← Chapters

အခန်း (၅၁၃+၅၁၄)

Vol. 21 Ch. 513+514

အခန်း (၅၁၃+၅၁၄)

Vol. 21 Ch. 513+514

အခန်း(၅၁၃) လူမှားသွားလို့ပါ (၁)

“ရှောင်းကျစ်…”။ သူ့ရှေ့က ကောင်မလေးရဲ့ ပါးလေးကို ချင်းယုဟွိုင်း ကိုင်ကြည့်လိုက်သည်။ “မင်းအရမ်းလှတာပဲ”

စန်းကျစ်က စိတ်မဆိုးဘဲ သူ့ကို နူးနူးညံ့ညံ့ ပြုံးပြလိုက်ပါသည်။

ထိုအပြုံးက ချင်းယုဟွိုင်း၏ နှလုံးသားကို လာရောက်ရိုက်ခတ်မိပြီး ရင်ခုန်သံတွေ ပိုမြန်ဆန်လာခဲ့သည်။

“ရှောင်းကျစ်… မင်းပြုံးရင်… အရမ်းလှတာပဲ…”။ သူ့နှလုံးသားထဲ့က စကားတွေကို ချင်းယုဟွိုင်း တဖွဖွ ထုတ်ပြောနေမိသည်။

သူမ ဆွဲဆောင်မှုရှိမှန်း ချင်းယုဟွိုင်းအမြဲတမ်း သိနေခဲ့သည်။ ထို ကိုင်းနက်မျက်မှန်နောက်မှာ အလွန်လှပသည့် မျက်နှာလေးတစ်ခု ရှိနေမှန်း သူသိသည်။

သူမက နူးညံ့သိမ်မွေ့ပြီး သတ္တိလည်းရှိပါသည်။

လူကြောက်တတ်သည့် စိတ်ရှိသော်လည်း တခြားသူတွေ အန္တရာယ်နဲ့ ကြုံလာရချိန်မှာ တွန့်ဆုတ်မှုမရှိဘဲ ကူညီပေးဝံ့သည်။

သူချစ်ရသည့် စန်းကျစ်ကို ပွေ့ဖက်ထားရသည်ဟု ချင်းယုဟွိုင်းထင်နေမိသည်။

သို့သော်လည်း အားလုံးက အမူးလွန်ပြီး ထင်ယောင်ထင်မှားဖြစ်နေခြင်းသာာ။

သူ့ကို တကယ် တွဲပေးထားသည့်လူက သူ့ညီအရင်း ချင်းယုဟွမ်ဖြစ်ပါသည်။

ချင်းယုဟွိုင်း အရက်မူးသွားပြီးနောက် ညီ ၂ ယောက်ဖြစ်သော ချင်းယုဟွမ်နဲ့ ချင်းယုကျီးတို့က သူ့ကို အပေါ်ထပ်မှာ အနားယူဖို့ လိုက်ပို့ပေးခဲ့ရသည်။

အခန်းထဲရှိ ကုတင်ပေါ်ရောက်အောင် တင်ပေးပြီးနောက် ချင်းယုဟွိုင်းက ချင်းယုဟွမ်၏ မျက်နှာကို ပွတ်သပ်နေလေသည်။

သူ့အထိအတွေ့များက နူးညံ့ပြီး အကြည့်တွေမှာလည်း ကြည်နာမှုများဖြင့် ပြည့်နှက်နေသည်။

ချင်းယုဟွမ် ကြက်သေသေသွားပြီး သူ့ညီယုကျီးကို အကူအညီ လှမ်းတောင်းလိုက်ရပါသည်။ “ယုကျီး ဘာတွေ ဖြစ်နေတာလဲ။ အစ်ကိုကြီးက တည်တည်တံ့တံ့နေရင် အရမ်းကြောက်ဖို့ကောင်းတယ်ဆိုပေမယ့် ငါ့မျက်နှာကို ဒီလိုတွေ လာပွတ်သပ်ပြီး ပြုံးပြနေတာ ပိုတောင် ကြောက်ဖို့ကောင်းသေးတယ်!”

ချင်းယုကျီးတစ်ယောက် အူတက်အောင် ရယ်မောနေလေသည်။ “အစ်ကိုကြီးပြောတဲ့ ‘ရှောင်းကျစ်’ဆိုတာ ဘယ်သူလဲ မင်းသိလား”

“ဘယ်သူလဲ”

“မင်းပြောတဲ့ အစ်မမူရှင်းဆိုတာလေ!”

“ဪ သူကိုး…”။ ချင်းယုဟွမ် ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် ခေတ္တကြောင်စီစီဖြစ်သွားကာ ပြောလိုက်သည်။ “နေပါဦး! အစ်မ မူရှင်းက မိန်းကလေးလေ! အစ်ကိုကြီးက ပြုံးပြီး ငါ့မျက်နှာကို လာပွတ်သပ်နေတာဆိုတော့… ဧကန္တ…! ငါတို့အစ်ကိုကြီး အချစ်နာကျနေတာလား!”

“ဟားဟားဟားဟား… ဟုတ်တယ် ဟုတ်တယ်! ဒီအခိုက်အတန့်ကို မှတ်တမ်းတင်ထားရမယ် ငါဗီဒီယို ရိုက်ထားမှ ဖြစ်မယ်!”

ချင်းယုကျီး ရယ်ရယ်မောမောနဲ့ ဖုန်းထုတ်ကာ ဗီဒီယို ရိုက်ဖို့ ပြင်လိုက်ပါသည်။

ဒီနေ့ အရှက်ကွဲတဲ့လူက သူတစ်ယောက်တည်းမဟုတ်ဘူးပဲ! မြွေရုပ်ကို ကြောက်တာ ဘာထူးဆန်းလို့လဲ! သူ့အစ်ကိုကြီးရဲ့ အဖြစ်ကျမှ တကယ်ဆန်းတာ!

“ဟုတ်တယ်! မြန်မြန်ရိုက်လိုက်! ပြီးရင် ငါ့ဆီလည်း ပို့ပေးဦး။ ငါပိုက်ဆံလိုရင် အစ်ကိုကြီးကို ခြိမ်းခြောက်ပြီး ငွေညှစ်လို့ရတယ်!” ချင်းယုဟွမ်ကလည်း ထောက်ခံလိုက်ပါသည်။

အစ်ကိုဖြစ်သူကို အကွက်ချကြံစည်ဖို့အတွက် ညီ ၂ ယောက် ပူးပေါင်းလိုက်ကြလေသည်။

“ငါ့မျက်နှာကြီး မပါစေနဲ့နော်။ အစ်ကိုကြီးရဲ့ အဖြစ်ကိုပဲ ပါအောင်ရိုက်!”။ ချင်းယုဟွမ်က သတိပေးလိုက်ပါသည်။

“အေးပါကွ စိတ်မပူစမ်းပါနဲ့”။ ချင်းယုကျီး ယုံကြည်ချက်အပြည့်ဖြင့် ပြန်ပြောလိုက်သည်။

ချင်းယုဟွိုင်းက မူးနေဆဲဖြစ်ပြီး သူ့ကိုချော့သိပ်နေသည့်လူအား စန်းကျစ်ဟု ထင်နေဆဲဖြစ်သည်။

ရှားရှားပါးပါး နူးညံ့သိမ်မွေ့နေသည့် သူ့အစ်ကိုကြီးကို ကြည့်ကာ ချင်းယုဟွမ် ရယ်ချင်စိတ်ကို ထိန်းထားရပါသည်။

၅ မိနစ်ခန့်ကြာပြီးနောက် ဗီဒီယိုမှတ်တမ်းအတွက် လုံလောက်သွားပြီဖြစ်သဖြင့် ချင်းယုဟွမ် ထွက်သွားဖို့ ပြင်လိုက်ပါသည်။

သို့သော် ချင်းယုဟွမ် ထွက်သွားဖို့ ပြင်လိုက်တာနဲ့တစ်ပြိုင်နက် ချင်းယုဟွိုင်းက သူ့ကို ပြန်ဆွဲခေါ်လိုက်သည်။

ချင်းယုဟွမ်တစ်ယောက် ကုတင်ပေါ် ပြန်ပြုတ်ကျသွားပါသည်။

“ရှောင်းကျစ်… မသွားပါနဲ့။ ကိုယ်နဲ့ နေပါ”။ ချင်းယုဟွိုင်း နူးညံ့စွာ ပြောလိုက်ပါသည်။

“မ… မဟုတ်ဘူးလေ…”။ ချင်းယုဟွမ် မရယ်နိုင်တော့ပါ။

အစ်ကိုကြီးက သူ့ကို ဘာလို့ သွားခွင့်မပေးတာလဲ။

ချင်းယုဟွိုင်း၏ လက်မှ လွတ်အောင် ချင်းယုဟွမ် ရုန်းကန်ခဲ့သော်လည်း ခြေ ၂ လှမ်းလောက်သာ လှမ်းလိုက်ရပြီး ကုတင်ပေါ် ပြန်ဆွဲခေါ်ခံလိုက်ရသည်။

ချင်းယုဟွမ်က အိမ်တွင်းအောင်းဖြစ်သဖြင့် ညီအစ်ကိုတွေအားလုံးထဲမှာ ရုပ်ပိုင်းဆိုင်ရာ ခွန်အားအနည်းဆုံးဖြစ်သည်။

ချင်းယုဟွိုင်းက အမြဲတမ်းလိုလို ရုံးခန်းထိုင်နေရသူဖြစ်သော်လည်း လေ့ကျင့်ခန်းတော့ ပုံမှန်လုပ်ပါသည်။

ချင်းယုဟွိုင်းက စန်းကျစ်လောက် မသန်မာပါ။ စူစူလေးလောက် သန်မာဖို့ဆို ပိုဝေးသည်။ သို့သော် ချင်းယုဟွမ်ထက်တော့ ကျိန်းသေ ပိုသန်မာပါသည်။

“ရှောင်းကျစ်…”။ ချင်းယုဟွိုင်း ကုတင်ပေါ်မှာ လှဲလျောင်းလျက် ဘေးနားက လူကို ငေးကြည့်လိုက်သည်။

… … …

အခန်း(၅၁၄) လူမှားသွားလို့ပါ (၂)

ချင်းယုဟွိုင်း၏ ဒီလို ကြင်ကြင်နာနာအကြည့်မျိုးကို ချင်းယုဟွမ် တစ်ခါမှ မမြင်ဖူးပါ။

သို့သော် ချင်းယုဟွမ် ကြက်သီးမွေးညှင်းတွေ ထသွားပါသည်။

ကြောက်ဖို့ကောင်းလိုက်တာ! အစ်ကိုကြီးက ကြောက်ဖို့ကောင်းလိုက်တာ! ပုံမှန်ဆို ရေခဲတုံးလို အေးတိအေးစက်နိုင်တဲ့လူမျိုးကို ဒီလိုပုံစံနဲ့ မြင်လိုက်ရတာ ကြောက်ဖို့ အကောင်းဆုံးပဲ!

“ယုကျီး ငါ့ကိုကယ်ပါဦး! တစ်ခုခု အမြန်စဉ်းစားပါဦး!”။ ချင်းယုကျီးကို ချင်းယုဟွမ် အကူအညီ အမြန်လှမ်းတောင်းလိုက်လေသည်။

“ဟားဟားဟား! ဟာားဟားဟားဟား!”။ ချင်းယုကျီးကတော့ ရယ်လို့ ကောင်းနေဆဲပင်။

“ရယ်မနေနဲ့တော့ဟ! ဒါအရေးကြီးနဲ့ ကိစ္စနော်!”

ချင်းယုဟွမ် အံကြိတ်မိသွားသည်။

ဒီလိုအချိန်မျိုးမှာ ဒီကောင် ဘာလို့ရယ်နေနိုင်သေးတာလဲ!

“အစ်ကိုလတ်။ အစ်ကိုကြီးကို ဗီဒီယိုနည်းနည်းလောက် ပိုရိုက်နိုင်ဖို့ နည်းနည်းလောက် အနစ်နာခံပေးစမ်းပါကွာ! ဒါဆို နောက်ပိုင်း မင်းလည်း သူ့ကို ငွေညှစ်လို့ရတာပဲ!”။ ချင်းယုကျီးက လူယုတ်မာ အပြုံးဖြင့် ပြောလိုက်သည်။

“တော်လောက်ပြီလေ! ဒီတိုင်းသာ ဆက်သွားရင် တစ်ယောက်ယောက် ဘဝပျက်သွားလိမ့်မယ်နော်! မင်းအစ်ကို ၂ ယောက်စလုံးကို ဆုံးရှုံးရမှာ မကြောက်ဘူးလား! နည်းလမ်းတစ်ခုခု အမြန်ရှာစမ်းပါ! မဟုတ်ရင် ငါ့ကို အနိုင်ကျင့်ပါတယ်လို့ စူစူလေးနဲ့ တိုင်ပြောမှာနော်!”။ ချင်းယုဟွမ်က ပြောလိုက်ပါသည်။

“မင်းတော်တော် အရှက်မရှိတာပါလား အစ်ကိုလတ်။ စူစူလေးနဲ့တောင် သွားတိုင်ဦးမယ်ပေါ့”

“အနိုင်ကျင့်ခံရလို့ လူကြီးကို သွားတိုင်တာ ဘာဖြစ်လဲကွ”

“ဘာမှတော့ မဖြစ်ပါဘူး။ ဒါပေမယ့် စူစူလေးက မင်းဘက်မှာ နေမယ်ဆိုတာ သေချာရဲ့လား။ ငါက မင်းတို့ထက်အရင် စူစူလေးနဲ့ ရင်းနှီးခဲ့တာနော်!”။ ချင်းယုကျီးက ပြန်ချေပလိုက်သည်။

“စူစူလေးက မင်းကို ‘တူလေး’လို့ပဲ ခေါ်တာ။ ငါ့ကိုကျတော့ ‘တူလိမ္မာလေး’လို့ ခေါ်တာ။ အဲ့တာနဲ့တင် မသိသာလွန်းဘူးလား။ မင်းက ဒီတိုင်း ပိုငယ်ရုံပဲရှိတာ ငါက ပိုလိမ္မာတယ်ကွ! အဲ့တာကြောင့် စူစူလေးက ငါ့ကို ပိုချစ်မှာပေါ့!”

“လခွမ်း… မင်းအဲ့လိုတော့ မပြောနဲ့လေကွာ! မင်းကကော ဘယ်တုန်းက လိမ္မာဖူးလို့လဲ”

“ငါတို့ ဒေါ်လေးကို သွားမေးကြည့်လိုက်ပေါ့!”။ ချင်းယုဟွမ်က ပြောလိုက်သည်။ “ဘာပဲဖြစ်ဖြစ် မင်းငါ့ကို အခု မကူညီဘူးဆိုရင် ငါလက်ဆောင်ပေးထားတဲ့ PS5 ဂိမ်းစက်နဲ့ ဂိမ်းခွေတွေ အကုန် ပြန်သိမ်းမှာနော်!”

“အေးပါကွာ အေးပါ။ အစ်ကိုကြီးကို ငါထိန်းထားပေးမယ် မင်းအမြန်ပြေးတော့။ ပြီးရင် တံခါးကို ပိတ်ပေးခဲ့လိုက်မယ်။ အစ်ကိုကြီး သူ့ဖာသာသူ စိတ်ကူးတွေ ယဉ်ပြီး ကျန်ခဲ့ပါလေ့စေ”။ ချင်းယုကျီး သဘောတူလိုက်ပါသည်။

“အဲ့တာဆိုလည်း မြန်မြန်လုပ်!”

ချင်းယုဟွိုင်းကို ချင်းယုကျီး ချုပ်ထားပေးလိုက်သည်။ ချင်းယုကျီးကလည်း သန်မာသူတစ်ယောက်ဖြစ်ပါသည်။ ရန်တွေ ဖြစ်ထားတာ အလကားမဟုတ်ပေ။

နောက်ဆုံးတော့ ချင်းယုဟွမ်လည်း ချင်းယုဟွိုင်း၏ မိစ္ဆာလက်များအောက်မှ လွက်မြောက်သွားခဲ့တော့သည်။

ထို့နောက် ချင်းယုကျီးနဲ့ ချင်းယုဟွမ်တို့ စီအီးအိုကြီး၏ အခန်းထဲမှ အမြန်ထွက်ပြေးကာ တံခါးကို ပိတ်ခဲ့ပါသည်။

ညီအစ်ကိုနှစ်ယောက် တံခါးကို ကျောမှီကာ ဟောဟဲဆိုက်သွားကြသည်။

ထို့နောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လျက် ချင်းယုဟွမ်က စိတ်ပူစွာ ပြောလိုက်ပါသည်။ “အစ်ကိုကြီး တစ်ယောက်တည်း အခန်းထဲမှာနေတာ အဆင်ပြေပါ့မလား”

“မင်းက သွားဂရုစိုက်ပေးချင်သေးလို့လား”

“မဟုတ်ပါဘူး! နူးညံ့တဲ့ အစ်ကိုကြီးက ကြောက်ဖို့ကောင်းတယ်! ငါ့အေးတိအေးစက်နိုင်တဲ့ အစ်ကိုကြီးကိုပဲ ပြန်လိုချင်တယ်!”။ ချင်းယုဟွမ် ခေါင်းအမြန်ခါလိုက်သည်။

“အဲ့တာဆိုလည်း ဘာလို့ပြောနေသေးလဲ”

ချင်းယုဟွမ် ခေတ္တစဉ်းစားလိုက်ပြီး ပြောလိုက်သည်။ “အစ်ကိုကြီးရဲ့ အပြုအမူက ကြောက်ဖို့ကောင်းတယ် ဆိုပေမယ့် တစ်ခုတော့ ဝန်ခံရမယ်။ အစ်ကိုကြီး မိန်းမတစ်ယောက်ကြောင့် ဒီလိုတစ်ခါမှ မဖြစ်ဖူးဘူး။။ ညီတွေဖြစ်တဲ့ ငါတို့က ကူညီမပေးသင့်ဘူးလား။ မဟုတ်ရင် ငါတို့အစ်ကိုကြီးရဲ့ ပုံစံမျိုးနဲ့ ဘယ်အချိန်ကျမှ ဖွင့်ပြောဖြစ်မှာလဲ မပြောနိုင်ဘူး”

“မင်းပြောတာ မှန်တယ်!”။ ချင်းယုကျီးက ထောက်ခံလိုက်ပါသည်။

“အစ်ကိုကြီးကို ပြုစုဖို့ အစ်မမူရှင်းကို ခေါ်လိုက်ရင်ကော”။ ချင်းယုဟွမ်က အကြံပေးသည်။

“အကြံကဆိုးတော့ မဆိုးပါဘူး။ ဒါပေမယ့် ငါတို့ ၂ ယောက်စလုံး သူနဲ့ သိပ်မရင်းနှီးဘူးလေ။ အစ်ကိုကြီးကို ပြုစုဖို့ ငါတို့က လှမ်းခေါ်တာ သိပ်ပြီး မသင့်တော်ဘူးထင်တယ်”

ညီအစ်ကိုနှစ်ယောက် အတွေးများ နက်နဲသွားကြသည်။

စက္ကန့်အနည်းငယ် ကြာသွားပြီးနောက် နှစ်ယောက်စလုံးခေါင်းထဲ တူညီသော အတွေးတစ်ခု ပေါ်လာသည်။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လျက် စိတ်လှုပ်ရှားစွာ အော်လိုက်ပါသည်။

“စူစူလေး!”

… … …

All Chapters