အခန်း (၅၁၁+၅၁၂)
Vol. 21 Ch. 511+512
အခန်း(၅၁၁) ချင်းမိသားစုဝင်တွေရဲ့ အောင်မြင်မှုကို အစီရင်ခံခြင်း (၁)
မကြာသေးခင်ကမှ ရင်ထဲ နွေးထွေးသွားသည့် ချင်းယုကျီးတစ်ယောက် ချက်ချင်းဆိုသလို ရင်ထဲ အေးခဲသွားလေသည်။
“ဟုတ်ပါပြီ တော်ကြပါတော့ သူ့ကို မစပါနဲ့တော့”။ အဘွားချင်းက ရယ်မောရင်း ပြောလိုက်ပါသည်။ “နင့်အစ်ကိုကြီး ပြောတာကို မယုံနဲ့ ယုကျီး။ သက်သက်မဲ့နောက်နေတာ။ စူစူလေးက လက်ဆောင်ပေးဖို့ ပထမဆုံး စဉ်းစားခဲ့တာ မှန်ပေမယ့် အားလုံးက နင့်အတွက် တကယ် ဝမ်းသာနေကြတာပါ”
စူစူလေးလည်း ခေါင်းငြိမ့်ကာ ထောက်ခံလိုက်ပါသည်။ “ဟုတ်တယ် ဟုတ်တယ်! တူလေးကို အားလုံး သဘောကျကြတယ်။ တူလေးက ချစ်ဖို့ကောင်းပါတယ်။ တူကြီးက တူလေးကို စနေတာ!”
“ဟုတ်တယ် နောက်နေတာ”။ ချင်းယုဟွိုင်းလည်း ဝန်ခံလိုက်လေသည်။
ချင်းယုကျီး “…”
အစ်ကိုကြီး… မင်းရုပ်တည်ကြီးနဲ့ နောက်နေတယ်လို့ ဘယ်လိုမှ ထင်ချင်စရာအကြောင်း မရှိဘူး! မင်းမျက်နှာက နောက်ဖို့အတွက် မသင့်တော်တာကော နားလည်ရဲ့လား! အဲ့ပုံစံအတိုင်းသာဆို မင်းဘယ်တော့မှ ကောင်မလေး ရမှာ မဟုတ်ဘူး!
အဘိုးချင်းက အားလုံးကို ပြောလိုက်ပါသည်။ “ကဲကဲ အထဲဝင်ပြီး စကားအေးဆေး ထိုင်ပြောကြစို့။ ဒီနေ့ ယုချဲက တစ်နေကုန် အပင်ပန်းခံပြီး အားလုံးအတွက် အရသာရှိတဲ့ အစားအသောက်တွေ အများကြီး ချက်ပြုတ်ပေးထားတာ”
အဘိုးချင်းနဲ့အတူတူ အားလုံး Private ခန်းထဲ ပြန်ဝင်လာခဲ့ကြပါသည်။
စားချင်စဖွယ် အစားအသောက်များဖြင့် ပြည့်နှက်နေသော စားပွဲတစ်လုံးဘေးမှာ မိသားစုဝင်တွေ အားလုံးကို မြင်လိုက်ရသောအခါ ချင်းယုကျီးရင်ထဲ အရာရာပြည့်စုံသွားသလို ခံစားလိုက်ရသည်။
ကိုယ့်နေရာကိုယ် ထိုင်လိုက်ကြပြီးနောက် ချင်းယုကျီး၏ ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြီးဆုံးသွားသည့် အထိန်းအမှတ် အနေဖြင့် အားလုံး ခွက်ချင်းတိုက်ကာ အောင်ပွဲခံခဲ့ကြပါသည်။
နွားနို့သောက်ရသည့် စူစူလေးကလွဲပြီး တခြားသူတွေအားလုံး ဝိုင်တွေ၊ ဘီယာတွေ သောက်ခဲ့ကြပါသည်။
ဗိုက်ထဲ အစားအသောက်များ၊ ဝိုင်များဖြင့် ပြည့်နှက်သွားသောအခါ ချင်းရှင်းကျစ်က အဘိုးချင်းနဲ့ အဘွားချင်းတို့ကို လတ်တလော ကုမ္ပဏီ အခြေအနေတွေအကြောင်း အစီရင်ခံ တင်ပြလိုက်ပါသည်။
“အဖေနဲ့ အမေ။ ကုမ္ပဏီက ခုတလော အရမ်း အဆင်ပြေနေတယ်။ အရင်တစ်ခေါက်က ပြဿနာ ပြေလည်သွားရုံတင် မကဘူး နိုင်ငံခြားက အော်ဒါတွေ အများကြီးပါ ရလိုက်တယ်။ ဒီတစ်သုတ် ရောင်းအားက အရင်တစ်သုတ် ရောင်းအားထက် ၆၀ ရာခိုင်နှုန်းလောက် ပိုမြင့်တယ်။ ပြီးတော့ ကုန်ကျစရိတ်လည်း ၃၀ ရာခိုင်နှုန်းလောက် လျှော့ချနိုင်ခဲ့တယ်။ အဲ့တာကြောင့် အရင်တစ်သုတ်ထက် အသားတင်အမြတ် ၁၀၀ ရာခိုင်နှုန်းနီးပါး ရခဲ့တယ်!”
အဘိုးချင်းနဲ့ အဘွားချင်းတို့ ပြန်မလာခင်တုန်းက ကုမ္ပဏီအခြေအနေမှာ တဖြည်းဖြည်း ယုတ်သထက် ယုတ်လျော့နေခဲ့သည်ဟု ဆိုနိုင်သည်။ ထိုအချိန်တုန်းက အော်ဒါတွေအတွက် စာချုပ်စာတမ်းကိစ္စ ဆွေးနွေးရန် ချင်းရှင်းကျစ်နဲ့ ဝမ်ချင်းတို့ ခရီးတွေ အများကြီး ထွက်ခဲ့ရသည်။
ယခုဆို ချင်းရှင်းကျစ်တစ်ယောက် အိမ်အပြင်တောင် ထွက်ဖို့ မလိုတော့ပါ။ အော်ဒါတွေက ပြည့်လျှံပြီး လက်မခံနိုင်တော့လောက်သည့်အထိ အလိုလို ရောက်ရှိလာခဲ့ပါသည်။
“ကောင်းတာပေါ့။ ဆက်ကြိုးစားကြ။ အခြေအနေတွေ တိုးတက်လာတာ ကောင်းပေမယ့် လုပ်ငန်းကို ဖြေးဖြေးနဲ့ မှန်မှန်ပဲ တိုးချဲ့ကြနော်။ အရမ်းကြီး စိတ်မလောနဲ့”။ အဘိုးချင်းက ဆုံးမလိုက်ပါသည်။
“ကျွန်တော်သိပါတယ် အဖေရဲ့။ စိတ်မပူနဲ့။ ကျွန်တော် တစ်ဆင့်ချင်းပဲ သွားမှာ။ အော်ဒါ အရေအတွက် တိုးမြင့်လာတာနဲ့ပဲ ကျွန်တော်တို့ ထုတ်ကုန်တွေရဲ့ အရည်အသွေး လျော့ကျမသွားစေရဘူး”။ ချင်းရှင်းကျစ်က အာမခံလိုက်ပါသည်။
အဘိုးချင်းက ခေါင်းငြိမ့်လိုက်ပြီး ချင်းယုဟွိုင်း၏ ဟိုတည်လုပ်ငန်းအကြောင်း မေးမြန်းကြည့်လိုက်သည်။ “ယုဟွိုင်း၊ ဟိုတည်ရဲ့ အခြေအနေ ဘယ်လိုရှိလဲ’
“ကောင်းပါတယ်။ မြို့ပြင်ကလာတဲ့လူတွေ တော်တော်များများက ကျွန်တော်တို့ ဟိုတည်ကိုပဲ ရွေးချယ်ကြတယ်”။ ချင်းယုဟွိုင်းက ပြန်ဖြေလိုက်ပါသည်။
စူစူလေး ခွေးကြီးစီးလာသည့် ကိစ္စဖြစ်ပြီးကတည်းက သူတို့ ဟိုတည် နာမည်ပိုကြီးသွားခဲ့တာဖြစ်သည်။
အဘိုးချင်းက ခေါင်းငြိမ့်လိုက်ပါသည်။ “နောက်ပိုင်း လုပ်ငန်းတိုးချဲ့ဖို့ကော အစီအစဉ်ရှိသေးလား”
“အိမ်နီးချင်း မြို့တစ်မြို့မှာ အရွယ်အစားတူတဲ့ ဟိုတည်တစ်လုံးလောက် ထပ်ဖွင့်မလားလို့”။ ချင်းယုဟွိုင်းက ဟိုတည်လုပ်ငန်းကို တိုးချဲ့မည့်အကြောင်း ပြောလိုက်ပါသည်။
“ဟင် နေရာသစ်မှာ ထပ်ဖွင့်ဖို့ အစီအစဉ်ရှိတယ်ပေါ့။ မင်းယုံကြည်ချက်ရှိရဲ့လား”။ အဘိုးချင်း မေးလိုက်သည်။
“ရှိပါတယ်”။ ချင်းယုဟွိုင်းကလည်း သေချာစွာ ပြန်ဖြေလိုက်ပါသည်။ သူသာ ယုံကြည်ချက်မရှိလျှင် ဒီလို အလွယ်တကူ တိုးချဲ့ရဲမှာ မဟုတ်ပေ။
ဒါ သူ့အဘိုး သင်ပေးထားသည့်အရာဖြစ်သည်။ အမြဲတမ်း စေ့စေ့စပ်စပ်လုပ်ဆောင်ပြီး ခြေတစ်လှမ်းချင်း လှမ်းဖို့ဖြစ်သည်။
“ကောင်းပါတယ်”။ အဘိုးချင်းက ဘာမှထပ်မမေးတော့ပါ။ သူ့မြေး၏ ဆုံးဖြတ်ချက်ကို ယုံကြည်ပါသည်။
“မင်းကော ယုချဲ။ အလုပ်တွေ များနေသေးလား။ စားသောက်ဆိုင်က ကတ်စတမ်မာတွေ များနေတုန်းပဲလား”။ အဘိုးချင်းက ချင်းယုချဲဘက်သို့ လှည့်ကာ မေးလိုက်လေသည်။
… … …
အခန်း(၅၁၂) ချင်းမိသားစုဝင်တွေရဲ့ အောင်မြင်မှုကို အစီရင်ခံခြင်း (၂)
“များပါတယ်”။ ချင်းယုချဲက အရင်လိုပဲ တိုတိုတုတ်တုတ် ပြန်ဖြေလိုက်သည်။
ခေတ္တစဉ်းစားပြီးနောက် သူ့အဖြေက ဂရုမစိုက်သည့်ပုံစံပေါက်နေမှန်း နားလည်သွားပုံရပြီး ထပ်ပြောလိုက်သည်။ “စားဖိုမှူးအသစ်တွေ၊ ဝန်ထမ်းအသစ်တွေ အလုပ်ခန့်ထားတယ်။ ပြီးတော့ တစ်နေ့ကို ဘွတ်ကင် နည်းနည်းပဲ လက်ခံတာမို့ စီမံနိုင်ပါတယ်”
ချင်းယုချဲ၏ စားသောက်ဆိုင်က အလွန် နာမည်ကြီးနေဆဲဖြစ်သည်။ အစက စူစူလေးမွှေခဲ့သည့် ကိစ္စကြောင့် နာမည်ရခဲ့တာဖြစ်သော်လည်း အခု စားသောက်ဆိုင်၏ အရအသာကောင်းမှုကြောင့် ဆက်ပြီး နာမည်ကြီးနေတာဖြစ်သည်။
အဘိုးချင်းက စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လိုက်ပါသည်။
“ယုကျိုးကကော။ ဒရမ်မာအသစ် ရိုက်ကူးရေးအခြေအနေ ဘယ်လိုရှိလဲ”။ ချင်းယုကျိုးဘက်သို့ လှည့်ကာ အဘိုးချင်း မေးလိုက်သည်။
“ကျွန်တော် ကောင်းကောင်းလုပ်နိုင်ခဲ့တယ်လို့ ထင်တာပဲ ဒါပေမယ့် အတပ်ပြောဖို့တော့ ခက်တယ်… ထုတ်လွှင့်တဲ့အခါကျရင် ပရိတ်သတ်က ကြိုက်ပါ့မလား မသိဘူး…”
ချင်းယုကျိုးက တခြားသူတွေလောက် ယုံကြည်ချက် ရှိပုံ မပေါ်ပါ။ သူ့လုပ်ငန်းမှာ ကောင်းခြင်း ဆိုးခြင်းကို သူကိုယ်တိုင် ဆုံးဖြတ်လို့မရပါ။ ပရိတ်သတ်က ဆုံးဖြတ်ပေးရမှာဖြစ်သည်။
“မင်းအပေါ် မင်းပရိတ်သတ်တွေ မျှော်လင့်ထားတဲ့အတိုင်း အကောင်းဆုံး ကြိုးစားခဲ့ရင် အဆင်ပြေမှာပါ။ စူပါစတား တစ်ယောက်ဆိုပြီး မာန်မတက်နဲ့။ ဘဝကို မမေ့နဲ့။ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတာတွေကို မမေ့နဲ့”။ အဘိုးချင်းက ဆုံးမလိုက်ပါသည်။
“ဟုတ်ကဲ့ပါ အဘိုး။ စိတ်ချပါ။ အဘိုးနဲ့ အဘွားတို့ သင်ပေးထားတာတွေကို မမေ့ပါဘူး။ ကျွန်တော် ပိုက်ဆံ ဘယ်လောက်ပဲ ရရ အလုပ်တစ်ခုကို လက်ခံလိုက်ပြီဆိုတာနဲ့ အကောင်းဆုံးပဲ ကြိုးစားတယ်!”။ ချင်းယုကျိုး ကတိပေးလိုက်ပါသည်။
“ကောင်းပါတယ်။ မင်းအကောင်းဆုံး ကြိုးစားခဲ့ရင် ဒရမ်မာက လူကြိုက်မများခဲ့ရင်တောင် ဘာမှ ဝမ်းနည်းစရာ မလိုဘူး။ မင်းမိသားစုဖြစ်တဲ့ ငါတို့က အမြဲတမ်း မင်းပရိတ်သတ်တွေအဖြစ် အားပေးနေမှာ”
“ကျေးဇူးတင်ပါတယ် အဘိုး!”။ ချင်းယုကျိုးက အဘိုးဖြစ်သူနဲ့ မိသားစုဝင်တွေအားလုံးကို ကြည့်ရင်း ရင်ထဲ နွေးထွေးသွားခဲ့ပါသည်။
နောက်ဆုံးတော့ ချင်းယုဟွမ်အလှည့်ကို ရောက်လာလေပြီ။
အဘိုးဖြစ်သူ မေးနေမှာကို စောင့်မနေဘဲ ချင်းယုဟွမ်က အစီရင်ခံလိုက်ပါသည်။ “အဘိုး ဘာမှ စိတ်မပူနဲ့။ ကျွန်တော်လည်း အရမ်း အဆင်ပြေနေတယ်! အလုပ်တွေအကုန်လုံး ချောချောမွေ့မွေ့ရှိနေတယ်! ချောမွေ့နေလွန်းလို့ ကိုယ့်ဘဝကိုယ်တောင် သံသယဖြစ်လာပြီ။ အရင်တစ်ခေါက်က အဲ့ဒီနည်းပညာပြဿနာကို အစ်မမူရှင်း ဖြေရှင်းပေးပြီးကတည်းက အခြေအနေတွေ တိုးတက်လာလိုက်တာဆိုတာ ကျွန်တော် အိပ်မက်မက်နေတဲ့အတိုင်းပဲ သိလား။ ကျွန်တော် ဂိမ်းဖန်တီးလာတဲ့ နှစ်ပေါင်းများစွာအတွင်း ဒီလောက် ချောချောမွေ့မွေ့ ရှိဖူးတာ ဒါပထမဆုံး အကြိမ်ပဲသိလား…”
“အေးပါ အေးပါ သိပါပြီ။ တော်ပါတော့။ ငါနားလည်ပါပြီ”။ အဘိုးချင်းက ချင်းယုဟွမ်၏ ပါးစပ်ကို အမြန်ပိတ်လိုက်ပါသည်။
မိသားစုဝင်တွေအားလုံး အဆင်ပြေနေကြောင်း သိလိုက်ရပြီးသောအခါ အဘိုးချင်းတို့လင်မယား စိတ်ကျေနပ််သွားခဲ့ပါသည်။
ထိုစဉ် စူစူလေးက ရုတ်တရက် နို့ဘူးကို မြှောက်လိုက်ပြီး အော်လိုက်ပါသည်။ “အားလုံး ကြိုးစားကြ! ပျော်ပျော်နေကြ! ငါ့တူလေးတွေအားလုံး အရမ်းတော်တယ်!”
မိသားစုဝင်တွေ အားလုံး ခေတ္တကြက်သေသေသွားပြီး ရယ်မောလိုက်ကြကာ ဖန်ခွက်များကို ကိုင်မြှောက်လျက် စူစူလေး၏ နို့ဘူးလေးနဲ့ ခွက်ချင်းတိုက်လိုက်ကြသည်။
ချင်းယုချဲ: “အင်း”
ချင်းယုကျိုး: “ဟုတ်ပြီကွ! စူစူလေးကို အတုယူပြီး အားလုံး ကြိုးစားကြရအောင်!”
ချင်းယုကျီး: “ဒေါ်လေးက အတော်ဆုံးပဲ!”
ချင်းယုဟွမ်: “ငါတို့ဒေါ်လေးအတွက် အရင်သောက်မယ်ကွ!”
ချင်းယုဟွိုင်း: “အများကြီးမသောက်နဲ့ စူစူလေး။ ညဘက် အိပ်ရာထဲ သေးပေါက်ချမိလိမ့်မယ်”
“ငါအိပ်ရာထဲ သေးပေါက်မချတော့ဘူးဟဲ့!”။ စူစူလေးက ခါးထောက်လျက် ပြောလိုက်ပါသည်။
စူစူလေးကို သေးပေါက်ချသည်ဟု ပြောမိသည့် ချင်းယုဟွိုင်းအား မိသားစုဝင်တွေအားလုံး မျက်စောင်းထိုးလာကြသည်။
“စကားမှားသွားပါတယ်။ ၃ခွက်သောက်ပြီး တောင်းပန်ပါ့မယ်”။ ချင်းယုဟွိုင်းက အားလုံးစိတ်ကျေနပ်အောင် ပြန်တောင်းပန်ဖို့ ဆုံးဖြတ်လိုက်ပါသည်။
အခြေအနေကို အခွင့်ကောင်းယူပြီး ချင်းယုဟွမ်နဲ့ ချင်းယုကျီးတို့က ချင်းယုဟွိုင်းသောက်ဖို့အတွက် အပြင်းဆုံး ဝိုင်တွေကို ရောစပ်ပေးလိုက်ပါသည်။
သူ့ညီတွေ မကောင်းကြံနေမှန်းသိသောာ်လည်း ချင်းယုဟွိုင်း အကုန်လုံးကို သောက်ခဲ့ပါသည်။
ညစာစားပွဲပြီးသောအခါ ချင်းယုဟွိုင်း အမူးလွန်နေပြီး လမ်းတောင် ဖြောင့်အောင် မလျှောက်နိုင်တော့ပေ။
အမြင်တွေ ဝေဝါးနေစဉ် သူ့ရှေ့မှာ စန်းကျစ်ကို မြင်လိုက်ရသည်။
သူ့ကို လက်တစ်စုံက ပွေ့ဖက်လာပြီး တစ်ချိန်က ခံစားခဲ့ရဖူးသည့် နူးညံ့မှုတို့ကိုလည်း ပြန်ခံစားမိလာခဲ့သည်။
… … …