← Chapters

အခန်း (၅၀၁+၅၀၂)

Vol. 21 Ch. 501+502

အခန်း (၅၀၁+၅၀၂)

Vol. 21 Ch. 501+502

အခန်း(၅၀၁) ချူးမိသားစုအတွက် အပြစ်ဒဏ်

ချူးယန်ရှီ အလွန်ကြောက်ရွံ့သွားတာကိုမြင်ပြီး လင်းယုရှန်းက အမြန်ရှင်းပြဖို့ ကြိုးစားလိုက်သည်။ “ဦးလေးလု၊ ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့။ ရှောင်းရှီလေးက ကလေးပဲရှိပါသေးတယ်။ သူ့အပေါ် အရမ်း မကြမ်းတမ်းပါနဲ့နော်”

“ဟုတ်တယ်။ သူက ကလေးပဲရှိသေးတယ်။ ဒါပေမယ့် ငါက ကျိုးသင့်ကြောင်းသင့် စဉ်းစားတတ်တဲ့လူ မဟုတ်ဘူး! ငါ့မိသားစုအတွက်ပဲငါ ဂရုစိုက်တယ်။ ကျန်တာ ဘာမှ ဂရုမစိုက်ဘူး! သူ့ဖာသာသူ ကလေးဖြစ်ဖြစ် အဘွားကြီးဖြစ်ဖြစ် ငါ့မြေးကို ခြိမ်းခြောက်တဲ့လူ၊ ထိခိုက်အောင်လုပ်ဖို့ ကြိုးစားတဲ့လူ မှန်သမျှ ပြန်ပေးဆပ်ရမှာပဲ! ရည်ရွယ်ချက်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ငါဘာမှ နားမလည်ဘူး!”

သခင်ကြီးလုက အိမ်တော်ထိန်းကျန်းဘက်သို့ လှည့်ကာ မေးလိုက်သည်။ “အိမ်တော်ထိန်းကျန်း၊ ချူးမိသားစု ရထားတဲ့ အော်ဒါတွေ အကုန်လုံးကို ဖျက်သိမ်းပစ်လိုက်! အခုချိန်ကစပြီး ချူးမိသားစုကို ငါတို့ ဘာမှ မထောက်ပံ့တော့ဘူး!”

“ဟုတ်ကဲ့ပါ သခင်ကြီး။ ကျွန်တော် တစ်ယောက်ယောက်ကို ချက်ချင်း လုပ်ခိုင်းလိုက်ပါ့မယ်”။ အိမ်တော်ထိန်းကျန်းက အပြုံးဖြင့် ပြန်ပြောလိုက်သည်။

ထို့နောက် သခင်ကြီးလု ညွှန်ကြားထားသည့်အတိုင်း လုပ်ဖို့ ခပ်သုတ်သုတ် ထွက်သွားခဲ့ပါသည်။

ချူးယန်ရှီ ကြက်သေသေသွားသည်။

လုမိသားစုက ချူးမိသားစုကို မထောက်ပံ့တော့ဘူး ဟုတ်လား။

ဒါ ချူးမိသားစုကို မီးတွင်းထဲ ပစ်ချတာနဲ့ အတူတူပဲ မဟုတ်ဘူးလား။

ဘဝတစ်ခုကို နေထိုင်ခဲ့ပြီးပြီဖြစ်တာကြောင့် ချူးမိသားစုရဲ့ အခြေအနေ အစစ်အမှန်နဲ့ သူမအဖေရဲ့ စီးပွားရေး အစွမ်းအစအကြောင်း ချူးယန်ရှီ ကောင်းကောင်း နားလည်ပါသည်။

ပြန်လည်မွေးဖွားလာပြီးနောက် လုမိသားစုနဲ့ ရင်းနှီးရဖို့အတွက် ချူးယန်ရှီ အသည်းအသန်ကြိုးစားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူမ အရွယ်ရောက်မလာခင်အချိန်ထိ ချူးမိသားစုရဲ့ စီးပွားရေး လုပ်ငန်းများက လုမိသားစုရဲ့ အကူအညီဖြင့်သာ လည်ပတ်နိုင်မှန်း သိနေတာကြောင့်ဖြစ်သည်။

အခုတော့ ချူးမိသားစုကို လုမိသားစု ကူညီထောက်ပံ့မှု ရပ်ဆိုင်းတာ ယခင်ဘဝကထက်ပင် ပိုစောသွားသေးသည်။

ဒီလိုဖြစ်လို့ ရမလား!

လုမိသားစုရဲ့ ထောက်ပံ့မှုသာ မရှိရင် ချူးမိသားစု ပျက်စီးဖို့ကလွဲပြီး တခြား အဆုံးသတ်မရှိနိုင်ဘူး!

သခင်ကြီးလုအတွက် ဘာမှ မပြောပလောက်သည့် ဆုံးဖြတ်ချက်လေးတစ်ခု ဖြစ်နိုင်သော်လည်း ချူးမိသားစုအတွက်တော့ ကပ်ဆိုက်သွားနိုင်သည်။

“ဘိုးဘိုးလု! သမီးတောင်းပန်ပါတယ်… သမီးတကယ် တောင်းပန်ပါတယ်… သမီးမှားမှန်းသိပါပြီ။ ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့!”

ချူးယန်ရှီ ချက်ချင်းပဲ အမှားကို ဝန်ခံလိုက်ပြီး သခင်ကြီးလုအား သူ့စကားပြန်ရုတ်သိမ်းအောင် တောင်းပန်လိုက်သည်။

သခင်ကြီးလုကတော့ စိတ်မဝင်စားပါ။ ချူုးယန်ရှီက သူနဲ့ သွေးတော်သားစပ်သူလည်း မဟုတ်ပေ။ ထို့ကြောင့် သူမ ငိုယို တောင်းပန်နေတာကို မြင်ရလည်း သူစိတ်ပျော့မသွားပါ။

တောင်းပန်တာတွေ အသုံးမဝင်မှန်း သိလိုက်ရသဖြင့် ချူးယန်ရှီ စိတ်ချောက်ချားလာခဲ့သည်။ အသည်းအသန် အကြံထုတ်ရင်း လင်းယုရှန်းကို သတိရသွားပါသည်။

သူမက သခင်ကြီးလုကို စိတ်ပြောင်းအောင် မလုပ်နိုင်သော်လည်း လင်းယုရှန်းကတော့ လုပ်နိုင်လိမ့်မည်။ လင်းယုရှန်း၏ စကားက သူမရဲ့ စကားလုံးများထက် ပိုပြီး အရေးပါနိုင်သည်။

လင်းယုရှန်းကို သူမကိုယ်စား ဝင်တောင်းပန်ခိုင်းဖို့အတွက် ချူးးယန်ရှီး အော်ကြီးဟစ်ကျယ် စတင်ငိုကြွေးလေသည်။ လင်းယုရှန်း စိတ်ပျော့သွားအောင် ကလေးတစ်ယောက်ဖြစ်နေတာကို အခွင့်ကောင်းယူ အသုံးချကာ တောင်းပန်လိုက်ပါသည်။

“ဒေါ်လေး… ဒေါ်လေးလင်း… အီးဟီးဟီး… သမီးဘယ်လိုလုပ်ရမလဲ။ သမီးအမှားတစ်ခု လုပ်မိပြီ… အီးဟီးဟီး… သမီးကြောင့် သမီးဖေကြီး အပြစ်ပေးခံရတော့မယ်!”

ချူးယန်ရှီက လည်ချောင်းကွဲမတတ် အော်ငိုနေပြီး မျက်ရည်တွေကလည်း ရေတံခွန်လို စီးကျနေသဖြင့် လင်းယုရှန်း ဒီတိုင်း ကြည့်မနေနိုင်တော့ပါ။

ထို့ကြောင့် သခင်ကြီးလုကို သူမတောင်းပန်လိုက်သည်။ “ဦးလေးလု…. ချူးမိသားစု လုပ်ငန်းတွေအတွက် အော်ဒါတွေ အကုန်လုံးကို ဖျက်သိမ်းလိုက်တာက နည်းနည်း…”

သခင်ကြီးလု ပေးသည့် အပြစ်ဒဏ်က ကြီးမားလွန်းသည်ဟု လင်းယုရှန်းလည်း ထင်မိပါသည်။

“ငါက ပြဿနာကို ပုံကြီးချဲ့နေတယ်လို့ နင်ထင်နေတာလား။ ချူးမိသားစုကို အဲ့လောက် ကြီးလေးတဲ့ အပြစ်ဒဏ် မပေးသင့်ဘူးပေါ့ ဟုတ်လား။ နင်တို့က အဲ့လို ထင်ပေမယ့် ငါကတော့ အဲ့လို မမြင်ဘူး”

သခင်ကြီးက အရှိန်အဝါကြီးစွာ ပြောလိုက်သည်။

သခင်ကြီးလုရဲ့ ဒီလို မျက်နှာထားမျိုးကို လင်းယုရှန်း ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်းဖြစ်သည်။

ယခင်တုန်းက သူမ တွေ့ဖူးသည့် သခင်ကြီးလုမှာ စည်းကမ်းတင်းကြပ်ပြီး အရှိန်အဝါကြီးမားသည်။ သို့သော်လည်း သူမပေါ် သွေးအေးရက်စက်စွာ တစ်ခါမှ မဆက်ဆံဖူးပါ။ ထို့ကြောင့် ယခု သခင်ကြီးလု၏ သွေးအေး ရက်စက်မှုကို မြင်လိုက်ရသောအခါ မြောက်လေအေးများ တိုက်ခတ်သကဲ့သို့ သူမ ကျောချမ်းသွားခဲ့ရသည်။

သို့သော်လည်း လင်းယုရှန်း သတ္တိမွေးကာ ထပ်ပြောလိုက်ပါသည်။ “ဒါပေမယ့် ဦးလေးလု… ချူးမိသားစု လုပ်ငန်းတွေနဲ့ လက်တွဲထားတာ ရုတ်တရက်ကြီး ရပ်လိုက်မယ်ဆိုရင် အကြီးအကျယ် အရှုံးပေါ်လိမ့်မယ်…”

… … …

အခန်း(၅၀၂) ချူးမိသားစုအတွက် အပြစ်ဒဏ် (၂)

သခင်ကြီးလုက လင်းယုရှန်းကို ကြည့်လိုက်သည်။

လင်းယုရှန်း၏ မျက်နှာက ဆုံးပါးသွားပြီဖြစ်သည့် သူ့ ချွေးမနဲ့ အနည်းငယ် ဆင်တူပါသည်။

ထို့အပြင် လင်းယုရှန်းက သူ့မြေးကိုလည်း အလွန်ချစ်သည်။ ကျန်းယွီ မရရှိခဲ့သည့် မိခင်မေတ္တာတချို့ကို ပေးစွမ်းနိုင်ခဲ့သည်။

ထိုစိတ်ကြောင့် သခင်ကြီးလု စိတ်ရှည်လက်ရှည်ထားကာ ရှင်းပြလိုက်သည်။ “အဲ့ဒီ လုပ်ငန်းတွေက နင်တို့အတွက် အရမ်း အရေးပါချင်ပါလိမ့်မယ် ယုရှန်း။ ဒါပေမယ့် ငါ့အတွက်တော့ ငါ့မြေးရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးက အရာအားလုံးထက် ပိုအရေးကြီးတယ်။ ယွမ် သန်းဆယ်ချီတဲ့ ငွေတွေနဲ့ ငါ့မြေးရဲ့ ပျော်ရွှင်မှုကို နှိုင်းယှဉ်ကြည့်လို့တောင် မရဘူး။ နင်နားလည်လား”

ယွမ်သန်းရာချီနေရင်တောင်၊ သို့မဟုတ် ယွမ် ဘီလီယံချီနေရင်တောင် သခင်ကြီးလု ဂရုမစိုက်ပါ။

သူ့တစ်သက်တာ ကုန်အောင် မသုံးနိုင်မည့် စည်းစိမ်တွေကို သူရှာဖွေခဲ့ပြီးဖြစ်သည်။

“သခင်ကြီးလု…”။ လင်းယုရှန်း အံ့အားသင့်သွားသော်လည်း သခင်ကြီးလုစကားက မှန်ကန်မှန်း သိသဖြင့် သူမ ဘာမှ မတုန့်ပြန်နိုင်ခဲ့ပါ။

သခင်ကြီးလုက ဆက်ပြောသည်။ “ယုရှန်း။ ချူးမိသားစု လုပ်ငန်းတွေနဲ့ ငါတို့လက်တွဲထားတာ အစကတည်းက နင့်မျက်နှာကြောင့်ပဲ။ ငါ့ဘက်က သူတို့ကို အကူအညီပေးထားတာ။ အကူအညီဆိုတာ အမြဲတမ်း ရနိုင်တဲ့ အရာ မဟုတ်ဘူး။ နင့်ယောက်ျားက ငါ့အကူအညီပါမှ ချူးမိသားစု လုပ်ငန်းတွေကို စီမံနိုင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်သင့်နေပြီ”

လင်းယုရှန်း သဘောပေါက် နားလည်သွားသည်။ သခင်ကြီးလုပြောတာ မမှားပါ။

သခင်ကြီးလုက သူပေးထားသည့် အကူအညီကို ပြန်ရုတ်သိမ်းလိုက်ခြင်းသာ ဖြစ်သည်။ ဒီနေ့ ရှောင်းရှီ အပြစ် မလုပ်ဘဲ ဘာမှ မဖြစ်ခဲ့ရင်တောင် သူမတို့ သခင်ကြီးလု၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ခွင့် မရှိကြပါ။

“ကျွန်မ နားလည်ပါပြီ ဦးလေးနု”။ လင်းယုရှန်းလည်း သခင်ကြီးလုကို စကားပြန်ရုတ်သိမ်းဖို့ မဖြောင်းဖြတော့ပေ။

ထို့နောက် ငိုကြွေးနေဆဲဖြစ်သည့် ချူးယန်ရှီကို သူမ ပွေ့ချီလိုက်ပြီး အိမ်ပြန်ဖို့ ပြင်လိုက်သည်။

ချူးယန်ရှီ ထွက်မသွားချင်သေးပါ။ ထို့ကြောင့် အော်ငိုကာ ဆက်ပြီး တောင်းပန်နေသည်။ “သမီး မပြန်ချင်သေးဘူး ဒေါ်လေးလင်း! သမီး အမှားလုပ်မိမှန်း နားလည်ပါပြီ။ သမီး ဝမ်းကွဲအစ်ကိုနဲ့ ဘိုးဘိုးလုတို့ကို တောင်းပန်ပါ့မယ်! သမီးကြောင့် ဖေကြီးကို အပြစ်မပေးပါနဲ့!”

လင်းယုရှန်းက ချူးယန်ရှီ၏ ခေါင်းလေးကို ပွတ်ပေးလိုက်ပြီး နှစ်သိမ့်ပေးလိုက်ပါသည်။ “မငိုပါနဲ့ ရှောင်းရှီလေး။ ဦးလေးလု ပြောတာ မမှားပါဘူး။ လုမိသားစုက ချူးမိသားစုကို စေတနာနဲ့ ကူညီထားခဲ့တာ။ ဒေါ်လေးတို့ အမြဲတမ်း တောင်းဆိုနေလို့ မဖြစ်ဘူးလေ”

“ဒေါ်လေးလင်း… အဲ့လို မလုပ်ပါနဲ့… ဖေကြီး ကုမ္ပဏီ ပျက်စီးသွားလိမ့်မယ်…”

ချူးယန်ရှီ ရင်ထဲ ဗလောင်ဆူနေပါပြီ။

ဒီမိန်းမ ခေါင်းထဲ ဘာမှမရှိဘူးလား။ ဒီကိစ္စက ချူးမိသားစုရဲ့ ရှင်သန်နိုင်ရေးနဲ့ သက်ဆိုင်နေတာနော်!

လင်းယုရှန်းက ထပ်ပြီး ချော့မြူလိုက်ပါသည်။ “ဘာမှမဖြစ်ပါဘူး။ ဒီတိုင်း အော်ဒါလေးနည်းနည်းပဲ ဆုံးရှုံးရတာ သမီးဖေကြီး ရှင်းနိုင်ပါတယ်။ သမီးဖေကြီးကို ယုံကြည်ထားကြရအောင်နော်”

လင်းယုရှန်းက ချူးဟမ့်ကို ယုံကြည်နေဆဲဖြစ်သည်။

လင်းယုရှန်းကို ဒေါသထွက်လွန်းသဖြင့် ချူးယန်ရှီ တစ်ကိုယ်လုံးပေါက်ကွဲတော့မလို ခံစားနေရသည်။

ဒီမိန်းမကတော့ သူမအဖေ အပြောကောင်းမှုတွေကြားထဲမှာ တကယ် နစ်မျောနေတာပဲ! သူမအဖေမှာ ချူးမိသားစုကို စီမံနိုင်တဲ့ အစွမ်းအစ ရှိမယ်များ ထင်နေတာလား! လုမိသားစုရဲ့ ထောက်ပံ့မှုမရှိတော့ရင် ချူးမိသားစုက ဒီတိုင်း ငွေလည်း နည်းနည်း ဆုံးရှုံးသွားရတော့မယ်လို့ ထင်နေတာလား!

“ဒေါ်လေး… ဒေါ်လေးလင်း သမီး မပြန်ချင်သေးဘူး။ ဘိုးဘိုးလုကို ထပ်ပြီး တောင်းပန်ရအောင်လေ!”

သခင်ကြီးလုကို လင်းယုရှန်း ထပ်ပြီးတောင်းပန်အောင် ချူးယန်ရှီ ပြောလိုက်ပါသည်။

သို့သော်လည်း လင်းယုရှန်းက လုအိမ်တော်မှ ထွက်သွားဖို့ စိတ်ပိုင်းဖြတ်ပြီးသွားပြီ ဖြစ်တာကြောင့် ကားထဲဝင်ကာ ပြန်သွားလေတော့သည်။

ချူးယန်ရှီ ဘယ်လောက်ပဲ ငိုယိုသောင်းကျန်းနေပါစေ သူမ စိတ်ပြောင်းမှာ မဟုတ်ပါ။

လင်းယုရှန်းနဲ့ ချူးယန်ရှီတို့ ထွက်သွားပြီးနောက် သခင်ကြီးလုက ချိုသာသော အပြုံးဖြင့် စူစူလေးကို ပြောလိုက်သည်။ “စူစူလေး။ ဘိုးဘိုးလုကို ကြောက်သွားသေးလား”

စူစူလေးက စုပ်လုံးစားနေတာဖြစ်ပြီး သခင်ကြီးလု၏ အသံကို ကြားသောအခါ ခေါင်းလေးမော့လျက် မေးလိုက်သည်။ “ဘာဖြစ်သွားတာလဲ”

ကြောက်ရမယ်ဟုတ်လား။

ကြောက်စရာကောင်းတာ ဘာဖြစ်သွားလို့လဲ။

“ခုနက ဘိုးဘိုးလုရဲ့ ဒေါသထွက်နေတဲ့ ပုံစံကြောင့် ကြောက်သွားသေးလားလို့ မေးတာပါ”။ သခင်ကြီးလုက အပြုံးဖြင့် ရှင်းပြလိုက်လေသည်။

… … …

All Chapters