← Chapters

အခန်း (၅၀၉+၅၁၀)

Vol. 21 Ch. 509+510

အခန်း (၅၀၉+၅၁၀)

Vol. 21 Ch. 509+510

အခန်း(၅၀၉) ကောလိပ်ဝင်ခွင့် စာမေးပွဲအတွက် ဂုဏ်ပြု ညစာစားပွဲ (၂)

ကြောက်ဖို့ကောင်းလိုက်တာ! ငါတော့ သေတော့မှာပဲ!

ငါအကြောက်ဆုံးအရာကိုမှ ဆွဲထုတ်လာရတယ်လို့!

စူစူလေး လက်ထဲမှာ ကိုင်ထားသည့်အရာကိုမြင်ပြီး ချင်းယုကျီး ခေါင်းထဲမှာ ပြေးဖို့ကလွဲလို့ တခြားဘာမှ မတွေးနိုင်တော့ပါ။

ချင်းယုကျီး ထွက်ပြေးသွားတာနဲ့တစ်ပြိုင်နက် အခန်းထဲကလူတွေအားလုံး ရယ်မောလိုက်ကြပါသည်။

၇ မီတာ ၈ မီတာလောက်အထိ ပြေးသွားပြီးမှ တစ်ခုခု မူမမှန်တာကို သတိထားမိပြီး ချင်းယုကျီး နောက်ပြန်လှည့်ကြည့်လိုက်မိသည်။

တံခါးဝမှာ သူ့ကို ရပ်ကြည့်နေသူများက မိသားစုဝင်များဖြစ်ကြသော အဘိုးချင်း၊ အဘွားချင်း၊ ချင်းရှင်းကျစ်၊ ဝမ်ချင်း၊ ချင်းယုကျိုး၊ ချင်းယုဟွမ်တို့ ပါဝင်သည်။

အကုန် အားရပါးရ ရယ်မောနေကြသဖြင့် သွားရည်တောင် ကျမတတ်ဖြစ်နေကြပါသည်။ အထူးသဖြင့် ချင်းယုဟွမ်ဆို အရယ်လွန်ကာ ဗိုက်နာလာသဖြင့် ဗိုက်ကို လက်ဖြင့် ပင့်ထားရသော်လည်း ဖုန်းကိုရအောင်ထုတ်ပြီး ဗီဒီယို ရိုက်နိုင်သေးသည်။

ပုံမှန်ဆို တည်တည်တံ့တံ့နေတတ်သည့် သူ့အစ်ကိုကြီး ယုဟွိုင်းနဲ့ ဝမ်းကွဲအစ်ကို ယုချဲတို့တောင် ပြုံးနေကြပါသည်။

တစ်ခုခုတော့ မှားနေပြီ! လုံးဝ ပုံမှန် မဟုတ်ဘူး!

ချင်းယုကျီး အခန်းထဲ ဖြည်းဖြည်းချင်း ပြန်လျှောက်လာပြီး စူစူလေးကိုင်ထားသည့် အနီရောင်နဲ့ အနက်ရောင် ရောစပ်နေသော မြွေကြီးကို သေချာကြည့်လိုက်ပါသည်။ ထပ်ခါထပ်ခါ အကဲခတ်လိုက်သည်။

ထိုအခါမှ မြွေကြီးက မြွေအစစ်မဟုတ်ဘဲ ပလတ်စတစ် မြွေဖြစ်နေမှန်း သိလိုက်ရလေသည်။

စူစူလေးကလည်း လက်ထဲက မြွေကြီးကို လှုပ်ခါပြလိုက်သည်။

ချင်းယုကျီး နှုတ်ခမ်းတွေ ၂ ချက်လောက် တွန့်သွားရသည်။

အားလုံးရဲ့ မျက်နှာကို ကြည့်ခြင်းအားဖြင့် သူ့ကို အကုန် ဝိုင်းအရူးလုပ်ကြတာဖြစ်မှန်း နားလည်လိုက်ရသည်။

မြွေက အတုမှန်း အားလုံးသိပြီးသား! သူတစ်ယောက်တည်း မသိတာ!

နောက်ဆုံးတော့ ချင်းယုဟွမ် မနေနိုင်ဘဲ ပြောလိုက်သည်။ “ယုကျီး မင်းတော်တော် တုံးတဲ့ကောင်ပဲ! မြွေအတုကြောင့် ဒီလောက်ထိ ကြောက်သွားရတယ်လို့ကွာ! ဟားဟားဟားဟား”

စူစူလေး၏ လက်ထဲက မြွေရုပ်ကို ချင်းယုဟွမ် ယူလိုက်ပြီး ချင်းယုကျီး၏ လည်ပင်းမှာ ပတ်ပေးလိုက်ပါသည်။ “ဟားဟားဟား! ငတုံးကောင် ယုကျီး!”

အစ်ကိုလတ်ဖြစ်တာကြောင့် သူ့ညီကို စနောက်သည့် နေရာမှာ ဘယ်တော့မှ လက်မတွန့်တတ်ပေ။

အစ်ကိုလတ်ကို ချင်းယုကျီး မျက်စောင်းထိုးလိုက်ပြီး စူစူလေးအား သနားစရာကောင်းစွာ မေးလိုက်ပါသည်။ “ဒေါ်လေး! ငါ့ကို လှည့်စားရက်တယ်နော်! ငါက နင့်တူလေးမဟုတ်ဘူးလား”

“ဟုတ်ပါတယ်။ ဒါပေမယ့် ပျော်စရာကောင်းလိမ့်မယ်လို့ အားလုံးက ပြောထားလို့”

ချင်းယုကျီး၏ တုန့်ပြန်မှုကြောင့် စူစူလေးလည်း သဘောကျသွားပုံရပြီး ပြုံးရွှင်နေပါသည်။

လိမ်ညာတာမျိုး မလုပ်သင့်သော်လည်း ကိုယ်နဲ့ နီးစပ်သူကို နည်းနည်းပါးပါး ကျီစယ်လို့ ရသည်ဟု မေမေက ပြောထားသည်။

“ဒါပေမယ့် ဒေါ်လေး… ကလေးဆိုတာ သူများကို မလှည့်စားရဘူး။ ငါ့ကို ဘာလို့ လှည့်စားရတာလဲ။ ခုနကပြောတော့ အနီရောင် လက်ဆောင်တစ်ခု ပြင်ပေးထားတယ်ဆို”။ ချင်းယုကျီးက စူပုပ်ပုပ် ပြောလိုက်သည်။

သူ့ဒေါ်လေး ပျော်ရွှင်သွားသဖြင့် ချင်းယုကျီး စတေးရတာ တန်သော်လည်း တခြားညီအစ်ကိုတွေ လှောင်ရယ်ရယ်နေတာကိုတော့ မကျေနပ်နိုင်ပါ။

ထို့အပြင် သူ့ဒေါ်လေး ပေးသည့်လက်ဆောင်ကိုလည်း လိုချင်ပါသေးသည်။ အဖိုးတန်သည်ဖြစ်စေ မတန်သည်ဖြစ်စေ အရေးမကြီးပါ။ အရေးကြီးတာက သူ့ဒေါ်လေးရဲ့ မေတ္တာဖြစ်သည်။

“မလှည့်စားပါဘူး။ ဒေါ်လေးတကယ် အနီရောင်လက်ဆောင် ပြင်ပေးထားတယ်!”။ စူစူလေးက ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သည်။

ချင်းယုကျီးက သူ့လည်ပင်းပေါ် ပတ်ထားသည့် မြေရုပ်ကို ယူကာ မေးလိုက်သည်။ “ဒီဟာကို ပြောတာလား။ အနီရောင် မြွေရုပ်ကို ပြောတာလား”

“မဟုတ်ပါဘူး!”။ ဒီအရုပ်က သူ့ကို ခြောက်လှန့်ဖို့ပဲ သုံးတာ။ လက်ဆောင်မဟုတ်ဘူး!

အဘွားချင်းက ခပ်ပြုံးပြုံးဖြင့် လျှောက်လာပြီး ချင်းယုကျီးကို ရှင်းပြလိုက်ပါသည်။ “နင့်ဒေါ်လေးက နင့်အတွက် ငါးတောက်တူနီတစ်ကောင် ဖမ်းပေးထားတယ်။ အလေးချိန်က‌ ပေါင် ၂၀ ကျော်ရှိပြီး အရမ်းရှားပါးတဲ့ ငါးပဲ။ ငါတို့ ပင်လယ်မှာ ငါးသွားဖမ်းပြီး ကမ်းပြန်ကပ်လာတော့ တံငါသည်တွေအများကြီးက စူစူလေးနား ဝိုင်းပြီး အဲ့ဒီငါးကြီးကို ဝယ်ဖို့ ကမ်းလှမ်းကြတာ”

ပေါင် ၂၀ ကျော် ငွေရောင်ငါးကြင်းမျိုးက ပေါပေါများများ ရှိတတ်သော်လည်း ပေါင် ၂၀ ကျော် ငါးတောက်တူနီကတော့ အလွန်ရှားပါသည်။

စူစူလေး၏ ကံကတော့ အရင်လို ထူးခြားနေဆဲပင်။ ပင်လယ်ပြင်မှာ ပထမဆုံးအကြိမ်အဖြစ် ငါးဖမ်းထွက်ဖူးတာ ဖြစ်သော်လည်း တခြားသူတွေ တစ်သက်လုံး ဖမ်းမမိနိုင်သည့် ငါးမျိုးကို ဖမ်းနိုင်ခဲ့သည်။

ထို့အပြင် စူစူလေး ပြောသလိုပဲ ငါးတောက်တူနီက တကယ်ပဲ အနီရောင်ရှိပါသည်။

“အဲ့ဒီ ငါးကြီး အခုဘယ်မှာလဲ”။ ချင်းယုကျီး မေးလိုက်သည်။

သူ့အတွက်လက်ဆောင် အစစ်က ဘယ်မှာလဲ!

… … …

အခန်း(၅၁၀) ကောလိပ်ဝင်ခွင့် စာမေးပွဲအတွက် ဂုဏ်ပြု ညစာစားပွဲ (၃)

“နင့်အစ်ကို ယုချဲရဲ့ ဒယ်အိုးထဲ ရောက်နေပြီ။ ခဏနေရင် စားလို့ရလိမ့်မယ်”။ အဘွားချင်းက ပြန်ဖြေလိုက်ပါသည်။

လက်ဆောင်အစစ်က ကြောက်ဖို့မကောင်းပါ။ စာမေးပွဲဖြေပြီးခါစဖြစ်သော ချင်းယုကျီးကို အားလုံးပေါင်းပြီး စနောက်လိုက်တာ ဖြစ်သည်။

ချင်းယုကျီးက ညည်းတွားလိုက်သည်။ “အဘွားကပါ ဘာလို့ သူတို့နဲ့ပေါင်းပြီး ကျွန်တော့်ကို အနိုင်ကျင့်ရတာလဲ”

အဘွားချင်းက ခေါင်းမော့ရင်ကော့လျက် ပြန်ဖြေလိုက်ပါသည်။ “နင်တို့လို သားတွေ မြေးတွေကို အပျော်သဘော မွေးထားတာပဲဥစ္စာ။ ငါ့သမီးလေးကမှ တကယ်ချစ်ဖို့ မွေးထားတာ!”

ချင်းယုကျီး “…”

အဘွားစကားကြောင့် မြေးတွေအကုန် နာကျင်သွားတော့မှာပဲ။

အဘွားချင်းဘေးမှာ ရပ်နေသည့် ချင်းရှင်းကျစ်တို့ အုပ်စုလည်း အလကားနေရင်း ကျည်ဆံလာမှန်သလို ခံစားလိုက်ရသည်။

စူစူလေးက ချင်းယုကျီး၏ ခေါင်းကို ပုတ်ပေးရင်း မေးလိုက်သည်။ “လက်ဆောင်ကို သဘောကျရဲ့လား တူလေး”

လက်ဆောင်အစစ်အမှန်ဖြစ်သည့် ငါးကြီးကို ချင်းယုကျီး သဘောကျပါသည်။ သို့သော် နောက်တစ်ခါဆိုရင်တော့ ဒီလို အထိတ်တလန့် မဖြစ်ချင်ပေ။

သူ့နှလုံးသားလေးက အလွန်နူးညံ့ပါသည်။

“ကြိုက်တယ် ကြိုက်တယ် အရမ်းကြိုက်တယ်!”။ ချင်းယုကျီး ပြန်ဖြေလိုက်ပါသည်။

စိတ်ထဲမှာ ဘာတွေပဲတွေးတွေး သူ့ပါးစပ်မှ ကြိုက်သည်ဟူသည့် စကားလုံးသာ ထွက်လာပါသည်။

သူ့ဒေါ်လေး သေချာ စီစဉ်ပေးထားတဲ့ လက်ဆောင်ပဲဥစ္စာ! မကြိုက်ဘူး ပြောလိုက်လို့ သူ့ကို နောက်ပိုင်း လက်ဆောင်တွေ ထပ်မပေးတော့ရင် ဘယ်လိုလုပ်မလဲ!

ထို့ကြောင့် သူ့ကို အထိတ်တလန့်ဖြစ်အောင် လုပ်ခဲ့ရင်တောင် သဘောကျသည်ဟု ပြောမှဖြစ်ပါမည်။

ချင်းယုကျီး၏ ကျိုးကျိုးနွံနွံ အမူအရာကိုမြင်ပြီး ချင်းယုကျိုးနဲ့ ချင်းယုဟွမ်တို့ ထပ်ပြီး ရယ်မောလိုက်ကြပါသည်။ ချင်းယုကျီးလည်း သူတို့နှစ်ယောက်ကို မျက်စောင်းထိုးရုံသာ တတ်နိုင်တော့သည်။

ရယ်ထားကြဦးပေါ့ကွာ! မင်းတို့အလှည့်ရောက်မှ မင်းတို့ထက် အသံ ပိုကျယ်အောင် ရယ်ပြမယ်!

အတန်ကြာအောင် ရယ်မောပြီးနောက် ချင်းယုကျီးကို လှောင်ပြောင်သရော်ထားသည့် ချင်းယုဟွမ်ကလည်း သူ ပြင်ဆင်ထားသည့် လက်ဆောင်ကို ထုတ်ပေးလိုက်ပါသည်။

“ဒီမှာ မင်းလိုချင်နေတဲ့ PS5 ။ မင်းအတွက် ဝယ်ပေးထားတာ။ ပြီးတော့ ဒီဂိမ်းခွေတွေလည်းပါတယ်။ အဲ့တာတွေက ငါတန်ဖိုးထားပြီး စုစည်းထားတဲ့ ဂိမ်းခွေတွေနော်”။ ချင်းယုဟွမ်က ဆိုသည်။

ရယ်မောလှောင်ပြောင်နေသော်လည်း ညီအစ်ကိုက ညီအစ်ကိုပဲဖြစ်သည်။

“တကယ်ကြီးလား”။ ချင်းယုဟွမ်ကို ချင်းယုကျီး အံ့အားသင့်စွာ ကြည့်လိုက်ပါသည်။

“အရမ်းတွေ ကြည်နူးပြမနေနဲ့! ခုတလော မင်းလိမ္မာနေလို့၊ ပြီးတော့ စာမေးပွဲလည်း ပြီးသွားပြီဆိုတော့ ဝယ်ပေးထားတာ”။ ချင်းယုဟွမ်က ပြောလိုက်ပါသည်။

“အစ်ကိုလတ် မင်းငါ့ကို တကယ်ဂရုစိုက်တာပဲ!!”

ချင်းယုကျီးက ချင်းယုဟွမ်ကို ပြေးဖက်ဖို့ ကြိုးစားသော်လည်း ချင်းယုဟွမ်က အမြန်ရှောင်လိုက်ပါသည်။

ရှောင်လိုက်သည့်အပြင် ချင်းယုဟွမ်က စူစူလေးကိုပါ လှည့်ဖက်လိုက်သေးသည်။

“မင်းလို ယောက်ျားရင့်မာကြီးနဲ့ ဖက်ရမှာ ကြောင်တောင်တောင်နိုင်တယ်။ ငါ့ဒေါ်လေးနဲ့ပဲ ဖက်တော့မယ်!”

တောင့်တောင့်တင်းတင်းနဲ့ အကြမ်းပတမ်း ညီကိုဖက်ရမှာထက် နူးနူးညံ့ညံ့နဲ့ ချစ်ဖို့ကောင်းတဲ့ ဒေါ်လေးကိုပဲ ဖက်မှာပေါ့!

လက်ထဲက ဂိမ်းခွေတွေကို ကျေကျေနပ်နပ်ကြီးကြည့်လိုက်ပြီး သူ့အစ်ကိုလတ်ကို မနှောင့်ယှက်တော့ဖို့ ချင်းယုကျီး ဆုံးဖြတ်လိုက်ပါသည်။

ထိုစဉ် ချင်းယုဟွိုင်းကလည်း သူ့ညီကို ကတ်တစ်ကတ် ပေးလိုက်ပါသည်။ “Password က မင်းမွေးနေ့။ အကန့်အသတ် ရှိတယ်ဆိုပေမယ့် မင်းသုံးဖို့ လုံလောက်မှာပါ”

အစ်ကိုကြီးက သူ့ကို တကယ်ကြီး ကတ်တစ်ကတ် လာပေးနေတာပဲ! အရင်က သူ့ကို ဖုန်းထဲမှာတောင် Block ထားပြီး ငွေသုံးခွင့်ပါ ပိတ်ပင်ထားတဲ့ အစ်ကိုကြီးက သူ့ကို ငွေသုံးဖို့ ကတ်တစ်ကတ် လာပေးနေတာပဲ!!

ထို့နောက် တခြားမိသားစုဝင်တွေလည်း တစ်ယောက်ပြီးတစ်ယောက် လက်ဆောင်တွေ ထုတ်ပေးကြပါသည်။

အဖေနဲ့အမေ၊ အဘိုးနဲ့အဘွား၊ ဝမ်းကွဲညီအစ်ကိုတွေ အားလုံး ချင်းယုကျီးအတွက် လက်ဆောင်တွေ ပြင်ဆင်ပေးထားကြသည်။

“ဒီလောက်ကြီး ဂရုစိုက်ခံရတာ မနေတတ်တော့ဘူးကွာ!”။ ချင်းယုကျီး မျက်လုံးများ နီမြန်းသွားပြီး ပြောလိုက်ပါသည်။

ကောလိပ်ဝင်ခွင့် စာမေးပွဲကြီးကို သူဝင်ရောက်ဖြေဆိုခဲ့သဖြင့် အားလုံးက လက်ဆောင်တွေ ဝိုင်းပေးနေကြသည်။ သူတကယ် မနေတတ်တော့ပါ။

မျက်ရည်ဝဲလုနီးပါးဖြစ်နေသည့် ချင်းယုကျီး၏ မျက်နှာကို မြင်ပြီး ချင်းယုဟွိုင်းက ဝင်ရှင်းပြလိုက်ပါသည်။ “စူစူလေးက မင်းအတွက် လက်ဆောင်စီစဉ်ပေးထားတယ်ဆိုလို့ ငါတို့လည်း မကောင်းတတ်လို့ စီစဉ်ပေးလိုက်ရတာ”

“အမ်…”။ ချင်းယုကျီး ကြက်သေသေသွား၏။

သူကြည်နူးနေတာတွေ အကုန်လုံး အလကားဖြစ်သွားပြီပေါ့!

… … …

All Chapters