← Chapters

အခန်း (၅၀၇+၅၀၈)

Vol. 21 Ch. 507+508

အခန်း (၅၀၇+၅၀၈)

Vol. 21 Ch. 507+508

အခန်း(၅၀၇) လင်းယုရှန်းကို အပြစ်တင်ခြင်း (၃)

“ရှောင်းရှီ… ဖေကြီး ဘာတွေ လုပ်လိုက်မိတာလဲ”။ ချူးဟမ့် စိတ်ရှုပ်စွာ ခေါင်းကုတ်လိုက်ပြီး ဆောင့်ကြောင့် ထိုင်ချလိုက်ပါသည်။

“ဖေကြီး…”။ ချူးယန်ရှီလည်း လင်းယုရှန်း၏ ရင်ခွင်ထဲမှ ထွက်ကာ ချူးဟမ့်ထံ ပြေးသွားပြီး ပွေ့ဖက်လိုက်လေသည်။

အခြေအနေကို အခွင့်ကောင်းယူလျက် ချူးယန်ရှီကို ချူးဟမ့် ‌တောင်းပန်လိုက်သည်။ “ဖေကြီး တောင်းပန်ပါတယ်နော် ရှောင်းရှီလေး။ ဒီနေ့ ဖေကြီး အရက်နည်းနည်းသောက်လာလို့ပါ။ ဖေကြီးကြောင့် လန့်သွားတယ်မလား…”

ချူးယန်ရှီက ခေါင်းကို ဆက်တိုက် ခါရမ်းလိုက်ပါသည်။ “မလန့်ပါဘူး။ ဖေကြီးက အလုပ်တွေ အများကြီး လုပ်ရတယ်လေ။ အဲ့တာကြောင့် နည်းနည်းပါးပါး သောက်ရမှာပေါ့။ ဖေကြီးကို အပြစ်မတင်ပါဘူး!”

တော်သေးတာပေါ့! အချိန်မှီ တုန့်ပြန်လိုက်လို့! မဟုတ်ရင် ဘယ်လိုပြန်ဖြေရှင်းရမလဲ သူသိမှာ မဟုတ်ဘူး!

သမီးဖြစ်သူ၏ ခွင့်လွှတ်မှုကို ရရှိပြီးနောက် လင်းယုရှန်းကို ကြည့်ကာ ချူးဟမ့် ပြောလိုက်သည်။ “ယုရှန်း… ကိုယ် တောင်းပန်ပါတယ်… ကိုယ်ကတကယ် မကောင်းတဲ့ကောင်ပါ! ကိုယ်ဘာတွေ ပြောမိမှန်းတောင် မသိဘူး! ခေါင်းထဲ ဘာမှ မရှိတော့သလို ခံစားရတယ်!”

လင်းယုရှန်းက ချူးဟမ့်ကို ကြည့်သာ ကြည့်နေပြီး ဘာမှ ပြန်မပြောခဲ့ပါ။

လင်းယုရှန်း ဘာမှ ပြန်မပြောသဖြင့် ချူးဟမ့် သူ့ခေါင်းသူ ရိုက်ပြလိုက်သည်။

လက်ကို မြင့်မြင့်ထားကာ ရိုက်တာဖြစ်သော်လည်း သူ့ခေါင်းဖြစ်နေတာကြောင့် အားသိပ် မသုံးရဲပါ။

ခုနက ချူးဟမ့်၏ စကားလုံးများကြောင့် လင်းယုရှန်း တုန်လှုပ်နေတာကြောင့်လား မသိနိုင်သော်လည်း ချူးဟမ့်ကိုယ့်ကိုယ်ကိုယ် ရိုက်နေတာကို မြင်တာတောင် လင်းယုရှန်း ဘာမှ မတုန့်ပြန်ခဲ့ပါ။

သူ့နည်းလမ်း အလုပ်မဖြစ်တာကို မြင်ပြီး ချူးဟမ့် သတ္တိမွေးကာ ကော်ဖီစားပွဲပေါ်ရှိ ကြွေပန်းအိုးတစ်အိုးကို ဆွဲယူလျက် သူ့နဖူးသူ ရိုက်ခွဲလိုက်ပါသည်။

‘ခွမ်း’ခနဲ့ မြည်ကာ ကြွေပန်းအိုး တစ်စစီ ကွဲကြေသွားလေတော့သည်။

လင်းယုရှန်းလည်း လန့်သွားပြီး ချူးဟမ့်၏ ဒဏ်ရာကို အမြန်သွားကြည့်လိုက်သည်။

“ဘာမှ မလုပ်နဲ့! ဒါကိုယ်နဲ့ ထိုက်တန်တယ်!”။ ချူးဟမ့် တကယ် ကြံရာမရဖြစ်ကာ ကိုယ့်နဖူးကိုယ် ရိုက်ခွဲလိုက်ခြင်း ဖြစ်သည်။ နဖူးမှာ သွေးတွေတောင် ထွက်နေပါပြီ။

အစက ဒီလောက်ထိ လွန်လွန်ကြူးကြူးလုပ်ဖို့ စိတ်ကူးမရှိခဲ့ပါ။ ကိုယ့်နဖူးကိုယ် ရိုက်ခွဲပြီးနောက် နောင်တတောင် ရသွားသည်။

“ရှင်ဘာတွေ လုပ်နေတာလဲ”။ လင်းယုရှန်း စိုးရိမ်ပူပန်စွာ မေးလိုက်သည်။

“ကိုယ်နဲ့တန်တာပဲလေ! မင်းကို အကြောင်းအရင်းမရှိဘဲ ဒေါသထွက်ပြီး အပြစ်တင်မိတယ်! ကိုယ့်ကို အပြစ်ပေးသင့်တာ!”။ ချူးဟမ့်က ပြောလိုက်ပါသည်။

ပြောပြောဆိုဆိုနဲ့ ဆေးလိပ်ပြာခွက်ကိုပါ လှမ်းဆွဲယူဖို့ ကြိုးစားသည်။

လင်းယုရှန်းလည်း ချူးဟမ့်၏ လက်ကို အမြန်ဆွဲကာ ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင် မလုပ်တော့ဖို့ တားလိုက်သည်။

“မလုပ်ပါနဲ့… ကျေးဇူးပြုပြီး မလုပ်ပါနဲ့”။ သွေးတွေထွက်နေသည့် ချူးဟမ့်၏ နဖူးကို ကြည့်ကာ လင်းယုရှန်း ပြောလိုက်သည်။ “ဒီ့ထက် ထပ်ရိုက်ရင် ရှင့်ခေါင်း ပျက်စီးသွားနိုင်တယ်! ကိုယ့်အသက်ကိုယ် ဂရုမစိုက်ဘူးလား”

“မရဘူး။ ကိုယ်လုပ်မှ ဖြစ်မယ်! ခုနက မင်းကို ဆက်ဆံခဲ့သလို ကိုယ်ပြန်ခံစားရမှဖြစ်မယ်!”။ ချူးဟမ့်က ဆက်ပြီး ဟန်ဆောင်နေပါသည်။ “ဒါပေမယ့် ယုရှန်း… ကိုယ့်ကိုယ် ယုံကြည်ပေးပါ။ ကိုယ်တကယ် မရည်ရွယ်ပါဘူး။ ကိုယ် မူးနေလို့ပါ! ဒါမျိုး ထပ်မဖြစ်စေဘူးလို့ ကိုယ်ကတိပေးတယ်။ ကျေးဇူးပြုပြီးခွင့်လွှတ်ပေးပါနော်။ ကိုယ်ဒီလိုမျိုးလုပ်ဖူးတာ ဒါပထမဆုံး အကြိမ်ပဲလေ”

ချူးဟမ့်က လေးလေးနက်နက် တောင်းပန်လိုက်သည်။ ချူးဟမ့်၏ အကြည့်များကြောင့် လင်းယုရှန်း ယုံကြည်သွားပါသည်။

လင်းယုရှန်း ရင်ထဲ တစ်ခုခုကို ဘဝင်မကျဖြစ်ခဲ့သော်လည်း ချူးဟမ့်၏ ရှင်းပြချက်၊ တောင်းပန်စကားများကြောင့် ရင်ထဲက ဒေါသ ပြေပျောက်သွားခဲ့ပါသည်။

ချူးယန်ရှီကလည်း အမြန်ဝင်တောင်းပန်လိုက်သည်။ “ဒေါ်လေးလင်း ဒေါသမထွက်ပါနဲ့! ဝမ်းမနည်းနဲ့နော်! သမီးရှိတယ်!”

ချူးယန်ရှီက လင်းယုရှန်းကို ပြေးဖက်လိုက်ပြီး ရင်ခွင်ထဲ တိုးဝှေ့ဝင်လိုက်လေသည်။

အသက် ၄ နှစ်အရွယ် ကလေးမလေးရဲ့ ဖြူစင်သော မျက်နှာ၊ ရိုးသားသော စကားလုံးများကြောင့် လင်းယုရှန်း သူမကို မထိခိုက်စေချင်တော့ပါ။

အဖေဖြစ်သူနဲ့ သမီးဖြစ်သူတို့ရဲ့ တောင်းပန်မှုကြောင့် လင်းယုရှန်း စိတ်ပြေသွားခဲ့ပါသည်။

“ဟုတ်ပါပြီ။ နောက်တစ်ခါ အရမ်းမသောက်နဲ့နော်”

“ကိုယ်နားလည်ပါတယ်။ ထပ်မဖြစ်စေရဘူး။ ကိုယ်ကတိပေးတယ်! ကျိန်ရဲပါတယ်!”။ ချူးဟမ့် အမြန်ပြောလိုက်သည်။

ချူးဟမ့်၏ သစ္စာစကားများကို နားထောင်ပြီး ယခင်တုန်းက ဂရုစိုက်ပေးခဲ့တာတွေကိုလည်း ပြန်ထည့်တွက်ကာ လင်းယုရှန်း ယုံကြည်ပေးဖို့ ဆုံးဖြတ်လိုက်ပါသည်။

ချူးဟမ့်က ချက်ချင်း ဆက်ပြောသည်။ “ဒါပေမယ့် ယုရှန်း… ဒီကိစ္စက ပေါ့သေးသေး မဟုတ်ဘူးနော်။ လုမိသားစု ဒီလို ရုတ်တရက်ကြီး လုပ်ငန်းတွေ လက်တွဲဖြုတ်လိုက်တော့ ချူးမိသားစုအပေါ် သက်ရောက်မှု ကြီးမားနိုင်တယ်”

“ဒါပေမယ့် လုမိသားစုရဲ့ ထောက်ပံ့မှုမရှိရင်တောင် ချူးမိသားစုက ကုမ္ပဏီကို ကောင်းကောင်းစီမံနိုင်တယ်လို့ ရှင်ပဲ ပြောခဲ့တာ မဟုတ်ဘူးလား”။ လင်းယုရှန်း ပြန်ပြောလိုက်လေသည်။

… … …

အခန်း(၅၀၈) ကောလိပ်ဝင်ခွင့် စာမေးပွဲအတွက် ဂုဏ်ပြု ညစာစားပွဲ (၁)

“မတူဘူးလေ…”။ ချူးဟမ့် ရှင်းပြလိုက်သည်။ “အစကတည်းက ဒီလို လုပ်ငန်းတွေ လက်တွဲမထားခဲ့ဘူးဆိုရင် ချူးမိသားစုလည်း ဒီနယ်ပယ်တွေမှာ ရင်းနှီးမြှုပ်နှံခဲ့မှာမဟုတ်ဘူး။ အခုက ရုတ်တရက်ကြီး လက်တွဲဖြုတ်လိုက်တော့ ဖြစ်လာတဲ့ ပြဿနာတွေကို ချူးမိသားစုက ဖြေရှင်းရခက်တာပေါ့”

“ဒါဆို… ကျွန်မတို့ ဘာလုပ်ကြမလဲ”။ လင်းယုရှန်း မေးလိုက်ပါသည်။

“ကိုယ်ဘာလုပ်ရမယ်မှန်း သိရင် ခုနကလို စိတ်ဂယောက်ဂယက်ဖြစ်ခဲ့မှာ မဟုတ်ဘူး။ ကိုယ်သေချာ စဉ်းစားပါရစေဦး။ ကျိန်းသေပေါက် ဖြေရှင်းပေးပါ့မယ်။ အိမ်ထောင်ဦးစီး ယောက်ျားတစ်ယောက်အနေနဲ့ ဒါကိုယ့်တာဝန်ပဲ”

“ဒါပေမယ့်…”။ ချူးဟမ့် အလွန်စိုးရိမ်ပူပန်နေတာကိုမြင်ပြီး လင်းယုရှန်း ရင်နာသွားခဲ့ပါသည်။

သူမ ကူညီပေးချင်သော်လည်း ဘယ်လို ကူညီရမှန်း မသိပါ။

သေချာစဉ်းစားပြီးနောက် လင်းယုရှန်း ပြောလိုက်သည်။ “ယောက်ျား ကုမ္ပဏီဘက်မှာ အခြေအနေတွေ တည်ငြိမ်အောင် အရင်လုပ်လိုက်ပါ။ နောက်ပိုင်း အခွင့်အရေးရလာရင် ဦးလေးလုကို သွားတောင်းပန်ကြည့်ကြတာပေါ့”

ချူးဟမ့်က လင်းယုရှန်းကို ကတိပေးလိုက်သည်။ “ယုရှန်း အရမ်းကြီး စိတ်ဖိအား မများနဲ့နော်။ ယုရှန်း ကူညီနိုင်ရင် အကောင်းဆုံးဖြစ်မှာ ဆိုပေမယ့် ယုရှန်းရဲ့အပြစ်မှ မဟုတ်တာ။ ချူးမိသားစု ပြိုလဲသွားလည်း အားလုံး ကိုယ့်အပြစ်တွေပဲ။ ယုရှန်းတို့အတွက် ပြီးပြည့်စုံတဲ့ ဘဝတစ်ခုကို ဖန်တီးမပေးနိုင်တဲ့ ကိုယ်ပဲ အသုံးမကျတာ။ လက်မထပ်ခင်တုန်းက ကိုယ်ပေးခဲ့တဲ့ ကတိကို မတည်နိုင်ခဲ့ဘူး…”

ချူးဟမ့်၏ စကားကို ကြားပြီး လင်းယုရှန်း ရင်ထဲ လေးလံသွားခဲ့သည်။

ဖိအားတွေ အကုန်လုံးကို သူမယောက်ျား တစ်ယောက်တည်း ပခုံးထမ်းတင်ထားမှာမျိုး လင်းယုရှန်း မလိုလားပါ။

လင်းယုရှန်း၏ မျက်နှာကို မြင်ပြီးနောက် သူမရဲ့ သရုပ်ဆောင်မှု အောင်မြင်သွားပြီဖြစ်မှန်း ချူးယန်ရှီ သိလိုက်ပါသည်။

ဒီတစ်ခါတော့ ဒီမိန်း အကူအညီသေချာ ပေးနိုင်မှဖြစ်မယ်! မဟုတ်ရင် သူမ ကြိုးစားထားရတာတွေ အကုန် သဲထဲရေသွန် ဖြစ်သွားလိမ့်မယ်!

--- --- ---

ချင်းယုကျီး၏ ကောလိပ်ဝင်ခွင့် စာမေးပွဲလည်း ချောချောမွေ့မွေ့ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

ချင်းယုကျီးကို ဂုဏ်ပြုဖို့အတွက် ချင်းယုဟွိုင်းက လီထိုက်ဟိုတည်မှာ ဂုဏ်ပြုညစာစားပွဲ ကျင်းပပေးဖို့ စီစဉ်သည်။

“အစ်ကိုကြီး… ငါ့အတွက် ဂုဏ်ပြုညစာစားပွဲလုပ်ပေးဖို့ စောလွန်းသေးတယ် မထင်ဘူးလား။ ငါ့စာမေးပွဲ ရလဒ်တွေက ထင်သလောက် ကောင်းမနေရင် ဘယ်လိုလုပ်မလဲ။ အဲ့လိုသာဆို ဒီဂုဏ်ပြုပွဲက အလကားဖြစ်သွားလိမ့်မယ်”။ ချင်းယုကျီးက ဆိုသည်။

“မဟုတ်ဘူး။ မင်း စာမေးပွဲကို ဒီလိုလေးလေးနက်နက် ဖြေပေးတာကိုပဲ ငါတို့ ကျေနပ်နေပြီ။ တခြား ဘာမှ မတောင်းဆိုဘူး”။ ချင်းယုဟွိုင်းက ရှင်းပြပါသည်။

ချင်းယုကျီးအတွက် သူတို့ အဆိုးဆုံးကို မျှော်လင့်ထားပြီးသားဖြစ်သည်။ ဒီလို လိမ္မာပေးတာနဲ့တင် လုံလောက်လှပါပြီ။ တက္ကသိုလ်ကတော့ သာမန် တက္ကသိုလ်ဖြစ်နေရင်တောင် အဆင်ပြေပါသည်။

ချင်းယုကျီးတစ်ယောက် ကြည်နူးရမလား ဝမ်းနည်းရမလား မသိတော့ပါ။

“အေးပါကွာ… ပြီးတာပဲ! ဒါဆိုလည်း ကြိုတင် အောင်ပွဲခံကြတာပေါ့!”။ ဘာပဲဖြစ်ဖြစ် ချင်းယုကျီးက သူ့ရလဒ်ကိုသူ ယုံကြည်မှုရှိပြီးသားဖြစ်သည်။

ဟိုတည်ရှိ Private ခန်းထဲရောက်သောအခါ စူစူလေးက အပြေးထွက်ကြိုလေသည်။

“တူလေး!”

ချင်းယုကျီးလည်း စူစူလေးကို အမြန်ပွေ့ချီလိုက်ပါသည်။

“တူလေးက အရမ်းတော်တာပဲ!”။ စူစူလေးက ချီးကျူးလိုက်သည်။

“ဘယ်နေရာမှာ တော်တာလဲ”။ သူ့ကို စူစူလေး ချီးကျူးမှာကို ချင်းယုကျီး နားထောင်ချင်နေပါသည်။

“မသိဘူး။ မေမေက တော်တယ်လို့ ပြောလို့လေ”။ စူစူလေး ပြန်ပြောလိုက်သည်။

“အမ်…”။ ချင်းယုကျီး မျှော်လင့်တာ များသွားပုံပင်။

“တူလေးအတွက် လက်ဆောင်ပြင်ပေးထားတယ်!”။ စူစူလေးက အားရဝမ်းသာ ပြောလိုက်ပါသည်။

“လက်ဆောင် ဟုတ်လား။ အဲ့တာတွေ မလိုပါဘူး! သကြားလုံးလေး တစ်လုံးလောက် ပေးရင်ရပြီ!”။ လုကျန်းယွီကို စူစူလေး ပေးခဲ့သည့် ဧရာမ ကင်းခြေများကြီးအား ချင်းယုကျီး သတိရသွားတာကြောင့် ငြင်းလိုက်ခြင်း ဖြစ်ပါသည်။

“မရဘူး! သကြားလုံးက လိမ္မာတဲ့ ကလေးတွေကို ပေးတာ! ဒီလက်ဆောင်က မတူဘူး”။ စူစူလေးက ပြန်ပြောသည်။

“ဒါဆို… လက်ဆောင်က ဘာအရောင်လဲဟင်”။ ချင်းယုကျီး သတိကြီးကြီးထားကာ မေးလိုက်ပါသည်။

“အနီရောင်!”

“…”။

ချင်းယုကျီး နှုတ်ခမ်းတွန့်သွားလေသည်။ “ကင်းခြေများနောက်တစ်ကောင်တော့ မဟုတ်ပါဘူးနော်”

“မဟုတ်ပါဘူး! ကင်းခြေများက တစ်ကောင်တည်း ရှိတာ။ အဲ့တာ ကိုကြီးအတွက်။ တူလေးကော လိုချင်လို့လား”။ စူစူလေးက မေးသည်။

“မလိုချင်ပါဘူး မလိုချင်ပါဘူး! အဲ့လောက် အဖိုးတန်တဲ့ လက်ဆောင်ကို နင့်ကိုကြီးကိုပဲ ပေးလိုက်နော်! ငါက ဒီလောက် သန်မာထွားကြိုင်းနေတာ မလိုအပ်ပါဘူး!”။ ချင်းယုကျီး အမြန် ငြင်းဆန်လိုက်ပါသည်။

“စိတ်မပူနဲ့ တူလေး။ တူလေးကို ပေးမယ့် လက်ဆောင်ကလည်း အရမ်းကောင်းပါတယ်!”

စူစူလေးက အနောက်ဘက်အခန်းထဲကို ပြေးဝင်သွားပြီး လက်ဆောင်ကို ထုတ်ယူလာလေသည်။

လက်ဆောင်ကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် ချင်းယုကျီး အခန်းထဲမှ ထွက်ပြေးသွားလေတော့သည်။

… … …

All Chapters