အခန်း (၅၁၉+၅၂၀)
Vol. 21 Ch. 519+520
အခန်း(၅၁၉) လူ ၃ ယောက်မှ ၈ ယောက်အဖြစ်သို့
နောက်တစ်နေ့မနက် ချင်းယုဟွိုင်း အိပ်ရာစောစောထကာ ဧည့်ခန်းထဲမှာ စန်းကျစ်နဲ့ စူစူလေးတို့ကို စောင့်နေလိုက်ပါသည်။
အဘိုးချင်းနဲ့ အဘွားချင်းတို့ကလည်း မသိချင်ယောင်ဆောင်ပြီး ဘေးမှာ ထိုက်ချိ လေ့ကျင့်နေကြပါသည်။ ခဏနေ သူတို့ မြေးကြီး အမှန်တရားကိုသိကာ မျက်ရည်တွေ ကျမသွားဖို့သာ မျှော်လင့်ပါသည်။
သူ့ဒေါ်လေးက ဒီနေ့ သူ့ကို ကောင်းကောင်းကြီး လှည့်စားတောမ့ည်။
ခေတ္တစောင့်နေပြီးနောက် စန်းကျစ်နဲ့ စူစူလေးတို့ အောက်ထပ်သို့ အတူတူ ဆင်းလာကြပါသည်။
နှစ်ယောက်စလုံးက အားကစားဝတ်စုံတွေသာ ဝတ်ဆင်ထားကြပြီး သန့်ရှင်း သပ်ရပ်နေကြပါသည်။ ကစားကွင်းမှာ ကစားသည့်အခါ အဆင်ပြေစေရန်အတွက် စန်းကျစ် မျက်မှန်မတပ်ဘဲ မျက်ကပ်မှန်သာ တပ်ထားပါသည်။
ကိုင်းနက်မျက်မှန် မရှိတော့သောအခါ စန်းကျစ်က ပိုမို တောက်ပပြီး လှပလာခဲ့သည်။
တစ်ချက်လောက်ကြည့်မိရုံနဲ့ ချင်းယုဟွိုင်း အကြည့်တွေ မလွှဲနိုင်တော့ပါ။
ဘာကြောင့်မှန်းလည်း ချင်းယုဟွိုင်း နားမလည်ပါ။ သူက နှာဘူး မဟုတ်သလို လှလှပပ မိန်းကလေးတွေကို မမြင်ဖူးတာလည်း မဟုတ်ပေ။
သို့သော်လည်း စန်းကျစ်နဲ့ ဆုံလိုက်ရချိန်တိုင်း မိန်းမ မမြင်ဖူးသည့် ရိုးရိုးအအ ကောင်လေးတစ်ယောက်အသွင် ပြောင်းလဲသွားတတ်သည်။
“သွားကြစို့။ ငါကားမောင်းမယ်”။ စူစူလေးကို ချင်းယုဟွိုင်း ပြောလိုက်သည်။
“နေဦး တူကြီး!”။ စူစူလေးက လှမ်းတားလိုက်သည်။
“ဘာဖြစ်လို့လဲ။ တစ်ခုခု မေ့ကျန်ခဲ့လို့လား”။
“ကိုကြီးကို စောင့်ဦးမယ်လေ! ကိုကြီးကိုလည်း ခေါ်ထားတယ်!”။ စူစူလေး ပြန်ဖြေလိုက်ပါသည်။
“ဟိုဘက်အိမ်က လုကျန်းယွီကို ခေါ်ထားတာလား”။ ချင်းယုဟွိုင်း မျက်မှောင်ကြုတ်သွား၏။
“ဟုတ်တယ်! ကိုကြီးလည်း တစ်ခါမှ ကစားကွင်းမသွားဖူးဘူး။ အဲ့တာကြောင့် ခေါ်သွားချင်လို့!”။ စူစူလေးက ရှင်းပြလိုက်ပါသည်။
စူစူလေး စကားအဆုံးမှာပင် ပြုံးရွှင်နေသော အိမ်တော်ထိန်းကျန်းနဲ့အတူ လုကျန်းယွီ ချင်းအိမ်တော်သို့ ရောက်လာခဲ့ပါသည်။
လုကျန်းယွီက လမ်းမလျှောက်နိုင်သဖြင့် အပြင်ထွက်သည့်အခါ အိမ်တော်ထိန်းကျန်း ကျိန်းသေပေါက် ပါမှ ဖြစ်ပါမည်။
ချင်းယုဟွိုင်း မျက်နှာ မှောင်မိုက်သွားသည်။
သူစိတ်ကူးယဉ်ထားတာနဲ့ ခြားနားနေပါလား…။
ချင်းယုဟွိုင်း စဉ်းစားလို့ မပြီးသေးခင် အပေါ်ထပ်မှ ဟွော်ထျင်း ခုန်ပေါက်ကာ ဆင်းလာပြီး စူစူလေးနားရောက်လာပါသည်။ “ငါရောက်ပြီ ကောင်မလေး!”
သက်တောင့်သက်သာရှိစေဖို့အတွက် ဟွော်ထျင်းလည်း စူစူလေးနဲ့ လိုက်ဖက်သည့် အားကစားဝတ်စုံမျိုး ဝတ်ထားပါသည်။
“မဲလုံးကြီးကို ခေါ်လို့မရဘူးနော်!”။ စူစူလေးက သတိထပ်ပေးလိုက်သည်။
“အေးပါ! ငါပြောထားတယ်။ သူ မလိုက်ရဘူး”။ ဟွော်ထျင်း ပြောလိုက်သည်။ ဒီကောင်မလေးက စိတ်ရှုပ်ဖို့ ကောင်းလိုက်တာ။ သူ့ကို တစ်ခါပြောထားရင် မှတ်မိပါတယ်!
လုကျန်းယွီတစ်ယောက်တည်းကို မဟုတ်ဘဲ ဟွော်ထျင်းကိုပါ စူစူလေး ဖိတ်ကြားထားခဲ့သည်။ ဟွော်ထျင်း လိုက်မည်ဆိုလျှင် ဟွော်မိသားစု၏ အိမ်တော်ထိန်းလျို့လည်း ကျိန်းသေ လိုက်ရပါမည်။
လူအရေအတွက်တွေ ထပ်တိုးလာခဲ့ကာ ချင်းယုဟွိုင်း၏ မျက်နှာလည်း ပိုမို မှောင်မိုက်သွားခဲ့သည်။
ထိုစဉ် ချင်းအိမ်တော်သို့ ကျန်းဝမ်ဝမ်နဲ့ ချင်းလောင်ယွင်လေးတို့ပါ ရောက်လာကြသည်။
စူစူလေးက ဘက်မလိုက်ဘဲ လုကျန်းယွီ၊ ဟွော်ထျင်းတို့အပြင် ချင်းလောင်ယွင်ကိုပါ ဖိတ်ကြားခဲ့သည်။
“စူစူလေး ယွင်ယွင်လေးကို ဒေါ်လေးကိုယ်စား ဂရုစိုက်ပေးပါနော်။ ပြီးတော့ ကစားကွင်းကို ခေါ်သွားပေးလို့လည်း ကျေးဇူးတင်ပါတယ်”။ ကျန်းဝမ်ဝမ်က စူစူလေးကို ကျေးဇူးတင်စွာ ပြောလိုက်သည်။
“အွန်း! စိတ်မပူနဲ့ သူ့ကို ဂရုစိုက်လိုက်မယ်!”။ စူစူလေးက ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်သည်။
“ဒေါ်လေးစူစူ!”။ ချင်းလောင်ယွင်လည်း စူစူလေးနောက်သို့ ပြေးလာပြီး လိမ်လိမ်မာမာ ရပ်နေလိုက်ပါသည်။
ချင်းလောင်ယွင်က ကစားကွင်းတစ်ခါမှ မရောက်ဖူးပါ။ စူစူလေးက ကစားကွင်းအတူတူသွားမည်ဟု ပြောသဖြင့် ချင်းလောင်ယွင် အပျော်လွန်ပြီး ညက အိပ်တောင်မပျော်ခဲ့ပေ။
ချင်းယုဟွိုင်းမျက်နှာ အနက်ရောင်အဖြစ် ပြောင်းလဲသွားပါပြီ။
၃ ယောက်တည်း အတူတူသွားရမည်ထင်ထားသည့် ခရီးက ရုတ်တရက် ၈ ယောက်ဖြစ်သွားသည်။
ဒီကလေးတွေကို မုန်းတီးတာ မဟုတ်သော်လည်း အစက စန်းကျစ်နဲ့ ၂ ယောက်တည်း အပြင်သွားဖို့သာ တွေးထားခဲ့တာ ဖြစ်သည်။
ချင်းယုဟွိုင်း မျက်မှောင်ကြုတ်သွား၏။
ဒါကိုမြင်တော့ အိမ်တော်ထိန်းလျို့က အပြုံးဖြင့် ပြောလိုက်ပါသည်။ “သခင်လေးချင်း ဘာမှ စိတ်မပူနဲ့နော်။ လူ ၁၁ ယောက်ဆံ့တဲ့ RV တစ်စီး ကျွန်တော်တို့ စီစဉ်ပေးထားပါတယ်”
အားလုံးကို ဘယ်လိုခေါ်သွားရမှန်းမသိ ဖြစ်နေတာကြောင့် ချင်းယုဟွိုင်း မျက်မှောင်ကြုတ်နေတာဟု အိမ်တော်ထိန်းလျို့ ထင်နေခြင်း ဖြစ်သည်။
“အင်း…”။ ချင်းယုဟွိုင်း တီးတိုးသာ ပြန်ပြောလိုက်ပြီး ဘေးက စန်းကျစ်ကို လှည့်ကြည့်လိုက်လေသည်။
… … …
အခန်း(၅၂၀) သရဲအိမ်ဝင်မယ်
စန်းကျစ်က ခေါင်းငုံ့ထားပြီး စူစူလေးအနားသာ ကပ်နေသည်။
ချင်းယုဟွိုင်းကို စကားလာပြောခွင့်ပေးဖို့ လုံးဝ အစီအစဉ်မရှိပါ။
ချင်းယုဟွိုင်း သူမကို ကြည့်နေမှန်း စန်းကျစ် သိသော်လည်း မမြင်ချင်ယောင်သာ ဆောင်လိုက်ပါသည်။
တစ်ဖက်မှာတော့ စူစူလေးက သူမတူကြီးရဲ့ ပုံမှန်မဟုတ်သော မျက်နှာကို လုံးဝ သတိထားမိပုံမပေါ်ပေ။
အပြင်လျှောက်လည်တာ လူများလျှင် ပိုပျော်ဖို့ကောင်းသည်။ ကိုကြီးနဲ့ ယွင်ယွင်လေးတို့ကလည်း ကစားကွင်းတစ်ခါမှ မရောက်ဖူးသဖြင့် သူတို့ကို စူစူလေး ခေါ်သွားချင်ပါသည်။
--- --- ---
မိနစ် ၄၀ ခန့်ကြာသောအခါ ချင်းယုဟွိုင်းတို့အဖွဲ့ ကစားကွင်းသို့ ရောက်လာကြသည်။
အိမ်တော်ထိန်းလျို့က လူတစ်ယောက်ချင်းစီတိုင်းအတွက် ဝင်ကြေးတွေကိုကော၊ ကစားနည်းပေါင်းစုံအတွက် လက်မှတ်တွေကိုကော ညတွင်းချင်း ဝယ်ယူခဲ့ပြီးသား ဖြစ်သည်။
ကစားကွင်းကို ရောက်တာနဲ့တပြိုင်နက် အိမ်တော်ထိန်းလျို့က အားလုံးကို လမ်းပြလိုက်သည်။
“သခင်လေး ဘာအရင်စီးချင်လဲ”။ အိမ်တော်ထိန်းလျို့က သူ့သခင်လေးကို အရင်မေးလိုက်သည်။
“ဟိုကောင်မလေးကို မေးလိုက်!”။ ဟွော်ထျင်းက စူစူလေးကို ဆုံးဖြတ်ခွင့် ပေးလိုက်သည်။
“ရိုလာကိုစတာ စီးမယ်!”။ ရိုလာကိုစတာက ပျော်စရာအကောင်းဆုံးဖြစ်မယ်!
“အဲ့တာက… သခင်မလေး စူစူ စီးလို့ မရလောက်ဘူး။ ရိုလာကိုစတာအတွက် အသက်အရွယ် ကန့်သတ်ချက်တွေ ရှိလို့ သခင်မလေးစူစူကော သခင်လေးကော စီးလို့မရနိုင်ဘူး”။ အိမ်တော်ထိန်းလျို့က ရှင်းပြလိုက်ပါသည်။
“အဲ့လိုလား… အဲ့တာဆို သရဲအိမ်ထဲဝင်မယ်!”။ စူစူလေးက ပြောလိုက်သည်။
“အမ်…”။ အိမ်တော်ထိန်းလျို့ အံ့အားသင့်သွား၏။
ဘာလို့ သရဲအိမ်လဲ။ ဒီလောက် ချစ်စရာကောင်းတဲ့ ကလေးမလေးက ဘာလို့ သရဲအိမ်ထဲဝင်ချင်တာလဲ။
“သရဲအိမ်ထဲကော ဝင်လို့မရဘူးလား”။
“သရဲအိမ်က ဝင်လို့ရပါတယ်။ အသက်အရွယ်ကန့်သတ်ထားတာ မရှိဘူး။ ဒါပေမယ့်…”
ကလေးတွေအတွက် ကြောက်စရာကောင်းလွန်းနေမှာကို အိမ်တော်ထိန်းလျို့ စိတ်ပူနေခြင်း ဖြစ်သည်။
“ဒါဆို သရဲအိမ်ထဲဝင်ကြမယ်!”။ စူစူလေး ပြောလိုက်သည်။
“နင်သေချာရဲ့လား။ သရဲအိမ်က တကယ်ကြောက်ဖို့ကောင်းတာနော်!”။ ဟွော်ထျင်းက သတိပေးလိုက်သည်။
“ထျင်းထျင်းက ကြောက်လို့လား”။ စူစူလေး မေးလိုက်သည်။
“ငါက ကြောက်ရမှာတဲ့လား။ လာနောက်မနေနဲ့! နင့်နောက်က အာပြဲစိန်လေး ကြောက်သွားမှာ စိုးလို့ ပြောနေတာ!”။ ဟွော်ထျင်း အမြန်ဆင်ခြေပေးလိုက်ပါသည်။
တကယ်တော့ သူ့ရင်ထဲ အနည်းငယ် ချောက်ချားနေသည်။ သို့သော် အားလုံးရှေ့မှာ ကြောက်တာကိုလုံးဝ ထုတ်ပြလို့ မဖြစ်ပါ။
“သမီးလည်း မကြောက်ဘူး!”။ ချင်းလောင်ယွင်က စူစူလေး၏ လက်မောင်းကို ကြောက်ကြောက်လန့်လန့် ဆုပ်ကိုင်ထားပြီး အော်ပြောလိုက်ပါသည်။
ဒေါ်လေးစူစူက သတ္တိရှိရမယ်လို့ မှာထားတယ်။ သူမ ကြောက်လို့ မဖြစ်ဘူး! ပြီးတော့ ဟွော်ထျင်း အထင်သေးတာကို ခံလို့လည်း မဖြစ်ဘူး!
“အဲ့တာဆို…”။ လုကျန်းယွီကို အိမ်တော်ထိန်းလျို့ လှမ်းကြည့်လိုက်သည်။
“ကျွန်တော်လည်း ဝင်ချင်တယ်”။ လုကျန်းယွီကပါ သဘောတူလိုက်ပါသည်။
“အင်း… အဲ့တာဆို ဟုတ်ပြီလေ…”။ အားလုံးရဲ့ သဘောတူညီချက်ဖြင့် ရွေးချယ်စရာမရှိတော့ဘဲ သရဲအိမ်ထဲဝင်ဖို့ ဆုံးဖြတ်လိုက်ရပါသည်။
ချင်းယုဟွိုင်းနဲ့ စန်းကျစ်တို့ကိုတော့ အိမ်တော်ထိန်းလျို့ ထည့်မတွက်ခဲ့ပါ။ သူတို့က လူကြီးတွေဖြစ်နေတာကြောင့် ဖြစ်သည်။
တကယ်တော့ စန်းကျစ် ရင်ထဲ အတော်လေး ထိတ်လန့်နေပါသည်။ သူမက သရဲအလွန်ကြောက်တတ်သည်။
သို့သော်လည်း ကလေးတွေက သရဲအိမ်ထဲဝင်ဖို့ အတိုင်အဖောက်ညီနေကြသဖြင့် လူကြီးဖြစ်သည့် သူမက ငြင်းဆန်လိုက်လျှင် သိက္ခာကျပါလိမ့်မည်။
သတ္တိရှိစမ်းပါ စန်းကျစ်ရာ! သရဲအိမ်ထဲမှာ အကုန်လုံးက အတုအယောင်တွေပဲဥစ္စာ!
စန်းကျစ် ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်လေသည်။
စိတ်လှုပ်ရှားနေသော စန်းကျစ်၏ အမူအရာကို မြင်ပြီး ချင်းယုဟွိုင်းက အကြံပေးလိုက်၏။ “မင်းကြောက်နေရင် ငါတို့ အပြင်မှာ စောင့်လို့ရတယ်။ အိမ်တော်ထိန်း ၂ ယောက်လည်းပါတော့ ကလေးတွေ အဆင်ပြေမှာပါ”
“ကျွန်မ မကြောက်ပါဘူး! စူစူလေးကို ကာကွယ်ပေးရဦးမယ်!”။ စန်းကျစ်က အမြန်ပြောလိုက်ပါသည်။
ချင်းယုဟွိုင်းနဲ့အတူ အပြင်မှာ ၂ ယောက်တည်း ကျန်ခဲ့ရမှာက သရဲအိမ်ထက်တောင် ပိုကြောက်ဖို့ ကောင်းနိုင်သည်။
စန်းကျစ်တစ်ယောက် အယောင်ဆောင် သတ္တိကောင်းပြနေမှန်း ချင်းယုဟွိုင်းသိသော်လည်း ဘာမှ မပြောတော့ပါ။
ထို့နောက် သူတို့အုပ်စု တန်းစီလိုက်ကြပြီး သရဲအိမ်ထဲ တစ်ယောက်ချင်း ဝင်သွားခဲ့ကြသည်။
သရဲအိမ်ထဲမှာ မှောင်မိုက်နေပါသည်။
စူစူလေးက ရှေ့ဆုံးမှ မကြောက်မရွံ့ ဦးဆောင်ကာ မှောင်မိုက်နေသော သရဲအိမ်ကြီးထဲ ဝင်သွားပါသည်။
ဟာသပဲ! သူမက ပိုင်ကျဲနတ်သားရဲပဲဥစ္စာ! မကောင်းဆိုးဝါးတွေ သရဲတစ္ဆေတွေ အကုန်လုံး သူမကို မြင်တာနဲ့ ထွက်ပြေးသွားစေရမယ်!
ချင်းလောင်ယွင်နဲ့ စန်းကျစ်တို့လည်း အနောက်မှ ကုပ်ချောင်းကုပ်ချောင်းဖြင့် လိုက်ပါလာကြသည်။ နှစ်ယောက်စလုံး အလွန် ကြောက်ရွံ့နေသော်လည်း အားတင်းထားလိုက်ကြသည်။
… … …