← Chapters

မျက်နှာကို ဖြတ်ရိုက်ခြင်း

Vol. 4 Ch. 53

မျက်နှာကို ဖြတ်ရိုက်ခြင်း

Vol. 4 Ch. 53

ညအချိန်သို့ ရောက်ရှိလာပြီ ဖြစ်သည့်အတွက် မရေမတွက်နိုင်သည့် ကြယ်ကလေးများ ထွန်းလင်းနေပြီ ဖြစ်သည်။

ဇိမ်ခံကား အမြောက်အများသည် ရင်သပ်ရှုမောဖွယ် အဆောက်အဦ တစ်ခုရှေ့တွင် ရပ်ထားကြသည်။

စိမ်းလန်းသည့် တောင်ကုန်းလေးများနှင့် စီးဆင်းနေသည့် ချောင်းကလေးများ ဝန်းရံထားသည့် အလယ်တွင် အုတ်ဖြူများဖြင့် ဆောက်လုပ် ထားသည့် နန်းတော်တစ်ခု ရှိသည်။ နန်းတော်၏ အတွင်းပိုင်းသည် တောက်ပစွာ ထွန်လင်းလျက်ရှိပြီး အထဲမှနေ တေးဂီတသံများ ပျံ့လွင့်လျက် ရှိသည်။

အနောက်တောင်ပိုင်းဒေသ၏ အရေးကြီး ပုဂ္ဂိုလ်များ အားလုံး ရောက်ရှိနေကြပြီ ဖြစ်သည်။

နိုင်ငံရေးဆိုင်ရာ ရာထူးကြီး ပုဂ္ဂိုလ်များ၊ တိုင်ကွန်းများ၊ စီးပွားရေး လုပ်ငန်းရှင်များ အပြင် ထင်ရှား ကျော်ကြားသည့် မျိုးနွယ်အချို့၏ ခေါင်းဆောင်များလည်း ရောက်ရှိ နေကြသည်။ ထိုသူတို့ အားလုံးသည် ကျန်းဟုန်ရီ၏ ဖိတ်ကြားချက်ကို လက်ခံကာ ရောက်ရှိလာကြခြင်း ဖြစ်သည်။

လူအုပ်ထဲရှိ သက်လတ်ပိုင်း အရွယ် မျက်မှန်တပ်ထားသည့် လူတစ်ဦးအား မြင်လိုက်ရသည့် အခါ လူဝကြီးသည် ချက်ချင်းဆိုသလိုပင် မျက်နှာတွင် အပြုံးကြီးကြီး တစ်ခု ချိတ်ဆွဲလျက် သွားရောက် နှုတ်ဆက်တော့သည်။ "လက်ထောက် မြို့တော်ဝန် လျှို ...  တွေ့ရတာ ဂုဏ်ယူပါတယ်ဗျာ ... "

ထိုလူဝကြီးအား မြင်သည့်အခါတွင် သက်လတ်ပိုင်း အရွယ်လူသည် ခပ်ပါးပါး ပြုံးလိုက်ပြီး "ကျုပ်က မြို့တော်ဝန် ချင်နဲ့ အတူလာခဲ့တာ ... "

ထိုလူဝကြီးသည် အနည်းငယ် အံ့ဩသွားမိသည်။ မြို့တော်ဝန်ချင်သည် ယနေ့ညပွဲသို့ ရောက်လာ လိမ့်မည်ဟု သူမမျှော်လင့်ထားပေ။

မြို့တော်ဝန် ချင် သည် ပြည်နယ် အရာရှိ အဆင့် ဖြစ်သဖြင့် ယခုလိုမျိုး လူမှုရေးပွဲများအား တက်ရောက်သည်မှာ ရှားပါးလွန်းသည်။ ယနေ့ညတွင် ကျင်းပသည့်ပွဲသည် မြို့တော်ဝန်ချင် ကိုပါ စိတ်ဝင်စားမှု ဖြစ်စေခြင်းမှာ မည်သည့် အတွက်ကြောင့် ဖြစ်မည်နည်း။

ထိုလူဝကြီး၏ နာမည်မှာ ဝေရုန်ဟွိုင် ဖြစ်သည်။ သူသည် အိမ်ခြံမြေ ကဏ္ဍတွင် အရေးပါသည့် စီးပွားရေး လုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။ ရုံမြို့တော်တွင် ကြီးမားသည့် မြေကွက်ကြီးများကို ပိုင်ဆိုင် ထားသေးသည်။ ယခုအခါတွင် မြို့တော်ဝန်ချင်နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံနိုင်မည့် ရှားပါးလှသည့် အခွင့်အရေးအား ရရှိလာပြီ ဖြစ်သည်။ ထိုအခွင့်အရေးမှနေ မြို့တော်ဝန်ချင်နှင့် ရင်းနှီးသည့် ဆက်ဆံရေးတစ်ခု တည်ဆောက်ရန် သင့် မသင့်အား သူ့စိတ်ထဲတွင် လွန်ဆွဲ နေမိသည်။

လက်ထောက် မြို့တော်ဝန် လျှိုနှင့် စကားပြောပြီးသည့် နောက်တွင် ဝေရုန်ဟွိုင်သည် မြို့တော်ဝန် ချင် ထံသို့ သွားရန် ပြင်လိုက်သည်။

မြို့တော်ဝန်ချင် ထံသို့ သွားနေစဉ်တွင် ရုတ်တရက် ဆိုသလို အသက် လေးဆယ်ခန့် ရှိမည်ဖြစ်သည့် ခန္ဓာကိုယ် ကြံ့ခိုင်ဖွံ့ဖြိုးသည့် လူတစ်ယောက် တိတ်တဆိတ် မတ်တတ် ရပ်နေသည့် မြင်ကွင်းသည် သူ့မျက်စိထဲ ဝင်ရောက်လာသည်။

ဟမ် ...  ဒီလူကို ကြည့်ရတာ ရင်းနှီးနေသလိုပဲ ... ။

ဝေရုန်ဟွိုင်သည် ပို၍နီးနီးကပ်ကပ် မြင်နိုင်ရန် အတွက် ထိုလူထံသို့ လမ်းလျှောက် သွားလိုက်သည်။

သေစမ်း ...  အဲဒါက ပြည်နယ် လုံခြုံရေးဌာနရဲ့  ညွှန်ကြားရေးမှူး ကျိုးကျန်း မဟုတ်လား ...

လတ်တလောမှာ ဟောင်စီရွာက ထူးဆန်းတဲ့ လူသတ်မှုနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးနေရလို့ သူအလုပ်ရှုပ်နေတာဆို ...  ဘယ်လိုဖြစ်ပြီး ဒီကပွဲကို တက်ရောက်ဖို့ အချိန် ရှိလာရတာလဲ ...

ဝေရုန်ဟွိုင်မျက်နှာတွင် အလန့်တကြား ဖြစ်မှုများ ပေါ်လာတော့သည်။ ကျန်းဟုန်ရီသည် သူ့အား လာရောက် ဖိတ်ကြားသည့် အချိန်ကို ပြန်စဉ်းစား လိုက်သည်။ မိတ်ဆက် ပေးဖို့ရန် လူတချို့ရှိသည်ဟု သူပြောသွားခဲ့သည်။

ထိုအချက်အား ပြန်လည် အမှတ်ရသွားသည့် အခါတွင် ဝေရုန်ဟွိုင်၏ မျက်လုံးများသည် ကျဉ်းမြောင်း သွားတော့သည်။ အရမ်းကို အရေးကြီးတဲ့ VIP တွေ ရောက်လာမှာ မို့လို့လား ... ။

ထိုအချိန်မှာပင် လူငယ်သုံးဦးသည် ခန်းမအတွင်းသို့ ဝင်လာကြသည်။

ဦးဆောင် ဝင်ရောက် လာသူသည် အရပ်ရှည်ရှည်နှင့် ကြည့်ကောင်းသူ ဖြစ်သည်။ သူ့အရှေ့တွင် ရှိနေသည့် မြင်ကွင်းအား ကြည့်နေစဉ်မှာပင် သူ့မျက်နှာသည် ပြုံးရောင် သန်းလာသည်။

သူ့အနောက်တွင် ဆံနွယ်ရှည်များအား ဖြန့်ချထားသည့် စွဲမက်ဖွယ် သွင်ပြင်ရှိသော မိန်းမလှ တစ်ဦးနှင့် သူ့ကိုယ်သူ ကျေနပ်နေဟန်ရှိသည့် အမျိုးသားတစ်ဦး လိုက်ပါလာသည်။

"ဝူဟွာ ...  ဒီပွဲကို ရောက်လာကြတဲ့ လူတွေအားလုံးက အနောက် တောင်ပိုင်းဒေသရဲ့ အရေးကြီး ပုဂ္ဂိုလ်တွေချည်းပဲ ...  အဲတော့ အပြုအမူတွေနဲ့ စကားပြောတာ ဆိုတာကို ဂရုစိုက်ရမယ်နော် ... "

အရပ်ရှည်ရှည်နှင့် ကြည့်ကောင်းသည့် အမျိုးသားနောက်တွင် လိုက်ပါလာသူ နှစ်ဦးမှာ လင်းဝူဟွာနှင့် ကောင်းဖုန်းတို့ ဖြစ်ကြသည်။

ကောင်းဖုန်း၏ သတိပေးစကားကို တုံ့ပြန်သည့်အနေဖြင့် လင်းဝူဟွာသည် အလေးအနက်ထား ခေါင်းညိတ် ပြလိုက်သည်။

သူတို့သည် ယခုပွဲအား တက်ရောက်ရန် အခွင့်မရှိချေ။ သူတို့ရှေ့တွင် ဦးဆောင်လာသည့် သခင်လေးကျန်း ကြောင့်သာလျှင် ပွဲတက်ရောက်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

သခင်လေး ကျန်း၏ အမည်မှာ ကျန်းယုံဖြစ်သည်။ သူသည် ကျန်းဟုန်ရီ၏ သားဖြစ်ပြီး ယနေ့ည ကပွဲအတွက် အခမ်းအနားမှူးလည်း ဖြစ်သည်။

ကောင်းဖုန်းနှင့် ကျန်းယုံတို့သည် တက္ကသိုလ် အတူတက်ခဲ့သူများ ဖြစ်သဖြင့် သူငယ်ချင်းကောင်းများ ဖြစ်ကြသည်။

ကျန်းယုံနှင့် ဆက်ဆံရေးကြောင့်သာ ကောင်းဖုန်းသည် ယခုပွဲအား လင်းဝူဟွာနှင့်အတူ တက်ရောက် နိုင်ရန် အခွင့်အရေး ရရှိခဲ့သည်။

ကောင်းဖုန်းသည် သူ့ပတ်လည်တွင် ရှိနေသည့် ဂုဏ်သရေနှင့် ပြည့်စုံသူတို့အား မျက်လုံးထဲတွင် မီးထတောက်မတတ် အကြည့်များဖြင့် ကြည့်နေလေသည်။ ထိုလူများနှင့် ကောင်းမွန်သည့် ဆက်ဆံရေး တစ်ခုသာ တည်ဆောင် နိုင်မည်ဆိုလျှင် သူ့ကုမ္ပဏီသည် အကျိုးအမြတ် များစွာ ရရှိလာပေလိမ့်မည်။

ကျန်းယုံအား မြင်တွေ့ရသည့် အခါတွင် ကပွဲအတွင်းရှိ လူအများသည် ခေါင်းညိတ်ကာ ပြုံးလိုက်ကြသည်။ တချို့သည် သူ့အားချဉ်းကပ်ကာ စကားစမြည် ပြောဆိုနိုင်ရန် ကြိုးပမ်းလျက် ရှိနေသည်။

ကျန်းယုံအား ဝန်းရံလျက် ရှိနေသည့် မိန်းမလှလေးများ အားလုံးသည် သူ့အား မျက်စိကျလျက် ရှိပြီး သူတို့ မျက်လုံးထဲတွင် မျှော်လင့်သည့် အရိပ်အယောင်များ ယှက်သန်းလျက် ရှိသည်။

ကျန်းယုံသည်လည်း ထိုမိန်းမလှလေးများအား အချိန်နှင့် တစ်ပြေးညီ အကဲဖြတ် သုံးသပ်လျက် ရှိသည်။ ယနေ့ည တက်ရောက်လာသည့် ငယ်ရွယ်သည့် မိန်းမပျိုများသည် ချောမော လှပကြသူများသာ။ သို့ပေမဲ့လည်း သူ့အာရုံကို ဖမ်းစားနိုင်သူ တစ်ဦးမှ ပါဝင်ခြင်း မရှိချေ။

သူ့ဘဝတွင် များပြားလှစွာသော မိန်းမလှများအား မြင်တွေ့ခဲ့ရပြီး ဖြစ်သည်ကြောင့် ကျန်းယုံအတွက် သူတို့အား မြင်တွေ့ရခြင်း အတွက် အထူးတလည် စိတ်လှုပ်ရှားခြင်း မရှိတော့ချေ။ ယခုအခါတွင် ထိုမိန်းမလှများသည် သူ့အတွက် သာမန် လူတစ်ယောက်နှင့် ခြားနားခြင်း မရှိဘဲ သူ၏ စိတ်ရမ္မက်ကိုလည်း နိုးထစေနိုင်ခြင်း မရှိကြတော့ပါ။

ထိုအချိန်မှာပင် ပုံရိပ်လေး တစ်ခုသည် သူ့မျက်စိရှေ့တွင် ပေါ်လာပြီး ချက်ချင်းဆိုသလို ထိုပုံရိပ်လေးမှနေ အကြည့်မလွဲနိုင်တော့ပေ။

ကျန်းယုံသည် အနီရောင် ညနေခင်းပွဲတက်ဝတ်စုံနှင့် မိန်းမလှလေးအား မိန်းမော တွေဝေစွာ ငေးကြည့်နေမိပြီး သူမသည် သူ့အား စိတ်ခံစားချက် အသစ်များ ပေးစွမ်း နေပေသည်။

သူ့ဘဝတွင် ထိုမျှလောက် လှပကာ တောက်ပလွန်းသည့် အမျိုးသမီးကို ယခင်က တစ်ခါမျှပင် မမြင်ဖူးခဲ့ပါ။ သူမ၏ ပြီးပြည့်စုံသည့် ပုံရိပ်လေးနှင့် အချိုးအစားသည် ညွှန်းဆို၍ မရနိုင်လောက်အောင် တင့်တယ်လွန်းလှပြီး သူမနှင့် နှိုင်းယှဉ်မည်ဆိုလျှင် အခြားသော မိန်းမလှများ အားလုံး၏ တည်ရှိမှုသည် မှေးမှိန်သွားမည် ဖြစ်သည်။

ကျန်းယုံ၏ မိန်းမောနေမှုကို အာရုံခံမိသဖြင့် ကောင်းဖုန်းသည်လည်း ထိုမြင်ကွင်းအား ကြည့်လိုက်ပြီးနောက် "ဟာ ...  ဟိုကောင်တွေ ... "

ကောင်းဖုန်း၏ ရေရွတ်သံကို ကြားလိုက်သည့် အခါတွင် ကျန်းယုံက လှည့်ကြည့်လာပြီး "ကောင်းဖုန်း ...  သူတို့ကို သိတာလား ... "

ကောင်းဖုန်းက ခေါင်းညိတ် လိုက်သည်။ "တစ်ကြိမ်ဆုံဖူးတယ် ...  ဒါပေမဲ့ သူတို့ထဲက တစ်ယောက်ကိုပဲ မှတ်မိတော့တယ် ...  သူ့နာမည်က အန်လင်းတဲ့ ...  ကျောင်းသား တစ်ယောက်ပဲ ...  ကျန်တဲ့ နှစ်ယောက်ကိုတော့ မမှတ်မိတော့ဘူး ... "

အန်လင်းနှင့် ထိုအမျိုးသမီး၏ ပတ်သက်မှုကိုတော့ ကောင်းဖုန်းသည် ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ် ထားလိုက်သည်။

ကျန်းယုံသည် ထိုအမျိုးသမီးအား စိတ်ဝင်စားနေပုံ ရကြောင်း သူသတိထားမိလိုက်သည်။

ဖြစ်သင့်ပါတယ်လေ။ ထိုကဲ့သို့ နန်းဆန်သည့် အလှအပမျိုးသည် လူတိုင်း၏ နှလုံးသားအား သေချာပေါက်ကို ဆွဲငင်ပေမလိမ့်မည်။

သူက ကျန်းယုံ၏ အလေ့အကျင့်အား ရင်းနှီးနေပြီ ဖြစ်သည်။ ကျန်းယုံသည် တစ်ခုခုအပေါ် မျက်စိကျမိပါက အားထုတ်စရာ မလိုဘဲနှင့် ရရှိပြီး ဖြစ်သည်။ လိုအပ်လျှင် မသမာသည့် နည်းလမ်းကိုပါ အသုံးပြုနိုင်သေးသည်။

အသာလေး ထိုင်နေပြီး စောင့်ကြည့်ဖို့ရန်သာ ရှိတော့သည်။

ကောင်းဖုန်း၏ စကားအား ကြားသည့် အခါတွင် ကျန်းယုံသည် အခန်းအတွင်း ဝင်ရောက် လာသည့် သုံးယောက်အား အကဲခတ်နေတော့သည်။

သုံးယောက်စလုံးသည် မျက်နှာသစ်များ ဖြစ်ပြီး အတော်လေး ငယ်ရွယ်သေးပုံ ရသည်။ သို့ပေမဲ့လည်း သူတို့သည် သာမန် လူတစ်ဦးနှင့် မတူဘဲ ကြီးကျယ်သည့် မျိုးရိုးတစ်ခုမှ ဆင်းသက် လာဟန်ရသည်။

"လျှို ...  သောက်စရာတွေ ယူလာခဲ့ ... " ကျန်းယုံက သူ့လက်အား ဝှေ့ယမ်းကာ ပြောသည်။

အိမ်တော်ထိန်းသည် အလျင်အမြန်ပင် လင်ပန်းတစ်ခု ကိုင်ဆောင်ကာ ကျန်းယုံထံသို့ ရောက်ရှိလာသည်။ ထိုလင်ပန်းပေါ်တွင် ဝိုင်နှစ်ခွက် တင်ဆောင် လာသည်။

ထိုဝိုင်များသည် သာမန်ဝိုင်များ မဟုတ်ကြချေ။ ကောင်းကင်ဘုရား၏ နည်းစဉ်အတိုင်း ချက်လုပ် ထားသည့် ညှို့ဓာတ် အပြည့်နှင့် ဝိုင်တစ်ခွက် ဖြစ်သည်။ ထိုဝိုင်ထဲတွင် အလွန် အားကောင်းသည့် စိတ်ကြွဆေးများ ပါဝင်သည်။

ကျန်းယုံသည် တစ်စုံတစ်ယောက်အား သဘောကျမိပါက အချိန်ဖြုန်းဖို့ရန် စိတ်ကူးမရှိဘဲ ထိုဝိုင်တစ်ခွက်သာလျှင် လိုအပ်ပေသည်။

ဝိုင်ခွက်အား လက်တွင်ကိုင်ကာ ခန်းမအတွင်း တောက်ပမှု အပြည့်ဖြင့် ဝင်ရောက်လာသည့် အမျိုးသမီးအား ကြည့်နေမိသည်။ ပြီးပြည့်စုံလိုက်တာ ... ။ ဒီညတော့ သူမက ငါ့အတွက်ပဲ ... ။

ကျန်းဟုန်ရီနှင့် ဟောင်ရှန့်ရှန့်တို့သည် ဧည့်သည် တစ်ဦးအား ကြိုဆိုရန်အတွက် ထွက်ခွာ သွားကြသည်။

ထို့ကြောင့် အန်လင်း၊ စုရှောင်လန်နှင့် ရွှမ်ယွမ်ချန်တို့သည် ခန်းမအတွင်း ဦးတည်ချက်မရှိ လှည့်ပတ် သွားလာ နေကြတော့သည်။

"မင်္ဂလာညချမ်းပါ ...  ကျန်းယုံလို့ ခေါ်ပါတယ်ဗျ ...  ကပွဲမှ ကြိုဆိုပါတယ် ... "

အရပ်ရှည်ရှည်နှင့် ကြည့်ကောင်းသည့် အမျိုးသား တစ်ယောက်သည် ရုတ်တရက် ဆိုသလို သူတို့၏ ရှေ့တွင် ပေါ်လာပြီး ဝိုင်တစ်ခွက်အား လက်တွင်ကိုင်ကာ အပြုံးတစ်ခု ချိတ်ဆွဲထားသည်။

"ဟိုင်း ...  အန်လင်းပါ ... " အန်လင်းသည်လည်း ယဉ်ကျေးစွာပင် ဖြေကြားလိုက်သည်။

ရွှမ်ယွမ်ချန်နှင့် စုရှောင်လန်တို့သည်လည်း ထိုနည်းလမ်း အတိုင်းပင် မိတ်ဆက် လိုက်ကြသည်။

ထိုနာမည်များအား ကြားလိုက်ရသည့် အခါတွင် ကျန်းယုံခန္ဓာကိုယ် တစ်ခုလုံးသည် ထိတ်လန့်မှာကြောင့် တုန်ယင်လာပြီး ဖျားချင်ချင်ပင် ဖြစ်လာတော့သည်။

ဧည့်သည်များအား ဧည့်ခံရန် မထွက်ခွာမီမှာပင် ကျန်းဟုန်ရီပြောသွားခဲ့သည့် စကားများအား ပြန်လည် ကြားယောင် လာတော့သည်။

"ယုံ ...  အစိုးရရဲ့ အထူး သံတမန် သုံးယောက် ပွဲတက်လိမ့်မယ် ...  သူတို့နာမည်တွေက အန်လင်း၊ စုရှောင်လန်နဲ့ ရွှမ်ယွမ်ချန်လို့ ခေါ်တယ် ... "

"ဒီနေ့ပွဲက သူတို့အတွက် ကျင်းပပေးတာပဲ ...  မှတ်ထားရမယ်နော် ...  မင်းက သူတို့အတွက် ဘာမှ မဟုတ်ဘူး ...  သူတို့ရဲ့ အဆိုးမြင်တာကို မခံရစေနဲ့ ... "

သေချာတာပေါ့။ ကျန်းဟုန်ရီ၏ စကားလုံးများ နောက်တွင် ကျန်းယုံအတွက် အဓိပ္ပာယ်များစွာ ပါဝင်နေသည်။ ထိုသုံးယောက်သည် သေချာပေါက် သူသွားရှုပ်နိုင်သည့် လူမျိုး မဟုတ်ချေ။

ဘုရားရေ ...  သူက စိတ်ကြွဆေးများ ပါဝင်သည့် ဝိုင်ကို ထိုအမျိုးသမီးအား တိုက်ဖို့ရန် စဉ်းစား ထားလိုက်သေးသည် မဟုတ်ပါလား။

သူလုပ်လိုက်မိသည့် အရာကို စဉ်းစားလိုက်သည့်အခါတွင် ကျန်းယုံ၏ နဖူးတွင် ချွေးအေးများ ထွက်လာတော့သည်။

"မစ္စတာ ကျန်း ...  အဆင်ပြေရဲ့လား ... " ကျန်းယုံ၏ နာကျင်နေသည့် အမူအရာအား မြင်လိုက် ရသည့်အခါ အန်လင်းက စိုးရိမ်တကြီး မေးလိုက်သည်။

ကျန်းယုံသည် မူးဝေနေရာမှ အသိပြန်ဝင် လာပြီးနောက် မျက်နှာတွင် တောင်းပန် တိုးလျှိုးသည့် အမူအရာ ပေါ်လာသည်။ "အာ ...  ကျွန်တော်က နည်းနည်းလေး နေလို့မကောင်းလို့ပါ ...  တောင်းပန်ပါတယ်ဗျ ...  ကျွန်တော် သွားလိုက်ပါဦးမယ် ... "

ထိုအခိုက်အတန့်တွင် သူ့အတွေးထဲ ရှိနေသည့် တစ်ခုတည်းသော အရာမှာ ဆေးခပ် ထားသည့် ဝိုင်အား ထိုနေရာနှင့် ဝေးနိုင်သမျှ ဝေးဝေး ယူဆောင်သွားနိုင်ရန် ဖြစ်သည်။

ထိုဝိုင်သည် ချိန်ကိုက်ဗုန်း တစ်လုံးနှင့် တူသည်။ သူ့အား အချိန်မရွေး ဖောက်ခွဲ ပစ်လိုက်နိုင်သည်။

"ဟမ် ...  ဒီဝိုင်က အတော်လေး မြူးတာပဲ ... "

အန်လင်းသည် အိမ်ထိန်း၏ လင်ပန်းပေါ်ရှိ ဝိုင်ခွက်အား ဆွဲယူလိုက်သည်။

သေစမ်းဟေ့ ...

ထိုအချင်းအရာအား မြင်လိုက်ရသည့် အခါတွင် ကျန်းယုံ၏ ခြေထောက်များသည် ထွက်ပြေး ချင်နေပြီ ဖြစ်သည်။

"ကြုံရတယ် ဆုံရတယ် ဆိုတာမျိုးက ကံအကြောင်း တရားကြောင့်ပဲ ...  ကျွန်တော်က တစ်ခွက် ဂုဏ်ပြုမယ်ဗျာ ... " အန်လင်းက ပြုံးလိုက်ပြီးနောက် ဝိုင်ခွက်အား ကိုင်မြှောက် လိုက်သည်။

ထိုစကားအား ကြားလိုက်ရသည့် အခါတွင် ကျန်းယုံသည် သူ့လက်ထဲရှိ ဝိုင်ခွက်အား ဆွဲယူကာ ပေါက်ခွဲ ပစ်ချင်မိတော့သည်။

ဂုဏ်ပြုမယ် ...  အဲဒါပြီးရင်ကော ...  အန်လင်းက ငါ့ကို ချစ်သွားမှာလား ...

လာနောက်နေတာလား ...  ဟမ်

ကျန်းယုံနှင့် အန်လင်းတို့၏ စကားပြောခန်းသည် ဧည့်သည် အများအပြား၏ စိတ်အာရုံအား ဆွဲဆောင် ထားနိုင်သည်။

ကောင်းဖုန်းသည်လည်း သူ့အရှေ့ရှိ မြင်ကွင်းအား စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်နေလေသည်။ ထိုအခြေအနေအား သူ့အနေဖြင့် နားလည်နိုင်စွမ်း မရှိတော့ချေ။

ကျန်းယုံသည် အခုနကပင် ယုံကြည်မှုအပြည့်ဖြင့် ရှိနေခဲ့ပြီး ယခုမူ ဘာကြောင့်များ ခေါင်းငိုက်စိုက် ကျနေရသနည်း။

ကျန်းယုံ၏ တုံ့ဆိုင်းနေမှုအား မြင်လိုက်ရသဖြင့် အန်လင်း မျက်လုံးများသည် အနည်းငယ် ကျဉ်းမြောင်း သွားသည်။ "မသောက်နိုင် လောက်အောင်ကိုပဲ နေလို့မကောင်း ဖြစ်နေတာလား ... "

"ဟူး ...  တောင်းပန်ပါတယ်ဗျာ ...  ကျွန်တော်က တော်တော်လေး အဆင်မပြေလို့ပါ ... "

"ကျွန်တော်ပြန်ကောင်းလာတာနဲ့ သေချာပေါက်ကို မစ္စတာ အန်ကို ဖိတ်ခေါ်ပြီး အတူ သောက်ကြတာပေါ့ဗျာ ... " ကျန်းယုံက ပြန်ဖြေလိုက်သည်။

"အဆင်ပြေပါတယ် ...  ခင်ဗျားနေပြန် ကောင်းလာအောင် ဘယ်လိုလုပ် ရမလဲဆိုတာ ကျုပ်သိတယ် ... " အန်လင်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"မစ္စတာ အန် က ဆေးပညာလည်း တတ်ကျွမ်းတာလား ... " ကျန်းယုံသည် အတော်လေး အဆင်မပြေမှုကို ခံစားလာရသည်။

"အင်း ...  ကျုပ်ကတော့ ဒီနည်းလမ်းကို ရုပ်ပိုင်းဆိုင်ရာ ကုသခြင်းလို့ ခေါ်တယ် ... " အန်လင်းသည် ညစ်ကျယ်ကျယ် ပြုံးလိုက်သည်။

ရုတ်တရက်ဆိုသလို ညာဘက်လက်အား မြှောက်လိုက်ပြီးနောက် ပြန်မချခင်မှာ ကျန်းယုံ၏ မျက်နှာနှင့် မိတ်ဆက် လိုက်သည်။

ဖြန်း...

ကျယ်လောင်သည့် ပါးရိုက်သံသည် ခန်းမတစ်ခုလုံး ပဲ့တင်ခတ် သွားသည်။

ကျန်းယုံခန္ဓာကိုယ်သည် လေထဲတွင် နှစ်မီတာခန့် မြောက်တက်သွားပြီး မြေပြင်သို့ တုန်တုန်ယင်ယင်ဖြင့် ပြန်ကျလာသည်။ သွားနှစ်ချောင်း ကျွတ်ထွက် သွားပြီးနောက် ပါးစပ်အပြည့် သွေးတစ်လုပ် အန်လိုက်သည်။ သူ့မျက်နှာသည်လည်း ချက်ချင်းဆိုသလို ဖောင်းကား လာတော့သည်။

ဘုရား ဘုရား ...

ဧည့်သည်များသည် သူတို့ရှေ့တွင် ဖြစ်ပျက်သွားသည့် အန်လင်းနှင့် ကျန်းယုံတို့၏ အဖြစ်အပျက်အား မယုံနိုင်မှုဖြင့် ငေးကြည့်နေကြပြီး အသက်ရှူဖို့ပင် မေ့လျော့ နေကြသည်။

ကောင်းဖုန်းသည် အားလုံးထဲတွင် အဆိုးဆုံးဖြစ်မည် ထင်သည်။ မြေပြင်တွင် မလှုပ်မယှက် ရပ်လျက် ရှိနေသည်။

သောက်ကျိုးနည်း ...  ဘာတွေ ဖြစ်သွားတာတုန်း ...  အန်လင်းက ရုတ်တရက်ကြီး ကျန်းယုံကို ဘာလို့များ ကိုယ်ထိ လက်ရောက် စော်ကားရတာလဲ ...

အန်လင်းသည် ရွှမ်ယွမ်ချန်နှင့် စုရှောင်လန်တို့အား ပြုံးလျက် ကြည့်လိုက်သည်။

"အင်း ...  စကားနဲ့ ပြောလို့မရတဲ့ ဆန်ကုန်မြေလေးတွေကို အခုလိုမျိုး အပြုအမူလေးနဲ့ ဆုံးမပေးတာ အကောင်းဆုံးပဲ ... "

**

All Chapters