အခန်း (၅၁၅+၅၁၆)
Vol. 21 Ch. 515+516
အခန်း(၅၁၅) အိပ်မက်တွေ တကယ်ဖြစ်လာခြင်း (၁)
တစ်ညတာ ကုန်ဆုံးသွားခဲ့ပြီးနောက် ချင်းယုဟွိုင်း အိပ်ရာနိုးလာခဲ့သည်။
မနေ့ညက လှလည်းလှ ကြောက်ဖို့လည်းကောင်းသည့် အိပ်မက်တစ်ခု မက်ခဲ့သလို ခံစားလိုက်ရသည်။
အိပ်မက်၏ ပထမ တစ်ဝက်က အလွန်လှပပါသည်။ စန်းကျစ်နဲ့ တစ်ကုတင်တည်း အတူတူအိပ်နေသည့် အိပ်မက်ကို မြင်မက်ခဲ့ခြင်းဖြစ်သည်။ သူ့ရင်ခွင်ထဲမှာ စန်းကျစ်ကို ပွေ့ဖက်ထားပြီး ပါးလေးကို နူးနူးညံ့ညံ့ ပွတ်သပ်ပေးနေသည့် မြင်ကွင်းကိုတောင် မြင်မက်ခဲ့ပါသည်။
ခံစားချက်က အလွန် စစ်မှန်လွန်းသည်။ သူ့လက်မောင်းတွေနဲ့ လက်ဖဝါးတွေပေါ်မှာ စန်းကျစ်ရဲ့ နွေးထွေးမှုတွေကို ခံစားနေရသလိုပင်။
သို့သော် စန်းကျစ်က ရုတ်တရက်ကြီး ထွက်ပြေးသွားခဲ့ပြီး တံခါးကိုတောင် ဆောင့်ပိတ်သွားခဲ့ပါသည်။ သူမနောက်ကို ပြေးလိုက်ချင်ခဲ့သော်လည်း သူ့ခန္ဓာကိုယ်ကို လှုပ်ရှားလို့မရခဲ့ပေ။
ထို့နောက် အိပ်မက်နောက်တစ်ဝက်တွင် သူ့ညီ ၂ ယောက်က သူ့စာကြည့်ခန်းကို မီးရှို့နေကြတာဖြစ်ပြီး သူ့အတွက် အရေးကြီးသည့် စာရွက်စာတမ်းတွေအကုန်လုံး မီးထဲ ပါသွားသည်။ သူတို့ နှစ်ကောင်ကို ငေါက်ဖို့ ပြင်လိုက်သော်လည်း စာကြည့်ခန်းတံခါးကို ပိတ်ထားကြပါသည်။
ချင်းယုဟွိုင်း ခေါင်းတွေ ကိုက်ခဲနေစဉ် သူ့အာရုံထဲ စန်းကျစ် ထပ်ပေါ်လာခဲ့သည်…။
ချင်းယုဟွိုင်း မတ်တပ်ရပ်ဖို့တောင် ခက်ခဲနေပါသည်။
“ရှင်နိုးလာပြီလား”
စန်းကျစ်၏ အသံကို ချင်းယုဟွိုင်း ရုတ်တရက် ကြားလိုက်ရသည်။
ချင်းယုဟွိုင်း ခေါင်းကို ဖြည်းညှင်းစွာ မော့ကြည့်လိုက်ရာ ကုတင်ဘေးမှာ ထိုင်ပြီး သူ့ကို စိတ်ပူစွာ ကြည့်နေသည့် စန်းကျစ်ကို မြင်လိုက်ရပါသည်။
သူ အိပ်မက်မက်နေတုန်းလား။
ချင်းယုဟွိုင်း မလှုပ်မရှား ငြိမ်သက်သွားတာာကိုမြင်ပြီး စန်းကျစ်က နွားနို့ပူပူတစ်ခွက် ကိုင်လျက် အနားကပ်လာခဲ့ပါသည်။
“ဗိုက်သက်သာသွားအောင် နွားနို့နည်းနည်းသောက်လိုက်ပါ။ မနေ့က အများကြီးသောက်ထားတော့ ဗိုက်နာနေလိမ့်မယ်”။ စန်းကျစ်က ပြောသည်။
ချင်းယုဟွိုင်းကလည်း မငြင်းဆန်ပါ။ စန်းကျစ်ကို ငေးကြည့်ရင် လက်ထဲက နွားနို့ပူပူကို သောက်လိုက်ပါသည်။
သူ့ပါးစပ်ထဲ၊ လည်ချောင်းထဲ၊ ဝမ်းဗိုက်ထဲ နွားနို့ပူပူဝင်သွားမှ ချင်းယုဟွိုင်း ခေါင်းအနည်းငယ် ကြည်လင်သွားခဲ့သည်။
“မင်းက ဘာလို့ ဒီရောက်နေတာလဲ”။ ချင်းယုဟွိုင်း နွားနို့သောက်ပြီးနောက် မေးလိုက်သည်။
“ရှင်အမူးလွန်နေလို့လေ။ တစ်ယောက်ယောက် လာပြုစုပေးမှ ဖြစ်မှာမို့လို့”။ စန်းကျစ်က ချင်းယုဟွိုင်းနဲ့ အကြည့်ချင်း မဆုံရဲဘဲ တိုးညှင်းစွာ ဖြေလိုက်ပါသည်။
“မင်းဘာလို့ လာပြုစုပေးတာလဲလို့ မေးနေတာ”။ ချင်းယုဟွိုင်း၏ အကြည့်က အလွန်စူးရှနေပါသည်။ မနေ့ညက အိပ်မက်ကြောင့်လည်း ဖြစ်နိုင်သည်။ အခုချိန်မှာ မနေ့ညက မြင်မက်ခဲ့သည့် အိပ်မက်ထဲကလို အထိအတွေ့မျိုးကို တောင့်တနေမိသည်။
“ရှင်မေ့သွားတာလား။ ကျွန်မက လီထိုက်ဟိုတည်မှာ အလုပ်လုပ်နေတာလေ။ မနေ့ညက ကျွန်မလည်း ရှိနေတာနဲ့…”။ စန်းကျစ်က ရှင်းပြလိုက်ပါသည်။
“အဲ့တာနဲ့ပဲ လာပြုစုပေးတယ်ပေါ့။ ဒီမှာ ရှိနေရုံနဲ့ ငါ့ကို ပြုစုပေးစရာ မလိုပါဘူး”။ ချင်းယုဟွိုင်းက အဖြေအစစ်အမှန်ကို ကြားချင်နေပါသည်။
“စူစူလေးက… တောင်းဆိုတာမို့လို့ပါ”။ စန်းကျစ် တိုးညှင်းစွာ ပြန်ဖြေလိုက်ပါသည်။
စူစူလေးကြောင့်ကိုး…။ သူ့ကြောင့်မှ မဟုတ်ပဲ…။
ထိုအဖြေကိုကြားပြီးနောက် ချင်းယုဟွိုင်း တစ်ခုခုကို ဆုံးရှုံးလိုက်ရသလို ရုတ်တရက် ခံစားလိုက်ရသည်။
သူ ဘာတွေ မျှော်လင့်နေမိတာလဲ မသိပါ။
စန်းကျစ်က သူ့အတွက် စိတ်ပူလို့ လာပြီး ပြုစုပေးမယ် ထင်နေတာလား။ သူမ ဒီလို လုပ်စရာမှ မလိုပဲ။
“ရှင်… ရှင်အဆင်ပြေရဲ့လား။ နေလို့ထိုင်လို့ ကောင်းရဲ့လား”
ချင်းယုဟွိုင်း မျက်နှာပျက်သွားတာကိုမြင်ပြီး စန်းကျစ် စိုးရိမ်တကြီး မေးလိုက်သည်။
စန်းကျစ်က ချင်းယုဟွိုင်း၏ နဖူးကို စမ်းကြည့်ဖို့ လက်ပြင်လိုက်သည်။
ချင်းယုဟွိုင်းက သူမ လက်ကို ရုတ်တရက် လှမ်းဆွဲလိုက်ပါသည်။
“ရှင်… ရှင်ဘာလုပ်တာလဲ”။ စန်းကျစ်က လက်ကို ပြန်ရုတ်သိမ်းဖို့ ကြိုးစာားသော်လည်း ချင်းယုဟွိုင်းက တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတာ ဖြစ်သဖြင့် သူမ ဘာမှ မတတ်နိုင်ပါ။
“စူစူလေးနဲ့ ပတ်သတ်တာကလွဲပြီး ငါ့အပေါ် တခြား ခံစားချက် မရှိဘူးလား”။ ချင်းယုဟွိုင်း မေးလိုက်သည်။
“ဘယ်လို”။ ချင်းယုဟွိုင်း၏ စူးရှသောအကြည့်၊ တဲ့တိုးဆန်သော မေးခွန်းတို့ကြောင့် စန်းကျစ် ထိတ်လန့်သွားပြီး နှလုံးခုန်သံတွေ မြန်ဆန်လာခဲ့သည်။
“မနေ့ညက မင်းအကြောင်း အိပ်မက်မက်တယ်”။ ချင်းယုဟွိုင်းက ဆိုသည်။
“ကျွန်မအကြောင်း အိပ်မက်မက်တယ် ဟုတ်လား”။ စန်းကျစ် အံ့အားသင့်သွားလေသည်။
“ဟုတ်တယ်။ မင်းအကြောင်း အိပ်မက်မက်တာ”။ ချင်းယုဟွိုင်းက ပြောလိုက်သည်။ “အိပ်မက်ကဘာလဲ သိချင်လား”
“ဘာ… ဘာအိပ်မက် မို့လို့လဲ”။ စန်းကျစ် စိတ်ဖိစီးစွာ မေးလိုက်လေသည်။
… … …
အခန်း(၅၁၆) အိပ်မက်တွေ တကယ်ဖြစ်လာခြင်း (၂)
“မနေ့ညက မင်းကို ပွေ့ဖက်ထားတယ်လို့ အိပ်မက်မက်တယ်။ ပြီးတော့ ကိုယ့်ဘေးမှာ လှဲနေပြီး ကိုယ့်ကို ကြင်ကြင်နာနာနဲ့ ကြည့်နေခဲ့တာ။ ကိုယ့်လက်က မင်းပါးလေးတွေကို ပွတ်သပ်ပေးနေခဲ့တာ။ မင်းကိုယ့်ကို တွန်းမထုတ်ခဲ့ဘူး။ ဒီတိုင်း ကိုယ့်ကိုယ် ကြင်ကြင်နာနာ ကြည့်နေခဲ့တာ…”
ချင်းယုဟွိုင်း အသေးစိတ်ပြောပြလိုက်သောအခါ စန်းကျစ် ပါးတွေ နီသထက် နီလာပြီး ခရမ်းချဉ်သီးလို ဖြစ်သွားသည်။
“ရှင်… ရှင်…”။ စန်းကျစ် ပြောစရာ စကား ပျောက်ဆုံးသွားပါသည်။ “ဒီတိုင်း အိပ်မက်သက်သက်ပဲကို… အစစ်အမှန်မှ မဟုတ်တာ… စိတ်ထဲ မထားပါနဲ့”
“ဘာလို့ အဲ့လို အိပ်မက်မျိုး ဘာကြောင့်မက်တာလဲ မသိပေမယ့် အဲ့ဒီ အိပ်မက်မက်တာကို မမုန်းဘူး… တကယ်တော့…”။
ချင်းယုဟွိုင်း ရုတ်တရက် စကားရပ်တန့်သွားခဲ့သည်။
“တကယ်တော့… ဘာဖြစ်လဲ”။ စန်းကျစ် မေးလိုက်သည်။
“အဲ့ဒီအိပ်မက်ကို လက်တွေ့အဖြစ် ပြောင်းလဲချင်တယ်”။ ယုဟွိုင်းက စန်းကျစ်ကို ငေးကြည့်ရင်း သူ့ရင်ထဲက ခံစားချက်ကို ထုတ်ပြောလိုက်ပါသည်။
မနေ့ညက အရက်အရှိန်မပြေသေးတာကြောင့်လား မသိသော်လည်း အခုချိန်မှာ သူ့ခံစားချက်တွေကို ဖုံးကွယ်မထားချင်တော့ပါ။
စန်းကျစ် ကြက်သေသေသွားခဲ့သည်။ သူမ ဦးနှောက်က ချင်းယုဟွိုင်း၏ စကားလုံးများကို လက်သင့်ခံဖို့ ခက်ခဲသွားသည်။
တုန်လှုပ်ရီဝေနေသည့် စန်းကျစ်၏ ပုံစံလေးက ချင်းယုဟွိုင်း၏ မျက်လုံးတွေထဲမှာ အလွန်စွဲမက်စရာ ကောင်းနေသည်။
သူမကို… အိပ်မက်ထဲကလိုပဲ ပွေ့ဖက်ထားချင်လိုက်တာ…။
အိပ်မက်ထဲကလိုပဲ သူမရဲ့ ပါးလေးတွေကို ပွတ်သပ်ပေးချင်လိုက်တာ…
အိပ်မက်ထဲကထက်ပိုပြီး အဆင့်တက်ချင်လိုက်တာ…
စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်တော့ဘဲ စန်းကျစ်၏ လက်ကို ယုဟွိုင်း အားပါပါ ဆွဲလိုက်ပါသည်။
စန်းကျစ်လည်း ဟန်ချက်ပျက်ကာ ချင်းယုဟွိုင်း၏ ရင်ခွင်ထဲ ရောက်သွားလေသည်။
သူတို့နှစ်ယောက် ခန္ဓာကိုယ်ချင်း ထိတွေ့သွားခဲ့ကြ၏။ အေးတိအေးစက်နိုင်သော ခန္ဓာကိုယ်နဲ့ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်တို့ ထိတွေ့သွားခဲ့ကြသည်။
ယုဟွိုင်းက အိပ်မက်ထဲကလိုပဲ စန်းကျစ်ကို တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်ပါသည်။
စန်းကျစ် ခန္ဓာကိုယ်ရဲ့ နူးညံ့မှုနဲ့ ကိုယ်သင်းရနံ့လေးတို့က အိပ်မက်ထဲကထက် ပိုပြီး ထင်ရှားနေပါသည်။
အခုချိန်မှာ ယုဟွိုင်း၏ နှလုံးသားက ဆုံးဖြတ်ချက် ပြတ်သားသွားခဲ့သည်။
သူမကို မက်မောသည်။ သူမကို လိုလားသည်။
ယုဟွိုင်းပွေ့ဖက်တာကို ရုတတရက်ခံလိုက်ရသောအခါ စန်းကျစ် ဘာမှ မတုန့်ပြန်နိုင်ခဲ့ပါ။
ပူပူနွေးနွေး တင်းတင်းကြပ်ကြပ်ပွေ့ဖက်မှုကြောင့် သူမ သွေးခုန်နှုန်းတွေ မြင့်တက်လာတာကိုသာ ခံစားမိသည်။
ဒီခံစားချက်က ဆိုးတော့ မဆိုးရွားပါ…။
စက္ကန့်ပိုင်းလောက် ကြက်သေသေသွားပြီးနောက် စန်းကျစ် အသိစိတ် ပြန်ဝင်လာခဲ့ပါသည်။
သူမ လက်ကို ဆန့်ထုတ်လျက် ချင်းယုဟွိုင်းအား အတင်း တွန်းထုတ်ပစ်လိုက်သည်။
ဒီတစ်ခါတော့ စန်းကျစ် ခွန်အားအကုန် ထုတ်သုံးလိုက်တာဖြစ်သဖြင့် ယုဟွိုင်း ကုတင်ပေါ် ပြန်လဲကျသွားခဲ့ပါသည်။
ထို့နောက် စန်းကျစ် ခြေလှမ်းတွေ နောက်ဆုတ်လိုက်ပြီး ယုဟွိုင်းနဲ့ ခပ်ခွာခွာ နေလိုက်သည်။
ယုဟွိုင်းလည်း ကုတင်ပေါ်မှ ပြန်ထလာခဲ့ပါသည်။
“အနားမကပ်နဲ့နော်!”။ စန်းကျစ်က အော်သည်။ “အနားကပ်လာရင် တကယ်ထိုးမှာ!”
ချင်းယုဟွိုင်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ “ဘာလို့လဲ။ ငါ့ကို မုန်းလို့လား”
“အဲ့လို… အဲ့လို မဟုတ်ပါဘူး…”။ ချင်းယုဟွိုင်းအပေါ် ဘယ်လိုခံစားရသလဲဆိုတာ စန်းကျစ်ကိုယ်တိုင်လည်း မသေချာပေ။
“အဲ့တာဆို ဘာလို့ အနားမကပ်စေချင်တာလဲ”။ ချင်းယုဟွိုင်းက မေးလိုက်သည်။
သူအရက်မူးနေတုန်းက သူ့ကို လာပြုစုပေးပြီး လက်တောင် ကိုင်ခွင့်ပေးခဲ့သဖြင့် သူ့အပေါ် ခံစားချက်ရှိနေမှန်း ချင်းယုဟွိုင်း သိပါသည်။ မဟုတ်ပါက ပထမဆုံး ဆုံခဲ့သည့် အချိန်တုန်းကလို သူ့ကို ရိုက်နှက်ပစ်မှာဖြစ်သည်။
“မသိဘူး! ဒါပေမယ့် အခု အနားကပ်မလာနဲ့! အနားကပ်လာရင် ထိုးမှာနော်! စူစူလေး ပြောသလိုပဲ စကားနားမထောင်တဲ့ လူတွေကို လက်သီးနဲ့ ဖြေရှင်းရတယ်တဲ့!”
စန်းကျစ်ခေါင်းထဲမှာ အလွန်ရှုပ်ထွေးနေပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေပါသည်။
“ငါအနားကပ်လာမှာကို အဲ့လောက် မုန်းနေရင်လည်း ထိုးလိုက်လေ။ ငါနဲ့ ထိုက်တန်တာပဲဥစ္စာ”
ယုဟွိုင်းက သတိပေးတာကို နားမထောင်ဘဲ စန်းကျစ်နား ဆက်လျှောက်လာခဲ့လေသည်။
… … …