၏ နောက်ကွယ်က အဓိက တရားခံ ဖြစ်သောကြောင့် ကျန်းရီကို ကျန်းမိသားစု၏ အကြီးအကဲများက မျက်နှာသာ မပေးကြတော့ပေ။ အကြီးအကဲချုပ် ပျောက်ဆုံးနေသော ခြောက်နှစ်လုံးလုံး သူဆက်လက် လေ့ကျင့်နေခဲ့သော်ငြား နာကျင်စရာကောင်းစွာဘဲ သူ၏ ကျင့်ကြံဆင့်သည် သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း ပထမအဆင့်မှ တိုးတက်မလာခဲ့ချေ။ မိသားစုအတွင်းရှိ သူ၏ အဆင့်အတန်းသည် ဆက်လက်ဆိုးရွားလာခဲ့သည်။

နှစ်နှစ်ကြာပြီးနောက် သူသည် ကျန်းအိမ်တော် အနောက်ဆောင်မှသည် အနောက်ဘက် ခြံဝန်းအတွင်းရှိ အစေခံတန်းလျားသို့ နှင်ထုတ်ခံရသည်။ ရက်အနည်းငယ်ကြာသောအခါ သူသည် မိသားစုဆေးစိုက်ခင်းကို ထိန်းသိမ်းရန် နှစ်ဝက်ခန့်စော၍ တာဝန်ပေးအပ်ခြင်းခံရသည်။ ထိုအလုပ်သည် သဏ္ဍာန်သုံးဆင့်  အသွင်ပြောင်းခြင်း တတိယအဆင့်အထိ မကျင့်ကြံနိုင်သော၊ အသုံးမကျသူဟု ယူဆရသော ဆယ့်ခြောက်နှစ်အရွယ် ဆက်ခံသူတို့ တာဝန်ယူရလေ့ရှိသော အလုပ်ဖြစ်သည်။

ကျန်းရီ သက်ပြင်းချလိုက်သည်

"ယောက်ျားကောင်းဆိုတာ အတိတ်က အောင်မြင်မှုကို ဖက်တွယ်မနေဘူး။ အတိတ်ကို ဘယ်လောက်ဘဲ မျှော်တွေးတွေး ဘာများ အသုံးဝင်လာမှာမို့လဲ။ တွေးကြည့်လိုက်မှ ရှောင်နူသာ ငါ့ရဲ့ ဒီ သနားစရာပုံစံကို မြင်ရင် သူမ ဘယ်လောက်တောင် စိုးရိမ်သွားလိမ့်မလဲ... ."

ရှောင်နူ အကြောင်း တွေးမိသောအခါ ကျန်းရီ၏ ရက်စက်သော အကြည့်တွေ မှိန်ဖျော့သွားခဲ့သည်၊ သူ၏ ခန္ဓာကိုယ်သည်လည်း နှလုံးခုန်သံများ တစ်ခဏလောက် ရပ်တန့်သွားသယောင် ထင်ရသည်။ နေ့ရက်များကို အခက်အခဲများစွာနှင့် နာကျင်စွာ ဖြတ်ကျော်ခဲ့ရသော်လည်း သူလုံးဝ အရှုံးမပေးခဲ့ပါဘူး။

တစ်ရက်ပြီး တစ်ရက် ညှဉ်းပန်း နှိပ်စက်ခံရမှုတွေကို အန်တုနိုင်သည့် အကြောင်းပြချက်၊ သူ့ရဲ့ အကြီးမားဆုံးသော အားအင်ဖြစ်တည်မှုသည် ဒီအစေခံ မိန်းကလေးငယ်ဖြစ်သည်ဟု သူအမြဲခံစားခဲ့ရသည်။ ရှောင်နူသည် သူနှင့်အတူတူ ကြီးပြင်းလာခဲ့သည်၊ သူတို့ ပဲတောင့်လေးတစ်ခုထဲက ပဲစေ့လေးတွေ လိုမျိုး နီးကပ်ရင်းနှီး ကြပါသည်။ သူ့အခြေအနေကို သိသော်ငြား သူမသည် သူ့ကို ဘယ်သောအခါမှ မစွန့်ပစ်ခဲ့သလို ချန်လည်းမထားခဲ့ပေ။ အဲ့ဒီအစား သူမသည် သူ့ကို နည်းလမ်းမျိုးစုံဖြင့် အားပေး တိုက်တွန်းရန် နေ့စဉ်ကြိုးစားခဲ့သည်။

"ဘန်း"

ကျယ်လောင်သော ပြိုလဲသံတစ်ခုက ယိုယွင်း ပျက်စီးနေသော ခြံဝန်းလေးကို ဦးတည်နေသော တံခါးဆီမှ ထွက်ပေါ်လာခဲ့သည်။ ကျန်းရီတစ်ယောက် ဘယ်ညာ ယိမ်းထိုး၍ တံခါးဝကိုဖြတ်ကာ ဒယိမ်းဒယိုင် လျှောက်လာခဲ့သည်။ သူ့မှာ အိမ်ပြန်ရန် လုံလောက်သော စွမ်းအားမျှသာ ရှိတော့သည်။ ကျန်းရီ၏ မျက်လုံးများသည် နာကျင်မှုများကို ပေါ်လွင်စေပြီး သူ၏ မျက်ခုံးများကိုလည်း နက်နက်ရှိုင်းရှိုင်း ကျုံ့ထားခဲ့သည်။ သူ၏ ပါးစပ်ထောင့်တွင်တော့ ခြောက်ကပ်နေသော သွေးစ၊သွေးနတို့ စွန်းထင်းနေခဲ့သည်။

အခန်းတွင်းရှိ လေထုသည် စိုစွတ်ပြီး အောက်သိုးသိုးနံ့ ထွက်နေသည်။ ရင်းနှီးနေသော ဖယောင်းတိုင်၏ နွေးထွေးသော အလင်းရောင်နှင့် နူးညံ့ပြီး အားနည်းတဲ့ ပုံရိပ်လေး တစ်ခုလည်း ကင်းမဲ့နေခဲ့သည်။ ကျန်းရီသည် အသက်ရှူရန်အလို့ငှါ စားပွဲကိုမှီတွယ်ခဲ့သည်။ မိနစ်အနည်းငယ်မျှ ခက်ခဲစွာ အသက်ရှူပြီးနောက်တွင် သူမတ်တတ်ရပ်ကာ တုန်ရီနေသော လက်နှင့် ဖယောင်းတိုင် မီးညှိခဲ့သည်။ ထို့နောက် စားပွဲပေါ် ချန်ထားခဲ့သော စာတိုလေးတစ်စောင်ကို သူသတိပြုမိခဲ့သည်။

"အိုးထဲမှာ ဝေါ်ထုန်(ပြောင်းဖူးမုန့်)နဲ့ အသားဆန်ပြုတ် ရှိပါတယ်။ ရှောင်နူ အမျိုးတစ်ယောက်အိမ် သွားပါတယ်၊ မနက်ဖြန် ပြန်လာပါ့မယ်။ ကျွန်မအတွက် မစိုးရိမ်ပါနဲ့။ အကောင်းဆုံး လုပ်ဆောင်ပါ၊ သခင်လေး "

ရှောင်နူ၏ ခပ်ဆိုးဆိုး လက်ရေးကို ဖတ်ပြီးသောအခါ ကျန်းရီ၏ ရင်အစုံသည် ဆို့နင့်သွားရသည်။ ဆွေမျိုးတွေတဲ့လား ဒီအားငယ်တတ်တဲ့ ကောင်မလေးကတော့... ...

ကျန်းရီသည် အတွေးလွန်နေသော အမူအရာနှင့် သူ၏ မှုန်ဝါးဝါးမှတ်ဉာဏ်များထဲတွင် နစ်မြောသွားခဲ့သည်။ အကြမ်းဖျင်းအားဖြင့် ဆယ့်နှစ်နှစ်ခန့်အကြာက သူ့အမေ နာမကျန်းဖြစ်ပြီး ဆုံးပါးသွားသည့်နောက် ကျန်းရီသည် ကောင်းကင်တောင်ပံမြို့သို့ အကြီးအကဲချုပ်၏ ညာဘက် လက်မောင်းထဲတွင် ပွေ့ချီခေါ်ဆောင်ခြင်း ခံခဲ့ရသည်။ ထိုအခါက အကြီးအကဲချုပ်၏ ဘယ်ဘက် လက်မောင်းထဲတွင် ပွေ့ချီထားသော ရှောင်နူဟုခေါ်သော တခြား ကလေးတစ်ယောက်လည်း ရှိခဲ့သည်။ ရှောင်နူနှင့် ကျန်းရီ နှစ်ယောက်လုံးသည် ကောင်းကင် တောင်ပံမြို့တွင် ကျန်း မိသားစုဝင်များ အပြင် အခြားသိသူ မရှိချေ၊ သို့ဆိုလျှင် ကမ္ဘာပေါ်ရှိ ဘယ်နေရာတွင်များ သူမ၏ ဆွေမျိုးများကို တွေ့သွားရပါသနည်း။

ကျန်းရီသည် အမှန်တရားကို ရင်ထဲမှ နက်နက်ရှိုင်းရှိုင်းကို သိနေခဲ့သည်။ ဒီနှစ်များအတွင်း မိသားစု၏ သူ့အပေါ် မျက်နှာသာပေးခံရမှုသည် ပို၍သာ လျော့ကျလာခဲ့သဖြင့် ဂိုဏ်းကပေးသော လစဉ် အသုံးစရိတ်သည်လည်း အဆက်မပြတ် လျှော့ချခံနေရသည်။ ရှောင်နူသာ အပြင်ထွက် အလုပ်မလုပ်ဘူးဆိုလျှင် သူ၏ ကျင့်ကြံမှုအတွက် လိုအပ်သော အခြေခံ ဆေးဝါးများကို အသာထား နေ့စဉ်စားသောက်ဖို့ရန် လိုအပ်သော အခြေခံအစားအစာ မလောက်ငှမှုသည်ပင် ပြဿနာ ဖြစ်လာပေလိမ့်မည်...

သူတို့၏ နေ့စဉ်ကုန်ကျမှုများအတွက် အစားအစာနှင့် ပိုက်ဆံအချို့ရရန် ကျန်းရီတစ်ယောက် အလုပ် ထွက်လုပ်ချင်သည့် အခိုက်အတန့်များစွာ ရှိခဲ့ဖူးသည်။ သို့သော် ထိုစကားလုံးများသည် ရှောင်နူထံမှ ပြင်းပြင်းထန်ထန် ကန့်ကွက်ခြင်းခံရသည်။ ကျန်းရီသည် ကျန်းမိသားစု၏ မျိုးဆက်တစ်ဦး၊ ကြီးကျယ် ခမ်းနားသော အရာများလုပ်ရန် သတ်မှတ်ထားခြင်း ခံရသော လူတစ်ယောက်။ မိသားစုက ခိုင်းသောအလုပ်များကို မပြောနှင့်၊ သူကဲ့သို့ ဆက်ခံသူ တစ်ယောက်က ဒီလိုနှိမ့်ကျပြီး အောက်ကျို့ရသော အလုပ်များကို ဘယ်လိုများ လုပ်ရပါမည်လဲ။

"ကြီးကျယ် ခမ်းနားတဲ့အရာတွေတဲ့လား၊ သခင်လေးတဲ့လား၊ ငါ့ဖင်ကိုဘဲ သခင်လေးလိုက် ဟားဟား..ဟားဟား"

ကျန်းရီသည် ကျယ်လောင်စွာ ရယ်မော နေခဲ့သော်လည်း သူ့ရယ်သံသည် အသက်မဲ့နေခဲ့သည်။ သူသည် တစ်ဖန် စားပွဲမှ ခွာ၍ အိပ်ရာထက် လှဲလျောင်းခဲ့သည်။ သူ့ ခေါင်းတစ်ခုလုံးသည် မကြာခင် ပွင့်ထွက်တော့မည်ကဲ့သို့ ပို၍ ကြီးမားသော အရှိန်နှင့် ထိုးကိုက်လာခဲ့သည်။ အိုးထဲတွင် သူ့အတွက်ချန်ထားခဲ့သော ညစာ မစားဖြစ်ဘဲ တစ်ခဏလေးအတွင်း သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။

ထိုညတွင် ကျန်းရီသည် အိပ်မက်တစ်ခု မက်ခဲ့သည်။

သူ့မျက်လုံးများ ဖွင့်လိုက်သောအခါ စားစရာ ပြင်ဆင်နေသော ရှောင်နူကို တွေ့ခဲ့ရသည်။ သူမသည် သူ့ကို ကျောခိုင်းထားလျက် ဟင်းရွက်အချို့ ဆေးကြောနေခဲ့သည်။ သူမ၏ ဖြူလျော်ပြီး နူးညံ့သည့် အသွင်ကို သူမနေနိုင်စွာ သတိပြုမိခဲ့သည်။

သူ သူမကို ကူညီတော့မည့် ဆဲဆဲတွင် ပိန်ပိန်ရှည်ရှည်နှင့် ဆံပင်ဖြူဖြူ လူကြီးတစ်ယောက်သည် ရှေးဟောင်းစာအုပ် တစ်ထပ်ကြီးကို သယ်ဆောင်လျက် အိမ်ထဲသို့ ဝင်လာခဲ့သည်။ စာအုပ်များကို စာပွဲပေါ်တင်လိုက်ရင်း လူကြီးသည် ကျန်းရီကို လေးနက်သော အကြည့်နှင့် ဒီလျှို့ဝှက် စာအုပ်တွေထဲမှာ မင်းလေ့ကျင့်နိုင်တဲ့ သိုင်းပညာရပ်တစ်ခု သေချာပေါက်ရှိတယ် ဟု ပြောခဲ့သည်။

မျက်ရည်များ ပါးပြင်ပေါ်ကို စီးကျနေလျက် အိပ်မက်မက်နေဆဲ ကျန်းရီသည် တီးတိုးပြောခဲ့သည်

" အဖိုး ပြန်လာပြီ၊ အားလုံး အဆင်ပြေသွားပြီ ဒါက သတင်းကောင်းဘဲ"

ထိုခဏတွင် ရှောင်နူသည် မီးထွန်းထားသော ဖယောင်းတိုင်တစ်ခု ကမ်းပေးလျက် ပြောလာခဲ့သည်

"အရှုံး မပေးလိုက်နဲ့၊ သခင်လေး နင်လုပ်နိုင်တယ်"

သူမ၏ အားပေးမှုကို အသိအမှတ်ပြုရင်း ကျန်းရီသည် စားပွဲပေါ်ရှိ ရှေးဟောင်းစာအုပ် အထပ်လိုက်မှ စာအုပ်တစ်အုပ်ကို ကောက်ယူခဲ့သည်။ သို့သော် ရှေ့ဆုံးစာမျက်နှာကို ဖွင့်လိုက်လျှင် ဖွင့်လိုက်ချင်း မှုန်ဝါးဝါး အလင်းရောင်တစ်စက သူ့အာရုံကို ဆွဲဆောင်ခဲ့သည်။ စာမျက်နှာပေါ်ရှိ အနက်ရောင်စာလုံးလေးများသည် စာအုပ်အထက်ကို ပျံ့လွင့်လာခဲ့သည်၊ ထို့နောက် လေထုအလယ်တွင် စက်ဝိုင်းပုံ ဝါကျတစ်ကြောင်းကို ပုံဖော်ရင်း သူ့ခေါင်းကို စတင် လှည့်ပတ်လာခဲ့သည်။

"ကျယ်ပြန့်တဲ့ ကောင်းကင်နဲ့ ကမ္ဘာမြေကြီး နည်းလမ်းတစ်ခုသာ ထာဝရဖြစ်တည်သည်။ ကောင်းကင်ဘုံ ကချမှတ်ထားတဲ့ ဥပဒေကို သက်သေပြရန် လူတစ်ယောက်သည် ပထမအချက်အနေဖြင့် ကိုယ်တိုင် ကျင့်ကြံရမည်"

ကျန်းရီသည် သေးငယ်ပြီး တောက်ပနေတဲ့ စာလုံးလေးများကို ဖတ်ရန်ကြိုးစားလိုက်သော်ငြား သူ့ရှေ့က မြင်ကွင်းကြောင့် မထိတ်လန့် မတုန်လှုပ်သွားဘဲ မနေနိုင်ခဲ့ပေ။ သေးငယ်သော စာလုံးလေးများသည် သူ့ကိုယ်ကို လှည့်ပတ်နေရုံအပြင် အသက်ရှိသော ဖားလောင်းလေးများ ကဲ့သို့ လွတ်လွတ်လပ်လပ် ရွေ့လျားနိုင်ချေသည်။

ကျန်းရီ၏ စိတ်ဝင်စားမှု အထွတ်အထိပ်သို့ ရောက်ရှိနေစဉ်မှာပင် စာလုံးများသည် လုံးဝ ပုံစံပြောင်းသွားမှုကို ဖြစ်ပေါ်ခဲ့လေသည်။

ဖားလောင်းလေးများ ကဲ့သို့သော စာလုံးများသည် သူတို့၏ စုစည်းမှုပုံစံကို ရုတ်တရက် ရပ်တန့်လိုက်ကာ သူ့ခေါင်းဆီသို့ အစုလိုက် အပြုံလိုက် ကြမ်းကြမ်းတမ်းတမ်း စီးဆင်းလာခဲ့သည်။ အများစုသည် သူ့ကိုယ်တွင် တွယ်ကပ်နေခဲ့ပြီး အချို့မှာမူ သူ၏မျက်လုံးများ၊ နားများထဲသို့ တိုးဝင်နေခဲ့ကြသည်။

"အား... အား... မဖြစ်ရဘူး... "

ကျန်းရီသည် အိပ်မက်မှ ဆတ်ခနဲ နိုးလာခဲ့သည်။ သူ အိပ်မက်မက်နေစဉ်တွင် မတော်တဆ ခန္ဓာကိုယ်ရှိ ဒဏ်ရာများကို ပွင့်သွားစေခဲ့သည်။ သူ၏ အားနည်းနေသော ခန္ဓာကိုယ်သည် နောက်တစ်ကြိမ် နာကျင်မှုကို တောင့်ခံ ထားရသောသဖြင့် သူ့မျက်ခုံးတို့ ကျုံ့နေခဲ့သည်။

အမွှေးတိုင် တစ်တိုင်ထွန်းစာ ကြာမြင့်ပြီးနောက် သူ၏ အရေပြားကွဲသော နာကျင်မှုတို့ နောက်ဆုံးတွင် လွင့်ပါးသွားခဲ့သည်။ သူ့ကိုယ်သည် ချွေးစေးများဖြင့် ရွှဲနေသည်။ အသေအချာ အာရုံစိုက်ကြည့်လျှင်မူ သူ့လက်မောင်းများနှင့် နောက်ကျောသည် ကြက်သီးများ ထနေလေသည်။ အချိန်အတော်ကြာပြီး နောက်တွင်တော့ သူ့ကိုယ့်သူ ထူမတ်ကာ ထိုင်သည့် အနေအထားသို့ ပြောင်းနိုင်ခဲ့လေသည်။

"အိုး... အိပ်မက်ဖြစ်နေတာဘဲ ကျေးဇူးတင်ရမယ်"

ကျန်းရီသည် စိတ်သက်သာရာ ရသည့် အနေဖြင့် သက်ပြင်းတစ်ချက် ချခဲ့သည်၊ သူ့မျက်နှာတွင်တော့ တစ္ဆေတစ်ကောင် မြင်လိုက်ရသကဲ့သို့ အရောင်စုံ ပြောင်းနေခဲ့သည်။ ထိုခဏတွင် သူ့စိတ်သည် မရေမတွက်နိုင်သော အလွန် သေးငယ်သည့် အနက်ရောင် သင်္ကေတများ၊ စာလုံးများဖြင့် ရုတ်တရက် ပြည့်သွားသည်ကို သူတွေ့ရှိခဲ့သည်။

"မဟုတ်သေး ခဏ နေပါဦး... .."

ထိုစာလုံးများသည် သူ့အိပ်မက်ထဲတွင် တွေ့ခဲ့ရသည့် ဟာတွေနှင့် တစ်ပုံစံတည်း ဖြစ်နေခဲ့သည်၊ ထိုဟာများသည် သူ့စိတ်အာရုံထဲတွင် ဖားလောင်းလေးများ ကဲ့သို့ ဟိုဘက်သည်ဘက် လှုပ်ရှားနေခဲ့ကြသည်၊ လှည့်ပတ်နေခဲ့ကြသည်၊ ရေထဲတွင်လည်း ကူးခတ်နေခဲ့ကြလေသည်... .။

***

All Chapters