အခန်း (၅၀၅+၅၀၆)
Vol. 21 Ch. 505+506
အခန်း(၅၀၅) လင်းယုရှန်းကို အပြစ်တင်ခြင်း (၁)
လင်းယုရှန်းမသိခဲ့တာက ဟွာချန့်မြို့သို့ ချူးဟမ့်လာခဲ့ခြင်းမှာ သူ့မိန်းမနဲ့ သမီးဖြစ်သူတို့ကို အဖော်ပြုပေးဖို့ဟု ဆိုခဲ့သော်လည်း ဟွာချန့်မြို့ကို ရောက်တာနဲ့တစ်ပြိုင်နက် အပြင်ထွက်ပြီး လုပ်ငန်း ညစာစားပွဲတွေ လိုက်လံ တက်ရောက်ခဲ့လေသည်။
ဒီနေ့လည်း ချူးဟမ့် သောက်စားနေစဉ် ပေကျင်းရှိ ကုမ္ပဏီ စီမံခန့်ခွဲရေး စီနီယာတစ်ယောက်က ရုတ်တရက် ဖုန်းဆက် လာလေသည်။
ထိုအခါ ချူးဟမ့် အလွန် စိတ်ချောက်ချားသွားပြီး အိမ်ကို တန်းပြန်လာခဲ့ပါသည်။
လင်းယုရှန်း၏ ပခုံးနှစ်ဖက်ကို လက်ဖြင့် ဆုပ်ကိုင်လျက် ချူးဟမ့် ကြောက်လန့်တကြား မေးလိုက်ပါသည်။ “ယုရှန်း ခုနက ငါ့ကို ပေကျင်းမြို့က ဖုန်းဆက်လာတယ်။ ငါတို့ လုပ်ငန်းတွေနဲ့ လုမိသားစု လက်တွဲထားတာ ရပ်ဆိုင်းလိုက်ပြီဆို အဲ့တာ အမှန်ပဲလား!”
“ဟုတ်တယ် အမှန်ပဲ။ ဦးလေးလုကိုယ်တိုင် ဒီနေ့ အမိန့်ပေးခဲ့တာ”။ လင်းယုရှန်း တည်ငြိမ်စွာ ပြန်ပြောလိုက်ပါသည်။
ချူးဟမ့်တစ်ယောက် လင်းယုရှန်း၏ အဖြေကို လက်မခံနိုင်ဘဲ ကြက်သေသေသွားရလေသည်။
“ယောက်ျား စိတ်မပူပါနဲ့။ ကျွန်မတို့ လုမိသားစုနဲ့ လက်တွဲထားတာတွေ ဆုံးရှုံးလိုက်ရပြီး ရှေ့လျှောက် ခက်ခဲနိုင်တယ် ဆိုပေမယ့် ရှင့်အစွမ်းအစကို ကျွန်မ ယုံကြည်တယ်။ ရှင့်ဘေးမှာ ရှောင်းရှီလေးကော ကျွန်မကော အမြဲတမ်း ရှိနေပေးမှာပါ”။ လင်းယုရှန်းက အားပေးလိုက်ပါသည်။
လုမိသားစု၏ ထောက်ပံ့မှုကို ပထမဆုံး ရခဲ့တုန်းက သူမယောက်ျားပြောခဲ့တာကို လင်းယုရှန်း မှတ်မိပါသေးသည်။ သူ့ကုမ္ပဏီကို သူ့ဖာသာသူလည်း ကောင်းကောင်စီမံနိုင်သည်။ သခင်ကြီးလု၏ စေတနာကို စော်ကားသလို ဖြစ်မှာ စိုးသဖြင့် ထောက်ပံ့မှုကို လက်ခံခဲ့တာဖြစ်ကြောင်း ချူးဟမ့် ပြောခဲ့ဖူးပါသည်။
ထို့အပြင် လုမိသားစု၏ ထောက်ပံ့မှုကြောင့် သူတို့ ကုမ္ပဏီကို ဒီ့ထက် အဆင့်မြင့်သွားအောင် ဖန်တီးနိုင်မည်ဖြစ်ပြီး သူ့အိပ်မက်တွေ အကောင်အထည် စောစောပေါ်လာကာ လင်းယုရှန်းကို ကောင်းကောင်းမွန်မွန်ဘဝနဲ့ ထားနိုင်လိမ့်မည်ဟူ ချူးဟမ့် ပြောခဲ့ဖူးသည်။
ခဏကြာတော့ ချူးဟမ့် အသိစိတ်ပြန်ကပ်သွားပြီး လင်းယုရှန်းအား မေးလိုက်ပါသည်။ “ဘာလို့လဲ”
“ဘာကို… ဘာလို့လဲ”။ လင်းယုရှန်း ဇဝေဇဝါဖြစ်သွားသည်။ သူမယောက်ျား၏ စကားကို နားမလည်ပါ။
“မင်းအဲ့မှာ ရှိနေခဲ့ရဲ့သားနဲ့ သခင်ကြီးလုကို ဘာလို့ မတားခဲ့တာလဲ”။ ချူးဟမ့်၏ အကြည့်က အေးစက်နေပါသည်။ ပုံမှန် တွေ့နေကျဖြစ်သည့် သူ့ရဲ့ နူးညံ့မှုတွေ ပျောက်ဆုံးလို့နေသည်။
“ဘာလို့လဲဆိုတော့… ဒီနေ့ ပြဿနာတစ်ခု ဖြစ်ခဲ့လို့လေ။ သခင်ကြီးလု ဒီလိုလုပ်လိုက်တာ ဖြစ်သင့်ပါတယ်…”။ လင်းယုရှန်းက ရှင်းပြလိုက်ပါသည်။
“ဘာဖြစ်ခဲ့ဖြစ်ခဲ့ ငါဂရုမစိုက်ဘူးကွ! ချူးမိသားစုနဲ့ လုမိသားစုကြားက မဟာမိတ်ထက် တခြားဘာက အရေးကြီးလို့လဲ!” ချူးဟမ့် ဒေါသတကြီး မေးလိုက်ပါသည်။
“မဟုတ်ဘူး ယောက်ျား။ စိတ်အေးအေးထားပြီး ကျွန်မ ရှင်းပြတာ နားထောင်ပါဦး”။ လင်းယုရှန်းက အကြောင်းအရင်း အပြည့်အစုံကို ရှင်းပြဖို့ ကြိုးစားသည်။
သူမ ယောက်ျား ဘာကြောင့် ဒီလောက် ဒေါသထွက်သွားရတာလဲ လင်းယုရှန်း နားမလည်ပေ။
လင်းယုရှန်း ရှင်းပြလိုက်သည်။ “ရှောင်းရှီလေး ဒီနေ့ အပြစ်လုပ်ခဲ့လို့ ဦးလေးလု ဒေါသထွက်သွားတာ ဖြစ်သင့်ပါတယ်။ ပြီးတော့ ချူးမိသားစုကို အပြစ်ပေးတယ်ဆိုတာကလည်း အရင်တုန်းက သူကမ်းလှမ်းထားတဲ့ အကူအညီတွေကို ပြန်ရုတ်သိမ်းသွားရုံပဲ။ ကျွန်မတို့ကို ဒုက္ခထပ်ပေးတာမျိုး မရှိပါဘူး…”
“အဓိပ္ပာယ်မရှိတဲ့ စကားတွေ ငါမကြားချင်ဘူး!”။ ချူးဟမ့် ဒေါသတကြီး အော်ဟစ်ကာ လင်းယုရှန်းကို ဆောင့်တွန်းလိုက်ပါသည်။
လင်းယုရှန်းလည်း ဒယိမ်းဒယိုင်ဖြစ်သွားကာ အနောက်ဘက်ရှိ ဆိုဖာပေါ် လဲကျသွားလေသည်။
“ယောက်ျား”။ လင်းယုရှန်း အလွန်တုန်လှုပ်သွားခဲ့သည်။ ချူးဟမ့်ကို ဒီလိုပုံစံမျိုးနဲ့ သူမတစ်ခါမှ မမြင်ဖူးခဲ့ချေ။
အရင်တုန်းက နူးညံ့သိမ်မွေ့ပြီး ယုံကြည်ချက်ရှိသော သူမယောက်ျားက ချက်ချင်းကြီး ပြောင်းလဲသွားခဲ့သည်။
ချူးဟမ့်က လင်းယုရှန်းကို လက်ညှိုးငေါက်ငေါက်ထိုးကာ အပြစ်တင်လိုက်ပါသည်။ “ရှောင်းရှီကိုပါ အပြစ်ပုံချဖို့ ကြိုးစားနေသေးတယ်! သူက အသက်ဘယ်လောက် မင်းက အသက်ဘယ်လောက်လဲ။ သူ ရူးကြောင်ကြောင်လုပ်ရပ် လုပ်မိတာကို မင်းက မတားဘဲ မင်းကပါ ဝင်အားပေးနေတာလား။ မင်းကိုယ်မင်း ၄ နှစ်သမီးလို့ ထင်နေတာလား”
“ကျွန်မ… ဘာအမှားလုပ်မိလို့လဲ”။ လင်းယုရှန်း မယုံကြည်နိုင်စွာ မျက်လုံးတွေ ပြူးနေပါပြီ။ သူမ ယောက်ျားက သူမကို တကယ်ကြီး အပြစ်လာတင်နေတာလား။
“ရှောင်းရှီ အမှားလုပ်မိတာကို မင်းက မဆုံးမနိုင်ဘူးလားလို့ ငါမေးနေတာကွ! ဘာလို့ အစကတည်းက အမှားအယွင်း လုပ်ခွင့်ပေးလိုက်တာလဲ။ သခင်ကြီးလုကို ဒေါသထွက်အောင် သူလုပ်မိရင်တောင် မင်းက ဝင်ဖြေရှင်းပေးရမှာလေ!”။ ချူးဟမ့် ပြောလိုက်လေသည်။
လင်းယုရှန်း ဘာမှ မပြောနိုင်တော့ချေ။။
သူမ ရှေ့က ချူးဟမ့်ကို လင်းယုရှန်း မသိပါ။ သူမ သိထားသည့် ချူးဟမ့်က သူမကို ဒီလိုမျိုး အပြစ်တင်နေမှာ မဟုတ်ပေ။
“ဖြစ်ပျက်သွားတဲ့ အရာတွေ အားလုံးက ကျွန်မ အပြစ်လို့ ပြောချင်နေတာလား”။ လင်းယုရှန်းက ချူးဟမ့်ကို ပြန်မေးလိုက်လေသည်။
… … …
အခန်း(၅၀၆) လင်းယုရှန်းကို အပြစ်တင်ခြင်း (၂)
“မင်းအပြစ်မဟုတ်လို့ ဘယ်သူ့အပြစ်ဖြစ်ရမှာတုန်းကွ! သခင်ကြီးလုကို ဒီလိုမလုပ်အောင် မင်းတားလို့ ရရဲ့သားနဲ့! ဘာလို့ မတားခဲ့တာလဲ။ ဖြစ်သင့်တယ်လို့တောင် ပါးစပ်က ပြောထွက်သေးတယ်နော်! မင်းဦးနှောက်မှ ကောင်းသေးရဲ့လား!”။ ချူးဟမ့် ဒေါသတကြီး အပြစ်တင်ဝေဖန်လိုက်လေသည်။
လင်းယုရှန်း တစ်ကိုယ်လုံး တုန်ယင်သွားခဲ့သည်။ ပြန်ပြောဖို့ စဉ်းစားထားသည့် စကားလုံးများလည်း လည်ချောင်းဝမှာတင် ရပ်တန့်သွားခဲ့လေသည်။
ထိုစဉ် အိပ်ခန်းထဲမှ ရှိနေသည့် ချူးယန်ရှီတစ်ယောက် အပြင်က ဆူညံသံတွေကြောင့် အပြင်ထွက်လာခဲ့လေသည်။ လင်းယုရှန်းကို ချူးဟမ့် စွပ်စွဲနေသည့် စကားလုံးတွေကို ကြားပြီးနောက် ချူးယန်ရှီ ပျော်လည်းပျော်သလို စိတ်လည်း ပူသွားသည်။
ထို ဉာဏ်ရည်နိမ့်ပါးသည့် လင်းယုရှန်းက ဒီနေ့ပြဿနာရှာခဲ့သဖြင့် ချူးယန်ရှီ ဒေါသထွက်နေတာ မှန်ပါသည်။ သူမ ဒီလို အငေါက်ခံနေရတာကိုလည်း ချူးယန်ရှီ အနည်းငယ် ဝမ်းသာမိသည်။
သို့သော် လင်းယုရှန်းနဲ့ ရန်သူတွေဖြစ်ဖို့ အချိန်မကျသေးမှန်းလည်း ချူးယန်ရှီ သိနေသည်။
အခုချိန်မှာသာ ရန်သူတွေဖြစ်သွားခဲ့ပါက သူမ အဖေ ဒုက္ခပိုကြီးသွားလိမ့်မည်။
လင်းယုရှန်းသာ သခင်ကြီးလုနဲ့ လုကျန်းယွီတို့ထံ ပြန်သွားပြီး တိုင်ကြားလိုက်လျှင် သူမတို့ ချူးမိသားစု တကယ် ပျက်စီးသွားပါလိမ့်မည်။
ပြဿနာတွေ ဒီ့ထက် ပိုဆိုးမလာစေရန် ချူးယန်ရှီ အမြန် ပြေးလာခဲ့ပါသည်။
ချူးဟမ့်၏ ခြေထောက်ကို ချူးယန်ရှီ အမြန်ပြေးဖက်လိုက်သည်။ “ဖေကြီး! ဒေါ်လေးလင်းကို အရမ်းမဆူပါနဲ့!”
“လွှတ်စမ်း!”။ ဒေါသမီးတောက်လောင်နေသည့် ချူးဟမ့်က ဘယ်သူ့ကိုမဆို ပြဿနာရှာနိုင်သည်။ သူ့သမီးမကလို့ ဘယ်သူပဲ ဖြစ်နေပါစေ ကန်ထုတ်ပစ်နိုင်သည်။
“ဖေကြီး! ဒေါ်လေးလင်းက သမီးကို ကာကွယ်ပေးခဲ့တာပါ! မဟုတ်ရင် ဘိုးဘိုးလု ဒီ့ထက် ဒေါသထွက်သွားလိမ့်မယ်! ဒေါ်လေးလင်းကြောင့်သာ မဟုတ်ရင် ဘိုးဘိုးလုက သမီးတို့ကို အကူအညီတွေ အများကြီး ပေးခဲ့မှာမဟုတ်ဘူး!”
ဒီနေ့ လင်းယုရှန်းက ဒေါသထွက်စရာကောင်းခဲ့တာ မှန်သော်လည်း သူမတို့ မိသားစုအတွက် တန်ဖိုးရှိနေဆဲဖြစ်မှန်း အဖေဖြစ်သူကို ချူးယန်ရှီ နားလည်အောင်ပြောဖို့ ကြိုးစားပါသည်။
သူမကို ကာကွယ်ပြောဆိုပေးနေသည့် ချူးယန်ရှီအား မြင်ပြီး လင်းယုရှန်းလည်း စိတ်ကြည်နူးသွားခဲ့သည်။ ထို့ကြောင့် ချူးယန်ရှီကို ပြေးဖက်ကာ ပြောလိုက်၏။
“ရှောင်းရှီလေး အခန်းထဲ ပြန်ဝင်တော့နော်။ လိမ္မာပါတယ်”
လူကြီးတွေရဲ့ စကားများ ရန်ဖြစ်မှုကြောင့် ကလေးတွေ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရသွားမှာမျိုးကို လင်းယုရှန်း မလိုလားပါ။
“မဝင်ဘူး! ဖေကြီး ဒေါသမပြေမချင်း မဝင်နိုင်ဘူး!”။ ချူးယန်ရှီက ခေါင်းမာနေသည်။
ထို့နောက် ချူးဟမ့်ဘက်သို့လှည့်ကာ ချူးယန်ရှီ ပြောလိုက်သည်။ “ဖေကြီး ဒေါသမထွက်ပါနဲ့တော့။ ဒေါ်လေးလင်းက သမီးတို့အပေါ် အရမ်းကောင်းပြီး အများကြီး ကူညီပေးခဲ့တာကို!”
ချူးယန်ရှီ ရင်ထဲမှာ ဗလောင်ဆူနေပါသည်။ အခုချိန်မှာ ဘာက အရေးကြီးသလဲဆိုတာကို နားလည်ကာ သူမ အဖေ ဒေါသမြန်မြန်ပြေပါစေဟု ဆုတောင်းနေမိသည်။
ချူးယန်ရှီ၏ စကားလုံးများကြောင့် လင်းယုရှန်း ကြက်သေသေသွားလေသည်။ ချူးယန်ရှီက သူမအပေါ် အမြဲတမ်း အေးတိအေးစက် ဆက်ဆံခဲ့သော်လည်း ရင်ထဲမှာ လက်ခံထားပြီးသား ဖြစ်လောက်သည်။
သူမကို ကာကွယ်ပေးဖို့ ကြိုးစားနေသည့် ချူးယန်ရှီအား လင်းယုရှန်း တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်မိပါသည်။
“သမီးတောင်းပန်ပါတယ် ဒေါ်လေးလင်း။ ဖေကြီးက အလုပ်တွေပင်ပန်းလို့ ဒေါ်လေးလင်းရဲ့ စေတနာတွေကို မမှတ်မိတာ နေမှာပါ။ ဒေါ်လေးလင်းကြောင့် ဘိုးဘိုးလုက သမီးတို့ကိုထောက်ပံ့ပေးဖို့ သဘောတူခဲ့တာ… အီးဟီးဟီး…”
ချူးယန်ရှီက လင်းယုရှန်းကို တောင်းပန်နေသလို ပြောနေသော်လည်း တကယ်တမ်းက ချူးဟမ့်အား အချက်ပြနေတာ ဖြစ်သည်။
နောက်ဆုံးတော့ ချူးဟမ့်လည်း နားလည်သွားသည်။
သူ့သမီးရဲ့ စကားကြောင့် လင်းယုရှန်းမှာ သူတို့အတွက် တန်ဖိုးရှိနေသေးမှန်း သဘောပေါက်သွားခဲ့ပါသည်။
ဒီမိန်းမနဲ့ အဆက်အသွယ်ဖြတ်ဖို့ အချိန်မတန်သေးပါ။ ခုနက စိတ်လောပြီး အရေးကြီးသည့် အချက်ကို သေချာ မစဉ်းစားမိခဲ့ပေ။ လင်းယုရှန်းနဲ့ စာရင်းရှင်းဖို့သာ ခေါင်းထဲ ရှိနေခဲ့ပါသည်။ လင်းယုရှန်း ကြောင်စီစီ ဖြစ်နေသေးချိန်မှာ အမြန် ပြန်တောင်းပန်ရမည်။
ထိုအတွေးဖြင့် ချူးဟမ့် အကြောင်းပြချက်ပေးဖို့ အမြန်စဉ်းစားလေသည်။
ငိုယိုနေသည့် သမီးဖြစ်သူနဲ့ သူမကို ပွေ့ဖက်ထားသော လင်းယုရှန်းတို့ကို မြင်ကာ ချူးဟမ့် အကြံရသွားပါသည်။
“ရှောင်းရှီလေး”။ ချူးယန်ရှီကို ကြည့်လျက် ချူးဟမ့် အလွန်အံ့အားသင့်သွားဟန်ဖြင့် ပြောလိုက်ပါသည်။ “ဖေကြီးဘာတွေ လုပ်လိုက်မိပါလိမ့်… သမီးကို ဖေကြီး နာကျင်အောင် လုပ်လိုက်မိတာလား။ ဖေကြီး တောင်းပန်ပါတယ် ရှောင်းရှီလေး… သမီးကို ကြောက်အောင် လုပ်ဖို့ ဖေကြီး မရည်ရွယ်ပါဘူး…”
… … …