← Chapters

အခန်း (၅၂၁+၅၂၂)

Vol. 21 Ch. 521+522

အခန်း (၅၂၁+၅၂၂)

Vol. 21 Ch. 521+522

အခန်း(၅၂၁) သရဲအိမ်ထဲက အချစ်ဇာတ်လမ်း (၁)

ဝှီးချဲပေါ်က လုကျန်းယွီကလည်း လုံးဝ တည်ငြိမ်နေသည်။ မီးရောင်မှိန်မှိန်နဲ့ ထူးထူးဆန်းဆန်းအသံတွေ ထွက်နေသည့် သရဲအိမ်က သူ့ကို ရင်တောင် မခုန်စေပါ။

စူစူလေးနားသို့ ကပ်ပြီး လုကျန်းယွီ တီးတိုးပြောလိုက်သည်။ “ဟိုဘက်ကို သွားကြရအောင်”။

“မမလှလှတို့ကို စောင့်ဦးမယ်လေ”။ စူစူလေးက မသွားချင်ဘဲ တခြားသူတွေကို စောင့်ကြည့်ပါသေးသည်။

လုကျန်းယွီက တီးတိုးလေး ထပ်ပြောလိုက်သည်။ “မမလှလှနဲ့ စူစူလေးရဲ့ တူကြီးတို့ကို နှစ်ယောက်တည်း ခဏ လွှတ်ထားပေးလိုက်ပါ။ သူတို့ ချစ်ကြိုက်သွားဖို့လိုတယ်လေ”

တခြားကလေးတွေ သတိမထားမိတာကို လုကျန်းယွီက သတိထားမိပါသည်။

စူစူလေးရဲ့တူကြီးက မမလှလှကို တစ်ချိန်လုံး စိုက်ကြည့်နေပြီး တစ်ခုခုပြောချင်နေဟန်ဖြစ်သည်။

ချင်းယုဟွိုင်းနဲ့ စန်းကျစ်တို့ကို နှစ်ယောက်တည်း လွှတ်ထားပေးဖို့အတွက် စူစူလေးနဲ့အတူ တခြားနေရာကို ရှောင်ဖို့ လုကျန်းယွီဆုံးဖြတ်လိုက်ပါသည်။

“ချစ်ကြိုက်သွားမှာဟုတ်လား”

“အွန်း”

“ကိုကြီးက သူတို့ကို ဘယ်လိုချစ်ကြိုက်သွားအောင် လုပ်ရမလဲ သိလို့လား”။ စူစူလေးက လုကျန်းယွီ၏ အဖြေကို မျှော်လင့်တကြီး စောင့်မျှော်နေပါသည်။

သူမရဲ့ တူကြီးနဲ့ မမလှလှတို့ ချစ်ကြိုက်သွားစေဖို့ဆို သူမလည်း ကူညီချင်ပါသည်။

ပြဿနာက ချစ်ကြိုက်တယ်ဆိုတာ ဘာမှန်း စူစူလေး မသိပါ။ ထို့အပြင် ဘယ်လိုကူညီရမှန်းလည်း မသိပါ။

“ဒီတိုင်း သူတို့နှစ်ယောက်ကို အချိန်ခဏလောက် ပေးလိုက်ရင် ရလောက်မှာပါ”။ လုကျန်းယွီ ပြောလိုက်သည်။

အမှန်တိုင်းပြောရလျှင် လုကျန်းယွီလည်း နားမလည်ပါ။ ဒီလိုအရာမျိုးကို တီဗွီပေါ်မှာသာ မြင်ဖူးသည်။ ထို့အပြင် ထိုကဲ့သို့ ဒရမ်မာမျိုးတွေကို လုကျန်းယွီ သဘောမကျတတ်ပါ။

“ဟုတ်ပြီလေ! တခြားနေရာကို သွားကြစို့!”။ စူစူလေး ချက်ချင်း ဆုံးဖြတ်လိုက်ပါသည်။

ရှေ့က လှိုဏ်ဂူကြီးက ပျော်စရာကောင်းမည့်ပုံစံပင်။ အထဲမှာ ထူးထူးဆန်းဆန်း ဝတ်စုံကြီးတွေ ဝတ်ထားသည့် ကောင်မလေးတွေ ကောင်လေးတွေသာ ရှိသည်။

စူစူလေးက လက်မတွန့်ဘဲ လုကျန်းယွီ၏ ဝှီးချဲကို တွန်းလျက် လှိုဏ်ဂူကြီးထဲဝင်သွားခဲ့ပါသည်။ သရဲအိမ်ထဲက မီးအလင်းရောင်မှာ အလွန်မှေးမှိန်သည်။ သာမန်လူတွေ ရှေ့ကို မြင်ဖို့ ခက်ခဲပြီး သတိထားပြီး လမ်းလျှောက်နေရသည်။ သို့သော် စူစူလေးကတော့ ခြားနားပါသည်။

ဒီလိုမီးအလင်းရောင်တွေက သူမအတွက် ပြဿနာမရှိပါ။ ခြေထောက်မှာ မော်တာတပ်ထားသလိုမျိုး လှစ်ခနဲ ပြေးထွက်သွားခဲ့သည်။

“ဟိုကောင်မလေး! ဘယ်သွားမလို့လဲ! ငါလည်း လိုက်ခဲ့မယ်!”

စူစူလေးနဲ့ လုကျန်းယွီတို့ ထွက်သွားတာကို မြင်သောအခါ ဟွော်ထျင်းလည်း အမြန်ပြေးလိုက်သွားခဲ့သည်။

ဒီကောင်မလေးက အမြဲတမ်း လုကျန်းယွီအတွက်ပဲ စဉ်းစားပေးတယ်! သူ့ကိုဆို စိတ်ထဲတောင် မရှိဘူး1 စိတ်ရှုပ်ဖို့ ကောင်းလိုက်တာ!

“ဒေါ်လေးစူစူ သမီးကို စောင့်ပါဦး!”

နဂိုကတည်းက ကြောက်နေတာဖြစ်သဖြင့် စူစူလေး မရှိတော့သောအခါ ချင်းလောင်ယွင် ပိုပြီး ကြောက်လန့်သွားပါသည်။

စူစူလေးက အပြေးမြန်သဖြင့် ချင်းလောင်ယွင် လိုက်လို့ မမှီပါ။ ထို့ကြောင့် အနီးနားမှာ ရှိနေသည့် ဟွော်ထျင်း၏ လက်ကိုသာ လှမ်းဆွဲထားလိုက်ပါသည်။

“ဘာလို့ငါ့လက်ကို လာဆွဲနေတာလဲ အာပြဲစိန်!”။ ဟွော်ထျင်းက စိတ်ရှုပ်စွာမေးလိုက်သည်။

သူစိတ်ရှုပ်နေသော်လည်း ချင်းလောင်ယွင်၏ လက်ကို ခါမချခဲ့ပါ။

“အီးဟီးဟီး… သမီးကြောက်တယ်…”။ ချင်းလောင်ယွင်လေးက သနားစရာကောင်းစွာ ပြောလိုက်ပါသည်။

“မငိုနဲ့နော်! မငိုနဲ့! ငိုရင် ငါထားခဲ့မှာ!”။ ဟွော်ထျင်း သတိပေးလိုက်သည်။

“မငိုတော့ဘူး။ သမီးကို ဒေါ်လေးစူစူဆီ လိုက်ပို့ပါ”။ လောင်ယွင်လေးက သနားစရာ ကောင်းစွာ တောင်းဆိုလိုက်သည်။

“ပြီးရောဟာ ပြီးရော! စိတ်ရှုပ်ဖို့ကောင်းလိုက်တာ!”။ ထို့နောက် စူစူလေး ပြေးသွားသည့်အရပ်သို့ ချင်းလောင်ယွင်အား ခေါ်သွားဖို့ ဟွော်ထျင်း ဆုံးဖြတ်လိုက်သည်။

လခွမ်း! ဒီအာပြဲစိန်ရဲ့ ကျေးဇူးကြောင့် ဟိုကောင်မလေးကို မျက်ခြေပြတ်သွားပြီ!

သရဲအိမ်ကြီးက မှောင်မဲနေပြီး ဝင်္ကပါကြီးလို ဖြစ်နေတော့ လမ်းပျောက်ကုန်တော့မှာပဲ!

တကယ်တော့ ဟွော်ထျင်း လမ်းပျောက်နေပါပြီ။ ဝန်မခံချင်တာကြောင့်သာ ဖြစ်သည်။

“ဒေါ်လေးစူစူ ဘယ်မှာလဲဟင်။ လမ်းရှာမတွေ့ဘူးလား”။ လောင်ယွင်က မေးလိုက်သည်။

“ဘာတွေလာပြောနေတာလဲ။ ငါက လမ်းမရှာနိုင်စရာအကြောင်း ရှိလို့လား!”။ ဟွော်ထျင်းက ခေါင်းမာစွာ ပြောလိုက်ပါသည်။

“နင် လမ်းပျောက်နေပြီမလား… ဒေါ်လေးစူစူလောက်လည်း မတော်ဘူး…”။ လောင်ယွင်က ပြောလိုက်သည်။

“အာပြဲစိန်မ! ငါ့ကို အထင်သေးနေရင် ငါ့အင်္ကျီကို ဆွဲမထားနဲ့! လွှတ်စမ်း! နင့်ဒေါ်လေးစူစူကို နင့်ဖာသာနင် သွားရှာ!”။ ဟွော်ထျင်းက ဒေါသတကြီး ပြောလိုက်သည်။

… … …

အခန်း(၅၂၂) သရဲအိမ်ထဲက အချစ်ဇာတ်လမ်း (၂)

ဒေါသထွက်လွန်းလို့ သေတော့မှာပဲ။ ဒီအာပြဲစိန်ကများ ငါ့ကို အထင်သေးရဲသေးတယ်!

“မလွှတ်ဘူး!”။ လောင်ယွင်က မလွှတ်သည့်အပြင် ပိုပြီးတင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပါသည်။

အရင်တုန်းက ချင်းလောင်ယွင် ဒီလောက်ထိ မရဲတင်းခဲ့ပါ။ သို့သော် စူစူလေး၏ ဆုံးမမှုကြောင့် သူမ စကားပြောတာတောင် ပိုပြီး ရဲတင်းလာခဲ့သည်။

သူမ စိတ်ထဲရှိတာကို ထုတ်ပြောနိုင်ပြီဖြစ်ကာ ဟွော်ထျင်းက ငေါက်လိုက်တာနဲ့ ငိုယိုမှာ မဟုတ်ပေ။

“နင်ကတော့!”။ ဟွော်ထျင်း ဒေါသထွက်နေသော်လည်း သူအဝတ်အစားကို ဖမ်းဆုပ်ထားသည့် လောင်ယွင်၏ လက်ကလေးအား ရိုက်မချခဲ့ပါ။

ဒီလို အာပြဲစိန်နဲ့ ရန်ဖက်ဖြစ်မယ့်အစား သူကပဲ သဘောထားကြီးပေးပြီး ခွင့်လွှတ်ပေးရမှာပေါ့!

“လမ်းကို မြန်မြန်လျှောက်! နောက်မှာကျန်ခဲ့ရင် ငါထားခဲ့မှာ!”။ ဟွော်ထျင်းက သတိထပ်ပေးလိုက်သည်။

“နားလည်ပါပြီ။ ဒေါ်လေးစူစူကို မြန်မြန်ရှာပေး! ဒေါ်လေးစူစူနဲ့ တွေ့ချင်တယ်!”။ လောင်ယွင် တီးတိုး ပြောလိုက်သည်။

“အေးပါဟ အေးပါ! စိတ်ရှုပ်ဖို့ကောင်းလိုက်တာ!”။

လောင်ယွင်ကို သဘောမကျသော်လည်း စူစူလေးကို ဟွော်ထျင်း လိုက်ရှာပေးခဲ့ပါသည်။

စူစူလေးနဲ့ လုကျန်းယွီတို့ကို ဟွော်ထျင်းနဲ့ လောင်ယွင်တို့သာ ရှာနေတာမဟုတ်ဘဲ စန်းကျစ်ကလည်း လိုက်ရှာနေပါသည်။

“စူစူလေး! စူစူလေး ဘယ်ရောက်သွားလဲ!”

စန်းကျစ်လည်း စူစူလေးနောက် ပြေးလိုက်ခဲ့သော်လည်း သရဲအိမ်ကြီးက မီးရောင်မှိန်ပြီး လမ်းအချိုးအကွေ့တွေ များတာကြောင့် စူစူလေးကို မျက်ခြေပြတ်သွားသည့်အပြင် သူမ လမ်းပါ ပျောက်သွားခဲ့သည်။

ဘေးပတ်လည်ကို ကြည့်လိုက်သောအခါ ဘယ်သူမှ မရှိတော့ပါ။

လမ်းဆုံးကြီးပဲ! ဘယ်ကို ဆက်သွားရမလဲ!

စန်းကျစ် ဂယောက်ချောက်ချား ဖြစ်နေပါပြီ။ နဖူးပေါ်မှာလည်း ချွေးတွေ စီးကျလာသည်။

ရုတ်တရက် သူမနောက်မှ အေးစက်စက် လက်တစ်ဖက်က သူမ ပခုံးကို လာကိုင်သည်။

စန်းကျစ် ဖြည်းဖြည်းနောက်လှည့်ကြည့်လိုက်ရာ ကြောက်စရာသရဲမျက်နှာဖုံးကြီး ဝတ်ထားသည့် ဝန်ထမ်းတစ်ယောက်ကို မြင်လိုက်ရပါသည်။

“အား!!!”

စန်းကျစ်တစ်ယောက် ခုန်ပေါက်ကာ နောက်ဆုတ်လိုက်မိပြီး မျက်နှာကလည်း ကြောက်လန့်ဖြူဆုပ်သွားသည်။

ခြေလှမ်းတွေ နောက်ဆုတ်ရင်း တောင့်တောင့်တင်းတင်း ရင်ဘတ်ကြီးတစ်ခုနဲ့ ဝင်တိုက်မိပြန်သည်။

အလွန်စိတ်ချောက်ချားသွားကာ တစ်ကိုယ်လုံး အေးခဲသွားပြီး စန်းကျစ် ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။

လူရိပ်ကြီးတစ်ခုကို မြင်လိုက်ရသဖြင့် စန်းကျစ် ထပ်ပြီး အော်ဟစ်လိုက်မိပြန်ပါသည်။ “အား!!!!”

“ငါပါ”။

အသံက သရဲအသံမဟုတ်ဘဲ နက်ရှိုင်းပြီး ဆွဲဆောင်မှုရှိသည့် ချင်းယုဟွိုင်း၏ အသံဖြစ်နေပါသည်။

သူကိုး!

စန်းကျစ် အခုမှ သက်ပြင်းချနိုင်သည်။ သို့သော် စိတ်ချလက်ချ မနေရဲသေးပါ။

“မင်းက သရဲကြောက်တတ်လို့လား”။ ယုဟွိုင်း မေးလိုက်သည်။

“ဟ-ဟင်?။ ကျွန်မက… မ-မကြောက်တတ်ပါဘူး… သ-သရဲက တကယ်မှ မရှိတာ။ ဘ-ဘာလို့ကြောက်ရမှာလဲ…”

စန်းကျစ်က ဝန်မခံချင်ဘဲ ငြင်းဆန်လိုက်သည်။ သို့သော် တုန်ယင်နေသည့် သူမအသံက ယုံချင်စရာ မကောင်းလှပါ။

“ကြောက်ရင် ငါ့လက်ကို ကိုင်ထားလေ။ အပြင်ရောက်အောင် လိုက်ပို့ပေးမယ်”။ ယုဟွိုင်းက ပြောလိုက်ပါသည်။

“ရ…ရပါတယ်”။ စန်းကျစ် ငြင်းဆန်ဖို့ ကြိုးစားသည်။

“အပြင်မထွက်ဖို့ လိုတာ သေချာလား”။ ယုဟွိုင်း ထပ်မေးလိုက်သည်။

“သေချာတယ်!”။ စန်းကျစ်က ပြတ်သားစွာ ပြန်ဖြေလိုက်ပါသည်။

“ဒါဆိုလည်း သွားကြစို့။ စူစူလေး စောင့်နေရဦးမယ်”။ ချင်းယုဟွိုင်းလည်း ထပ်ပြီး မတိုက်တွန်းတော့ပါ။ ရှေ့က အရင် ထွက်သွားလိုက်သည်။

ချင်းယုဟွိုင်း ထွက်သွားတာကို မြင်သောအခါ စန်းကျစ် ထိတ်လန့်သွားပါသည်။ စိတ်ထဲမှာလည်း သူ့လက်မောင်းကို ပြေးဖက်ချင်စိတ်များ ဖြစ်ပေါ်လာသည်။

ထိုစဉ် သရဲအိမ်ထဲမှ ထွက်ပေါ်လာသော် စူးစူးဝါးဝါး အော်သံကြီးတစ်ခုကြောင့် စန်းကျစ် အလွန်ကြောက်လန့်ကာ အော်ဟစ်လိုက်မိပြန်သည်။ “အား!!!!”

ထို့နောက် ယုဟွိုင်းနောက် အမြန်ပြေးလိုက်ကာ လက်မောင်းကို ကိုင်ထားလိုက်ပါသည်။

ယုဟွိုင်းလည်း ခြေလှမ်းတွေ ရပ်တန့်သွားပြီး သူ့လက်မောင်းကို လာကိုင်သည့် စန်းကျစ်အား ငုံ့ကြည့်လိုက်ပါသည်။

“ကျွန်မ…”။ အခုမှ ချင်းယုဟွိုင်း၏ လက်မောင်းကို ကိုင်ထားမိမှန်း သတိထားမိကာ စန်းကျစ် အလွန်ရှက်သွားပါသည်။ သို့သော် သူမ လွှတ်လည်း မလွှတ်ရဲတော့ပါ။

သူ့လက်မောင်းက အလွန်ကြံ့ခိုင်ပြီး သန်မာသည်။ ဒီလိုအခြေအနေမျိုးမှာ သူမကို လုံခြုံမှု ပေးစွမ်းနေသလို ခံစားရသည်။

“ရှင်… ရှင်ပဲ ခုနက လက်ကိုင်ထားလို့ရတယ်ဆို!”။ စန်းကျစ်၏ အသံက တိုးညှင်းနေပြီး ယုံကြည်ချက်များ ကင်းမဲ့နေပါသည်။

မီးရောင်မှိန်မှိန်အောက်မှာ ယုဟွိုင်း၏ နှုတ်ခမ်းထက် အပြုံးတစ်ခု ပေါ်လာခဲ့ပါသည်။

“ကိုင်ထားလို့ ရပါတယ်”။ ယုဟွိုင်းက တည်ငြိမ်သော လေသံဖြင့် ပြန်ပြောလိုက်သည်။

… … …

All Chapters