ဆေးခတ်ထားသည့် ဝိုင်ဖြင့် တစ်ပတ်ရိုက်ခြင်း
Vol. 4 Ch. 54
ကျန်းယုံ အရိုက်ခံလိုက်ရသည့် အသံမှာ ခန်းမအတွင်း ကျယ်လောင်စွာ ထွက်ပေါ်လာသဖြင့် လူအားလုံး ကြားလိုက်ရသည်။ ဧည့်သည်များသည် သူတို့နံဘေးတွင် စုပြုံလာခဲ့ပြီး ချက်ချင်း ဆိုသလိုပင် အန်လင်း၏ စကားအား ကြားလိုက်ရသည့်အခါ အံ့ဩတုန်လှုပ်သွားကြသည်။
"အင်း ... စကားနဲ့ ပြောလို့မရတဲ့ ဆန်ကုန်မြေလေးတွေကို အခုလိုမျိုး အပြုအမူလေးနဲ့ ဆုံးမပေးတာ အကောင်းဆုံးပဲ ... "
လူတိုင်းသည် အလွန်အံ့အားသင့်လျက် ရှိနေပြီး အန်လင်း၏ စကားများသည် အတော်လေး အဓိပ္ပာယ် မရှိဟု ခံစားနေကြရသည်။
ဘာလဲ ... ဒီလူက ရူးနေတာလား ... သူက ကျန်းယုံကို ကိုယ်ထိ လက်ရောက် ရိုက်နှက်ရုံတင် မကဘူး စကားနဲ့ပါ အနိုင်ကျင့်နေသေးတယ် ... ။
ဘာတွေများ ဖြစ်ခဲ့လို့တုန်း ... ငါတို့တစ်ခုခုများ မသိလိုက်မိတာ ရှိသေးလား ... ။
သူတို့နှစ်ယောက်က ခင်ခင်မင်မင်နဲ့ စကားပြောနေကြတာ မဟုတ်ဘူးလား။ ရန်ပွဲက ရုတ်တရက်ကြီး ဘယ်လို ဖြစ်သွားတာတုန်း ... ။
ထိုအခြေအနေအား အစအဆုံး ကြည့်နေခဲ့သူများပင်လျှင် ထိုအဖြစ်အပျက်အား ရှင်းပြရန် မတတ်နိုင်ချေ။
အန်လင်း၏ မှတ်ချက်အား ကြားလိုက်သည့် အခါတွင် ရွှမ်ယွမ်ချန်သည် တိတ်ဆိတ် သွားတော့သည်။
ထို့နောက်တွင် သဘောတူသည့် အနေဖြင့် ခေါင်းညိတ် လိုက်ပြီးနောက် "အန်လင်း ... မင်းအခု ပြောသွားတာတွေက တကယ်ကို အသိအများကြီး ရလိုက်တယ် ... "
စုရှောင်လန်သည်လည်း အန်လင်းအား ပြုံးကာဖြင့် ကြည့်လိုက်ပြီး မည်သည့်စကားမှ မဆိုချေ။
သူတို့အနားတွင် ရောက်ရှိနေကြသည့် ဧည့်သည်များသည် အံ့ဩလွန်းသဖြင့် မျက်လုံးများ ပြူးကျယ် လာကြသည်။ ထိုနှစ်ယောက်သည် နောင်တရခြင်း တောင်းပန်ခြင်း အလျင်း မရှိသည့်အပြင် ထောက်ခံ ကြောင်းကိုပါ ပြသလိုက်သေးသည်။
အန်လင်းသည်သာလျှင် ရူးသွပ်နေခြင်း မဟုတ်ဘဲ ထိုသုံးယောက် စလုံးမှာ ရူးနေကြခြင်းသာ ဖြစ်ပေလိမ့်မည်။
ကျန်းယုံ မြေပြင်ပေါ်သို့ ကျသွားသည့် အချိန်တွင် သူ့ခန္ဓာကိုယ် တစ်ခုလုံးသည် တုန်ရီလာသည်။ အန်လင်းအား ပါးစပ် အဟောင်းသားဖြင့် ငေးကြည့်နေမိပြီး သူ့အနေဖြင့် အန်လင်း၏ အပြုအမူအား လုံးဝကို နားလည်နိုင်ခြင်း မရှိပါ။
မွေးဖွားလာသည်မှစကာ သူ့အနေဖြင့် ကြောက်ရွံ့ လေးစားခြင်းကိုသာ ခံခဲ့ရသည်။ မည်သူကမျှ သူ့အား ဆူပူရဲခြင်း မရှိသည့်အပြင် ယခုလိုမျိုး ကိုယ်ထိလက်ရောက် ကျူးလွန် ရဲခြင်းလည်း မရှိ။
ယခုတွင်မူ အန်လင်းသည် သူ့အား လူအများရှေ့တွင် ရိုက်နှက် သည်သာမက ဆန်ကုန် မြေလေးဟုပင် တံဆိပ် ကပ်လိုက်သေးသည်။
သူ့ဘဝ တစ်လျှောက်လုံးတွင် ထိုမျှလောက်အထိ ပြက်ရယ်ပြုခြင်း မခံခဲ့ရပါ။ သူ့တစ်ကိုယ်လုံးသည် ဒေါသကြောင့် တုန်ရီလာသည်။ သို့ပေမဲ့လည်း သူသည် ယခုည ပွဲစီစဉ်သူ၏ သားဖြစ်သည်ကြောင့် အထိန်းအကွပ်မဲ့ သောင်းကျန်း၍ မရချေ။
လင်းဝူဟွာသည် အန်လင်းအား သောက ရောက်သည့် အမူအရာဖြင့် ကြည့်လိုက်သည်။
ထိုအချိန်တွင် ကောင်းဖုန်းသည်တော့ အလွန်အမင်း ကျေနပ် အားရလျက် ရှိသည်။ ထိုအခြေအနေသည် သူမျှော်မှန်း ထားသည်ထက်ပင် သာလွန် နေသေးသည်။ ထို့အပြင် အန်လင်းအား ပိုလို့ပင် ပြဿနာ တက်စေနိုင်သေးသည်။ မကြာမီ အချိန်အတွင်းတွင် ရောက်ရှိ လာတော့မည့် အန်လင်း၏ ဘေးဒုက္ခအား သူသည် ပျော်ရွှင်စွာဖြင့် စောင့်မျှော်နေမည် ဖြစ်သည်။
များမကြာမီမှာပင် အတန်ငယ် ဝဖိုင့်သည် လူတစ်ယောက်သည် မြင်ကွင်းအတွင်း ဝင်ရောက် လာတော့သည်။
"ဘာဖြစ်တာလဲ ... ဘာလို့ ဒီနားမှာ ရောက်နေကြတာလဲ ... "
ရောက်ရှိလာသည့်လူကြောင့် လူတိုင်း၏ အမူအရာသည် ပြောင်းလဲ သွားတော့သည်။ သူ၏သားသည် ပြင်းပြင်းထန်ထန် ရိုက်နှက်ခံထားရပြီး ယခုအခါတွင် ဖခင်ဖြစ်သူ ရောက်ရှိ လာလေပြီ။
ထိုနေရာသို့ ရောက်ရှိလာသူမှာ ကျန်းယုံ၏ ဖခင်ဖြစ်သူ အနောက်တောင်ပိုင်း ဒေသတွင် အကြီးမားဆုံး မျိုးနွယ်ဖြစ်သည့် ကျန်းမိသားစု၏ ခေါင်းဆောင် ကျန်းဟုန်ရီ ဖြစ်သည်။
ဧည့်သည်အချို့သည် ခေါင်းခါကာ ဂရုဏာသက်စွာဖြင့် သက်ပြင်းချကြသည်။ အန်လင်းနှင့် သူ့သူငယ်ချင်းများ အတွက် ကြောက်မက်ဖွယ်ရာ ကံတရားသည် စောင့်မျှော်နေလေပြီ။
ကျန်းဟုန်ရီသည် မြေပြင်ပေါ်တွင် လဲကျနေသည့် ကျန်းယုံအား ကြည့်လိုက်သည်။ သူ့မျက်နှာသည် ဖောင်းကား လျက်ရှိပြီး ဝက်ခေါင်းနှင့်ပင် တူနေသေးသည်။ ထို့နောက်တွင် အန်လင်းတို့ သုံးဦးအား ကြည့်လိုက်သည်။ ဖြစ်ပျက်ခဲ့သည့် အရာများအား နားမလည်နိုင်အောင် ရှိနေသည်။
အန်လင်းသည် သူ့လက်ထဲရှိ ဝိုင်ခွက်အား အသာလှည့်လိုက်ပြီး ခွက်ထဲရှိ ဝိုင်သည် မီးရောင် အောက်တွင် ဝဲကဲ့သို့ လှည့်ပတ်နေလေသည်။
"မင်းရဲ့သားကို သေချာလေး ဆုံးမထားလိုက် ... နောက်တစ်ခါ လူတွေကို ဆေးခတ်ထားတဲ့ ဝိုင်တွေ လိုက်တိုက် မနေစေနဲ့ ... "
ကျန်းဟုန်ရီသည် အန်လင်း၏ စကားကို နားထောင်ပြီးနောက်တွင် သူ့လက်ထဲရှိ ဝိုင်ခွက်အား ကြည့်လိုက်သည်။
သူက ပါးနပ်စွာပင် ဖြစ်ပျက်ခဲ့သည်များကို ချက်ချင်းဆိုသလို သဘောပေါက် နားလည်သွားပြီ ဖြစ်သည်။
သူက အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် ခေါင်းငုံ့ကာ ကျန်းယုံအား ကြည့်လိုက်သည်။
"အ ... အဖေ ... " ကျန်းယုံမျက်နှာတွင် ကြောက်ရွံ့သည့် အမူအရာများ ပေါ်လာသည်။
ဖြန်း...
နောက်တစ်ဖန် ကျယ်လောင်သည့် ရိုက်ချက် တစ်ခုသည် ခန်းမအတွက် ပဲတင် ခတ်လာပြန်သည်။ ကျန်းဟုန်ရီသည် လက်ကို မြှောက်ထားပြီး သူ့တစ်ကိုယ်လုံးမှာ ဒေါသကြောင့် တုန်ရီ နေလေသည်။
ထိုမျှသာ မကသေးချေ။ ကျန်းဟုန်ရီသည် မြေပြင်ပေါ်တွင် လဲကျနေသည့် ကျန်းယုံအား လက်သီးမိုးများ၊ ခြေကန်ချက်များ ဆက်တိုက် ရွာသွန်းဖြိုး ပေးလိုက်သည်။ "အသုံးမကျတဲ့ကောင် ... မင်းကိုယ်မင်း ဘာလုပ် လိုက်တယ်ဆိုတာ သိသလား ... ဒီအဖြစ်အပျက်ကနေ မင်းရဲ့ အပြုအမူကို ထပ်ကာထပ်ကာ သုံးသပ်ပြီး သင်ခန်းစာ ယူနေလိုက် ... "
ထိုသို့ ပြောပြီးနောက် ကျန်းဟုန်ရီသည် ကျန်းယုံအား ဆက်လက်ပြီး ရိုက်နှက် ကန်ကြောက် ပြန်လေသည်။
သူ့သားအား ပြင်းပြင်းထန်ထန် အပြစ်ပေးလိုက်လျှင် အသက်ရှင်နိုင်ရန် အခွင့်အရေး ပိုများလာမည် ဖြစ်သည်ကို သူနားလည်သည်။
ထိုမြင်ကွင်းသည် ဧည့်သည် အားလုံးအား လုံးဝကို အံ့အားသင့် နေစေသည်။
အချို့သည် သူတို့မျက်လုံးများအား ပွတ်ကာ အမြင်မှားနေမည်ကို ကြောက်လန့် နေကြသည်။
ဘုရားရေ ... ကျန်းဟုန်ရီကလည်း ရူးသွားတာလား ... ။
အဲဒီ သုံးယောက်က ခင်ဗျားသားကို ပြင်းပြင်းထန်ထန် ရိုက်နှက်ထားတာလေ ... ခင်ဗျား အနေနဲ့ သူတို့ကို ဆုံးမသင့်တာ မဟုတ်ဘူးလား ... ဘာလို့များ ခင်ဗျားသားကို ရိုက်နှက် နေရတာလဲ ...
ကျန်းဟုန်ရီသည် ဟန်ဆောင်နေခြင်း မဟုတ်ပေ။ သူက ကျန်းယုံအား ပြင်းထန်စွာ ရိုက်နှက်နေပြီး လက်သီးချက်တိုင်းမှာ ဘေးတွင် ကြည့်နေသည့် ဧည့်သည်များပင် အတိုင်းသား ကြားနေရသည်။
ခေတ္တမျှ ကြားပြီး နောက်တွင် ကျန်းဟုန်ရီသည် စွမ်းအင် ကုန်ခန်းသွားပုံ ရသည်။ အိမ်ထိန်းထံ လှည့်ကြည့်ပြီးနောက် အော်ဟစ်ကာဖြင့် "လျှို ... ဒီနာခံမှုမရှိတဲ့ အမှိုက်ကောင်ကို အပြင်းကို ဆွဲထုတ် သွားလိုက် ... ပြီးရင် ခြေထောက်တွေ ကျိုးကြေသွားတဲ့ အထိ ရိုက်လွှတ်လိုက် ... "
အိမ်ထိန်းသည် ကျန်းဟုန်ရီအား အမူအရာ ကင်းမဲ့စွာဖြင့် ကြည့်နေလေသည်။ ထိုသို့ ပြုလုပ် လိုက်ခြင်းဖြင့် ရရှိလာမည့် ဆုံးရှုံးမှုသည် ကြီးမားပေလိမ့်မည်။
"မြန်မြန်လုပ်စမ်း ... " ကျန်းဟုန်ရီသည် ထပ်မံအော်ဟစ် လိုက်ပြန်သည်။
ကျန်းဟုန်ရီသည် ကြက်သေ သေနေသည့် အိမ်ထိန်း လျှိုအား အော်ဟစ်ပြီးသည့် နောက်တွင် ခန္ဓာကိုယ် တစ်ခုလုံး ဒဏ်ရာပရပွ ဖြစ်နေသည့် ကျန်းယုံအား သယ်ထုတ်သွားရန် အစောင့်များအား ခေါ်လိုက်သည်။
"မစ္စတာ ကျန်း ... ခြေကျိုးတဲ့အထိ ရိုက်ချိုး လိုက်ဆိုတဲ့ စကားက နောက်ပြောင်နေတာ မဟုတ်ဘူးလို့ မျှော်လင့်ပါတယ်နော် ... "
အနက်ရောင် ညနေခင်း ဝတ်စုံအား ဝတ်ဆင်ထားသည့် ပိန်ပါးပါး အမျိုးသမီး တစ်ယောက်သည် ထိုနေရာသို့ လမ်းလျှောက် လာသည်။ သူမမျက်နှာတွင် အေးစက်စက် အမူအရာများ ကပ်ငြိ နေလေသည်။ ထိုစကားများသည် သူမထံမှလွဲ အခြားမရှိချေ။
ထိုအမျိုးသမီးမှာ ဟောင်ရှန့်ရှန့် ဖြစ်ပြီး ကျန်းဟုန်ရီနှင့်အတူ လိုက်ပါလာသူ ဖြစ်သည်။
အန်လင်းလက်ထဲတွင် ကိုင်ထားသည့် ဝိုင်ခွက်သည် တစ်ခုခု မူမမှန်ဟု ဟောင်ရှန့်ရှန့် သည်လည်း သတိပြုမိလိုက်သည်။
ဆေးခတ်ထားသည့် ဝိုင်ဖြင့် သာမန်လူကိုသာလျှင် လှည့်ဖျားလို့ ရနိုင်လိမ့်မည်။ ကျင့်ကြံခြင်း အဆင့် တစ်ခုရှိနေသည့် ကျင့်ကြံသူများအား လှည့်ဖျားဖို့ရာ မဖြစ်နိုင်ပေ။
"စိတ်ပူမနေပါနဲ့ ... ကျုပ်ပြောလိုက်တဲ့ အတိုင်း ဖြစ်စေရမယ် ... "
ကျန်းဟုန်ရီသည် မျက်နှာတွင် ဆုံးဖြတ်ပြီးသည့် အမူအရာဖြင့် ပြန်ဖြေသည်။ ထို့နောက်တွင် အန်လင်းတို့ထံသို့ လှည့်ကာ တောင်းပန်သည့် အနေဖြင့် ဦးညွှတ်လိုက်သည်။ "တကယ်ကို တောင်းပန်ပါတယ် ... အဖေတစ်ယောက် အနေနဲ့ ကျွန်တော့်ရဲ့ ဆုံးမမှု ညံ့ဖျင်းခဲ့လို့ ကျွန်တော့်သားက အခုလိုမျိုး ပြုလုပ်ခဲ့ခြင်းပါ ... သံတမန်ကြီးများကို လေးစားပါတယ် ... ကျွန်တော့်ရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး စိတ်ကျေနပ်မှု ရှိပါရဲ့လား ... "
အန်လင်းက ခေါင်းညိတ် လိုက်သည်။ "အင်း ... ထားပါတော့လေ ... ခင်ဗျားသားကို ပြောထားလိုက် ... အခုလိုမျိုး နောက်ထပ် လုပ်မယ်ဆိုရင် သူ့ရဲ့ တတိယ ခြေထောက်ကိုပါ ရိုက်ချိုး ပစ်မယ်လို့ ... "
သေချာတာပေါ့။ အန်လင်းသည် ကျန်းယုံ၏ ရည်ရွယ်ချက်အား သတိပြုမိ လိုက်သည်။
စုရှောင်လန်အား ဆေးခတ်ဖို့ ... ။
ကျန်းယုံအနေဖြင့် မအောင်မြင်ခဲ့သော်လည်း ထိုသို့တွေးရုံမျှနှင့်ပင် အန်လင်းအား သည်းမခံ နိုင်လောက်အောင် ဖြစ်စေသည်။
ကျန်းဟုန်ရီကြောင့်သာ မဟုတ်လျှင် အန်လင်းသည် ကျန်းယုံအား ပို၍ ကြမ်းတမ်းစွာ အပြစ်ပေးမိ ပေလိမ့်မည်။
ကျန်းဟုန်ရီသည့် စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေရာမှ သူ့အား၏ ရှင်သန်မှုအတွက် အာမခံနိုင်သွားပြီ ဖြစ်သည်ကြောင့် သက်ပြင်း ချနိုင်တော့သည်။ "ကြင်နာမှုတွက် လေးစားပါတယ် သံတမန်ကြီးခင်ဗျာ ... ဒီကြင်နာမှုကို ကျွန်တော်က တစ်သက်လုံး မှတ်ထားပါ့မယ် ... "
ဧည့်သည်အားလုံးတို့သည် သူတို့ရှေ့ရှိ အံ့ဩဖွယ်ရာ မြင်ကွင်းကြောင့် အိပ်မက်ထဲသို့ ရောက်ရှိနေခြင်း များလားဟုပင် တွေးထင်လျက် ရှိနေကြသည်။
သားဖြစ်သူကို အခြားသူတစ်ဦးမှ ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့သည်။ ထို့အပြင် သူကိုယ်တိုင်က ဆက်လက် ရိုက်နှက်ရုံတင်မက မရှေးမနှောင်းမှာပင် ထိုရိုက်နှက် ခဲ့သူများအား ကျေးဇူးတင်သည့် အမူအရာများပင် ဖော်ပြ လိုက်သေးသည်။
ကောင်းဖုန်းသည်လည်း ထိုမြင်ကွင်းကြောင့် ကြောက်ရွံ့ထိတ်လန့်ကာ ဒူးများပင် ညွတ်ခွေ ချင်လာသည်။
ဘာတွေ ဖြစ်နေတာလဲ။ သူက ဆုံးရှုံးရတာ မဟုတ်ဘူးလား။
ဧည့်သည်များမှာမူ တချို့သည် ထိုအခြေအနေအား ရှုပ်ထွေးလျက် ရှိနေဆဲဖြစ်ပြီး အချို့မှာမူ အလျင်အမြန်ပင် နားလည် သဘောပေါက် လာကြသည်။
အန်လင်းသည် 'ဆေးခတ်ထားသည့်ဝိုင်ဖြင့် လူများအား တစ်ပတ်ရိုက်ခြင်း' ဟု ပြောသွားသည်။ ထိုသည်က အဖြစ်အပျက် တစ်ခုလုံး၏ အဓိကအချက်ပင် ဖြစ်ရမည်။ ကျန်းယုံ၏ ဝိုင်သည် ပြဿနာ၏ အစပင် ဖြစ်မည်။
ကျန်းဟုန်ရီသည် ဆေးခတ်ထားသည့်ဝိုင်အား တွေ့ရှိမှုအပေါ် အလွန်အမင်း ဇီဇာချဲ့နေသည့် အပြင် အန်လင်းတို့ သုံးဦးအားလည်း သံတမန်ကြီးများဟု ညွှန်းဆိုနေသေးသည် မဟုတ်ပါလား။ အရိပ်အမြွက် အားလုံးမှနေ ထိုသုံးဦးသည် အလွန် အရေးကြီးသူများ ဖြစ်ကြောင်း ဦးတည်နေသည်။
ဖြစ်နိုင်သည်မှာ သူတို့သည် ယခုညတွင် ကျန်းဟုန်ရီ မိတ်ဆက် ပေးချင်သည် ဆိုသည့် လူများသာလျှင် ဖြစ်ရမည်။
သေချာတာပေါ့။ ကျန်းယုံ၏ ကိစ္စအား ရှင်းလင်းပြီးသည်နှင့် ကျန်းဟုန်ရီသည် ရောက်လာကြသည့် ဧည့်သည်များနှင့် အန်လင်း၊ ရွှမ်ယွမ်ချန်နှင့် စုရှောင်လန်တို့အား တရားဝင် မိတ်ဆက် ပေးလာသည်။
ထိုသုံးယောက်သည် ဗဟို အထူးသံတမန်များ ဖြစ်ကြပြီး အထူးဖြစ်ရပ်များအား ထောက်လှမ်း စစ်ဆေးရန် ရောက်ရှိ လာကြခြင်းဟု ဆိုသည်။
ဧည့်သည်များသည် သူတို့၏ အထောက်အထားများကို သိရှိလိုက်ရသည့် အခါ အနည်းငယ် ရှုပ်ထွေး လာကြသည်။
သို့ပေမဲ့လည်း ဟောင်ရှန့်ရှန့် ယူဆောင်လာသည့် ထိပ်တန်း လျှို့ဝှက်ချက် များအား တွေ့ရှိ လိုက်ရသည့် အခါတွင်မူ ထိုရှုပ်ထွေးမှုများသည် လုံးဝ ပျောက်ကွယ် သွားတော့သည်။
စာရွက်စာတမ်းများ ပေါ်တွင် စာကြောင်း တစ်ကြောင်း ရှိနေသည်။ "ဒီစာရွက် စာတမ်းများအား မြင်လိုက်ပြီးသည်နှင့် အနောက် တောင်ပိုင်းဒေသမှာ ရှိနေတဲ့ အစိုးရအရာရှိများ အနေဖြင့် အထူး သံတမန်ကြီးများနှင့် ပူးပေါင်းကာ သူတို့၏ တာဝန်များ ပြီးမြောက် စေရန်အတွက် အကောင်းဆုံး ကြိုးစားပေးရမည် ... "
ထို့နောက်တွင် ဧည့်သည် အားလုံးတို့သည် အန်လင်းတို့ သုံးယောက်အား အလွန်အမင်း အံ့အားသင့်သည့် အကြည့်များဖြင့် ကြည့်လာကြတော့သည်။
ထိုစာရွက် စာတမ်းများ၏ အတိုင်းအတာသည် ပြည်နယ် အတွင်းရေးမှူး အထိ သက်ရောက်နိုင်စွမ်း ရှိသည်။
ထိုစာတမ်းများအရ အန်လင်းတို့ သုံးယောက်၏ အစစ်အမှန် အချက်အလက်များနှင့် နောက်ခံသည် မမျှော်မှန်း ထားလောက်အောင်ပင် ဖြစ်သည်။
ပွဲအတွင်း ရောက်ရှိနေကြသူများမှာ ကျန်းဟုန်ရီ ယနေ့ညပွဲအား ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို နားလည်သွားပြီ ဖြစ်သည်။
သူ၏ ကျိုးကြောင်း ဆီလျော်မှုမရှိသည့် အပြုအမူများသည်လည်း ရှင်းလင်းသွားပြီ ဖြစ်သည်။
ကောင်းဖုန်းသည် နေရာတွင်ပင် ကြက်သေသေနေတာ စာတမ်းများအား ထိုးဖောက် လုမတတ် ကြည့်နေမိသည်။
ယနေ့ည ကပွဲ၏ ရည်ရွယ်ချက်မှာ အန်လင်းတို့ သုံးဦးအား တာဝန် ပြီးမြောက်စေရန် အတွက် ပူးပေါင်း ကူညီပေးရန် ဖြစ်သည့် အကြောင်း သူမည်သည့် အခါတုန်းကမှ တွေးထားဖူးခြင်း မရှိချေ။
အနောက် တောင်ပိုင်း ဒေသ၏ အရေးကြီးပုဂ္ဂိုလ်များ အားလုံး တို့သည်လည်း အန်လင်းတို့အား ထောက်ပံ့ ပေးရန် အတွက် ရောက်ရှိနေကြခြင်း ဖြစ်သည်။
ကောင်းဖုန်းသည် တကယ်ကြီး ရူးသွပ် သွားတော့မည်ဟုပင် ထင်နေမိသည်။
ထိုကဲ့သို့ လူမျိုးအား သူသည် ခနဲ့တဲ့တဲ့ဖြင့်ပင် လုပ်ကြံ ပြောဆို ခဲ့ဖူးသေးသည်။ သူတကယ်ကို သေချင်နေခဲ့တာပဲ ... ။
လင်းဝူဟွာသည် ပိုလို့ပင် ဆွံ့အလျက် ရှိနေသည်။ လွန်ခဲ့သည် တစ်နှစ်ခန့်တွင် သူမနှင့် အန်လင်းတို့သည် ဟွားချင် တက္ကသိုလ်၏ ကျောင်းသားများသာ ဖြစ်ခဲ့ကြသည်။ သူက အကြွေးတွေ အရမ်းများလို့ ကျောင်းနားလိုက်ရတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ဗဟို အထူးသံတမန် ဖြစ်သွားရတာလဲ။
အနောက် တောင်ပိုင်းဒေသမှ အရေးကြီး ပုဂ္ဂိုလ်များအား စုသည်းနိုင်သည့် အရည်အချင်း ...။ ထိုသို့ ပြုလုပ်နိုင်ရန် အင်အား မည်မျှအထိ ကြီးမားရန် လိုအပ်သနည်း ... ။
စုရှောင်လန်၏ စကားများသည် သွေးထွက်အောင် မှန်နေသည်ကို လင်းဝူဟွာ အနေဖြင့် လက်ခံ ရပေတော့မည်။ သူမသည် အမှန်တကယ်ကို မျက်စိကန်း နေခဲ့ခြင်းပင်။ ကောင်းဖုန်းအား လှည့်ကြည့် လိုက်သည့်အခါ ထိုလူသည်လည်း ရူးသွပ်တော့ မယောင် ဖြစ်နေသည်။ အန်လင်းအား ကြည့်လိုက်သည့် အခါတွင် လူများအကြားတွင် ယုံကြည်မှု အပြည့်ဖြင့် ရပ်တည်နေသည်ကို မြင်တွေ့ လိုက်ရသည်။
အဆုံးတွင် သူမလုပ်နိုင်သည့်အရာမှာ တိတ်တဆိတ်သာ သက်ပြင်း ရှိုက်မိခြင်း ဖြစ်သည်။
သူမသည် နောက်တစ်ဖန် ရွေးချယ်ခွင့် ရခဲ့မည် ဆိုလျှင်တောင် တူညီသည့် ဆုံးဖြတ်ချက်ကို သာလျှင် ချမိမည်သာ ...။
***