← Chapters

အခန်း (၅၀၃+၅၀၄)

Vol. 21 Ch. 503+504

အခန်း (၅၀၃+၅၀၄)

Vol. 21 Ch. 503+504

အခန်း(၅၀၃) မွေးနေ့ပွဲကျင်းပတာ ပျော်ဖို့ကောင်းတယ်

သူ့ကို စူစူလေးခွင့်လွှတ်အောင် မနည်းကြိုးစားခဲ့ရတာဖြစ်သည်။ နောက်တစ်ခါသာ စူစူလေး ထပ်ပြီး စိတ်ဆိုးသွားလျှင် သခင်ကြီးလု သေသွားနိုင်ပါသည်။ ဒီကလေးမလေးက ချော့ရတာ ခက်ခဲသည်။

“သမီး သတိမထားမိလိုက်ဘူး”။ စူစူလေး ပြန်ဖြေလိုက်ပါသည်။

ချူးယန်ရှီရဲ့ ငိုသံက ကျယ်လောင်လွန်းတာကြောင့် စူစူလေး ဘာမှ သိပ်မကြားခဲ့ရပါ။ ထို့အပြင် လူသားပေါက်စတွေ ငိုတာကိုလည်း သူမ တကယ် သဘောမကျပေ။ စိတ်ရှုပ်စရာ ကောင်းပါသည်။

ထို့ကြောင့်် သူမ လုံးဝ နားမထောင်ဖို့ ဆုံးဖြတ်လိုက်ကာ သခင်ကြီးလု ဒေါသထွက်သွားတာလားဆိုတာလည်း မသိခဲ့ပါ။

“အဲ့တာဆို တော်သေးတာပေါ့”။ သခင်ကြီးလု စိတ်အေးသွားပါသည်။

ထို့နောက် အဘိုးချင်းနဲ့ အဘွားချင်းတို့ကို ကြည့်ကာ သခင်ကြီးလု တောင်းပန်လိုက်ပါသည်။ “အခုလို ရုပ်ပျက်ဆင်းပျက် အခြေအနေကို မြင်လိုက်ရတဲ့အတွက် စိတ်မရှိပါနဲ့ သခင်ကြီးချင်းနဲ့ သခင်မကြီးချင်းတို့”

အဘိုးချင်းက တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်ပါသည်။ “ရပါတယ် ရပါတယ်။ အသေးအဖွဲ ကိစ္စလေးပါ။ ဘာမှ ရုပ်ပျက်ဆင်းပျက် မဖြစ်ပါဘူး သခင်ကြီးလု။ ကျုပ်ရဲ့ ညီနဲ့ သူ့မိန်းမတို့ ပြဿနာလာရှာတာကို သခင်ကြီးလု မမြင်ဖူးသေးဘူးထင်တယ်။ အဲ့တာကမှ တကယ် ရှက်ဖို့ကောင်းတာ”

ဒီလောက်အဖြစ်အပျက်လေးကတော့ အဘိုးချင်းအတွက် ဘာမှမပြောပလောက်ပေ။

“ဒါဆိုလည်း တော်သေးတာပေါ့”။ သခင်ကြီးလုက ပြုံးရွှင်လျက် ပြန်ပြောလိုက်ပါသည်။

ဒီနေ့က နေ့ထူးနေ့မြတ်ဖြစ်၏။ တစ်နှစ်မှာ တစ်ခါသာ ကြုံရသော မြေးဖြစ်သူ မွေးနေ့မှာ ပျော်ရွှင်ရမည့် နေ့ဖြစ်ပါသည်။

“အဘိုး။ မွေးနေ့ကိတ်ရှိလား”။ လုကျန်းယွီက ရုတ်တရက် မေးလိုက်ပါသည်။

ဒါကိုကြားတော့ သခင်ကြီးလု ကြက်သေသေသွားလေသည်။

ယခင်နှစ်တွေတုန်းက မွေးနေ့ပွဲနှင့် သက်ဆိုင်သည့် ပစ္စည်းတွေကို ဝယ်ဖို့နေနေသာသာ မွေးနေ့ပွဲအကြောင်း ပြောပြလို့ပင် မရပါ။ ဒီနှစ်ကျတော့ လုကျန်းယွီက မွေးနေ့ကိတ်ကိုတောင် တောင်းဆိုနေတယ်တဲ့လား။

အပြောင်းအလဲက ကြီးမားလွန်းသဖြင့် သခင်ကြီးလု မှင်သက်သွားရလေသည်။

“ကိတ်မုန့် မရှိဘူးလားလို့”။ လုကျန်းယွီ ထပ်မေးလိုက်သည်။

“ရှိပါတယ် ရှိပါတယ်။ ချက်ချင်း ယူလာခိုင်းလိုက်မယ်နော်”။ သခင်ကြီးလုက အိမ်စေတစ်ယောက်ကို မျက်လုံးဖြင့် အချက်ပြလိုက်သည်။

သူတို့ ကြိုတင်ပြင်ဆင်ထားသည့် မွေးနေ့ကိတ် မရှိသော်လည်း မြေးဖြစ်သူက မွေးနေ့ကိတ်လိုချင်သည်ဆိုလျှင် အခုချက်ချင်း ရမှ ဖြစ်မည်။

အဘိုးဖြစ်သူထံမှ အဖြေရပြီးနောက် စူစူလေးကို လုကျန်းယွီ ပြောလိုက်သည်။ “စူစူလေး မွေးနေ့ကိတ်ကို ခဏနေမှ စားလို့ ရမလား”

“ရေး!! မွေးနေ့ကိတ်စားရတော့မယ်!”။ စူစူလေး မျက်လုံးများ အရောင်တောက်သွားလေသည်။

သူမ မွေးနေ့ကိတ်တွေကို အလွန်ကြိုက်ပါသည်။

မွေးနေ့ကိတ်တွေကို အကန့်အသတ်မရှိ စားနိုင်သည်ဟု ဖေဖေနဲ့ မေမေက ပြောထားသည်။ တခြား အချိုမုန့်တွေဆို သူမ အများကြီး စားလို့မရပါ။

စူစူလေးက အဘိုးချင်းနဲ့ အဘွားချင်းတို့ဘက်သို့လှည့်ကာ မေးလိုက်ပါသည်။ “ဖေဖေနဲ့ မေမေ သမီး ဒီနေ့ ကိတ်မုန့်တွေ အများကြီး စားလို့ရလား”

အဘွားချင်းက အပြုံးဖြင့် ဖြေလိုက်သည်။ “ရတာပေါ့ သမီးလေးရဲ့။ ဒီနေ့က သမီးလေးရဲ့ သူငယ်ချင်း မွေးနေ့ပဲဥစ္စာ။ ကြိုက်သလောက် စားလို့ရတယ်။ ဒါပေမယ့် အရမ်းလွန်လွန်ကြူးကြူးကြီးတော့ မစားဘူးလို့ မေမေ့ကို ကတိပေးနော်။ ဗိုက်ပြည့်ရင် မစားနဲ့တော့”

“အွန်း! ကတိပေးတယ်!”

ပျော်လိုက်တာ! မွေးနေ့ကိတ်တွေ အများကြီး စားရတော့မယ်!

စူစူလေးက လုကျန်းယွီဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “ကိုကြီး! ကိုကြီးကို Happy Birthdayသီချင်းဆိုပေးမယ်! ပြီးရင် ကိတ်မုန့်တူတူ စားကြမယ်!”

“ဟုတ်ပါပြီ”။ စူစူလေး၏ အပြုံးက လုကျန်းယွီထံ ကူးစက်သွားခဲ့သည်။

မွေးနေ့ပွဲ ကျင်းပရတာ ပျော်စရာကောင်းသားပဲ…။

--- --- ---

မွေးနေ့ညစာစားပွဲကြီး ကျင်းပပြီးနောက် အဘိုးချင်းတို့လင်မယားနဲ့ စူစူလေးတို့ ပြန်သွားသောအခါ လုကျန်းယွီက အဘိုးဖြစ်သူ၏ စာကြည့်ခန်းထဲ ဝင်လာခဲ့သည်။

သခင်ကြီးလုက စာကြည့်စားပွဲမှာထိုင်လျက် ကုမ္ပဏီကိစ္စတွေ ကိုင်တွယ်နေပါသည်။

လုကျန်းယွီ ဝင်လာတာကိုမြင်သောအခါ သခင်ကြီးလု အလုပ်တွေ ရပ်လိုက်ပြီး ပြောလိုက်သည်။ “ကျန်းယွီ ဒီနေ့ ပင်ပန်းထားတာ စောစောနားမှပေါ့!”

သခင်ကြီးလုမျက်နှာပေါ်မှာ အပြုံးများဖြင့် ပြည့်နှက်နေဆဲဖြစ်သည်။ သူဒီလို မပျော်ရတာ အတော်တောင် ကြာခဲ့ပါပြီ။

အဘိုးဖြစ်သူရဲ့ အပြုံးကို လုကျန်းယွီ မြင်သွားပြီး လွန်ခဲ့သည့် ၂ နှစ်လုံးလုံး ပိတ်လှောင်နေထိုင်ခဲ့ခြင်းက သူ့အပေါ်သာ သက်ရောက်မှုရှိတာမဟုတ်ဘဲ သူ့ကို အလွန်ဂရုစိုက်သည့် အဘိုးဖြစ်သူကိုပါ နာကျင်စေခဲ့မှန်း နားလည်သွားခဲ့ပါသည်။

“အဘိုး… လွန်ခဲ့တဲ့ ၂ နှစ်လုံးလုံး ကျွန်တော့်ကြောင့် အဘိုးစိတ်ဖိစီးခဲ့ရတယ်”။ လုကျန်းယွီက ပြောလိုက်သည်။

သခင်ကြီးလု ချက်ချင်း ကြက်သေသေသွားသည်။ သူ့မြေးနှုတ်မှ ဒီလိုစကားမျိုး ထွက်လာတာကို မယုံကြည်နိုင်ပေ။

“ကျန်းယွီ… ဘာလို့ ရုတ်တရက်ကြီး အဲ့လို ပြောရတာလဲ”။ သခင်ကြီးလု မေးလိုက်ပါသည်။

… … …

အခန်း(၅၀၄) စရိုက်မှန်ကို သိထားရင် ပိုကောင်းလိမ့်မယ်

“ဒီနေ့ အဘိုးအရမ်းပျော်နေခဲ့တာမလား။ အဘိုးဒီလောက်ပျော်နေတာကို မမြင်ရတာ အတော်ကြာခဲ့ပြီ။ အဘိုး ဒီလို ပြုံးနိုင်သေးတယ်ဆိုတာကိုတောင် မေ့နေခဲ့တာ”။ လုကျန်းယွီ ပြောလိုက်သည်။

အသက် ၅ နှစ်အရွယ်တုန်းက မှတ်ဉာဏ်တွေ ကျန်းယွီမှာ ရှိနေဆဲဖြစ်သည်။ ထိုအချိန်တွေက သူ့မိသားစု ပျော်ပျော်ရွှင်ရွှင် ရှိနေခဲ့သည့် အချိန်များဖြစ်သည်။ အဘိုးဖြစ်သူက အပြင်လောကမှာ အေးစက်ပြီး ကြောက်စရာ ကောင်းသော်လည်း အိမ်မှာတော့ ပျော်ပျော်နေတတ်သည့် အဘိုးကြီး တစ်ယောက်သာ ဖြစ်ပါသည်။

သခင်ကြီးလု မျက်လုံးများ နီမြန်းသွား၏။ အပြင်လောကမှာ ဆုံးဖြတ်ချက် ပြတ်သားပြီး ရက်စက်တတ်သူဖြစ်သော်လည်း အိမ်မှာတော့ သူ့မြေးကို ကာကွယ်ပေးချင်သည့် အဘိုးကြီးတစ်ယောက် ဖြစ်သည်။

မြေးဖြစ်သူ၏ ပွင့်လင်းမှုနဲ့ ဂရုစိုက်ပေးမှုတို့ကြောင့် သခင်ကြီးလု နှလုံးသား လှုပ်ခါသွားခဲ့ရသည်။

သခင်ကြီးလု ထိုင်နေရာမှ ချက်ချင်း မတ်တပ်ရပ်ကာ လုကျန်းယွီ၏ ဝှီးချဲထံ လျှောက်သွားခဲ့သည်။

ထို့နောက် လုကျန်းယွီကို ဖက်ထားလိုက်ပါသည်။

“ကျန်းယွီ… အဘိုး ဒီနေ့ တကယ် ပျော်ခဲ့ပါတယ်။ အရမ်း ပျော်ခဲ့ရတယ်…”

လုကျန်းယွီ ခန္ဓာကိုယ် တောင့်တင်းသွားခဲ့သည်။

သူ့အဘိုးမှာ ဒီလို ‌ပျော့ညံ့တတ်သည့် ပုံစံမျိုးရှိနေမှန်း သူ မသိခဲ့ပါ…။

လုကျန်းယွီလည်း လက်တွေကို ဖြည်းဖြည်းချင်း ထုတ်ကာ အဘိုးဖြစ်သူကို ပြန်ဖက်ထားလိုက်ပါသည်။

“ကျွန်တော်‌ တောင်းပန်ပါတယ် အဘိုး”

“ဘာမှ တောင်းပန်စရာမလိုပါဘူး။ မင်းပျော်ရင် အဘိုးကျေနပ်တယ်!”

“အခုချိန်ကစပြီး ကျွန်တော် အဆင်ပြေသွားတော့မှာပါ။ ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာ နေထိုင်မယ်။ အဘိုးဘာမှ စိတ်ပူစရာ မလိုတော့ဘူး”

သခင်ကြီးလုကို လုကျန်းယွီ ကတိပေးလိုက်ပါသည်။

အဘိုးဖြစ်သူအတွက်၊ ကောင်းကင်ဘုံမှ စောင်ကြည့်နေမည့် အမေဖြစ်သူအတွက်၊ သူ့အပေါ် အလွန်ဂရုစိုက်ပေးသည့် စူစူလေးအတွက်ပါ သူကောင်းကောင်းနေထိုင်ရမည်။

မြေးဖြစ်သူကို ပွေ့ဖက်ပြီးနောက် သခင်ကြီးလု စိတ်ပြန်လည် တည်ငြိမ်သွားခဲ့သည်။

“ဒီနေ့ အဘိုး ပေးလိုက်တဲ့ အမိန့်ကြောင့် ချူးမိသားစုအပေါ် ထိခိုက်မှု ကြီးမားနိုင်တယ်။ အဲ့ကိစ္စကြောင့် မင်းဒေါ်လေးလင်းကို ချူးဟမ့် ပြဿနာ ရှာနိုင်တယ်နော်”။ သခင်ကြီးလုက ပြောလိုက်ပါသည်။

မြေးဖြစ်သူက ဉာဏ်ရည်အလွန်မြင့်မားသော်လည်း ကလေးတစ်ယောက်သာဖြစ်သဖြင့် လူကြီးများ၏ ရှုပ်ထွေးသော ဆက်ဆံရေးများ၊ စိတ်ခံစားချက်များကို နားလည်နိုင်မည် မထင်ပါ။

ယခင်တုန်းက လုကျန်းယွီအတွက် လင်းယုရှန်း၏ မျက်နှာကိုထောက်ကာ ချူးမိသားစုအား သခင်ကြီးလု ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်သည်။

လင်းယုရှန်းသာ ပျော်ရွှင်နေမည်ဆိုလျှင် ကျန်းယွီကို ချစ်မြတ်နိုးပေးပြီး ဂရုစိုက်ပေးမှာ သခင်ကြီးလု သိနေတာကြောင့် ဖြစ်ပါသည်။

သူ့လုပ်ရပ်တွေက တစ်ကိုယ်ကောင်းဆန်မှန်း နားလည်သော်လည်း သူဂရုမစိုက်ပါ။

“ချူးဟမ့်က ဒေါ်လေးကို တကယ် မချစ်ဘူးလား”။ လုကျန်းယွီ မေးလိုက်သည်။

လူကြီးတွေရဲ့ အချစ်ရေးကိစ္စတွေ၊ စိတ်ခံစားချက်တွေကို လုကျန်းယွီ တကယ် နားမလည်ပါ။ ထို့အပြင် ချူးဟမ့်က တကယ်တမ်း ဘယ်လိုလူမျိုး ဖြစ်သည်ဆိုတာကိုလည်း လုကျန်းယွီ မစုံစမ်းဖူးပါ။

“အဘိုးမြင်သလောက်တော့ မချစ်ဘူးထင်တာပဲ။ မင်းဒေါ်လေးကို လက်ထပ်တယ် ဆိုတာကလည်း ငါတို့ လုမိသားစုနဲ့ ပတ်သတ်ချင်လို့ ဖြစ်နိုင်တယ်”။ သခင်ကြီးလုက ပြောလိုက်ပါသည်။

သခင်ကြီးလုက သတင်းအချက်အလက် အလွန်ခိုင်မာသူဖြစ်သည်။ ချူးဟမ့် အပြင်မှာ လုပ်ခဲ့တာတွေကို သူ မသိတာ မရှိသလောက် ရှားသည်။

“ဒါဆို သူ့စရိုက်အမှန်ကို ဒေါ်လေး သိထားရင် ပိုကောင်းလိမ့်မယ်။ အလှည့်စားခံရမှာထက် အသည်းကွဲတာက ပိုသက်သာနိုင်တယ်”။ လုကျန်းယွီ ပြန်ပြောလိုက်သည်။

အချစ်ရေးအကြောင်း ကောင်းကောင်းနားမလည်သေးသော်လည်း ဘယ်သူကမှ အလှည့်စားခံချင်ကြမှာ မဟုတ်မှန်း လုကျန်းယွီသိပါသည်။

“ဟုတ်ပါပြီ”။ သခင်ကြီးလု ခေါင်းငြိမ့်လိိုက်ပါသည်။

--- --- ---

ချူးယန်ရှီနဲ့ အတူတူ လင်းယုရှန်း အိမ်ပြန်လာခဲ့သည်။

ချူးယန်ရှီ အငိုတိတ်သွားပြီ ဖြစ်သော်လည်း မျက်နှာက အလွန် အကျည်းတန်နေပါသည်။

လင်းယုရှန်း စကားပြောဖို့ ကြိုးစားသော်လည်း ချူးယန်ရှီ ဘာမှ ပြန်မပြောခဲ့ပါ။

ဒီမိန်းမကြီးက စကားပြောဖို့ လိုတဲ့အချိန်ကျတော့ ပါးစပ်ပိတ်နေတယ်။ အခုမှ နားပူနားဆာ လုပ်လို့ မပြီးတော့ဘူးလား!

ချူးယန်ရှီ ဒီတိုင်း ကလေးစိတ်ဖြင့် ဂျီကျနေသည်ဟု ထင်ကာ လင်းယုရှန်း စိတ်ထဲသိပ်မထားခဲ့ပါ။ နောက်မှ အရုပ်တချို့၊ လက်ဆောင်တချို့ ဝယ်ပေးပြီး ချော့ဖို့ စိတ်ကူးလိုက်ပါသည်။

ည ၇ နာရီ ထိုးသောအခါ အပြင်မှာ ညစာစားပွဲတစ်ခု တက်ရောက်နေရမည့် ချူးဟမ့်က ရေကြီးသုတ်ပျာဖြင့် အိမ်ထဲ ပြေးဝင်လာပါသည်။

“ယောက်ျား။ ဘာလို့ အစောကြီး အိမ်ပြန်လာတာလဲ။ ည ၁၁ နာရီလောက်မှ ပြီးမှာဆို”။ လင်းယုရှန်း အံ့အားသင့်စွာ ပြောလိုက်ပါသည်။

… … …

All Chapters