အခန်း (၅၁၇+၅၁၈)
Vol. 21 Ch. 517+518
အခန်း(၅၁၇) တူကြီးက ချစ်မိနေတာ (၁)
ချင်းယုဟွိုင်း ဆက်လျှောက်လာခဲ့သည်။
ချင်းယုဟွိုင်း တဖြည်းဖြည်း အနားကပ်လာသောအခါ စန်းကျစ် အာရုံထဲ ဗလာကျင်းဖြစ်သွားခဲ့ပါသည်။
ဘာလုပ်ရမလဲ။ သူမ ဘာလုပ်ရမလဲ။ ထိုးပစ်လိုက်ရ၎င်းလား။ ပထမဆုံး တွေ့ခဲ့တဲ့ အချိန်တုန်းကလို မြေပေါ် လှဲချပြီး ချုပ်ထားလိုက်ရမလား။ မဖြစ်ဘူး သူမ ဒီလိုလုပ်လို့တော့ မဖြစ်ဘူး။
စန်းကျစ် ခြေလှမ်းတွေ တဖြည်းဖြည်းနောက်ဆုတ်ရင်း နောက်ဆုံးတော့ အခန်းတံခါးဆီ ရောက်သွားပါသည်။
ဂယောင်ချောက်ချားဖြစ်ကာ အနောက်က တံခါးလက်ကိုင်ကို စန်းကျစ် လက်ဖြင့်စမ်းလိုက်မိသည်။ ထို့နောက် တံခါးကို အမြန်ဖွင့်ပြီး ထွက်ပြေးသွားလေတော့သည်။
“ရှောင်းကျစ်!”
ချင်းယုဟွိုင်း၏ ခေါ်သံကို ကြားသော်လည်း စန်းကျစ် ပြန်လှည့်မကြည့်ခဲ့ပါ။
အခန်းထဲမှာ ချင်းယုဟွိုင်း တစ်ယောက်တည်း မတ်တပ်ရပ်ရင်း ကျန်ခဲ့လေတော့သည်။
စန်းကျစ်က ချင်းအိမ်တော်ကို ရောက်သည်အထိ ပြန်ပြေးလာခဲ့ပါသည်။ အိပ်ရာနိုးလာတာ မကြာသေးသည့် စူစူလေးက မနက်စာ စားနေလေသည်။
“မမလှလှ ပြန်လာပြီလား! သမီးတူကြီးကော ဘယ်မှာလဲ”။ စူစူလေးက ပြေးလာပြီး စန်းကျစ်ကို မော့ကြည့်ကာ မေးလိုက်ပါသည်။
“သူဘာမှ မဖြစ်ဘူး!”။ စန်းကျစ် ပြန်ဖြေလိုက်သည်။
“မမလှလှ ပင်ပန်းသွားပြီ။ မနက်စာကော စားပြီးပြီလား။ မီးဖိုချောင်ထဲက အဒေါ်ကြီးက အရသာရှိတာတွေ အများကြီး ပြင်ပေးထားတယ်”။ စူစူလေးက ပြောလိုက်သည်။
“ဪ… အင်း… ဟုတ်ပြီ”။ စူစူလေး၏ ကလေးဆန်သော အသံလေးကြောင့် စန်းကျစ် ငြင်းရခက်သွားပါသည်။
စူစူလေးက စန်းကျစ်၏ လက်ကို တွဲပြီး မနက်စာ စားပွဲဝိုင်းသို့ ခေါ်လာခဲ့ပါသည်။
စားပွဲဝိုင်းမှာ ထိုင်ပြီးတာတောင် မနက်စာကို စန်းကျစ် အာရုံမစိုက်နိုင်ပေ။
သူမ ခေါင်းထဲမှာ မနက်က ချင်းယုဟွိုင်း ပြောခဲ့သည့် ထူးထူးဆန်းဆန်း စကားများ၊ ရုတ်တရက် ပွေ့ဖက်မှုတို့ဖြင့် ပြည့်နေပါသည်။
စန်းကျစ်မူမမှန်တာကို သတိထားမိပြီး အဘွားချင်းက စိတ်ပူစွာ မေးလိုက်သည်။ “ရှောင်းကျစ် ဘာဖြစ်နေတာလဲ။ နေမကောင်းဘူးလား။ မနေ့ညက အိပ်ရေးပျက်သွားလို့လား”
ပြောပြောဆိုဆိုနဲ့ မြေးဖြစ်သူတွေကို အဘွားချင်း ဒေါသထွက်သွားခဲ့သည်။ “အဲ့ဒီ မြေး ၂ ကောင်ကတော့ တော်တော် တရားလွန်တာပဲ။ ယုဟွိုင်းကို ပြုစုဖို့ နင့်ကိုလှမ်းခေါ်ရတယ်လို့။ စောစောကသာ သိရင် ငါဝင်တားလိုက်ပါတယ်။ အခုတော့ နင်အိပ်ရေးပျက်တာပဲ အဖတ်တင်တယ်။ အစ်ကိုလုပ်တဲ့သူကို ညီဖြစ်တဲ့ ဒင်းတို့ ၂ ကောင်က ပြုစုပေးရမှာ မဟုတ်ဘူးလား”
“မဟုတ်ပါဘူး… သမီးအဆင်ပြေပါတယ်။ သူ့ကို တစ်ညလုံး စောင့်ကြည့်ပေးရတာ မဟုတ်ဘူး။ သမီးဖာသာ ဘေးမှာ အလုပ်လုပ်နေတာပါ”။ စန်းကျစ်က ရှင်းပြလိုက်ပါသည်။
“ဘယ်လိုပဲဖြစ်ဖြစ် ပင်ပန်းခဲ့မှာပဲလေ။ အိမ်ပြန်ရောက်ရင် ကောင်းကောင်း အနားယူလိုက်ဦး။ အဲ့ဒီ ယုဟွိုင်း ပြန်လာရင် ကျေးဇူးတင်တဲ့အနေနဲ့ နင့်ကို အပြင်မှာတစ်ခုခုလိုက်ကျွေးခိုင်းပြီး ရုပ်ရှင်လိုက်ပြခိုင်းရမယ်”။ အဘွားချင်းက ဆိုသည်။
“ရပါတယ်… အဲ့လိုလုပ်ဖို့ မလိုပါဘူး”။ စန်းကျစ်က ပါးတွေနီမြန်းသွားပြီး ခေါင်းငုံ့ကာ ပြောလိုက်ပါသည်။
မနက်က အဖြစ်အပျက်တွေကြောင့် ချင်းယုဟွိုင်းကို စန်းကျစ် ဘယ်လို မျက်နှာချင်းဆိုင်ရမလဲတောင် မသိတော့ပါ။
“ဘာမှမဖြစ်ဘူး အားနာမနေနဲ့”။ အဘွားချင်းက အပြုံးဖြင့် ပြောလိုက်ပါသည်။
စူစူလေးကလည်း ခေါင်းငြိမ့်ကာ ထောက်ခံသည်။ “ဟုတ်တယ် ဟုတ်တယ်။ တူကြီးကို မုန့်လိုက်ဝယ်ကျွေးခိုင်းလိုက်။ လက်ဆောင်လေးတွေလည်း ဝယ်ပေးခိုင်းလိုက်! သူ့မှာ ပိုက်ဆံတွေ အများကြီး ရှိတယ်!”
ယွမ် ၁၀၀ တောင်မရှိသည့် စူစူလေးလို မဟုတ်ဘဲ သူမ တူကြီးမှာ ပိုက်ဆံတွေ အများကြီး ရှိပါသည်။ ယွမ် ၁၀၀ နဲ့ဆို ရုပ်ပြစာအုပ်တွေ အများကြီး ဝယ်နိုင်သည်။ သူမလည်း မြန်မြန်အရွယ်ရောက်လာပြီး ပိုက်ဆံမြန်မြန်ရှာမှ ဖြစ်မည်။
“တကယ်မလိုပါဘူး။ မလုပ်ပါနဲ့” စန်းကျစ် လက်ခါရမ်းကာ ငြင်းဆန်လိုက်ပြန်သည်။
စန်းကျစ် ငြင်းဆန်နေစဉ် ချင်းယုဟွိုင်းက ညစာစားခန်းထဲ ဝင်လာခဲ့ပါသည်။
သူနောက်ကလိုက်လာတာလား!
ချင်းယုဟွိုင်းကို မြင်တာနဲ့တစ်ပြိုင်နက် စန်းကျစ်မျက်နှာ ပိုပြီး နီရဲသွားပါသည်။ အရင်က ခရမ်းချဉ်သီးလောက် နီရဲနေသည့် မျက်နှာက အခုတော့ ရေနွေးအိုးတည်လို့ရလောက်သည့်အထိ ဖြစ်သွားသည်။
“ယုဟွိုင်း နင်ရောက်လာတာနဲ့ အချိန်ကိုက်ပဲ။ မနေ့ညက နင့်ကို ပြုစုပေးခဲ့တဲ့အတွက် ကျေးဇူးတင်တဲ့အနေနဲ့ ရှောင်းကျစ်ကို အပြင်မှာတစ်ခုခုလိုက်ကျွေးပြီး ရုပ်ရှင်လိုက်ပြခိုင်းမလို့ ပြောနေကြတာ။ ဘယ်လို သဘောရလဲ”။ အဘွားချင်းက မေးလိုက်ပါသည်။
“အဘွားပြောတာမှန်တယ်။ စန်းကျစ်ကို သေချာ ကျေးဇူးတင်ဖို့ လိုတယ်”။ ချင်းယုဟွိုင်း ပြန်ဖြေလိုက်သည်။
ထို့နောက် စန်းကျစ်ဘေးသို့ လျှောက်သွားပြီး ကမ်းလှမ်းလိုက်ပါသည်။ “ငါဒီနေ့ တစ်နေကုန်အားလို့ တစ်ခုခု လိုက်ကျွေးချင်တယ်။ အဆင်ပြေလား”
… … …
အခန်း(၅၁၈) တူကြီးက ချစ်မိနေတာ (၂)
ချင်းယုဟွိုင်းက စန်းကျစ်ကို မျက်တောင်မခတ် စိုက်ကြည့်နေသဖြင့် စန်းကျစ် ထွက်ပြေးဖို့တောင် အခွင့်အရေး မရှိပါ။
ဒီတစ်ခါတော့ စန်းကျစ်ကို ထွက်ပြေးခွင့် မပေးနိုင်ဘူး!
စန်းကျစ် ခေါင်းကို ကြောက်ကြောက်လန့်လန့် ငုံ့ထားပြီး ဒူးခေါင်းတွေကို လက်ဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ သူမ စိတ်တွေ လှုပ်ရှားလွန်းနေသဖြင့် ဘာလုပ်ရမှန်း မသိတော့ပါ။
စန်းကျစ် ကြံရာမရဖြစ်နေစဉ် စူစူလေးက ရုတ်တရက် ထပြောလိုက်သည်။ “ဒေါ်လေးလည်း အားတယ် တူကြီး။ ဒေါ်လေးလည်း လိုက်ခဲ့မယ်လေ။ မမလှလှကို လိုက်ပို့မယ်ဆိုရင် ဒေါ်လေးကိုပါ ခေါ်သွားပေါ့!”
စန်းကျစ်တစ်ယောက် သက်ကယ်ကြိုးတစ်ချောင်း ရလိုက်သလိုမျိုး ခေါင်းထောင်သွားခဲ့ပြီး အမြန် ထောက်ခံလိုက်ပါသည်။ “ဟုတ်တယ် ဟုတ်တယ်! စူစူလေးနဲ့ အတူတူသွားကြမယ်! အရင်တစ်ခေါက်က ကစားကွင်းမှာ ရိုလာကိုစတာ စီးချင်တယ်လို့ စူစူလေး ပြောဖူးတယ်မလား။ အတူတူသွားကြရအောင်!”
“ကလေးတွေက ရိုလာကိုစတာမှ စီးလို့မရတာ”။ ချင်းယုဟွိုင်းက ပြောသည်။
“အဲ့တာဆိုလည်း… ကိစ္စမရှိပါဘူး။ တခြားတစ်ခုခုစီးလို့ ရတာပဲ ဟုတ်တယ်မလား စူစူလေး”။ စန်းကျစ် အမြန် စစ်ကူတောင်းလိုက်သည်။
“ဟုတ်တယ် ဟုတ်တယ်! တခြားဟာတွေ စီးကြမယ်! သမီးဘာမှ မစီးဖူးသေးဘူး”
စူစူလေး စကားပြောပြီးနောက် ချင်းယုဟွိုင်း၏ မျက်နှာက ထူးဆန်းနေတာကို သတိထားမိသွားသည်။
ဟမ်… တူကြီးမျက်နှာက ဘာလို့ထူးဆန်းနေတာလဲ။ အပျော်လွန်နေတာလား၊ ရိုလာကိုစတာ စီးရမှာ ကြောက်လို့လား။
ခေတ္တစဉ်းစားပြီးနောက် ချင်းယုဟွိုင်း သဘောတူလိုက်ပါသည်။ “ဟုတ်ပြီလေ။ သုံးယောက် အတူတူသွားကြတာပေါ့”
နှစ်ယောက်တည်းကမ္ဘာ မဖြစ်နိုင်တော့သော်လည်း စူစူလေးနဲ့ စန်းကျစ်တို့ကို အဖော်ပြုပေးရမှာ ချင်းယုဟွိုင်း မငြိုငြင်ပါ။
“တူကြီး ဒေါ်လေးမနက်စာစားလို့ ပြီးသွားပြီ! ကစားကွင်း သွားကြစို့!”။ စူစူလေးက ဇွန်းတွေ၊ ခက်ရင်းတွေ ချလိုက်ပြီး ချင်းယုဟွိုင်းအား ပြောလိုက်ပါသည်။
မနက်အစောကြီးကတည်းက စူစူလေး ကစားကွင်း သွားချင်နေခဲ့တာ ဖြစ်သည်။ သို့သော် သူမ ဖေဖေနဲ့မေမေ ပင်ပန်းမှာ စိုးသဖြင့် ထုတ်မပြောခဲ့တာဖြစ်သည်။
တူကြီးနဲ့ မမလှလှတို့နဲ့ အတူတူသွားရမည်ဆိုရင်တော့ ဘာပြဿနာမှ မရှိနိုင်ပါ။ နှစ်ယောက်စလုံးက သန်မာကြတာပဲ မဟုတ်လား။
“စူစူလေး မမလှလှကို ခဏလောက် နားခွင့်ပေးလိုက်ပါ။ မနေ့ညကလည်း အိပ်ရေးပျက်ထားတယ်။ သူ အနားယူပြီး အားအင်တွေ ပြည့်ဝသွားမှ အတူတူသွားကြမယ်လေ ဟုတ်ပြီလား”။ ချင်းယုဟွိုင်းက စူစူလေးနဲ့ ညှိနှိုင်းလိုက်ပါသည်။
သူတို့နဲ့ အတူတူလျှောက်လည်ချင်တာ မှန်သော်လည်း စန်းကျစ် ပင်ပန်းနွမ်းနယ်နေချိန်မှာ အပြင်ကို မခေါ်ချင်ပေ။
“ဟုတ်ပြီ။ မမလှလှ ပင်ပန်းနေရင် ကောင်းကောင်းနားနော်! အနားယူပြီးမှ သွားကြမယ်!”။ စူစူလေးက စန်းကျစ်ဘက်သို့လှည့်ကာ အနားယူခိုင်းလိုက်ပါသည်။
“အင်းပါ။ စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ် စူစူလေး”။ စန်းကျစ်အတွက် စူစူလေးက နတ်သမီးလေး တစ်ပါးဖြစ်သည်။
“အဲ့စကားက ငါအရင်ပြောခဲ့တာလေ”။ ချင်းယုဟွိုင်းက ဝင်ပြောလိုက်သည်။
စူစူလေးက သူမအတွက်စိတ်ပူပေးတယ်ဆိုတော့ သူကကော စိတ်ပူမပေးလို့လား။
စန်းကျစ် မျက်လုံးလွှဲလိုက်ပြီး ချင်းယုဟွိုင်း၏ စကားကို မကြားချင်ယောင် ဆောင်လိုက်ပါသည်။ ထို့နောက် ညစာစားခန်းထဲမှ ထွက်သွားပြီး သူမအခန်းထဲသူမ ပြန်ဝင်သွားခဲ့သည်။
ချင်းယုဟွိုင်းလည်း မျက်မှောင်ကြုတ်သွားကာ အဘွားချင်းကို ပြောလိုက်ပါသည်။ “အဘွားချင်းနဲ့ စူစူလေးတို့၊ ကျွန်တော်လည်း အခန်းထဲမှာ အလုပ်လုပ်စရာလေးတွေ ရှိသေးလို့ သွားလိုက်ဦးမယ်”
“သွားပါ သွားပါ”။ အဘွားချင်းက အပြုံးဖြင့် ပြောလိုက်ပါသည်။
ချင်းယုဟွိုင်း ထွက်သွားတာတောင် အဘွားချင်းက အပြုံးမပျက်သေးပါ။
“မေမေ ဘာတွေ ပြုံးနေတာလဲ။ ဘာလို့ ပျော်နေတာလဲ”။ စူစူလေးက စပ်စုစွာ မေးလိုက်သည်။
“သမီးလေးရဲ့ တူကြီး ချစ်မိနေပြီထင်တယ်”
“ချစ်မိတယ်ဟုတ်လား”
“ဟုတ်တယ်။ သမီးရဲ့ မမလှလှကို ချစ်မိနေတာ”
“တကယ်?”။ စူစူလေး မျက်လုံးများ တောက်ပသွား၏။
“တကယ်ပြောတာ။ ခုနက သမီးတူကြီးနဲ့ မမလှလှတို့ရဲ့ အကြည့်တွေကို မေမေမြင်လိုက်တယ်။ မှားစရာ အကြောင်းမရှိဘူး! ပြီးတော့ ပုံမှန်ဆို အေးတိအေးစက်နိုင်တဲ့ သမီးရဲ့တူကြီးက မမလှလှကို အိပ်ရေးပျက်ပြီး ပင်ပန်းနေမှာ စိုးလို့ နောက်နေ့မှ ကစားကွင်းသွားဖို့ အကြံပေးခဲ့တာ! အဲ့တာမျိုး တစ်ခါမှ မဖြစ်ဖူးဘူး!”
“ရေး!! တူကြီး မိန်းမရတော့မယ်ကွ!!”
နောက်ဆုံးတော့ သူမ ကြိုးစားထားတာတွေ အရာထင်ပြီး တူကြီး ရည်းစားရတော့မယ်ကွ! ရုပ်ချောပြီး စွမ်းအားကြီးတဲ့ ဒေါ်လေးတစ်ယောက်အနေနဲ့ ပူပန်ပေးခဲ့တာတွေ သဲထဲရေသွန်မဖြစ်တော့ဘူးပေါ့!
… … …