ဓားနတ်ဘုရားကို ဆရာတင်နိုင်ရင် လက်စားချေပြီးသားပဲ
Vol. 9 Ch. 123
"ဒါဆို ဒီလိုဖြစ်နေတာပေါ့!"
သီးသန့်ခန်းထဲမှ လီချင်းဟဲ တစ်ခုခုကို ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ စာကြည့်တိုက်ထဲ ဖြစ်ပျက်ခဲ့တာတွေကို ပြန်တွေးကြည့်တော့ အားလုံးက အတော်လေး အဓိပ္ပာယ်ရှိသွားပါပြီ။
ချင်းယန် အမြဲတမ်း လှဲလျောင်းနေသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ သူသည် ကြောက်မက်ဖွယ်ကောင်းသော ပုံစံများကို ပိုင်ဆိုင်ထားသည်လေ။ သူ ဓားလေ့ကျင့်တာ မတွေ့ဖူးတာ အံ့သြစရာမဟုတ်ပေ။ သူက ကျစ်ရွှမ်းထက် အများကြီး အစွမ်းထက်တယ်လေ။
ဒီချင်းမျိုးရိုးက တကယ်တော့ ဓားနတ်ဘုရားရဲ့ အကြီးဆုံးတပည့် ဖြစ်နေခဲ့သည်။
"အံ့သြစရာပဲ!"
လီချင်းဟဲမှာ ထိုအတွေးကြောင့် နှလုံးသားက တဒိန်းဒိန်း ခုန်လာသည်။ အဖြစ်မှန်ကိုသိပြီးနောက် စိတ်လှုပ်ရှားစွာ လက်တွေတုန်နေမှန်း ချက်ချင်းသိလိုက်ပြီး သူ့အာရုံကြောတွေကို ငြိမ်သက်သွားအောင် စားပွဲပေါ်ရှိ ကော်ဖီအေးကို အမြန် မော့ချလိုက်သည်။
"အစ်မ... ကျေးဇူးပြုပြီး ဘာမှမပြောဘဲ ဘာမှ မဖြန့်ပါနဲ့နော်"
လီကျစ်ရွှမ်းသည် သူမ၏ စိတ်လှုပ်ရှားနေသော အမူအရာကို ကြည့်ပြီး ခေါင်းခါကာ သက်ပြင်းချနေသည်။
"သတင်းထွက်သွားရင် နင်ရော ငါ့အတွက်ရော တကယ်ဆိုးလိမ့်မယ်"
လီချင်းဟဲ အမှန်တရားကို ခန့်မှန်းမိသည့်အတွက် သူမ မအံ့သြပါ။ ကျန်းဟိုင်မြို့က မသေးငယ်ပေမယ့် ကြီးကြီးမားမားတော့လည်း မဟုတ်ချေ။ ထိပ်တန်း ကျွမ်းကျင်သူ လက်တစ်ဆုပ်စာမျှသာ လာရောက် လည်ပတ်ကြသည်။
အနည်းငယ် နုတ်ယူလိုက်ရင်ဖြင့် သဲလွန်စများကို ဖော်ထုတ်နိုင်လိမ့်မည် ဖြစ်သည်။ ထို့အပြင် လီချင်းဟဲက သဘာဝအတိုင်း လျင်မြန်သော ဉာဏ်ရည်ရှိသူ ဖြစ်သောကြောင့် ၎င်းကို မဖော်ထုတ်မီ အချိန်အနည်းငယ်သာ လို၏။
'တကယ်လို့ ငါသာ ဓားနတ်ဘုရားရဲ့ တပည့်ဖြစ်နိုင်ရင်....'
လီချင်းဟဲ သက်ပြင်းတစ်ချက် ချလိုက်ပြီး ဖုန်းကို အိတ်ကပ်ထဲမှ ဆွဲထုတ်ကာ တောင့်တသောအကြည့်ဖြင့် အွန်လိုင်းဖိုရမ်တစ်ခုကို ဖွင့်ကာ ကျန်းဟိုင်ဓားနတ်ဘုရား အတွက် ပရိသတ်အဖွဲ့တစ်ခုကို နှိပ်လိုက်သည်။
ယခုအချိန်တွင် ဓားနတ်ဘုရား၏ ကျော်ကြားမှုသည် အွန်လိုင်းတွင် ပျံ့နှံ့နေပြီး ခေတ်စားနေသော ဇယားများနှင့် ခေါင်းစီးများကို လွှမ်းမိုးထားသည်။ ဓားတောင်ကြားကို ဖန်တီးပြီး မိုင်ထောင်ချီ ဓားပျံကို ပျံသန်းကာ ဓားသူတော်စင်ကို သူရဲ့ကိုယ်ပွားဖြင့် အနိုင်ယူခဲ့ခြင်း စသော ခေါင်းစီးများပင်။
ကျန်းဟိုင်မြို့ ဇာတိဖြစ်သူ လီချင်းဟဲသည်လည်း သူ့အကျင့်များကို သဘာဝအတိုင်း သိရှိနားလည်ပြီး ပရိသတ်အဖွဲ့ထဲသို့ပင် ဝင်ရောက်ထားခဲ့သည်။ သူမသည် တစ်နေ့တွင် အိုင်ဒေါနှင့်တွေ့နိုင်မည့် အခွင့်အရေးကိုပင် တောင့်တခဲ့သည်။
အကယ်၍ သူမသည် သူ့တပည့်ဖြစ်နိုင်လျှင် အနာဂတ် အောင်မြင်မှုများက အကန့်အသတ်မရှိ ဖြစ်လာလိမ့်မည်။
"ဒါ့အပြင်... ချင်းယန်ရဲ့ မယုံကြည်နိုင်လောက်အောင် အစွမ်းထက်တဲ့ အစီအရင် ကျွမ်းကျင်မှုကို သုံးသပ်ကြည့်ရင် ဓားနတ်ဘုရားရဲ့ အောင်မြင်မှုကလည်း ထူးကဲမှာပဲ"
ချင်းယန်၏ ဖြိုခွဲဖန်တီးမှု စွမ်းရည်များကို သတိရပြီး မျက်လုံးများ တောက်ပလာကာ ရုတ်တရက် ရဲရင့်သော အကြံဥာဏ်တစ်ခု ရရှိခဲ့သည်။
'တကယ်လို့...'
'ငါသာ ဓားနတ်ဘုရားကို ဆရာအဖြစ် ကန်တော့နိုင်ရင် အစီအရင်တစ်သောင်း ပုံကြမ်းကို အားမကိုးဘဲတောင် ကြီးကျယ်တဲ့ အစီအရင်စွမ်းရည်တွေနောက် လိုက်နိုင်မှာ မဟုတ်ဘူးလား'
'ဒါဆို မိသားစု ကန့်သတ်ချက်တွေ အားလုံး ကွယ်ပျောက်သွားပြီ... ငါကိုယ်တိုင်လည်း ရုန်းထွက်နိုင်မယ်...အဲ့ကျရင် ငါ့အတွက်က ကောင်းကင်ကပဲ ကန့်သတ်ချက် ဖြစ်လာမှာ!'
ဤအတွေးဖြင့် လီချင်းဟဲ၏ စိတ်ဓာတ်များ နိုးကြား တက်ကြွလာသည်။ သူမက စားပွဲတစ်ဖက်ကို အမြန်ဆန့်တန်းကာ လီကျစ်ရွှမ်း ၏ ပုခုံးကို ခါယမ်းကာ စိတ်လှုပ်ရှားစွာ အော်လိုက်သည်။
"ကျစ်ရွှမ်း ငါ့ကိုပြော... အကြီးအကဲဓားနတ်ဘုရားက အခု ဘယ်မှာလဲ... သူ့ကိုတွေ့ချင်တယ် ကျေးဇူးပြုပြီးနော်!"
"..."
လီကျစ်ရွှမ်း မတ်တပ်ထရပ်ပြီး လက်ပြကာ
"ငါ့ဆရာ ဘယ်မှာလဲ မသိဘူး... အစ်မချင်းဟဲ ငါ့နားရွက်ကို ကြည့်! မနီပါဘူး၊ လိမ်နေတာ မဟုတ်ဘူး"
ဒါကိုမြင်တော့ လီချင်းဟဲလည်း ရုတ်တရက် စိတ်ဓာတ်ကျသွားပြီး ပြန်ထိုင်လိုက်သည်။
"အကြီးအကဲက နင့် ကို တစ်ခုခု မပြောခဲ့ဘူးလား"
ဓားနတ်ဘုရား၏ တပည့် ဖြစ်လာခြင်းသည် ချင်းယန်လက် လွတ်မြောက်ရန် သူ၏တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည်။
ချင်းယန်ရဲ့ တပည့်ဖြစ်ရုံနဲ့ သူ့ကို အနည်းဆုံး မြှင့်တင်ပေးမှာ သေချာရဲ့လား။ ပြီးတော့ ညီမကျစ်ရွှမ်းကို 'ဆရာတူဒေါ်လေး' လို့ ခေါ်ခိုင်းတာက ရှက်စရာ ကောင်းလွန်းတယ်လေ။
လီကျစ်ရွှမ်း ခဏလောက် တုံ့ဆိုင်းသွားပြီး။
"ဆရာက ပေါ့ပေါ့ပါးပါးနဲ့ နေထိုင်ရတာ ကြိုက်တယ်... ငါ သူ့ကို မတွေ့တာကြာပြီ အခု ဆရာ့ရဲ့ အဓိက ရည်ရွယ်ချက်က ဆရာတူအစ်ကို ချင်းဆီက သင်ယူပြီး သူနဲ့ အတူ ဇွဲရှိရှိ လေ့ကျင့်ဖို့ပဲ"
"ချင်းမျိုးရိုးဆီက သင်ယူရမှာလား?"
လီချင်းဟဲ ထိုစကားကို ကြားလိုက်ရသည်နှင့် ရုတ်တရက် မပျော်မရွှင် ဖြစ်သွားပြီး စားပွဲပေါ်မှ လဲကျသွားသည်။
"သူ့ဆီက ဘာသင်ယူစရာရှိလို့လဲ သူကတစ်နေကုန် အိပ်နေတာ"
"အိုး အစ်မချင်းဟဲ နားမလည်ဘူးလား အဲဒါကို ဉာဏ်အလင်းလို့ ခေါ်တယ်... ရိုးရှင်းတဲ့ အစာနဲ့ သောက်တာတောင်မှ ဉာဏ်အလင်းကို ရနိုင်တယ်"
လီကျစ်ရွှမ်းသည် ချင်းယန် နောက်ဆုံးအကြိမ် ပြောခဲ့သည့်စကားကို သတိရကာ ပြန်လည်တုံ့ပြန်ခဲ့ပြီး။
"ဆရာတူအစ်ကိုရဲ့ အပြုအမူတွေက အလွန်လေးနက်ပေမယ့် သာမန်လူတွေအတွက်တော့ နားလည်ရခက်တယ်!"
"..."
လီချင်းဟဲ ထိုစကားကိုကြားသောအခါ စကားမပြောဘဲ သူ့ဝမ်းကွဲညီမ၏ တောက်ပနေသော မျက်လုံးများကိုသာ စိုက်ကြည့်နေသည်။
ဒီငတုံးမလေးကတော့!
သူမ ချင်းယန်ဆီမှာ လှည့်စားခံနေတာ မှန်သွားပြီ။ သူမ သူ့ထောင်ချောက်ထဲသို့ လုံးလုံးကျသွားပြီ။
လီချင်းဟဲ သက်ပြင်းချလိုက်ပြီး :"ဒါဆို ချင်းယန်က ဓားနတ်ဘုရား ဘယ်မှာရှိတယ်ဆိုတာ သိသင့်တယ် မဟုတ်လား"
"ဟမ်... မပြောတတ်ဘူး ဆရာတူအစ်ကိုက တစ်ခါမှ မပြောဖူးဘူး..."
"ကောင်းပြီ ငါနားလည်ပြီ"
လီချင်းဟဲ ပြတင်းပေါက်ဘက်ကို လှမ်းကြည့်ကာ ဆိုလိုက်သည်။
"ငါ စာကြည့်တိုက်ကို ပြန်ရတော့မယ် ထင်တယ်"
သူထွက်ပြေးဖို့ စီစဉ်ထားပြီးသား ဖြစ်ပေမယ့် ကျစ်ရွှမ်းဆီက ဒီလိုပေါက်ကွဲတဲ့သတင်းကို ရလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ပါ။ ယခု သဲလွန်စအားလုံးက ချင်းယန်လက်ထဲမှာ ရှိနေသည်။
ဘာပဲဖြစ်ဖြစ် စာကြည့်တိုက်ကို ပြန်သွားပြီး သူ့ရဲ့လှည့်ကွက်ထဲက တစ်ခုခုကို ရအောင်ယူရမည်။
..........
အနောက်ဘက်တွင် နေဝင်သည်နှင့် လမ်းများပေါ်တွင် သွားလာလှုပ်ရှားနေသော အရိပ်အယောင်များဖြင့် ပြည့်နှက်သွားသည်။
ကျန်းဟိုင် စာကြည့်တိုက် အဝင်ဝတွင်တော့ ကြယ်သိုင်းရဲစခန်းမှ လက်နက်ကိုင် တပ်ဖွဲ့ဝင်အများအပြားသည် နှစ်ဖက်စလုံးတွင် တပ်စွဲထားပြီး အတွင်းမှ လူတိုင်းထွက်ခွာရန် စောင့်ဆိုင်းနေသည့်အခိုက် သေနတ်များကို ကိုင်ဆောင်ထား၏။
"သွားကြတော့"
မန်နေဂျာက လှည့်ပတ်တံခါးရှေ့မှာ ရပ်ပြီး ဝန်ထမ်းတွေကို တစ်ယောက်ပြီးတစ်ယောက် လွှတ်နေသည်။
"ဒီနေ့အတွက် ဒီလောက်ပါပဲ...စောစောထွက်သွားပါ.. မနက်ဖြန် စောစောလာခဲ့ရမယ်"
"ဟုတ်ကဲ့"
ဖြတ်သွားသော ဝန်ထမ်းများက ခေါင်းတညိတ်ညိတ်နှင့် ပြောသွားကြသည်။
ချင်းယန်လည်း ရှောင်ပိုင်ကိုကိုင်ကာ သူ့ကတ်ကို လှည့်ပတ်ကစားရင်း စာကြည့်တိုက်ထဲမှ အေးအေးဆေးဆေး လမ်းလျှောက်ထွက်ကာ အိမ်ပြန်သွားခဲ့သည်။
စောသေးသည်။
စာကြည့်တိုက်ကို အစောကြီးပိတ်ပြီးနောက် ရဲအရာရှိများသည် ရဲတပ်ဖွဲ့ဝင်များကို စေ့စေ့စပ်စပ် စစ်ဆေးရန် အထဲသို့ ဝင်သွားကုန်၏။
ဒါတွေက သူ့လိုအလုပ်ကို ပေါ့လျော့တတ်တဲ့ ဝန်ထမ်းဟောင်းနဲ့ အများကြီး မသက်ဆိုင်ပါဘူး။
စာကြည့်တိုက်မှ အိမ်ပြန်ရောက်ပြီးနောက် ချင်းယန်သည် တီဗွီကိုဖွင့်ကာ ပျော့ပျောင်းသော ဆိုဖာပေါ်တွင် လှဲလျောင်းရင်း ပျင်းရိငြီးငွေ့မှုကို ပြေလျော့စေရန် ပျော်ရွှင်စေသော အချိုရည်လေးကို သောက်လိုက်သည်။
မီးဖိုချောင်ထဲမှ ရှောင်ပိုင်သည် စားဖိုမှူး စကတ်ကို ၀တ်ဆင်ထားပြီး သူမ၏ အမြီးကို မြှောက်ကာ ကျွမ်းကျင်စွာ ချက်တတ်လာသည်။
ပြတင်းပေါက် အပြင်ဘက်က နေရောင်သည်ကား ရွှေအရည်ကဲ့သို့ အရည်ပျော်ကျနေသည်။ အိုးများနှင့် ပန်းကန်များ၊ နေ့စဉ်ဘဝ၏ ညစ်ညမ်းသော လုပ်ရိုးလုပ်စဉ်များ၊ တီဗီထဲက စကားပြောဆိုသံများက ဆူညံလို့ပင်။
ချင်းယန် ဆိုဖာပေါ်ပြန်လှဲကာ မျက်လုံးမှိတ်ကာ နိယာမ အပိုင်းအစများကို လေ့လာနေလိုက်သည်။ အတွင်းစိတ်လောကထဲ လွင့်မျောကာ အပြန်အလှန် သက်ရောက်မှုရှိနေသော နိယာမအပိုင်းအစ သုံးခုသည် လျှို့ဝှက်ဆန်းကြယ်သော တုံ့ပြန်မှုကို ပြသနေ၏။
မြက်ပင်များနှင့် သစ်ပင်များသည် ဝိညာဉ်စွမ်းအင်များကို မွေးထုတ်ပေးပြီး အဆုံးမရှိ အသက်ဝင်သော ရေစီးကြောင်းကို ထုတ်ပေးသည်။ မိုးခြိမ်းသံ တဟုန်ထိုး တက်လာတဲ့အခါ အလွန်ကြောက်စရာကောင်းသော အဖျက်စွမ်းအားကို ဖြစ်ပေါ်စေသည်။
အသက်နှင့် သေခြင်း ဟူသော အပိုင်းနှစ်ပိုင်းသည် တစ်ခုနှင့်တစ်ခု တွန်းလှန် ထိခိုက်စေသင့်သော်လည်း “အစီအရင်နှလုံးသား” ၏ ကြားဖြတ်မှုကြောင့် သိမ်မွေ့သော ချိန်ခွင်လျှာကို ရရှိသွားခဲ့သည်။
"မဆိုးဘူး..."
ချင်းယန် အလွန်ကျေနပ်သွားသည်။ ဆိုဖာပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ နိယာမ အပိုင်းအစများကို သေသေချာချာ တွေးတောနေ၏။ တဖြည်းဖြည်းနဲ့ အချိန်တွေက တိတ်တဆိတ် ကုန်ဆုံးသွားခဲ့သည်။
ချင်းယန်၏ အသက်ရှုသံသည် ဖြည်းညှင်းစွာ လှိုင်းခတ်ကာ မိုးခြိမ်းသံ တဟုန်ထိုး မြည်သံနှင့်အတူ နွေလေညင်းကဲ့သို့ ဖြာထွက်နေသည်။ ထိုအငွေ့အသက်က တစ်ချိန်တည်းမှာပဲ ရပ်ကွက်ရှိ လူနေ အဆောက်အအုံများကို ကျော်လွှားသွားခဲ့သည်။
ထိုနေ့တွင် ကောင်းကင်တွင် မီးတောက်နေသော တိမ်များ၊ မိုးခြိမ်းသံများ တဟုန်းဟုန်း တောက်ကာ မိုးက အဆက်မပြတ်ရွာပြီး မြူများပါ ကျလာသည်။ စင်္ကြံများကြားတွင် စိမ်းလန်းသောနေရာများ ပေါက်ကြားလာပြီး နွေဦးမြက်များ ပေါက်လာသည်။
ချင်းယန်သည် ကောင်းကင်နှင့်မြေကြီးနှင့် တစ်သားတည်း ဖြစ်နေသကဲ့သို့ အခန်းအလယ်တွင် ထိုင်နေသည်။ သူ့အသက်ရှုသံက မိုးရွာသလို ဖြစ်သွားစဥ် သူ့အသံကလည်း မိုးခြိမ်းသံကို ပြင်းထန်လာ၏။
"အင်း မိုးရွာနေတယ် သခင်!"
ရှောင်ပိုင် ပျော်ရွှင်စွာဖြင့် အေပရွန်ကိုချလိုက်ပြီး အ၀တ်အစားများ ရုတ်ရန် လသာဆောင်သို့ ပြေးထွက်သွားသည်။