အမည်မဲ့ ကျင့်စဉ်
Vol. 1 Ch. 3
ကျန်းရီသည် သူ၏ မြောက်များစွာသော ဒဏ်ရာများမှ နာကျင်မှုအာရုံကို ယုံချင်စဖွယ် ကောင်းအောင် ရှင်းရှင်းလင်းလင်းကို ခံစားနေရသော အိပ်မက်မက်နေဆဲလား သိဖို့ရန် ခြေထောက်ကို ဆွဲဆိတ်စရာ မလိုခဲ့ပေ။ ထို့အပြင် ကောင်းကင်သည် မှောင်နေဆဲ၊ သူ့အဖိုးလည်း အိမ်ပြန်မရောက်လာခဲ့သလို ရှောင်နူသည်လည်း အပြင်အလုပ်တွေ မပြီးဆုံးခဲ့သေးချေ။ စားပွဲပေါ်ရှိ တောင်လိုပုံနေသော လျှို့ဝှက် ကျမ်းစာအုပ် အထပ်လိုက်၏ မဖြစ်တည်နိုင်မှု ကိုတော့ ပြောနေရန် မလိုချေ။
အကယ်၍ အိပ်မက် မဟုတ်ခဲ့ရင်ရော... ..
ကျန်းရီသည် သူ့၏အတွေးများကို အသေအချာ အာရုံစိုက်လိုက်ရင်း မျက်လုံးများကို မှိတ်ထားခဲ့သည်။ တစ်ဖန် မထင်မှတ်ထားသော ကြံကြံဖန်ဖန် ထူးထူးဆန်းဆန်း စာလုံးများကို မြင်ခဲ့ပြန်သည်။ သူသည် ပုံစံတစ်ခုစီကိုပင် မယုံနိုင်စရာ ကောင်းအောင် ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။ သူတို့သည် အနက်ရောင်ရှိကာ သေးသေးသွယ်သွယ်နှင့် အားအင်အပြည့် ရွေ့လျားနေခဲ့ကြသည်။ ဒါဟာ သူ့စိတ်ကူးထဲက အပိုင်းအစ မဟုတ်တာ အသေအချာပင်။
ကျန်းရီသည် လေပူတစ်ချက် မှုတ်ထုတ်ခဲ့သည်
"အနည်းဆုံးတော့ အခုထိ ဆိုးကျိုးမတွေ့ရသေးတာဘဲ ကျေးဇူးတင်စရာကောင်းနေပြီ"
ကျန်းရီသည် အိပ်ရာပေါ်တွင် လှဲလျောင်းရင်း အတွေးထဲတွင် တစ်ခဏမျှ နစ်မြောသွားခဲ့သည်။ ခဏကြာသောအခါ သူ့ကိုယ်ကို လှုပ်ယမ်း ကြည့်ခဲ့သည်၊ ထို့နောက် သူ့ခေါင်းကို ထုကြည့်ခဲ့သည်။ ထိုသေးငယ်သော အနက်ရောင် စာလုံးများသည် သူ့ဖြစ်တည်မှုကို အန္တရာယ် မပေးကြောင်း အတည်ပြုပြီးသည့်အခါမှ စိတ်သက်သာရာရကာ သက်ပြင်းရှည်တစ်ချက် ချခဲ့သည်။ စိတ်ဓာတ်ကျဖွယ်ဘဝတွင် နှစ်ပေါင်းများစွာ ညှဉ်းပန်း နှိပ်စက်ခံရခြင်းသည် သူ့ စိတ်အခြေအနေကိုတော့ သက်ရောက်ခဲ့သည်သာ။ သူ၏ စိတ်ညစ်မှုကို သည်းခံနိုင်စွမ်းသည် သူနှင့် ရွယ်တူ လူအများစုထက် သာလွန်ခဲ့ပေသည်။
"ဟာကွာ၊ သန်းခေါင်ယံတောင် ရောက်တော့မယ် ငါဘာလို့ ဒီလောက်အကြာကြီး ယောင်ခြောက်ဆယ် လုပ်နေမိတာလဲ၊ ရှောင်နူ အိမ်ပြန်ရောက်ပြီး ငါ့ကိုမဆူခင် ငါ့ဒဏ်ရာတွေကို မြန်မြန် ရှင်းထားလိုက်တာ ပိုကောင်းမယ်"
ထိုခဏတွင် ကျန်းရီ၏ အိပ်ချင်နေမှုများ အာလုံး ပျောက်ကွယ်သွားခဲ့သည်။ ဖယောင်းတိုင်မထွန်းခင် ပြတင်းပေါက် အပြင်ဘက်ကို လျှင်မြန်စွာဘဲ သူ တစ်ချက် ကြည့်ခဲ့သည်။ သူ့ကိုယ်တွင် ပြန့်ကြဲနေသော ဒဏ်ပေါင်းနှစ်ဆယ်၊ သုံးဆယ်ခန့်ကို ဆေးလိမ်းရာမှ ထွက်ပေါ်လာသော ခန္ဓာကိုယ် နာကျင်မှုကို သည်းခံပြီးနောက် သူ့အိပ်ရာပေါ်တွင် တင်ပျဉ်ချိတ် ထိုင်ချခဲ့သည်။
ဘယ်လို ဒဏ်ရာမျိုးမဆို အလျှင်အမြန် သက်သာချင်လျှင် အရေးကြီးဆုံးအချက်မှာ အပြင်မှ ဆေးလိမ်းကာ အတွင်းမှ ကုစားရန်ဖြစ်သည်။
တစ်နည်းအားဖြင့် တစ်စုံတစ်ယောက်သည် လိုအပ်သောဆေးကို သောက်ပြီး သို့မဟုတ် လိမ်းပြီးလျှင် ကိုယ်တွင်းရှိ အတွင်းအားကို ဒဏ်ရာဆီသို့ ပို့ဆောင်ပေးရမည်။ ဒါဟာ သွေးကို လျင်လျင်မြန်မြန် လှည့်ပတ်စေပြီး ကိုယ်တွင်းရှိ အသက်ဓာတ်သည်လည်း ပြန်လည် ကုစားရာတွင် ကူညီပေးလေသည်။ ထို့ကြောင့် ဆေးလိမ်းပြီးနောက် သူ့ဒဏ်ရာတွေ ပို၍မြန်မြန် ကုစားဖို့ရန် အကူအညီဖြစ်အောင် သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း ပထမအဆင့်မှ အတွင်းအားကို လှည့်ပတ်ရန် 'ကျန်း'ရေအသွင် ကျင့်စဉ်ကို လေ့ကျင့်နေခဲ့ခြင်း ဖြစ်သည်။
"စေတနာဆိုတာ ရေနဲ့ အသွင်တူတယ်၊ ရေကအားလုံးကို အကျိုးပြုပြီး မဆန့်ကျင်ဘူး။ ကျယ်ပြန့်တဲ့ ကောင်းကင်နဲ့ ကမ္ဘာမြေကြီး နည်းလမ်းတစ်ခုသာ ထာဝရဖြစ်တည်သည်။ ကောင်းကင်ဘုံ ကချမှတ်ထားတဲ့ ဥပဒေကိုသက်သေပြရန် လူတစ်ယောက်သည် ပထမအချက်အနေဖြင့် ကိုယ်တိုင် ကျင့်ကြံရမည်... အာ့... မဟုတ်ဘူး... မှားနေပြီ"
သိုင်းပညာ လေ့ကျင့်ခြင်း၏ စွမ်းအားများကို မှော်ချိတ်ပိတ် အက္ခရာဖြင့် အကြီးအကျယ် ကန့်သတ်ခံထားရသော်ငြား ကျန်းရီသည် သူ၏အာရုံများ အားလုံးကို လေ့ကျင့်မှု အပေါ်တွင်သာ စူးစိုက်ထားခဲ့ပြီး အတွင်းအားကို ပြင်းပြင်းထန်ထန် လေ့ကျင့်နေဆဲပင်။
သို့သော်လည်း အခြားအတွေးများ စိုးမိုးနေသောကြောင့် သူသည် သွေးများကို မှားယွင်းသော လည်ပတ်ပုံနှင့် မတော်တဆ လှည့်ပတ်နေစေမိသည်မှာ ခဏခဏပင် ဖြစ်နေခဲ့သည်။ ချီလမ်းကြောင်းလွဲရာမှ ဖြစ်ပေါ်လာသော နာကျင်မှုကို မခံစားရခင်တွင် အမှားကို ပြန်ပြင်နိုင်နေခဲ့၍သာ သူကံကောင်းနေခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် သူ့အမြင်အာရုံတွင် ဘယ်ညာယိမ်းနွဲ့၍ ရွေ့လျားနေသော သူ့စိတ်ထဲရှိ အနက်ရောင် စာလုံးများသည် သူ့ကို အနှောင့်အယှက် ပေးနေခဲ့သည်။ ၎င်းသည် သူ့ကို စိတ် မတည်ငြိမ်နိုင်အောင် ပြုလုပ်နေခဲ့သည်။
"မေ့ထားလိုက်... မေ့ထား..ဟမ်..ငါဘာလို့ကြိုးစားမကြည့်ရမှာလဲ... အဖိုးက ငါ့ကို ငါ့စွမ်းရည်ရဲ့ လုပ်နိုင်စွမ်းကို အပြည့်အဝ အတည် မပြုနိုင်သရွေ့ ကြုံရာ ကျင့်ကြံခြင်း ပညာရပ်ကို မလေ့ကျင့်ဖို့ အမြဲတမ်း ဆုံးမခဲ့တယ် ဒါပေမယ့် ဒါက ထူးခြားနေတဲ့ အခြေအနေတစ်ခုဖြစ်တယ်"
ကျန်းရီသည် ထိုအနက်ရောင် စာလုံးငယ်များကို တစ်ကြိမ်ပြီး တစ်ကြိမ် ထပ်ခါထပ်ခါ ရေရွတ်နေခဲ့သည်။ ဒီနည်းလမ်းသည် သူ့အတွင်းအားကို မြှင့်တင်ရန် သူငယ်ငယ်က လေ့ကျင့်ခဲ့သော ကျင့်ကြံခြင်းပညာရပ်များနှင့် အတော်လေး ခြားနားနေသည်ကို သူခံစားနိုင်ခဲ့သည်။ ထိုဟာသည် အသေအချာကို ပုံမကျပေမယ့်လို့ တစ်ကြိမ်လောက် စမ်းသပ်ကြည့်ချင်စိတ်များ သူ့နှလုံးသားတွင် မွေးဖွားလာခဲ့သည်။ ထိုဆန္ဒသည် ဘယ်တော့မှ ငြိမ်းသတ်နိုင်မည်မဟုတ်သော ပေါက်ကွဲထွက်တော့မည့် မီးတောက်တစ်ခု ကဲ့သို့နှယ်။
ကျန်းရီသည် သူလုပ်မည်ဟု ပြောလျှင် သေချာပေါက်ကို လုပ်မည့် လူစားမျိုးပင် ဖြစ်သည်။
တိုတောင်းလှသော အချိန် ကုန်ဆုံးပြီးနောက်...
ကျန်းရီသည် စိတ်ပျက်မှု အချို့ ဖုံးလွှမ်းနေသော မျက်ဝန်း အစုံကို ဖွင့်လိုက်သည်။ ထိုအမည်မသိ စာလုံးများသည် အတွင်းအား ကျင့်ကြံရာတွင် သူ့ကို တကယ်ဘဲ အကူအညီပေးခဲ့သည်။ ထို့ပြင် ကံဆိုးစွာပင် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို ထိုပုံစံနှင့် သူလေ့ကျင့်သည့် နှုန်းသည် သူခါတိုင်း လေ့ကျင့်နေသော 'ကျန်း'ရေအသွင် ကျင့်စဉ်နှင့် နှိုင်းယှဉ်လျှင် အလွန့်အလွန်ကို နှေးကွေးသည် ဟူသော ရလဒ်ကိုပါ ပေးခဲ့လေသည်။
"ကုစားဖို့အတွက် 'ကျန်း'ရေအသွင် ကျင့်စဉ်ကိုပါ သုံးကြည့်မယ်ဆိုရင်ရော ဟမ်... "
ကောင်းကင် ကြယ်တာရာနယ်မြေတွင် တစ်စုံတစ်ယောက်သည် အတွင်းအား အမျိုးအစားတစ်ခုကိုသာ ဒန်တျန်းနေရာကို ဖြတ်၍ ပို့ဆောင်သင့်သည်ဟု ပြောစမှတ်ပြုကြသည်။ သို့မဟုတ်ပါက မတူကွဲပြားသော အားများသည် ရောနှောကာ အလွယ်တကူ ကြေပျက်သွားနိုင်ပေသည်။ သို့သော်လည်း ကျန်းရီသည် 'ကျန်း'ရေအသွင် ကျင့်စဉ်ကို လေ့ကျင့်ဖို့ လုပ်ရမည့်အစား ထိုအမည်မဲ့ ကျင့်စဉ်မှရသော အတွင်းအားများကို ချက်နေရာသို့ ပို့ဆောင်မိခဲ့သည်။ အသစ် ဖွဲ့စည်းလာသော အတွင်းအားများသည် အနက်ရောင်များဖြစ်နေသည် သူလျင်မြန်စွာ တွေ့ရှိခဲ့သည်။
ကောင်းကင် ကြယ်တာရာ နယ်မြေရှိ သိုင်းပညာရှင်များသည် ကျင့်စဉ် တစ်ခုချင်းစီသည် ကွဲပြားသော အရောင်များကို ထုတ်ပေးသည့် အမျိုးမျိုးသော ကျင့်ကြံခြင်း ပညာရပ်များကို လေ့ကျင့်ကြသည်။ အတွင်းအား၏ အရောင်သည် ကျင့်ကြံမှုပုံစံကို ပုံဖော် အခြေခံထားသော ဓာတ်နှင့် တိုက်ရိုက် ဆက်သွယ်နေသည်။
ဥပမာအားဖြင့် ကျန်းရီသည် 'ကျန်း'ရေအသွင်ကျင့်စဉ်၏ ရေဓာတ်အခြေခံစွမ်းရည်များကို လေ့ကျင့်သောအခါ ထွက်ပေါ်လာသော အတွင်းအားသည် အပြာရောင်ဖြစ်သည်၊ သူငယ်စဉ်က လေ့ကျင့်ခဲ့သော မီးတောက်ပညာရပ်မူကား အနီရောင် အတွင်းအား ထုတ်လွှတ်ခဲ့သည်။
ကျန်းမိသားစုတွင် သူ့အဖိုးနှင့် ဆက်နွယ်မှု၊ သူ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အဆင့်အတန်းကြောင့် ကျန်းရီသည် စိတ်စွမ်းအားလေ့ကျင့်ခြင်း ပညာရပ်မျိုးစုံကို လေ့ကျင့်ခဲ့ပြီး များပြားလှစွာသော အတွင်းအား အရောင်များကိုလည်း မျက်မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ ရေဓာတ် ကျင့်စဉ်များသည် အပြာရောင် အတွင်းအားကိုသာ ထုတ်လွှတ်ပေးပြီး မီးဓာတ် ကျင့်စဉ်များသည် အနီရောင်ကိုသာ ထုတ်လွှတ်သည်။ အစိမ်းရောင်ကို ထုတ်လွှတ်သော သစ်သားဓာတ် ကျင့်စဉ်နှင့် အဝါရောင်ကို ထုတ်လွှတ်သော မြေဓာတ်ကျင့်စဉ်တို့လည်း ရှိကြပေသည်။ အနက်ရောင်ရှိသော အတွင်းအားကို ထုတ်လွှတ်နိုင်သည့် ကျင့်စဉ်တစ်ခုကို သူတစ်ခါမှ မတွေ့ဘူးခဲ့ပေ
"ဒါကိုမေ့ထားလိုက် ကျင့်ကြံမှုနှုန်းက တအားနှေးနေရင် ဒီကျင့်စဉ်က အသုံးမဝင်ဘူး၊ သက်တံ့ရောင် အတွင်းအားကို ထုတ်ပေးနိုင်နေရင်တောင်မှ ဘာအရေးလဲ၊ ငါ့ရဲ့လေ့ကျင့်မှုကို ထူးခြားတဲ့ အနေအထားတစ်ခုအထိ ရောက်အောင် အကူအညီမပေးနိုင်ဘဲ အချိန်သာကြာစေမယ့် အတွင်းအားကျင့်စဉ်တစ်ခုဟာ ဘယ်လောက်ဘဲ အားကောင်းနေပါစေ လက်တွေ့မှာတော့ အဓိပ္ပာယ်မဲ့ပြီး အသုံးမဝင်ဘူး "
ကျန်းရီသည် သူ၏ ဒန်တျန်းနေရာတွင် စုလာနေသော အနက်ရောင် အတွင်းအားများ အကြောင်းကို ဂရုတစိုက် တွေးချင်စိတ်ပင် မရှိခဲ့ချေ။ သူသည် ထိုအတွင်းအားများကို ဘယ်ဘက် လက်မောင်းရှိ သတ်မှတ်နေရာသို့ ပို့မည့်အစား 'ကျန်း'ရေအသွင် ကျင့်စဉ်ကို လေ့ကျင့်ချိန်တွင် သူ၏စွမ်းအားများကို မထိခိုက်စေနိုင်မည့် တစ်နေရာသို့သာ ပို့ဆောင်ထားခဲ့လိုက်သည်။ နောက်တစ်နေ့ရောက်မှ ထိုအတွင်းအားများကို သူ့ခန္ဓာကိုယ် အပြင်ဘက် ရောက်အောင် ထုတ်ရန် ဆုံးဖြတ်ခဲ့သည်။
နောက်ဆုံးတွင်တော့ သူ၏ ထိခိုက်ဒဏ်ရာများကို ကုစားရန် အတွင်းအားကို 'ကျန်း'ရေအသွင် ကျင့်စဉ်နှင့် လှည့်ပတ်ရာတွင် သူ၏အာရုံများကို စူးစိုက်ထားနိုင်ဖို့ရန် သူစိတ်ငြိမ်ငြိမ် ထားနိုင်သွားခဲ့သည်။
... ... ..
"ကျန်းရီ အခုချက်ချင်း မြန်မြန်ထပြီး ငါ့ကို အစီအရင်ခံစမ်း"
ခြံဝန်းလေး၏ အပြင်ဘက်မှ ထွက်ပေါ်လာသော ဒေါသအပြည့်နှင့် ဟိန်းဟောက်သံကို သူကြားသောအခါ အချိန်တွေ ဘယ်လောက်တောင် ကြာသွားခဲ့ပြီဆိုတာ သူမသိခဲ့ပေ။
ထိုအသံကို ကြားလိုက်ရာတွင် ကျန်းရီသည် တရားထိုင်နေရာမှ ချက်ချင်းပင် ဆတ်ခနဲ နိုးသွားခဲ့သည်။ သူ့နှလုံးသည် အရှိန်ပြင်းပြင်း ခုန်နေခဲ့သည်၊ တစ်စုံတစ်ခု မှားယွင်းနေသည်ကို သူသိလိုက်သည်။
ရင်းနှီးနေသော အသံသည် မိသားစုအတွင်း သီးနှံစိုက်ခင်းများကို ကွပ်ကဲရသော ခေါင်းဆောင်ရုန်ထံမှ လာသည်။ အနောက်ဘက် တောင်ကုန်း၏ စိုက်ခင်းများကို ထိန်းသိမ်းဖို့ရန် တာဝန်ယူထားပြီးနောက်တွင် ကျန်းရီသည် ခေါင်းဆောင်ရုန်ကို သူ၏ သင်ကြားပေးမှုအတိုင်း နေ့စဉ် အစီအရင်ခံရသည်။ သို့သော်လည်း ပြီးခဲ့သည့်နေ့က သူသည် ကျန်းရုဟူနှင့် သူ၏လူမိုက်အုပ်စု လက်ထဲတွင် ရက်ရက်စက်စက် တိုက်ခိုက်မှုကို ခံစားခဲ့ရသည်။ သူနိုးလာသောအခါ သူသည် ဒေါသထွက်ခြင်း၊ မူးဝေခြင်း နှင့် အားနည်းခြင်းတို့သာ ကြီးစိုးနေခဲ့သည်။ ထိုကြောင့် ထိုအထူးတာဝန်ကို သူမေ့လျော့သွားခဲ့ခြင်း...
ကျန်းရီသည် အိပ်ရာမှ ကတိုက်ကရိုက် ထလာခဲ့သည်၊ အလျင်အမြန် ပျင်းကြောဆန့်၊ သူ၏ စုတ်ပြတ်နေသော အဝတ်အစားများကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်ဆင်ပြီး အိမ်အပြင်ဘက်သို့ ပြေးထွက်သွားခဲ့သည်။
ထိုအချိန်တွင် ကောင်းကင်သည် တောက်ပစွာ လင်းနေခဲ့ပေပြီ။ မနက်ခင်းလေသည် ပေါ့ပါး လန်းဆန်းနေသည်ကို ကျန်းရီ ခံစားရသည်။ တစ်ညလုံး တရားထိုင်ခဲ့ပြီးနောက် သူ့ဒဏ်ရာများသည်လည်း အတော်လေး သက်သာနေခဲ့ပြီဖြစ်သည်။ သူ၏ အသက်ရှင်နိုင်မှုသည် တောင်တစ်တောင်ကို ကျော်ခဲ့ပြီဟု ထင်ရသည်။
ကံဆိုးစွာပင် ကျန်းရီ၏ စိတ်ဝိညာဉ်သည် တံခါးကို လက်ပိုက်လျှက် ကျောခိုင်းထားပြီး ခြံဝန်း၏ တံခါးဝတွင် ရပ်နေသော တရုတ် ရိုးရာဝတ်စုံနှင့် သက်လတ်ပိုင်း အရွယ် လူကြီး တစ်ယောက်ကြောင့် တုန်လှုပ်လာခဲ့သည်။
သူ၏နောက်မှ ပေါ်ထွက်လာသော ကျန်းရီ၏ ခြေသံကို ကြားသောအခါ လူကြီးသည် နောက်လှည့်ဖို့ မလိုလားရုံတင်မက အေးစက်စက် နှာမှုတ်သံ တစ်ချက်ပါ ပြုခဲ့သည်။
"ခေါင်းဆောင်ရုန်ကို နှုတ်ဆက်ပါတယ်"
ကျန်းရီသည် ခေါင်းကိုနှိမ့်၊ လက်နှစ်ဖက်ကို ယှက်ကာ ခပ်နိမ့်နိမ့် ဦးညွှတ်ခဲ့သည်။ သူ၏ အဆောင်အယောင်များ ဆုံးရှုံးသွားသောအခါ သူကဲ့သို့ သခင်လေးတစ်ပါးက ကြီးကြပ်သူလေး တစ်ယောက်ကိုတောင် ဦးညွှတ် အရိုအသေ ပေးနေရသည်မှာ အလွန် ဆိုးဆိုးရွားရွားကို မယုံနိုင်စရာ ကောင်းသည်ဟု သူ့ကိုယ်သူ ခါးသီးစွာ ရေရွတ်မိသည်။
ခေါင်းဆောင်ရုန်သည် ကျန်းရီကို တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ပေ။
"ငါမင်းကို စိုက်ခင်း(၄)ကို စစ်ဆေးဖို့ မနေ့က မနက်က အမိန့်မပေးခဲ့ဘူးလား" သူအေးစက်စက် ပြောလာခဲ့သည်။
"မင်းဘာလို့ ငါကို ပြန်ပြီး အစီအရင် မခံတာလဲ ဒါက အရမ်းကို လွယ်လွန်းတဲ့ အလုပ်ပါ ၊ မင်းသိပါတယ် မင်းဒီမှာ အလုပ်ကို ဘယ်လိုတွေလုပ်နေတာလဲငါဒီကိစ္စကို စည်းကမ်းထိန်းသိမ်းရေးဆောင်ကို တင်ပြလိုက်မယ်... .မင်းဒီလအတွက် လစာကို ငွေတစ်ပြားမှတောင် ရဖို့ မစဉ်းစားနဲ့ဟမ့်"
"ကျွန်တော်... .."
ကျန်းရီသည် ကျန်းရုဟူနှင့် သူ့လူမိုက်အုပ်စု ဆေးတွေကို ခိုးပြီး သူ့ကိုရိုက်နှက်ခဲ့သည့် အကြောင်းနှင့် ပတ်သက်၍ ပြောရန် ပါးစပ်ကို ဟမိလျှင်ဟမိခြင်း ရပ်လိုက်ခဲ့သည်။ ကျန်းရုဟူ၏ အဖေသည် ကြီးကြပ်ရေးမှူး ခေါင်းဆောင်ဖြစ်ရုံသာမက ခေါင်းဆောင်ရုန်၏ အထက်ရှိ ခေါင်းဆောင်လည်းဖြစ်သည်ကို သူမှတ်မိခဲ့သည်။ ဒီအဖြစ်ကို ကျန်းရီကသာ ဖွင့်ဟမိလိုက်ပါက ခေါင်းဆောင်ရုန်သည် သူ့ကို မကူညီသည့်အပြင် အမှန်ကို အမှားပြောင်းကာ သူ့ကို အပြစ်ပေးပေလိမ့်မည်။
"ကျွန်တော် ဟုတ်လား ဘာကျွန်တော်လဲ"
အကြီးအကဲရုန်သည် နောက်ဆုံးတွင်တော့ သူ့ကိုယ်ကို လှည့်လာကာ ကျန်းရီကို ရက်စက်သော အကြည့်နှင့် တည့်တည့် စိုက်ကြည့်လာခဲ့သည်။
"အနောက်ဘက် တောင်ကုန်းကို အခုချက်ချင်းသွားစမ်း လေးနာရီအတွင်း အရေအတွက် အတိအကျနဲ့ အစီအရင် မခံနိုင်ရင် မင်း နောင်တရသွားစေရမယ်"
စကားဆုံးသောအခါ ခေါင်းဆောင်ရုန်သည် သူ၏ ရှည်လျားသော ဝတ်ရုံ၏ လက်အနားစကို အထင်အမြင် သေးစွာ ခါရမ်းကာ ခြံဝန်းဆီမှ ခြေလှမ်းကြဲကြဲများနှင့် ထွက်ခွာသွားခဲ့သည်။
ကျန်းရီ လုပ်နိုင်တာဆိုလို့ သူ့နှာခေါင်းကို အရှက်ပြေ ပွတ်နိုင်ရုံသာ။ အနောက်ဘက် တောင်ကုန်းကို သူအပြေးအလွှား မထွက်ခွာခင် အိမ်လေးဆီကို အမြန်ပြန်ပြီး ကိုယ်လက် သန့်ရှင်းရေးလုပ်ကာ အိုးထဲက အသားဆန်ပြုတ်များကို ပါးစပ်အပြည့် တစ်လုပ်ပြီး တစ်လုပ် မြိုချခဲ့သည်။
သူသည် ထော့နဲ့နဲ့ ဖြစ်နေသေးသော်ငြား ပြီးခဲ့သည့် နေ့ကလောက် နာကျင်မှု မပြင်းထန်တော့သည်ကို ကျန်းရီ ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသည်။ သူ၏ အခြေအနေသည်လည်း အများအပြား ကောင်းမွန်နေခဲ့ပြီ ဖြစ်သည်။
အနောက်ဘက် တောင်ကုန်းကို တစ်နာရီအတွင်း သူရောက်သွားခဲ့သည်။
အနောက်ဘက် တောင်ကုန်းမှ ထွက်သော အဓိက ပစ္စည်းသည် သွေးအားကို အမြောက်အများ မြှင့်တင်ပေးနိုင်သော ဝိဉာဏ်ဆေးပင် တစ်မျိုး ဖြစ်သည့် ဂျင်ဆင်းမြက်ပင် ဖြစ်သည်။ ဂျင်ဆင်းမြက်ပင်သည် အဆင့်ကိုး အဆင့်ရှိသည့် ဝိဉာဏ်ဆေးပင် ဖြစ်သည်။ ထိုဆေးပင်သည် အရည်အသွေးအားဖြင့် အနိမ့်ဆုံးတွင် ရှိသော်လည်း ဝိဉာဏ်ဆေးပင် အမျိုးအစားဟု ဖြစ်သောကြောင့် သာမန်အရပ်သားများ ထိုဆေးပင်ကို မဝယ်ယူနိုင်ပေ။ ရှင်းရှင်းလင်းလင်း ပြောရလျှင် ကျန်းမိသားစုမှ ဖော်စပ်သော ဆေးသည် ဂျင်ဆင်း မြက်ပင်ကို အဓိက ပါဝင် ပစ္စည်းအဖြစ် အသုံးပြုထားသည်။ ၎င်းကို ဒဏ်ရာများ ကုသရန်နှင့် သွေးအား ကောင်းစေရန် သုံးကြပြီး ကျန်းမိသားစုမှ ဆက်ခံသူများ၊ မိသားစုမှ မဟုတ်သော သိုင်းပညာရှင်များ၊ နယ်မြေစစ်တပ်၏ စစ်သားများသာ အဓိက ချီးမြှင့်ခြင်း ခံရသည်။
ကျန်းရီသည် ဂျင်ဆင်းမြက်၏ စိုပြည်နေသော အစိမ်းရောင် လွင်လွင်ကို ငေးရင်း စိုက်ခင်း၏ စည်းရိုးနားတွင် ရပ်နေခဲ့သည်။ ခါးသက်သော ခံစားချက်များဖြင့် ပြည့်နေသော သူ၏ စိတ်ထဲမှ မှတ်ဉာဏ်တစ်ခု။ တကယ်တော့ ဒီနေရာသည် သူအရိုက်ခံရပြီး သတိလစ်နေခဲ့သော နေရာတစ်ခု ဖြစ်ခဲ့သည်။ သတိ ပြန်ရလာပြီးနောက် သူသည် အိမ်ပြန်ခရီးတွင် နာကျင်မှုများစွာ အခက်အခဲများစွာကို တောင့်ခံခဲ့ရသည်။
ခေါင်းကို ခါလိုက်ရင်း အတွေးလွန်နေမည့်အစား အပင်များကို စတင် ရေတွက်ရန် ကျန်းရီ ကိုယ့်ကိုယ်ကို အားပေးလိုက်သည်။ တကယ်တော့ ခေါင်းဆောင်ရုန်သည် ဒီတာဝန် ပြီးမြောက်ဖို့ သူ့ကို အချိန် လေးနာရီသာ ပေးထားခဲ့လေသည်။ သူသည် ဒီအလုပ်ကို အချိန်မှီမပြီးလျှင် နောက်ထပ်ဆူပူကြိမ်းမောင်းမှုများနှင့် လစာဖြတ်တာလိုမျိုး ဆိုးရွားသောတစ်ခုခု ကြုံတွေ့ရပေလိမ့်မည်။ သူ၏လစာသာ ဖြတ်တောက်ခံရလျှင် သူသည် အမှန်ပင် ကြောက်စရာ ကောင်းသော အခြေအနေသို့ ကျရောက်ပေလိမ့်မည်။
ကျန်းရီသည် သူ၏ ရေတွက်ခြင်း တာဝန်ကို လုပ်ဆောင်ရင်း ရှေ့သို့ ဆက်လျှောက်လာခဲ့သည်။ သူသည် သုံးခုမြောက် ဆေးပင်တန်းကို ကျော်လွန်လာခဲ့သောအခါ သူ၏ရှေ့မှလာသော ခပ်တိုးတိုး အသံတစ်ခုကို ကြားခဲ့သည်။ သူ သေသေချာချာ ကြည့်ခဲ့ပြီး အတော်လှမ်းသော ထောင့်တစ်ခုရှိ မြက်ပင်များကြားတွင် ပုန်းအောင်းနေသော အရိပ်တစ်ခုကို သတိပြုမိခဲ့သည်။
"တစ်ယောက်ယောက်က ဆေးပင်တွေကို ခိုးဖို့ ထပ်ကြိုးစားနေပြန်ပြီ"
ချမ်းစိမ့်မှုသည် ကျန်းရီ၏ ကျောရိုးမှ စိမ့်တက်လာခဲ့သည်။ သို့သော်လည်း လွန်ခဲ့သည့်နေ့နှင့် ခြားနားစွာ စစ်ဆေးဖို့ရန် သူ မိုက်မိုက်မဲမဲ အပြေးအလွှား မသွားခဲ့ပေ။ သို့ပေမယ့်လည်း ဆူညံသံကို လျစ်လျူရှုပြီး မကြားချင်ယောင် ဆောင်နေဖို့တော့ သူအတော်လေး ဆုံးဖြတ်ခဲ့ရသည်။ ပြဿနာအသစ်များကို ရင်မဆိုင်လို၍ သူ့အနားရှိ ဆေးပင်များကိုသာ ဆက်လက် ရေတွက်နေခဲ့သည်။
"ဟ ငါက ဘယ်သူများလဲ မှတ်နေတာ ဘယ်နေရာမှာမှ အသုံးမကျတဲ့ ကောင် ကျန်းရီဘဲ"
တိုတောင်းလှသော တစ်ခဏ ကြာပြီးနောက် မပီပြင်သော်ငြား ရင်းနှီးနေသော အသံတစ်ခု မြက်ပင်များ ထူနေသော နေရာနောက်မှ ထွက်ပေါ်လာခဲ့သည်။ မရှေးမနှောင်းမှာပင် ပုပုဝဝ လူတစ်ယောက်၏ ပုံရိပ်သည် ကိုယ်တိုင် ထွက်ပေါ်လာခဲ့သည်။ သူ၏ ဝက်ကဲ့သို့သော မျက်လုံးများသည် လှောင်ပြောင် ပြက်ရယ်ပြုလို စိတ်တို့ ထင်ဟပ်နေခဲ့သည်။
"ကျန်းပေါင်"
ကျန်းရီသည် ရုတ်တရက် အလွန်မုန်းတီး စက်ဆုပ်မှုကို ခံစားခဲ့ရသည်။ သူ ဒီကောင်ကို သိသည်။ သူသည် လွန်ခဲ့သည့်နေ့က ကျန်းရုဟူ နှင့်အတူ ဆေးပင်များကို ခိုးခဲ့ပြီး ကျန်းရီကို ရမ်းရမ်းကားကား ရိုက်နှက်ခဲ့သော ဂိုဏ်းခွဲ အဖွဲ့ဝင်များထဲမှ တစ်ယောက်ဖြစ်သည်။ တစ်နည်းအားဖြင့် သူသည် ကျန်းရုဟူ၏ ယုတ်မာသော လက်ပါးစေ မြောက်များစွာထဲမှ တစ်ယောက်ဖြစ်သည်။ ဒီအရူးကောင်က ကျန်းရီသည် ရန်ပွဲတွင် ဆိုးဆိုးရွားရွား ဒဏ်ရာရကာ အနောက်ဘက် တောင်ကုန်းကို မလာလောက်ဟု တွက်ဆထားသည်ဟု ထင်ရသည်။ ဒါကြောင့် စိုက်ခင်းမှ ဆေးပင်များကို ထပ်မံခိုးယူရန် ပြန်လာခဲ့ခြင်း ဖြစ်ပေမည်။
ရန်ဘက် နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက်တွေ့သောအခါ သူတို့၏ မျက်လုံးများသည် အပြန်အလှန် ဒေါသများနှင့် စိုက်ကြည့်နေခဲ့ကြသည်။
သို့ရာတွင် ကျန်းရီသည် ကျန်းပေါင်ကို ဆန့်ကျင်၍ မတိုက်ခိုက်ဝံ့ပေ။ ကျန်းပေါင်သည် စွမ်းရည်ရော အတွင်းအား လေ့ကျင့်ဖို့ စိတ်စွမ်းအင်ရော မရှိသော်ငြား သူသည် မည်သို့ပင်ဖြစ်စေ နှစ်ပေါင်းများစွာ ကြာအောင် လေ့ကျင့်ထားခဲ့သည်၊ တိုးတက်မှုသည် နှေးကွေးသော်ငြား သူသည် သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း ဒုတိယအဆင့်တွင် ရှိနေခဲ့သည်။ တစ်ဖက်တွင်မူ ကျန်းရီသည် သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း ပထမအဆင့် တွင်သာ ရှိခဲ့သေးသည်၊ ထို့ပြင် သူသည် ဒဏ်ရာရထားခဲ့သည်။ သူသာ ဒီလိုအချိန်မျိုးတွင် ခေါင်းမာစွာ ကျန်းပေါင်၏ အစွယ်ကို ချိုးရန် ရွေးချယ်ခဲ့မိလျှင် ရုန်းကန်ခွင့်တောင် မရလိုက်မှာကို သူစိုးရိမ်နေခဲ့သည်။
"ကျန်းရီ မင်းအတွက် ဘာကကောင်းမယ်ဆိုတာ သိရင် အခုချက်ချင်း တောင်ပေါ်က ဆင်းသွားစမ်း စကားနဲ့လည်း လာမနှောင့်ယှက်နဲ့ ၊ ဒီမှာလည်း မနေနဲ့၊ ငါ့ကိုလည်း စိတ်တိုအောင် လာမလုပ်နဲ့ ငါ့အလုပ်မှာ ဝင်ပြီး ရှုပ်ရဲရင် ငါမင်းကို လက်စားပြန်ချေမယ် "
ကျန်းရီသည် ဒုက္ခရှာလိုစိတ် ရှိမနေခဲ့ပေ။ သို့သော် ကျန်းပေါင်သည် သူ့ကို အေးအေးဆေးဆေး နေခိုင်းရန် စိတ်ကူးရှိပုံ မရချေ။ ကျန်းပေါင်သည် ကျန်းရီကို အေးစက်စက် စိုက်ကြည့်နေခဲ့ရင်း ရက်စက်မှု၊ စာနာစိတ် ကင်းမဲ့မှုတို့ လွှမ်းနေသော လေထုကို ထုတ်လွှတ်နေခဲ့သည်။
သူ၏ ရည်ရွယ်ချက်သည် ထင်ရှားနေခဲ့သည်၊ ကျန်းရီသာ အနားမှာရှိနေလျှင် ဆေးပင်များကို သူ့စိတ်ကြိုက် လုယူရန် အဆင်မပြေပေ... .
တစ်စုံတစ်ယောက်သည် အတိတ်က အမှားမှ သင်ယူပြီး နောက်တွင် ပို၍ အမြော်အမြင် ရှိလာခဲ့သည်
တကယ်တော့ ကျန်းရီသည် ကျန်းပေါင်၏ အလုပ်တွင် ဝင်ရှုပ်လိုစိတ် မရှိခဲ့ပေ။ သူသာ ဆေးစိုက်ခင်းထဲတွင် ပေါက်ရောက်နေသော ဂျင်ဆင်း မြက်ပင်များကို မရေတွက်နိုင်ခဲ့လျှင် ကြီးကြပ်ရေးမှူးရုန်ကို အစီအရင် မခံနိုင် ဖြစ်လိမ့်မည်။ သူ၏လစာ တစ်လုပ်စာ တစ်ဆုပ်စာလေးမှ အပြည့်အဝ ဖြတ်ချခံရခြင်းနှင့် ဇာတ်သိမ်းရလိမ့်မည်။ ပြီးလျှင် ရှောင်နူသည်လည်း အပြင် အလုပ်များကို ပို၍ အပြင်းအထန် လုပ်ရပေလိမ့်မည်။
ထို့ကြောင့် သူသည် မူလရပ်နေခဲ့သော နေရာမှာပင် စကားတစ်ခွန်းမှ မဆိုဘဲ ခေါင်းမာစွာ ဆက်ရပ်နေခဲ့သည်။
"ငါမင်းကို သင်ခန်းစာ ပေးရတော့မယ်နဲ့တူတယ်၊ မဟုတ်ရင် မင်းရဲ့ အသုံးမကျတဲ့ ဦးနှောက်က ဘယ်တော့မှ သင်ယူနိုင်မှာ မဟုတ်ဘူး "
ကျန်းပေါင်သည် အထင်သေးစွာ ပြောနေရင်း ရပ်တန့်ခဲ့သည်။ ရုတ်တရက် နိမိတ်မကောင်းသော အလင်းတစ်ချက် လက်သွားသော မျက်လုံးများ၊ ကျယ်လောင်သော ကြိမ်းဝါးသံတစ်ခုနှင့်အတူ သူလေထဲကို ခုန်တက်ခဲ့သည်၊ အနီရောင် ရှိသော စွမ်းအား စက်လုံးတစ်ခု သူ၏ ညာဘက် လက်သီး ပတ်လည်တွင် လှည့်ပတ်နေခဲ့သည်။ ကျယ်ပြန့်သော ညကောင်းကင်ယံကို ဖြတ်သန်း၍ ကြွေကျလာသော ကြယ်တစ်စင်းကဲ့သို့ သူသည် ကျန်းရီ၏ ဦးခေါင်း နေရာဆီသို့ ရက်ရက်စက်စက် ထိုးချခဲ့သည်။
"အဆင့်မြင့် သိုင်းပညာရပ် ကြယ်ကြွေ လက်သီးလား ကျန်းပေါင်၊ မင်း... .."
ကျန်းရီသည် နောက်ဘက်ကို အလျင်အမြန် ချက်ချင်း ဆုတ်လိုက်သည်။ ကျန်းပေါင်သည် အသိမပေးဘဲ စတင် တိုက်ခိုက်ရုံတင်မက အားကောင်းသော တိုက်ကွက်ကိုပါ တစ်ဆက်တည်း ဖော်ထုတ်လာသည်ကို သူမယုံကြည်နိုင်ခဲ့ပေ။ သူ့ကိုယ်ရှိ ဒဏ်ရာများသည် အပြည့်အဝ ပြန်မကောင်းသေးချေ။
ဒီရန်ပွဲသည် ဒဏ်ရာများကို ပို၍ ဆိုးရွားသွားစေမည့် ပုံပင်... ..
"ခွပ်"
ကျန်းပေါင်၏ သံမဏိကဲ့သို့သော လက်သီးသည် လေထုကို ဖြတ်သန်းလာခဲ့သည်။ ကျန်းရီသည် ဒီလို တိုက်ခိုက်မှုမျိုးကို ခုခံရန် မပြင်ဆင်ထားတာကြောင့် ကျလာသော တိုက်ခိုက်မှုကို ရှောင်တိမ်းရန်သာ အပြည့်အဝ အာရုံစိုက်ထားခဲ့သည်။ ရလဒ်ကတော့ သူသည် အလျင်အမြန် ရှောင်တိမ်းလိုက်ရာတွင် သူ့ရှေ့ရှိ မညီမညာ ဖြစ်နေသော မြောင်းငယ်လေးကို သတိမမူမိခဲ့ပေ၊ သူသည် မြေပြင်ပေါ်ရှိ အပေါက်ထဲသို့ ခြေလှမ်းမိကာ ဟန်ချက်ပျက်လျက် လဲကျသွားခဲ့သည်။ သူ အသိဝင်လာသော အချိန်တွင် ပြိုင်ဘက်၏ လက်သီးသည် သူနှင့် နီးကပ်နေခဲ့ပြီ ဖြစ်သည်။
ကျန်းရီသည် ကိုယ်တွင်းရှိ အတွင်းအား အားလုံးကို လက်မောင်းဆီသို့ ပို့ဆောင်လိုက်ပြီး သ ကိုယ်အထက်ပိုင်းကို ကာကွယ်ရန်အလို့ငှါ လက်နှစ်ဖက်ဖြင့် ကပျာကယာ ကာခဲ့လိုက်သည်။ သို့ရာတွင် သူလွန်ခဲ့သည့် ညက အမည်မဲ့ စာလုံးများကို အသုံးပြု၍ လေ့ကျင့်ခဲ့သည့် ငွေရောင် သန်းနေသော အနက်ရောင် အတွင်းအား အနည်းငယ်သည် သူ၏ ဘယ်ဘက် လက်မောင်းအတွင်းရှိ သေးငယ်သော သွေးကြောလေးထဲတွင် ကျန်ရှိနေသေးသည်ကို သူမေ့လျော့သွားခဲ့သည်၊ ထို့ပြင် ထိုအတွင်းအားကို ခန္ဓာကိုယ် အပြင်ဘက် ပြန်ထုတ်ရန်လည်း မေ့လျော့နေခဲ့သည်။ 'ကျန်း'ရေအသွင် ကျင့်စဉ်မှ အတွင်းအားများကို ပို့ဆောင်ရာတွင် သူ့စွမ်းအား အားလုံးကို သုံးလိုက်သောအခါ သူသည် အခြားသော စွမ်းအားများနှင့်အတူ အနက်ရောင် အတွင်းအားများကိုပါ မတော်တဆ ပို့ဆောင်မိခဲ့သည်။
"ချီးဘဲ ချီ ဖောက်ပြန်တာကို ငါခံစားရတော့မယ်... ."
သူသည် သူ့အမှားကို အလျှင်အမြန် သဘောပေါက် သွားခဲ့ပြီး သူ့အသိဉာဏ်တွေ လွတ်ထွက်သွားပြီဟု ထင်ရသည်။ သူ အခု ရောက်နေသော အခြေအနေသည်ကား ကွဲပြားသော ဓာတ်သဘာဝများနှင့် အတွင်းအားများသည် တစ်ချိန်တည်းမှာ အတူ လှည့်ပတ်၍ မရေပေ၊ သို့မဟုတ်ပါက သူတို့သည် တစ်ခုနှင့်တစ်ခု တိုက်ကာ ကြေပျက်သွားပြီး ခန္ဓာကိုယ်ကို ထိခိုက်စေလိမ့်မည်။ သူ့ကိုယ်တွင်းရှိ အဓိက နေရာများနှင့် သွေးကြောများသည် တိုက်မိသော နေရာများတွင် ပေါက်ထွက် လာလိမ့်မည်။ တစ်ခဏမျှ ကြာသောအခါ ကျန်းရီသည် အမည်မဲ့ စာလုံးများကို ကျင့်ကြံထားသော အနက်ရောင် အတွင်းအားတို့သည် 'က'ကျန်း'ရေအသွင် ကျင့်စဉ်ကို လေ့ကျင့်ထားရာမှ ရသော အပြာရောင် အတွင်းအားတို့နှင့် တိုက်မိသွားခဲ့သည်ကို မြင်နေရသဖြင့် ကြောက်လန့် တုန်လှုပ်သွားခဲ့သည်။ သို့သော် သူ၏ ခန္ဓာကိုယ်သည် သူစိတ်ကူးထားသလို ထိခိုက်ဒဏ်ရာ ရသွားမည့်အစား အတွင်းအား အမျိုးအစားနှစ်ခုသည် ရေနှင့် နို့ကဲ့သို့ ပြီးပြည့်စုံစွာ ရောနှောသွားခဲ့ကြသည်။ သူတို့သည် သွေးကြောများထဲတွင် တွန်းကန်မှု တစ်ခုတလေတောင် မရှိဘဲ လွတ်လပ်စွာ လှည့်ပတ်နေကြသည်။
"အာ... သူတို့တွေ တကယ်ကြီးကို ပေါင်းစပ်သွားတာလား"
ကျန်းရီသည် စိတ်တွင်းမှ စိတ်သက်သာသွားမှုကို ခံစားလိုက်ရသည်။ သူ့မျက်ဝန်းများကတော့ မယုံကြည်နိုင်မှုများနှင့် တောက်ပနေခဲ့သည်။ သို့သော် သူ့ပြိုင်ဘက်၏ လက်သီးသည် သူ့မျက်နှာနှင့် လက်မ အနည်းငယ်သာ ကွာတော့ကြောင်း မြင်လိုက်သည်နှင့် သူအများကြီး မတွေးတော့ဘဲ စိတ်စေရာအတိုင်း အတွင်းအားများကို ဆက်လက် လည်ပတ်စေခဲ့သည်။ တိုက်ခိုက်မှုကို ရှောင်ရှားရန် ခန္ဓာကိုယ်ကို ဘေးဘက်သို့ ရွှေ့လိုက်ပြီး ကျန်းပေါင်ဆီသို့ လက်သီး နှစ်ခုလုံးကို ပစ်သွင်းလိုက်သည်။
"ဘန်း"
ကျယ်လောင်သော ခပ်အုပ်အုပ် အသံတစ်ခုက လေထုကို ဖြတ်သန်း၍ ထွက်ပေါ်လာခဲ့သည်။ ကျန်းပေါင်သည် ကျန်းရီကို အောင်အောင်မြင်မြင် မရိုက်ခဲ့နိုင်သော်ငြား ကျန်းပေါင်၏ တုတ်တုတ်ခိုင်ခိုင် ခန္ဓာကိုယ်ကြီးသည် အမှိုက်အိတ် တစ်လုံးကဲ့သို့ ပေငါးဆယ်ခန့်အထိ လွင့်စင်သွားခဲ့လေသည်။ မြေပေါ်ကို ရောက်သော် သူသည် မြေပြင်နှင့် ပြင်းပြင်းထန်ထန် ရိုက်မိသွားခဲ့လေသည်။
"အား... ."
အလွန်အမင်း နာနာကျင်ကျင် အော်ဟစ်သံ တစ်ခုက လေထုကို ထိုးဖောက်သွားခဲ့သည်။ ကျန်းပေါင်သည် ပြင်းထန်လှသော နာကျင်မှုကို ခံစားရင် မြေပြင်ပေါ်မှာ လူးလှိမ့်နေခဲ့သည်။ သူ တိုက်ခိုက်ရာတွင် သုံးလေ့ရှိသော ညာဘက်လက်သည် ထူးဆန်းသော အားတစ်ခုက တွန်းခြင်းကို ခံခဲ့ရသည်။ တိုက်ခိုက်မှုကို ကာကွယ်လေ့ရှိသော ဘယ်လက်သည်ကား ဖျော့တော့သော အားတစ်ခုကြောင့် အဆစ်လွဲသွားခဲ့ရသည်။
"ဒါက... ဒါက"
ကျန်းရီသည် သူ၏ဘယ်ဘက်လက်ကို မယုံနိုင်စွာ စိုက်ကြည့်ရင်း အခုလေးတင် ဖြစ်ပွားခဲ့သော အထူးအဆန်း ကိစ္စရပ်များကို ပြန်တွေးနေခဲ့သည်။ အတော်လေး ကြာပြီးသည့်နောက် သူခပ်တိုးတိုး ရေရွတ်ခဲ့သည်။
"ဒီအနက်ရောင် အတွင်းအားတွေက ရေဓာတ်နဲ့ ဆက်စပ်မနေတာ အသိသာကြီးဘဲ၊ ဒါပေမယ့် 'ကျန်း'ရေအသွင်ကျင့်စဉ်က ရေဓာတ်စွမ်းအားနဲ့ ဘယ်လိုများ အပြည့်အဝ ပေါင်းစပ်သွားနိုင်တာလဲ ပေါင်းသွားတဲ့ စွမ်းအားတွေကလည်း ဘာလို့ ဒီလောက်တောင် အားကောင်းနေရတာလဲ ဒီကျင့်စဉ်က အခု ငါ့စွမ်းအားတွေကို အနည်းဆုံး နှစ်ဆ၊ သုံးဆလောက် တိုးသွားစေတာဘဲ... .မဟုတ်ရင် ကျန်းပေါင်ကို ငါဘယ်လိုလုပ် လွင့်ထွက်သွားစေမှာလဲ"
***