← Chapters

ဆန်းကြယ်သော အနက်ရောင်အတွင်းအားများ

Vol. 1 Ch. 4

ဆန်းကြယ်သော အနက်ရောင်အတွင်းအားများ

Vol. 1 Ch. 4

ကျန်းရီသည် မြေပြင်ပေါ်တွင် နာကျင်မှုနှင့် လူးလိမ့်နေသော ကျန်းပေါင်ကို ကြောင်တက်တက်ဖြင့် စိုက်ကြည့်နေမိခဲ့သည်။ တစ်ခဏမျှ ကြာသည်အထိ ဘာဖြစ်သွားခဲ့သည်ကို နှစ်ယောက်လုံး သဘောမပေါက်ခဲ့သေး။

ကောင်းကင် ကြယ်တာရာ နယ်မြေတွင် သိုင်းပညာကို လူတိုင်းနီးပါး လေ့ကျင့်ကြသည်။ သိုင်းပညာ သင်တန်းကျောင်းများ သည်လည်း ဝါစဉ် အနိမ့်အမြင့် စနစ်ကို သင့်တော်သလို ခွဲခြားသတ်မှတ်ထားခဲ့သည်။ အနိမ့်ဆုံး အဆင့်မှ အမြင့်ဆုံး အဆင့်သည် သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်းအဆင့်၊ ခရမ်းရောင် နန်းတော်ရှင်အဆင့်နှင့် စိတ်ဝိဉာဏ် မျောလွင့် ခရီးသည်အဆင့် ဟူ၍ဖြစ်သည်။ ထိုအဆင့်သုံးခုတွင် အဆင့်တစ်ခုချင်းစီကို အတွင်းအား စုဆောင်းနိုင်သည့် ပမာဏအရ အဆင့်ငယ် ကိုးဆင့် ထပ်မံ ခွဲခြားထားခဲ့သည်။ အဆင့်ငယ်တစ်ခုနှင့် တစ်ခု၏ အင်အားသည်လည်း အလွန့်အလွန် ကွာခြားပေသည်။

သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း ပထမအဆင့်တွင် ရှိသော သာမန်လူတစ်ယောက်သည် မြင်းတစ်ကောင်နှင့် ညီမျှသော ခွန်အားရှိသည်။ သူသည် ကျောက်တုံးတစ်ခုကို တစ်ချက်ထဲနှင့် ခွဲနိုင်စွမ်း ရှိပြီး ၇၂ ကီလိုဂရမ် အလေးချိန်ကို အလွယ်တကူ မ,နိုင်ပေသည်။ သဏ္ဍာန် သုံးဆင့် အသွင်ပြောင်းခြင်း ဒုတိယအဆင့် သိုင်းပညာရှင် ကျန်းပေါင်သည် မြင်းနှစ်ကောင်စာ ခွန်အားရှိပြီး ၁၄၄ ကီလိုဂရမ် အလေးချိန်ကို မ,နိုင်ပေသည်။

သက်ရှိနှစ်ဦးသည် ခန္ဓာကိုယ်အလေးချိန်မတူရာ ခွန်အားအရာတွင်လည်း ကွာခြားချက်ရှိမည်မှာ မလွဲဧကန်ပေ၊ သို့သော် ထိုခြားနားချက်သည် သာမန်အားဖြင့် လျစ်လျူရှုနိုင်ပေသည်။

သို့ရာတွင် ကျန်းရီသည် 'ကျန်း'‌ရေအသွင်ကျင့်စဉ်မှ အတွင်းအားများကို ၇၂ကီလိုဂရမ်ရှိ အားနှင့် အလျင်စလို လည်ပတ်စေခဲ့ရာ ၎င်းသည် အမည်မဲ့ကျင့်စဉ်မှ အနက်ရောင် အတွင်းအားတစ်စုနှင့် မတော်တဆ ပေါင်းစပ်သွားခဲ့သည်။ ရိုက်ချက်တစ်ခုသည်ပင် ကျန်းပေါင်ကို နောက်သို့ ပေငါးဆယ်ခန့် လွင့်သွားစေရန် လုံလောက်ခဲ့သည်။

ကျန်းရီ ဆက်တိုက် အသုံးပြုခဲ့သော ထိုးနှက်မှုသည် အလယ်အလတ် အဆင့်ရှိ အဆင့်မြင့် လက်သိုင်းပညာ ဖြစ်ပေသည်။ ကျန်းရီသည် ထိုခက်ခဲ၍ ဆန်းကြယ်သော လက်သိုင်းပညာရပ်ကို ပြီးပြည့်စုံသည် အထိ လေ့ကျင့်ထားခဲ့သည်။ တစ်ခါက အကြီးအကဲချုပ် သည်ပင် သူ ထိုလက်သိုင်းပညာကို လွယ်ကူသည့်ဟန်ပန်ဖြင့် အသုံးပြုနေသည်အား သူ၏မုတ်ဆိတ်မွေးများကို လက်ဖြင့် သပ်ရင်း ကျေကျေနပ်နပ် ပြုံးကြည့်နေခဲ့ဖူးသည်။

ကျန်းရီသည် ထိခိုက်ဒဏ်ရာများရထားကာ အတွင်းအားလည်း ကင်းမဲ့နေသည်၊ ထို့ကြောင့် ကျန်းပေါင်နှင့် သူ၏ အင်အား ကွာခြားချက်ကို စိတ်ရှုပ်ခံ၍ တွေးကြည့်စရာပင် မလိုချေ။ သို့သော်ငြား မမျှော်လင့်ထားသော ရိုက်နှက်မှုလေး တစ်ချက်သည် ကျန်းပေါင်ကို တံတောင်ဆစ်ကို အဆစ်လွဲသွားစေခဲ့သည်။

ဒီ ကိုးရိုးကားယားနိုင်တဲ့ အခြေအနေအတွက် တစ်ခုတည်းသော ဖြေရှင်းချက်သည်ကား အတွင်းအား နှစ်မျိုးသည် ပြည့်ပြည့်ဝဝ ပေါင်းစပ်သွားကာ သူ့ခွန်အားကို အလွန်အမင်း တိုးတက်လာစေခဲ့သည်ပင်။ ဒီထက်ပိုပြီး သင့်တော်တဲ့ အကြောင်းပြချက် မရှိတော့ဘူး

ကွဲပြားသော ကျင့်စဉ်နှစ်မျိုး သို့မဟုတ် ကွဲပြားသော အတွင်းအား အရောင်နှစ်မျိုး ပေါင်းစပ်ဖို့ရန်မှာ တင်းကြပ်သော သာဓကများစွာ ရှိလေသည်။ အနည်းဆုံးတော့ သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း အဆင့်တွင် ကွဲပြားသော အားနှစ်ခု တိုက်မိခြင်းသည် ကြီးကြီးမားမား ထိခိုက်မှု ဖြစ်ပွားစေရန် လုံလောက်ပေသည်။ အတွင်းအား ကမောက်ကမ ဖြစ်မှုကြောင့်ဖြစ်သော ချီလမ်းကြောင်း လွဲခြင်းကဲ့သို့ ပြဿနာ သေးသေးလေးမှသည် ခန္ဓာကိုယ်၏ အဓိက အစိတ်အပိုင်းများ ကျိုးကြေရာမှ ပြင်းပြင်းထန်ထန် ထိခိုက်မှုကဲ့သို့ ပြဿနာ အကြီးစားများအထိပါ ဆင့်ကဲ ပေါင်းစပ်၍ ဖြစ်ပွားစေနိုင်သည်။ ဒန်တျန်းသာ ပေါက်ကွဲသွားခဲ့လျှင် လူတစ်ယောက်သည် မသန်မစွမ်းပင် ဖြစ်သွားနိုင်သည်။ ဤသည်ကား ကောင်းကင် ကြယ်တာရာနယ်မြေရှိ လူ အားလုံး သိသော ဗဟုသုတတစ်ခု..။

"အ... အား... ကျန်းရီ၊ မင်းက သေသွားရမယ့်ကောင် မိမစစ် ဖမစစ်ကောင် ငါ့လက်မောင်းကို ချိုးရဲတယ်လား မင်းက အခု အသုံးမကျတဲ့ အကောင်လေ"

ဒေါသလွှမ်းသော အော်သံတစ်ခုသည် ကျန်းရီကို အတွေးထဲတွင် နစ်မျောနေရာမှ လှုပ်နှိုးခဲ့သည်။ သူ ကျန်းပေါင်ကို ကြည့်ခဲ့တော့ သူ၏ သိသိသာသာ နာကျင်နေရမှုကို မြင်ခဲ့သည်။ သူ၏ မျက်လုံးများသည် ကျန်းပေါင်၏ မှောင်မိုက်နေသော ဒေါသတကြီး အကြည့်နှင့် ဆုံသွားခဲ့သည်။

"ဟမ့်"

ကျန်းရီသည် ဒေါသမထွက်ဘဲ မနေနိုင်တော့ချေ။ လွန်ခဲ့သည့် နေ့က သူ့ကို ရိုက်သည့် လူများတွင် ကျန်းပေါင်သည် အရက်စက်ဆုံးသော ထိုးနှက်ချက်များကို လုပ်ခဲ့သူ တစ်ဦးဖြစ်သည်။ သူ့ခေါင်းရှိ နာကျင် ကျိန်းစပ်မှုများက နောက်ဆက်တွဲ သက်သေဖြစ်သည်။ ထို့ပြင် ယနေ့လည်း သူစကားတစ်ခွန်းမှ မဟရသေးခင် သူ့ကို စရိုက်သူသည် ထိုအကောင်သာ... ။ ကြယ်ကြွေ လက်သီးသည်ကား ထိုအကောင်၏ အားအကောင်းဆုံး ဝှက်ဖဲများထဲမှ တစ်ခုဖြစ်သည်။

သူက ငါ့ကို သတိလစ် သွားအောင် ရိုက်ချင်နေတယ်၊ သူက ငါ့ကို သတ်ချင်ရင်တောင် သတ်ချင်နေနိုင်သေး.. သို့နှင့် စာနာစိတ်ကင်းမဲ့သော အမူအရာသည် ကျန်းရီ၏ မျက်နှာထက်တွင် ဖြစ်တည်လာသည်။ သူသည် ကျန်းပေါင်ကို လွင့်ထွက်သွားအောင် လုပ်ပြီးတည်းက လူမိုက်ပီပီ အဆုံးသတ်ထိ ဆက်လုပ်ရပေမည်။

"ငါ့ဟာငါ သေရမယ့် အကောင် မကလို့ တခြားဘာကြီးဘဲ ဖြစ်နေနေ ကိစ္စမရှိဘူး။ ကျန်းပေါင်၊ မင်း ဒီနေ့ကို အရင်တုန်းကလို လုပ်ခွင့် သေချာပေါက် မရစေရဘူး"

ကျန်းရီသည် မြေပေါ်မှခုန်တက်ကာ ကျန်းပေါင်ကို ခုန်အုပ်ခဲ့သည်။ သူ၏ခြေထောက်များသည် ပုံရိပ်ယောင်များ ကျန်သည်အထိ မြွေတစ်ကောင်ကဲ့သို့ တွန့်လိမ်ကာ ကျန်းပေါင်၏ သနားစဖွယ် ပုံရိပ်ကို ပုံစံအမျိုးမျိုး ပြောင်းစေရင်း အမှိုက်လှည်း သကဲ့သို့ လှိမ့်ကန်နေတော့သည်။

"အလယ်အလတ် အဆင့်ရှိ အဆင့်မြင့် သိုင်းပညာရပ်၊ မြွေကြာပွတ် ခြေထောက်သိုင်း"

ကျန်းပေါင်သည် ဒီအမြဲတမ်း ရိုးသား အေးဆေးတဲ့ လူငယ်လေးက ပုန်ကန်လာပြီး တော်လှန် တိုက်ခိုက်လာမည်ဟု မမျှော်လင့်ခဲ့ပေ။ သူ တဒင်္ဂလောက် ကြောက်လန့်ပြီးဆွံ့အနေခဲ့သည်။ သူ၏ ဘယ်ဘက် လက်မောင်းသည် ပြင်းပြင်းထန်ထန် ထိခိုက်ထားရာ မခံမရပ်နိုင်သော နာကျင်မှုလှိုင်းတို့ကို ခန္ဓာကိုယ်အနှံ့ ဖြစ်ပေါ်နေစေခဲ့သည်။

ကျန်းပေါင်သည် ပြန် တိုက်ခိုက်နိုင်စွမ်းတို့ ပျောက်ဆုံးနေပြီ ဖြစ်သည်။ သူလုပ်နိုင်တာဆိုလို့ သူ့ ဘယ်လက်မောင်းကို ပိုက်ကာ သနားစရာ လူတစ်ဦးကဲ့သို့ မြေပြင်ပေါ်တွက် လူးလှိမ့်နေရုံသာ ရှိခဲ့သည်။

"ဝှစ်"

ကျန်းရီတွင် အတွင်းအား အနည်းငယ် ရှိနေခဲ့သေးသည်၊ သို့သော် သူသည်ကား ကျင့်စဉ် မျိုးစုံကို အသုံးချရာတွင် ကျွမ်းကျင် ပြောင်မြောက်သူပင်။ သူသည် ကျန်းပေါင်ကို ဖယ်ရှားပစ်ရန် စိတ် ဆုံးဖြတ်လိုက်ပြီးတည်းက သူ့ကို ဘယ်လိုများ လွတ်မြောက်ခွင့် ပေးနိုင်ပါမည်လဲ ကျန်းရီ မြွေကြာပွတ် ခြေထောက်သိုင်းကို အင်အားအပြည့်အဝ သုံးခဲ့လိုက်သည်၊ သူ့ခြေထောက်များသည် ရက်စက်တတ်သော မြွေနှစ်ကောင်နှယ် ပစ်ဝင်လာကာ ကျန်းပေါင်၏ နောက်ကျောကို ထပ်ခါထပ်ခါ ကန်လေတော့သည်။

"ဘန်း"

"ဘန်း"

ကျန်းရီသည် သူ၏ နောက်ဆုံး ကန်ချက်ကို ဖော်ထုတ်ပြီးနောက် ကျန်းပေါင်သည် နာကျင်မှုကို အော်ဟစ်ဖော်ပြရင်း ဆယ်ပေတိတိ အကွာအဝေးကို မရပ်မနား လှိမ့်ထွက်သွားခဲ့သည်။ သူသည် နာကျင်မှုကို ချိုးနှိမ်ရန် အလို့ငှါ နှုတ်ခမ်းများကို ဖိကိုက်ထားခဲ့ရင်း အလျင်အမြန် ခြေထောက်ကို တရွတ်ဆွဲ ပြေးသွားခဲ့သည်။

"ကျန်းရီ၊ မင်းစောင့်နေလိုက်"

တောင်ပေါ်မှ ပြေးဆင်းသွားစဉ်တွင် ကျန်းပေါင် အော်ဟစ်ခဲ့သည်။

"ဟ... "

ကျန်းရီသည် သူ့နောက်ကို ပြေးလိုက်မသွားခဲ့ချေ။ သူ၏အာရုံသည် သူ့ခြေထောက်များတွင်သာ စူးစိုက်လျက်ရှိခဲ့သည်။ စောစောက သူ၏ အင်အားများ အားလုံးကို သူထုတ်လိုက်သော ကန်ချက်များတွင် ထည့်သွင်းထားခဲ့သည်၊ သို့သော် ကျန်းပေါင်ကို ဆယ်ပေခန့်သာ လွင့်သွားစေနိုင်ခဲ့သည်။ ထိုကန်ချက်များသည် သူ၏ အစောပိုင်း ထိုးနှက်မှုများနှင့် နှိုင်းယှဉ်လိုက်လျှင် လုံးဝ အင်အားကင်းမဲ့နေခဲ့သည်။ ထိုပမာဏသည် သူ၏ မူလအင်အားနှင့် အတူတူပင်ဖြစ်သည်။

ကျန်းရီသည် သူ့ကိုယ်တွင်းရှိ  မှိန်ဖျော့ဖျော့ ပြောင်းလဲမှုတို့ကို ခံစားရန် မျက်လုံးများကို မှိတ်ချခဲ့သည်။

ထိုခဏတွင် သူ့ခန္ဓာကိုယ်၏ အဓိက အစိတ်အပိုင်း နေရာများကို 'ကျန်း'ရေအသွင်ကျင့်စဉ်မှ အပြာရောင် အတွင်းအားတို့ကသာ ဖြည့်စွက်ထားခဲ့သည်၊ ငွေရောင်သန်းနေသော အနက်ရောင် အတွင်းအားများ မကျန်တော့ချေ။

ဖြစ်နိုင်တာက... .

"ဒါကို ကြည့်လိုက်မယ်ဆိုရင်... " ကျန်းရီသည် တွေးတွေးဆဆ ပြောခဲ့သည်

"ငါ့ကိုယ်ထဲမှာ အနက်ရောင် အတွင်းအားတွေ အလုံအလောက် မရှိလို့ဘဲ ဖြစ်ရမယ်။ ငါမနေ့က အမည်မဲ့ ကျင့်စဉ်ကို တစ်နာရီလောက်ဘဲ လေ့ကျင့်ထားခဲ့တာ ပြီးတော့ ရလဒ်က အကောင်းဆုံးဖြစ်မလာတဲ့အခါ ငါရပ်လိုက်တယ်"

" အနက်ရောင် အတွင်းအား အမျှင်လေးတွေကို ငါကျင့်ကြံပြီးပြီးချင်း ဘယ်ဘက် လက်မောင်းထဲမှာ သိမ်းထားခဲ့တာ၊ လက်သိုင်းက ပုံမှန်သတ်မှတ်ချက်ထက် ပိုပြီးအားပြင်းသွားတာကလည်း လက်မှာ ဒီအတွင်းအားတွေ ပါဝင်နေလို့ဘဲ မြေကြာပွတ် ခြေထောက်သိုင်းရဲ့ အားကတော့ ငါ့ရဲ့ ပုံမှန်အတွင်းအားကို သုံးထားတာ ဖြစ်လို့ သာမန်စွမ်းရည်ဘဲ ရှိတယ်"

"အာ... ဘာပဲဖြစ်ဖြစ်၊ ငါဒါကို အရင်ပြီးအောင်လုပ်ရမယ်။ ဒီတာဝန်ပြီးမှဘဲ သေသေချာချာ လေ့လာကြည့်တာပေါ့"

စကားလုံးနဲ့ ဖော်ပြ၍ မရနိုင်သော စိတ်လှုပ်ရှားမှု လွှမ်းခြုံထားသောကြောင့် ကျန်းရီ၏ နှလုံးခုန်သံများ မြန်ဆန်နေခဲ့သည်။ သူ၏ အင်အားများကို မြင့်မားသွားစေနိုင်သည့် ပညာရပ်တစ်ခုကို မမျှော်လင့်ဘဲ ရရှိခဲ့ခြင်းသည် အနည်းဆုံးတော့ သူကျန်းပေါင်ကို အလွယ်တကူ အနိုင်ယူလိုက်နိုင်စေခဲ့သည်။ အတွင်းအားကို ခရုတစ်ကောင်ရဲ့နှုန်းနဲ့ စုဆောင်းနေရတဲ့ သူ့ခန္ဓာကိုယ်ကို ပြောင်းလဲပစ်နိုင်စွမ်း မရှိခဲ့ပေမယ့်လို့ပေါ့။ နောက်ဆုံးမှာတော့ သူ၏ နာကျင် ခံစားရမှုများမှ လွတ်မြောက်ပေတော့မည်။

သူသည် စိုက်ခင်း(၄)ရှိ ဆေးပင်များကို လျင်လျင်မြန်မြန် တိတိကျကျ ရေတွက်လိုက်သည်မှာ ပြီးဆုံးသွားတော့ ၁နာရီ နီးပါးကြာမြင့်သွားခဲ့ပြီး ဖြစ်သည်။ သူ့ဒဏ်ရာများ အပြည့်အဝ ပြန်မကောင်းသေးသော်ငြား သူသည် လေညှင်းလေးကဲ့သို့ ကိုယ်ရောစိတ်ပါ လွတ်လပ်မှုကို အပြည့်အဝ ခံစားလိုက်ရင်း တောင်အောက်သို့ ပြေးဆင်းသွားခဲ့သည်။

ခေါင်းဆောင်ရုန်ကို အစီအရင်ခံပြီးနောက် ကျန်းရီသည် သူ၏ ခြံဝန်းလေးဆီ အမြန်ပြေးသွားခဲ့သည်။ ခြံဝန်းလေးသည် ခါတိုင်းကဲ့သို့ တိတ်ဆိတ်ပြီး လူသူ ကင်းမဲ့နေခဲ့သည်။ ရှောင်နူတောင် ပြန်ရောက်ပုံမပေါ်သေး။ သို့သော်လည်း ကျန်းရီသည် စိတ်အနှောင့်အယှက် မဖြစ်ခဲ့ပေ။ သူ့အိပ်ရာထက်ကိုသာ တက်လိုက်ရင်း တရားထိုင်ရန် တင်ပျဉ်ချိတ် ထိုင်ချခဲ့လိုက်သည်။

သူသည် အိပ်မက်ထဲရှိ အမည်မဲ့ ကျင့်စဉ်ကို ကျင့်ကြံရင်း အနက်ရောင် အတွင်းအားတော်တော်များများကို စူးစမ်းလေ့လာရန် ဆက်လက် ထုတ်လုပ်နေခဲ့သည်

တစ်နာရီခန့် ကြာပြီးနောက်

မျော်လင့်ထားတဲ့အတိုင်း အနက်ရောင် အတွင်းအား အထွေးလိုက်လေးကို သူ့ဒန်တျန်းနေရာတွင် ထုတ်လုပ်နိုင်ခဲ့သည်။

သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း အဆင့်သို့ ရောက်ရှိနေသူများသည် ကိုယ့်ခန္ဓာကိုယ်တွင်းကို ကြည့်ရှုနိုင်ကြသည်။ ကျန်းရီသည် ထူးဆန်းသော အတွင်းအား အမျှင်လေးအား မျက်လုံးမလွှဲဘဲ ကြည့်နေခဲ့သည်။ ထိုအမျှင်လေးသည် တစ်လက်မခန့် ရှည်သော ဆံပင်မျှင်လေးနှင့်တူပြီး ဒန်တျန်းနေရာတွင် အခွေလိုက်လေး ငြိမ်လျက် ရှိနေခဲ့သည်။ သူသေသေချာချာ ကြည့်လေ ပိုပြီး ထူးဆန်းလေလေ ဖြစ်လာသည်ကို သူတွေ့ရှိခဲ့သည်။

ကျန်းရီသည် စိတ်လှုပ်ရှား ပျော်ရွှင်နေခဲ့သည်။ သူ့အတွက် ဒီ အတွင်းအားများသည် ဆံစတစ်မျှင်ထက် ပို၍ပါးသော ကြုံရာကျပန်း အရာမဟုတ်ချေ၊ သူ၏ အခက်အခဲ ဒုက္ခများမှ သူ့ကို ဆွဲထုတ်ပေးမည့် အသက်ကယ် ကောက်ရိုးမျှင်လေး တစ်စသာဖြစ်သည်။

"နောက်တစ်ဆင့်၊ ဒါကို ပေါင်းစပ်ဖို့ ကြိုးစားကြည့်မယ်"

သူသည် အနက်ရောင်အတွင်းအားများကို ဘယ်ဘက်လက်ရှိ ရှောင်ယင်းသွေးကြော (နှလုံးနှင့် ဆက်သွယ်ထားသော သွေးကြော) နေရာကို ဂရုတစိုက်နှင့် ပို့ဆောင်လိုက်သည်။ ထို့နောက် 'ကျန်း'‌ရေအသွင် ကျင့်စဉ်နှင့် အတွင်းအားကို ဒန်တျန်းနေရာတွင် ဖြည်းဖြည်းချင်း လှည့်ပတ်စေကာ ဘယ်ဘက် လက်မောင်းကို ပို့ဆောင်ခဲ့သည်။

"လုံလောက်ပြီ... နောက်ထပ် သေချာ ထပ်ပေါင်းစပ်မယ်"

မတူညီသော အမျိုးအစားနှစ်ခု ပေါင်းစပ်အား၏ အင်အားကို သူခံစားမိခဲ့သောအခါ ကျန်းရီသည် စိတ်လှုပ်ရှား တက်ကြွလာခဲ့သည်။ သူခုန်လိုက်ပြီး အိပ်ရာဘေးရှိ ထုံးကျောက်ပြားကို ထိုးချလိုက်သည်။

"ဘန်း"

မြေပြင်သည် တုန်ခါသွားခဲ့သည်။ သူ၏ ဘယ်ဘက် လက်သီးသည် ထုံးကျောက်ပြားကို တည့်တည့် ထိုးမိခဲ့ပြီး နှစ်ခြမ်းကွဲသွားစေခဲ့သည်။ သူ့လက်သီးသည် ကျောက်ပြား အောက်ရှိ ကြမ်းပြင်ကိုပင် မထိခဲ့ပေ။

"ငါ့အင်အားတွေက တကယ်ကို တိုးတက်သွားခဲ့တာဘဲ။ မဟုတ်ရင် ငါ ဒီထုံးကျောက်ပြားကို ခွဲနိုင်မှာ မဟုတ်ဘူး။ ငါဒါကို ခွဲနိုင်တယ် ဆိုတာက ငါ့ရဲ့ ထိုးချက်မှာ မြင်းနှစ်ကောင်စာအား ပါနေတာဘဲ ဖြစ်ရမယ် "

ကျန်းရီသည် သူ့လက်မောင်းကို မြှောက်လိုက်သည်။ စုတ်ပြတ်နေသော အင်္ကျီလက်အနားစတို့နှင့် သူ့လက်ပေါ်ရှိ ပွန်းပဲ့ရာတို့က သူ့ကို စိတ်အနှောင့်အယှက် မဖြစ်စေခဲ့ပေ။ သူ့ကိုယ်သည် ပျော်ရွှင်မှုတို့နှင့် တုန်ရီနေခဲ့သည်။

ဒါက အနက်ရောင် အတွင်းအား အမျှင်တွေရဲ့ စွမ်းအားဘဲ... ..

သူသာ အမည်မဲ့ကျင့်စဉ်ကို ဆက်ကျင့်ပြီး အနက်ရောင်အတွင်းအားတွေကို ဆက်စုဆောင်းနေရင် သူ့ခွန်အားတွေ ပိုပြီး မြင့်တက်လာမယ်မလား

"ကျင့်ကြံရမယ် လက်တွေ့စမ်းသပ်ကြည့်ရမယ် ငါဟာ အကြိမ်ပေါင်းများစွာ ကျင့်ကြံပြီး ကြိုးစားရမယ်"

ကျန်းရီသည် ခေါင်းခါလိုက်ကာ သူ့ကိုယ်သူ မရယ်မိအောင် ထိန်းလိုက်ရသည်။ မျက်ဝန်းများကိုမှိတ်လိုက်ရင်း သူတင်ပျဉ်ချိတ်ထိုင်လိုက်ကာ ပြင်းပြင်းထန်ထန် စတင်လေ့ကျင့်ခဲ့တော့သည်။ ဒီတစ်ကြိမ်တွင် သူသည် လေးနာရီ ကြာအောင် မရပ်မနား လေ့ကျင့်ခဲ့သည်။

"ဒီအနက်ရောင် အတွင်းအားအမျှင်လေးတွေက ထုတ်ဖို့ ခက်ခဲလိုက်တာ။ ငါ လေးနာရီကြာအောင် ထုတ်လုပ်နေတာတောင် အမျှင်လေး ခြောက်ခုလောက်ဘဲ ရတယ်... "

ကျန်းရီသည် စိတ်ကသိကအောက် ဖြစ်စွာ ခေါင်းကုတ်ခဲ့သည်။ ထို့နောက် သူ၏ မချင့်မရဲ ဖြစ်မှုကို အတွေးထဲမှ မြန်မြန် ဖယ်ထုတ်လိုက်ခဲ့သည်။ သူမတ်တတ်ထပ်ရပ်လိုက်ကာ အနက်ရောင်အတွင်းအားများကို 'ကျန်း'‌ရေအသွင် ကျင့်စဉ်မှ အပြာရောင် အတွင်းအားတို့နှင့် ပေါင်းစပ်ရန် ညာဘက်လက်ဆီ ပို့လိုက်ပြန်သည်။ သူ၏ ညာဘက်လက်သီးကိုလည်း ကြမ်းပြင်ပေါ်ရှိ ထုံးကျောက်ပြားဆီ ထိုးချ လိုက်ပြန်သည်။

"ဘန်း"

ဒီတစ်ခါလည်း သူ၏လက်သီးသည် ထုံးကျောက်ပြား အောက်ရှိ ကြမ်းပြင်ကို မထိခဲ့ပြန်ချေ။

ကျန်းရီသည် သူ၏လက်ကို ဖယ်လိုက်ပြီး အခန်းတွင်းတွင် ပျော်ရွှင်စွာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေလိုက်သည်။ သူ့တွင် အတွေးတစ်စ ရုတ်ချည်း ပေါ်ထွက်လာခဲ့သည်။

"အနက်ရောင် အတွင်းအားတွေက ငါ့ရဲ့ လက်သီးအားကို အင်အားအများကြီး တိုးလာစေတယ်၊ ငါ့ ခြေထောက်တွေကို ရောဘဲ၊ ငါထင်တယ်... ."

"ဝှစ်"

အခန်း၏ ကြောက်စရာ အခြေအနေကို ကြည့်လိုက်ရင်း ကျန်းရီ ခေါင်းတစ်ချက် ယမ်းခဲ့သည်၊ ထို့နောက် ခြံဝန်း နောက်ဘက်သို့ ထွက်လာခဲ့လိုက်သည်။ သူသည် အနက်ရောင် အတွင်းအားများကို ညာခြေထောက်ဆီ ပို့လိုက်ပြီး မြေပြင်ပေါ်ရှိ ထုံးကျောက်ပြား တစ်ခုဆီ ဆောင့်နင်းချလိုက်ခဲ့သည်။

"ဗုန်း"

ထုံးကျောက်ပြားသည် ယခင်ကအတိုင်း ထပ်ခြမ်း ကွဲသွားခဲ့သည်။ ကျန်းရီ၏ ခြေထောက်သည် ကျောက်ပြားကို ဖြတ်သွားခဲ့သော်ငြား မြေပြင်ပေါ်သို့ မကျရောက်ခဲ့ပေ။ သူ့ကန်ချက်၏အားသည် လက်သီးထက် ပို၍ အားပြင်းသည်ဟု ထင်ရသည်

"အိုး... .ငါ့ဒူးခေါင်းနဲ့ စမ်းကြည့်ရမယ့်အချိန်ဘဲ"

"ဗုန်း"

"ငါ့တံတောင်ဆစ်နဲ့လည်း စမ်းကြည့်ရမယ်"

"ဗုန်း"

ကျန်းရီသည် အလွန်ပျော်ရွှင်နေခဲ့သည်။ သူ့လုပ်ဖို့ လိုတာဆိုလို့ အတွင်းအား နှစ်မျိုးကို ပေါင်းစပ်ရန်သာ ဖြစ်သည်၊ ပြီးလျှင် သူ့အင်အားသည် သုံးဆလောက် တိုးလာပေလိမ့်မည်။

"နောက်ထပ် တခြားနေရာတွေကိုလည်း ငါစမ်းကြည့်သင့်တယ်။ ငါ့ခေါင်းကိုရော စမ်းကြည့်သင့်လား အလယ်အလတ်အဆင့်ရှိတဲ့ သတ္ထု ဦးခေါင်းပညာရပ်ကို အပြည့်အဝ အသုံးချဖို့ ငါဘယ်တုန်းကမှ အခွင့်အရေး မရခဲ့ဘူး၊ ဒါက အဆင်ပြေသားဘဲ။ ခေါင်းတိုက်ချက် တစ်ခုလောက်ကို ဘာလို့ မလုပ်ကြည့်ဘဲ နေရမှာလဲ... ."

အနက်ရောင် အတွင်းအားများသည် အလုံးလိုက်လေး နှစ်ခုကျန်နေသေးတာကြောင့် ကျန်းရီသည် တစ်ခုကို အပြာရောင် အတွင်းအားတွေဆီ ခပ်သွက်သွက်လေး ပို့ဆောင် လှည့်ပတ်စေလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်တွင်း လွတ်လွတ်လပ်လပ် စီးဆင်းစေလိုက်သည်။ မကြာခင်ကမှ ချမ်းသာလာသူ တစ်ယောက်သည် သူ့ပိုက်ဆံများကို သုံးဖြုန်းရန် နေရာ မရှိ၍ ပူဆွေး နေရသလိုမျိုး သူခံစားနေခဲ့ရသည်။

သို့သော် သူ၏ အတွင်းအားများကို ဦးခေါင်းဆီသို့ ပို့ဆောင်လိုက်သောအခါ ပေါင်းစပ်ထားသော အတွင်းအားများသည် သူ၏ ဘယ်ဘက် မျက်လုံးထောင့်ရှိ စန်းကျူး အမှတ်နေရာ (မျက်ခုံး၏ အတွင်းဘက်အစွန်းရှိ အပ်စိုက်ဆေးကုရာ နေရာ)ကို ဖြတ်သွားခဲ့သည်။ ရုတ်တရက် သူ့မျက်လုံးတွင် အနက်ရောင် အလင်းတစ်ခု ဖြတ်ခနဲလက်သွားခဲ့သည်။ အမှတ်တမဲ့ သူမျက်တောင်ခတ်လိုက်မိသောအခါ သူ့ရှေ့ရှိ လောကကြီး တစ်ခုလုံးသည် လုံးဝပြောင်းလဲနေသည်ကို သူတွေ့ခဲ့ရသည်။

ကျန်းရီသည် ကြည်လင် ထင်ရှားနေသော ပတ်ဝန်းကျင်ကို မှင်တက်စွာ ငေးကြည့်နေခဲ့မိသည်။ နံရံပေါ်ရှိ ပင့်ကူငယ်၏ ခြေထောက်ပေါ်မှ အမွေးများကိုပင် သူ ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ထို့ပြင် ထိုပင့်ကူ၏ ရွေ့လျားမှုသည် အနှေးပြကွက် တစ်ခုကဲ့သို့ ကြောက်စရာကောင်းအောင် နှေးကွေးနေခဲ့ပေသည်။

"သောက်ကျိုးနဲ "

သူမျက်လုံးကို အမြန်မှိတ်ချလိုက်ပြီး ပြန်ဖွင့်ကြည့်လိုက်သည်၊ ရှေ့ကမြင်ကွင်းသည် စောစောကအတိုင်း ကြည်လင် ထင်ရှားနေဆဲပင်။ သူခေါင်းကို လှည့်လိုက်ပြီး ခပ်လှမ်းလှမ်းရှိ ထောင့်တစ်နေရာကို ကြည့်ခဲ့လိုက်သည်။ ဆန်စေ့ အရွယ်အစားခန့်ရှိ ကြမ်းပိုး တစ်ကောင်သည် ခရုတစ်ကောင်လိုမျိုး တွားသွားနေခဲ့သည်၊ ကျောပေါ်မှာ အနက်ရောင် အစက်လေး ခုနှစ်စက်တောင် ပါလိုက်သေး... .။

ကျန်းရီ တစ်ခုခုကို ရုတ်တရက် တွေးမိသွားခဲ့သည်။ သူသည် ခြံဝန်းလေးကို ကျော်၍ အတော်ဝေးဝေး တစ်နေရာကို စူးစိုက်ကြည့်လိုက်သည်။ အပြင်ဘက် မြင်ကွင်းသည်လည်း အလားတူစွာ အံ့သြဖွယ်အသက်ဝင်နေခဲ့သည်။ ပေရာပေါင်းများစွာ ကွာဝေးသည့် တစ်နေရာတွင် ပျံသန်းနေသော ခြင်တစ်ကောင်၏ လမ်းကြောင်းကိုပင် သူ ရှင်းရှင်းလင်းလင်းကြီး မြင်နေခဲ့ရသည်။

"ဝီ... ."

ပတ်ဝန်းကျင် တစ်ခွင်ကို မိနစ်ဝက်ခန့် ကြာအောင် စိတ်ရှုပ်နေသည့် အကြည့်နှင့် ကြည့်ပြီးသွားသည့်နောက် သူ၏ ဘယ်ဘက်မျက်လုံးသည် အရာဝတ္ထုများကို မှုန်ဝါးဝါး မြင်လာသည်ကို သူ ချက်ချင်း သတိပြုမိခဲ့သည်။ ထိုအခြေအနေသည် သူ မျက်တောင် မခတ်ခင် ကနှင့် အတူတူပင် ဖြစ်သည်။ သူ၏ အမြင်အာရုံသည် ပုံမှန် ပြန်ဖြစ်သွားသည့်အချိန်တွင် သူသည် နံရံပေါ်ရှိ ပင့်ကူကို မြင်နိုင်နေသော်လည်း သူ့ခြေထောက်ပေါ်တွင် အမွေးများ ရှိသည်လား ဆိုသည်ကို မမြင်ရတော့ချေ...

"ဒါက အနက်ရောင် အတွင်းအားဘဲ ဒါက သေချာပေါက်ကို အနက်ရောင် အတွင်းအားကြောင့် ဖြစ်တာ"

ကျန်းရီသည် မှင်တက်နေမိရာမှ အသိဝင်လာခဲ့သည်။ သူချက်ချင်း အနက်ရောင် အတွင်းအားကို အာရုံခံနိုင်ရန် ကြိုးစာခဲ့သော်ငြား တကယ်တမ်းတွင် ထိုအတွင်းအားများမှာ ကုန်သွားခဲ့ဖြစ်သည်။ သူ့မျက်လုံးအနီးရှိ အမှတ်နေရာတွင် ကျန်နေခဲ့သည်မှာ အပြာရောင် အတွင်းအားများသာ ဖြစ်သည်။

"ဒီအနက်ရောင် အတွင်းအားတွေက ဆန်းကြယ်လွန်းတယ်၊ လူတစ်ယောက်ရဲ့ အမြင်အာရုံကိုတောင် တိုးမြှင့်ပေးနိုင်စွမ်း ရှိတယ်"

မွန်းကြပ်နေရာမှ တစ်ချက်ရယ်လိုက်ရင်း ကျန်းရီသည် နောက်ဆုံးလက်ကျန် အနက်ရောင် အတွင်းအားများကို အပြာရောင် အတွင်းအားများနှင့် ပေါင်းစပ်ပြီး ညာဘက် မျက်လုံးထောင့်ရှိ စန်းကျူး အမှတ်နေရာကို ပို့ဆောင်ခဲ့သည်။

သူမှန်သင့်သလောက် မှန်ခဲ့သည်... .

လောကကြီး တစ်ခုလုံးသည် သိသိသာသာ ပြောင်းလဲသွားခဲ့ ပြန်သည်၊ အချိန်သည်လည်း နှေးကွေးစွာ ရွေးလျားနေသည်ဟု ထင်ခဲ့ရသည်။

"ထူးဆန်းလိုက်တာ ... ."

ကျန်းရီသည် အရုပ်အသစ်လေး တစ်ခု ရလိုက်သော ကလေးငယ်လေး တစ်ဦးကဲ့သို့ သဘောက ပျော်ရွှင်နေခဲ့သည်။ သူ၏ အကြည့်များသည်လည်း အခန်းငယ်လေးကို ကျော်၍ ဘယ်ဘက်သို့၊ ညာဘက်သို့ ၊ ပြတင်းပေါက်ဆီသို့ နှင့် ပြတင်းအလွန်သို့ အမျိုးမျိုး ပြောင်းနေခဲ့တော့သည်။ သူကိုယ်တိုင်ပင် မသိလိုက်ပါဘဲ ရယ်သံလွင်လွင် ထွက်လာသည်အထိ သူသည် ယခင်နှင့် လုံးဝ ခြားနားသော ကမ္ဘာသစ်ထဲတွင် နစ်မျောနေခဲ့သည်။

"ဟား..ဟာ..ဟာ..ဟုတ်ပြီကွ ဒါက တကယ့်ကို စစ်မှန်တဲ့ ရတနာဘဲ။ ကောင်းကင်က ငါ့ကို အခွင့်အရေး ပေးလာခဲ့ပြီ... ."

ကျန်းရီ ပျော်လို့ မပြီးသေးခင်မှာပင် အနက်ရောင် အတွင်းအားများသည် လောကကို မူလအခြေအနေသို့ ပြန်ပြောင်းရင်း ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

သူထပ်ပြီး စမ်းသပ်ကြည့်ချင်သေးသော်လည်း သူ့ကိုယ်ထဲတွင် အနက်ရောင် အတွင်းအား တစ်စမျှပင် မကျန်တော့သည်ကို သူလက်ခံလိုက်ရသည်။ သူလေးနာရီကြာ ဒုက္ခခံ၍ ကျင့်ကြံစုဆောင်း ထားရသော အနက်ရောင် အတွင်းအား အလုံးလေး ခြောက်ခုသည် မိနစ်ပိုင်းအတွင်း ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

"ကျင့်ကြံရမယ် ကျင့်ကြံရမယ်"

ကျန်းရီသည် မျက်လုံးများကို လက်ဖြင့် ပွတ်လိုက်သည်၊ သူ၏ ပျော့ပျောင်းသော မျက်နှာထက်တွင်တော့ ပီတိပါးပါး ဖုံးလွှမ်းနေခဲ့သည်။ သူချက်ချင်း တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။ သူသည် အနက်ရောင် အတွင်းအားကို တော်တော်များများ ထုတ်လုပ်ဖို့ အချိန်ကြာကြာ ကျင့်ကြံရန်နှင့် ၎င်း၏ အသုံးဝင်ပုံများကို လေ့လာရန် အစီအစဉ်ချ တွေးတောနေခဲ့သည်။

နှစ်နာရီခန့် ကုန်ဆုံးသွားသောအခါ ...

သူသည် သာမန်အတိုင်း နိုးလာရမည့်အစား တံခါးကို ဆောင့်တွန်း၍ ဖွင့်ရာမှ ထွက်ပေါ်လာသော ခြောက်ကပ်ကပ် အသံကြောင့် နိုးသွားခဲ့ရသည်။

"ဘန်း"

ချည်ထည်အကြမ်းကို ဝတ်ဆင်ထားသော မိန်းမပျိုလေးတစ်ဦးသည် သူ့ခြံဝန်းတံခါးလေးကို ဆောင့်၍ တွန်းဖွင့်ခဲ့သည်။ သူမ၏ မျက်နှာသည် ကြောက်ရွံ့မှုကြောင့် ဖြူဖျော့နေခဲ့သည်၊ သူမသည် အော်ဟစ်လျက် အလျင်စလို ပြေးဝင်လာခဲ့သည်

"သခင်လေး ကျန်းရီ... .သခင်လေး ကျန်းရီ မြန်မြန်ထွက်ခဲ့ပါ...  ရှောင်နူ အရိုက်ခံနေရတယ် နောက်ကျမသွားခင် မြန်မြန်လေး ထွက်လာခဲ့ပါ... ."

"ရှောင်နူ"

ကျန်းရီ၏ မျက်လုံးများ ချက်ချင်း ပွင့်လာခဲ့သည်၊ သူ့ခန္ဓာကိုယ်သည်လည်း ဆတ်ခနဲ တုန်သွားခဲ့သည်။ သူ့မျက်နှာသည် ချက်ချင်း တင်းမာသွားခဲ့သည်။ သူသည် ထောင်မတ်နေသော လည်ဆံမွေးများနှင့် စိတ်တိုနေသည့် ခြင်္သေ့တစ်ကောင် ကဲ့သို့ပင်။ သူသည် မြေပြင်ပေါ်မှ ခုန်ထလိုက်ကာ ခြံရှေ့ကို အရူးတစ်ယောက်လိုမျိုး ပြေးထွက်သွားခဲ့သည်။

***

All Chapters