အခန်း (၅၂၃+၅၂၄+၅၂၅)
Vol. 21 Ch. 523+524+525
အခန်း(၅၂၃) သရဲအိမ်ထဲက အချစ်ဇာတ်လမ်း (၃)
ချင်းယုဟွိုင်းကလည်း သူ့လက်မောင်းကို စန်းကျစ်အား ရက်ရက်ရောရော ကိုင်ခွင့်ပေးလိုက်ပါသည်။ ထို့နောက် ထွက်ပေါက်ကိုရှာဖွေဖို့ အတူတူ ထွက်လာခဲ့ကြသည်။
လမ်းမှာ ကြောက်စရာ အခြောက်အလှန့်တွေ၊ အသံတွေ ပေါင်းစုံကို ကြုံတွေ့ခဲ့ကြရသည်။ စန်းကျစ် ကြောက်လွန်းသဖြင့် ချင်းယုဟွိုင်း၏ ကျောနောက်မှာ ပုန်းနေရပြီး ရှေ့ကိုတောင် မကြည့်ရဲပါ။
ချင်းယုဟွိုင်းကတော့ အလွန်တည်ငြိမ်နေသည်။ သရဲအိမ်ကို ကြောက်စရာကောင်းသည်ဟု မထင်မိပါ။ သရဲအိမ်ထဲက အပြင်အဆင်တွေ အသံတွေကြောင့် ကြောက်ဖို့ကောင်းနေတာသာဖြစ်နိုင်သည်။ ထို့အပြင် အပြင်အဆင်တွေကလည်း အရမ်းကြီး ကြောက်ဖို့ကောင်းမနေပါ။ သွေးထွက်သံယို မြင်ကွင်းမျိုးတွေ ဘာမှ မတွေ့ရပေ။
သရဲအဝတ်အစားများ ဝတ်ဆင်ထားသည့် NPC တွေကလည်း ဧည့်သည်တွေကို အလွန်ဆုံး ပခုံးပုတ်တာလောက်သာ လုပ်ကြပြီး တခြား ဘာမှ လွန်လွန်ကြူးကြူး လုပ်ခွင့်မရှိပါ။
သို့သော် စန်းကျစ်ကတော့ အလွန်ကြောက်နေပါသည်။ သူမ၏ အခြေအနေက ချင်းလောင်ယွင်နဲ့ မခြားလှပေ။
လမ်းအနည်းငယ်လျှောက်ပြီးနောက် ထောင်ချောက်တစ်ခုအနားသို့ သူတို့ ရောက်လာကြသည်။
မြေကြီးပေါ်မှာ တွင်းပေါက်ကြီးတစ်ပေါက် ရှိနေပြီး အထဲမှာ မိစ္ဆာတွေ၊ မကောင်းဆိုးဝါးတွေ အစုံအလင် ရှိနေကာ အပေါ်ကို မော့ကြည့်နေကြပြီး ဧည့်သည်များ၏ ခြေထောက်များကို ဖမ်းဆွဲဖို့ ကြိုးစားနေပုံရသည်။
ချင်းယုဟွိုင်းနဲ့ စန်းကျစ်တို့ အနားရောက်သွားမှ ထိုတွင်းကြီးကို ထင်ထင်ရှားရှား မြင်လိုက်ရသည်။ စန်းကျစ် စိတ်ချောက်ချားလွန်းသဖြင့် ချင်းယုဟွိုင်း၏ ခန္ဓာကိုယ်ပေါ် ခိုအားလား ဝက်ဝံလေးတစ်ကောင်လို တက်ခွလိုက်မိသည်။
“ကယ်ကြပါး! သ-သရဲ!!”။ စန်းကျစ်က ချင်းယုဟွိုင်းကို တင်းတင်းကြပ်ကြပ် ဖက်ထားပါသည်။
ချင်းယုဟွိုင်း တစ်ကိုယ်လုံး တောင့်တင်းသွားသည်။
အကြောက်တရားကြောင့် မဟုတ်ဘဲ စန်းကျစ်၏ လုပ်ရပ်ကြောင့် ဇဝေဇဝါဖြစ်သွားခြင်း ဖြစ်သည်။
သူမရဲ့ ခန္ဓာကိုယ်နူးနူးညံ့ညံ့လေးက သူ့အပေါ် ကျရောက်လာသည်။
ခဏကြာတော့ ချင်းယုဟွိုင်း ရှင်းပြလိုက်ပါသည်။ “အဲ့တာ အစစ်မဟုတ်ဘူး။ ဒီတိုင်း ကွန်ပျူတာ ဖန်သားပြင်နဲ့ လုပ်ထားတာ…”
“အ-အစစ်မဟုတ်ဘူးလား”။ စန်းကျစ် အောက်ကို ငုံ့ကြည့်လိုက်ပါသည်။
ထို ‘ထောင်ချောက်’ကြီးပေါ်မှာ ချင်းယုဟွိုင်း မတ်တပ်ရပ်နေတာဖြစ်သည်။
အမှန်ပင်။ အစစ်မဟုတ်ဘဲ 3D ဖန်သားပြင်ကြီးတစ်ခုသာ ဖြစ်ပါသည်။
စန်းကျစ် စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်ပါသည်။ ထို့နောက် သူမ လုပ်ရပ်ကိုသူမ သတိထားမိသွားသည်။
“ကျွ-ကျွန်မ တောင်းပန်ပါတယ်!”
ချင်းယုဟွိုင်း ကိုယ်ပေါ်မှ စန်းကျစ် အမြန်ဆင်းလိုက်ပါသည်။
ဘုရားဘုရား! သူမ ဘာတွေ တွေးနေတာလဲ! သူများပေါ် ဒီလို ခုန်တက်လိုက်တာ ရှက်စရာကြီး!
“ရပါတယ်။ ဒီ့ထက် ကြာကြာ ဖက်ထားလည်း စိတ်မဆိုးပါဘူး”။ ချင်းယုဟွိုင်းက သဘောထားကြီးပေးလိုက်သည်။
စန်းကျစ်မျက်နှာ ချက်ချင်း နီရဲသွားပါသည်။
ခုနက ကြောက်ရွံ့မှုကြောင့် ဖြူဆုပ်သွားသည့် မျက်နှာက ချက်ချင်း အရောင်တွေ ပြန်ပြည့်လာခဲ့သည်။
“သွားကြစို့”။ စန်းကျစ် အလွန်ရှက်လွန်းသဖြင့် မြေတွင်းတူးပြီး ဝင်သွားချင်နေတာကို ချင်းယုဟွိုင်း မြင်ပါသည်။
အရင်တစ်ခေါက်ကလို သူမ ထွက်ပြေးသွားမှာကို စိုးရိမ်မိသည်။ သို့သော်လည်း ဒီနေ့တော့ စန်းကျစ် ထွက်ပြေးချင်ရင်တောင် ဘယ်ကိုထွက်ပြေးရမှန်း သိမှာ မဟုတ်ပါ။
အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် သူတို့ နံရံကြီးတစ်ခုရှေ့မှာ အဆုံးသတ်သွားကြသည်။
“လမ်းမရှိတော့ဘူးလား”။ စန်းကျစ်က စိုးရိမ်စွာ မေးလိုက်သည်။
ချင်းယုဟွိုင်းလည်း မသိပါ။ သို့သော် ရှေ့က နံရံကြီးက တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားမိသည်။ နံရံအစစ်နဲ့ မတူလှပါ။
ချင်းယုဟွိုင်း နံရံကို လက်ဖြင့် တွန်းကြည့်လိုက်သည်။ ထင်မထားစွာဖြင့် နံရံကြီးက ၁၈၀ ဒီဂရီ လည်သွားလေသည်။ ထိုအခါ စန်းကျစ်နဲ့ ချင်းယုဟွိုင်းတို့ ၂ ယောက်ပါ နံရံကြီးနဲ့အတူ တစ်ဖက်အခန်းသို့ ပါသွားလေသည်။
စန်းကျစ်လည်း ချင်းယုဟွိုင်း၏ ခန္ဓာကိုယ်နဲ့ နောက်တစ်ခါ ဝင်တိုက်မိပြန်သည်။
ဒီတစ်ခါက မတော်တဆဖြစ်ပြီး စန်းကျစ် ခန္ဓာကိုယ်ချင်း ပြန်ခွာဖို့ ကြိုးစားလိုက်သော်လည်း ချင်းယုဟွိုင်းက သူမကို ခွာခွင့် မပေးပါ။
စန်းကျစ် ခေါင်းမော့ကာ ချင်းယုဟွိုင်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ “ဘာ- ဘာဖြစ်လို့လဲဟင်”။
သူမရဲ့ အသံကြောင့် ကြောက်လန့်နေမှန်း သိသာစေသည်။
သရဲအိမ်ကြီးကြောင့်ပဲ ကြောက်လန့်နေတာလား၊ သူမတို့ နှစ်ယောက် ဒီလို နီးကပ်သွားလို့ပဲ ကြောက်လန့်နေတာလား စန်းကျစ် မပြောတတ်ပါ။
ချင်းယုဟွိုင်းက စကားပြန်မပြောဘဲ စန်းကျစ်၏ မျက်ဝန်းတွေကိုသာ စိုက်ကြည့်နေခဲ့သည်။
စန်းကျစ် ဘေးပတ်လည်ကို လှည့်ကြည့်လိုက်ရာ သူတို့ နံရံအတုကြီးတစ်ခုနဲ့ တွေ့ပြီး တစ်ဖက်အခန်းထဲသို့ ရောက်သွားခဲ့ကြတာဖြစ်သည်။
နံရံအတုကြီးနောက်မှာ ၅၀ စင်တီမီတာခန့်သာ ကျယ်သော အလုံပိတ်အခန်းကျဉ်းတစ်ခန်း ရှိနေပြီး သူမနဲ့ ချင်းယုဟွိုင်းတို့ နှစ်ယောက်တည်း ရှိနေသည့် နေရာလေးလည်း ဖြစ်သည်။
… … …
အခန်း(၅၂၄) သရဲအိမ်ထဲက အချစ်ဇာတ်လမ်း (၄)
ပတ်ဝန်းကျင်ကလည်း အလွန်တိတ်ဆိတ် ငြိမ်သက်လွန်းသည်။ ကြောက်စရာကောင်းပြီး ချောက်ချားစရာ ကောင်းသည့် နောက်ခံအသံတွေတောင် ပျောက်ကွယ်သွားပါသည်။
ချင်းယုဟွိုင်း၏ အသက်ရှူသံကိုကော ရင်ခုန်သံတွေကိုကော စန်းကျစ် ကြားနေရသည်။ သူ့ရင်ခုန်သံ စည်းချက်တိုင်းက
သူမ နှလုံးသားကို လာရောက်ရိုက်ခတ်သလို ခံစားနေရသည်။
အချိန်အတော်ကြာ ပွေ့ဖက်ထားပြီးနောက် စန်းကျစ်ကို ချင်းယုဟွိုင်း မေးလိုက်ပါသည်။ “ဒီနေ့ ဒီနေရာမှာ တခြား ယောက်ျားတစ်ယောက်ဆိုရင်လည်း ဒီလို ဖက်ထားခွင့် ပေးမှာလား”
“ဟင်”။ ရုတ်တရက် မေးခွန်းကြောင့် စန်းကျစ် ရီဝေသွားသည်။
“မင်းထွက်မသွားအောင် ငါတားပြီး ဖက်ထားလိုက်တယ်။ ဒါပေမယ့် မင်းစိတ်မဆိုးဘူး။ မင်းသာ ငါဖက်တာ မခံချင်ဘူးဆိုရင် ငါ့ကို ဆွဲထိုးပြီးလောက်ပြီ။ ပြီးတော့ မင်းရဲ့ ခွန်အားမျိုးနဲ့ဆို ငါ့ဆီက အသာလေး ရုန်းထွက်လို့ရတယ်။ ဒါပေမယ့် ရုန်းမထွက်ခဲ့ဘူး။ တခြားယောက်ျားတစ်ယောက် ဆိုရင်ကော ဒီလိုပဲ လုပ်မှာလား”။ ချင်းယုဟွိုင်းက ထပ်မေးလိုက်သည်။
သူ့အပေါ်ထားသည့် စန်းကျစ်၏ သဘောထားကို စမ်းသပ်နေခြင်းဖြစ်သည်။
“ကျွန်မ… ကျွန်မ မစဉ်းစားကြည့်ဖူးဘူး”။ စန်းကျစ် တကယ် မစဉ်းစားဖူးပါ။
“အခု စဉ်းစားလိုက်”။ ချင်းယုဟွိုင်း ပြောလိုက်သည်။
“ကျွန်မ…”။ စန်းကျစ် စိတ်မှာ နဂိုကတည်းက ဗလာကျင်းဖြစ်နေခဲ့ပြီး အခုတော့ နောက်ဆုံးလက်ကျန် ဉာဏ်ရည်လေးပါ Shut Down ဖြစ်သွားရသည်။
ချင်းယုဟွိုင်း၏ ယောက်ျားပီသသော မျက်နှာကို ဒီတိုင်း စိုက်ကြည့်နေမိသည်။ နက်ရှိုင်းသည့် သူ့မျက်လုံးတွေထဲ စန်းကျစ် စုပ်ယူခံနေရသလို ခံစားရသည်။
အနီးကပ်ကြည့်လိုက်သောအခါ ချင်းယုဟွိုင်းက တကယ် ယောက်ျားပီသပါသည်။ သပ်ရပ်လှပသော မျက်နှာ အစိတ်အပိုင်းများ၊ မထူမပါးသည့် နှုတ်ခမ်းနဲ့ နှာတံကလည်း မြင့်သည်။ မျက်လုံးတွေကလည်း အလွန် ဆွဲဆောင်မှု ရှိနေလေသည်။
ဒီနေ့ ချင်းယုဟွိုင်းနဲ့ ၂ ယောက်တည်း အတူရှိနေရသည့် အကြောင်းအရင်းက သရဲအိမ်ထဲဝင်ခဲ့တာကြောင့် ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း ယောက်ျားတစ်ယောက်ကို ဒီလို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ဖူးတာကိုတော့ စန်းကျစ် ပထမဆုံး အကြိမ် လုပ်ဖူးခြင်းဖြစ်သည်။
ဒီနေ့ ဒီနေရာမှာ တခြားယောက်ျားတစ်ယောက်သာဆို သူမ ဒီလိုပဲ လုပ်မိမှာလား။
သူမနဲ့ ရင်းနှီးသည့် တခြား ယောက်ျားလေးတွေကို စန်းကျစ် မြင်ယောင်ကြည့်လိုက်သည်။ ဥပမာ ခေါင်းဆောင်ရှောက်နဲ့ တခြား အဖွဲ့ဝင်တွေလိုမျိုး..။
သို့သော်လည်း ခေါင်းဆောင်ရှောက်နဲ့ လက်ချင်းတွဲထားတာကို မြင်ယောင်မိရုံနဲ့ စန်းကျစ် ခေါင်းတွေ ခါမိသွားသည်။ ဒီလို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ဖို့ဆို ပိုဝေးပါသည်။
မဖြစ်ဘူး! လုံးဝ မဖြစ်နိုင်ဘူး!
တခြားသူတွေနဲ့ ဒီလို လုံးဝ မလုပ်နိုင်ပါ!
သူတို့က သူမရဲ့ အစ်ကိုတွေ၊ သူငယ်ချင်းတွေ ဖြစ်ကြသော်လည်း ဒီလို လက်မောင်းချင်းချိတ်တာမျိုး ပွေ့ဖက်တာမျိုး လုံးဝ မလုပ်နိုင်ပါ။
သူမကို လာလုပ်ပါကလည်း ကန်ထုတ်မိလောက်သည်။
ဒါကို နားလည်သွားသောအခါ စန်းကျစ် ကြက်သေသေသွားခဲ့သည်။ သူမရင်ထဲ တစ်ခုခုကို သဘောပေါက်သွားသလို ခံစားလိုက်ရပါသည်။
“နားလည်သွားပြီလား”။ ချင်းယုဟွိုင်းက မေးလိုက်သည်။
စန်းကျစ် ခေါင်းငြိမ့်လိုက်မိသည်။ သို့သော် ချက်ချင်းဆိုသလို ခေါင်းပြန်ခါလိုက်ပါသည်။
“မ… မသိဘူး။ ဒီတိုင်း… ရှင်က… ထူးခြားတယ်လို့ ခံစားရလို့”။ စန်းကျစ် ရှင်းပြလိုက်သည်။
ထိုစကားကြောင့် ချင်းယုဟွိုင်း နှလုံးသားထဲ နှစ်ပေါင်း ၂၀ ကျော်ကြာအောင် မခံစားခဲ့ရဖူးသည့် ရင်တုန်မှုတစ်ခု ခံစားလာခဲ့ရသည်။
သူ့အပေါ် စန်းကျစ်၏ သဘောထားက တခြားသူတွေနဲ့ မတူမှန်း ချင်းယုဟွိုင်း သိနေခဲ့သည်။ သို့သော် တစ်ခါမှ သက်သေ မပြနိုင်ခဲ့ပါ။
သူ့ဖာသာသူ အတွေးလွန်ပြီး ထင်ယောင်ထင်မှား ဖြစ်နေမှာကို အလွန်စိုးရိမ်မိသည်။
စန်းကျစ်၏ အဖြေကို ကြားလိုက်ရပြီးနောက် ချင်းယုဟွိုင်း နှလုံးသားထဲက ဆန္ဒတွေကို မချုပ်တည်းနိုင်တော့ပေ။
ခေါင်းငုံ့လျက် စန်းကျစ်၏ နှုတ်ခမ်းနီနီလေးများကို သူ နမ်းရှိုက်လိုက်သည်။
သူမရဲ့ နှုတ်ခမ်းပါးလေးကို ချင်းယုဟွိုင်း ဖြည်းညှင်းစွာ အရသာခံရင်း နူးညံ့သိမ်မွေ့စွာ နမ်းရှိုက်နေပါသည်။
စန်းကျစ် မျက်လုံးများ ပြူးကျယ်သွား၏။
သူမ နှုတ်ခမ်းထက်က အထိအတွေ့ကြောင့် တစ်ကိုယ်လုံး မိုးကြိုးပစ်ခံလိုက်ရသလို တောင့်တင်းသွားခဲ့သည်။
အချိန်အတော်ကြာမှ ချင်းယုဟွိုင်းက သူမကို လွှတ်ပေးလိုက်ပါသည်။ ထိုအခါ စန်းကျစ်လည်း အသိစိတ်ပြန်ဝင်လာပြီး သူမရဲ့ ပထမဆုံးအနမ်းကို ဆုံးရှုံးလိုက်ရပြီဖြစ်မှန်း နားလည်သွားတော့သည်။
“ဘာဖြစ်လို့လဲ”။ စန်းကျစ်၏ အံ့အားသင့်နေသော မျက်နှာကို ကြည့်ပြီး ချင်းယုဟွိုင်း မျက်မှောင်ကြုတ်လျက် မေးလိုက်လေသည်။
… … …
အခန်း(၅၂၅) နမ်းတာ ညံ့တယ်
စန်းကျစ် ပါးစပ်မှ လွှတ်ခနဲ ပြောလိုက်မိသည်။ “ကျွန်မ ထင်ထားတာနဲ့ နည်းနည်းခြားနားနေလို့… ဝတ္ထုတွေထဲမှာ ရေးထားသလောက်လည်း ရင်ခုန်စရာသိပ်မကောင်းဘူး…”
ထိုစကားကြားသောအခါ ချင်းယုဟွိုင်း မျက်နှာ မှောင်မိုက်သွားသည်။ သူ့ အနမ်း Skill ကို ဝေဖန်ခံလိုက်ရသည်။
ချင်းယုဟွိုင်း စိတ်ရှုပ်သွားပြီး မျက်နှာလွှဲကာပြောလိုက်ပါသည်။ “သည်းခံလိုက်ပါ။ ငါ့မှာလည်း အတွေ့အကြုံ သိပ်မရှိဘူး”
တကယ်တော့ အတွေ့အကြုံလုံးဝ မရှိတာဖြစ်သည်။ စန်းကျစ်က ပထမဆုံး နမ်းဖူးတာဆို သူလည်း ပထမဆုံး နမ်းဖူးတာပဲ မဟုတ်လား။
နှစ်ပေါင်း ၂၀ ကျော်အတွင်း မိန်းကလေးတစ်ယောက်ကို ပထမဆုံး နမ်းဖူးတာဖြစ်သည်။
အမှန်ပင်။ ချင်းယုဟွိုင်း နှုတ်ကတော့ ထုတ်မပြောရဲပါ။ အသက် ၃၀ နားနီးနေသည့် ယောက်ျားတစ်ယောက်က မိန်းကလေးတစ်ယောက်ကို မနမ်းဖူးကြောင်း ဖွင့်ပြောတာ ဂုဏ်သိက္ခာရှိသည့် လုပ်ရပ်မဟုတ်ပေ။
ဒါကိုကြားတော့ စန်းကျစ်လည်း အံ့အားသင့်သွားပြီး ချင်းယုဟွိုင်းကို မော့ကြည့်လိုက်ပါသည်။
သူလည်း… ပထမဆုံး နမ်းဖူးတာလား။
“သွားကြစို့! ဒီကနေ မြန်မြန်ထွက်မယ်!”။ ချင်းယုဟွိုင်း စကားလမ်းကြောင်း အမြန်လွှဲလိုက်သည်။
ပထမဆုံး နမ်းဖူးသည့် အခိုက်အတန့်ကို ချင်းယုဟွိုင်း မသိချင်ယောင် မဆောင်ချင်သော်လည်း စန်းကျစ်၏ စကားကြောင့် သူဘာပြောရမှန်း မသိတော့ပါ။
“ဪ…”။ စန်းကျစ် ရှက်သွေးဖြာကာ ခေါင်းငုံ့သွားပြီး ချင်းယုဟွိုင်းနောက်မှ လိုက်လာခဲ့ပါသည်။ ခုနက အဖြစ်အပျက်ကိုလည်း ပြန်မပြောရဲတော့ပါ။
နှုတ်ခမ်းပါးထက်မှ အထိအတွေ့ကို စန်းကျစ် အခုချိန်ထိ နှလုံးသားထဲမှ ထုတ်မရသေးပါ။
--- --- ---
သရဲအိမ်ထဲမှ စူစူလေးနဲ့ လုကျန်းယွီတို့ အရင်ဆုံး ထွက်လာခဲ့ကြသည်။
ထွက်ပေါက်ကို ရောက်သောအခါ စူစူလေးက ဝန်ထမ်းတစ်ယောက်အား ပြောလိုက်၏။ “ဝန်ထမ်း အစ်ကိုကြီး။ သရဲအိမ်က ပျော်စရာလည်း မကောင်းဘူး။ ကြောက်စရာလည်း မကောင်းဘူး! ဒီ့ထက် အဆင့်မြှင့်နိုင်အောင် ကြိုးစားရမယ်နော်”
“ဟမ် ကြောက်စရာ မကောင်းဘူး ဟုတ်လား”
“ဟုတ်တယ်! လုံးဝ ကြောက်စရာမကောင်းဘူး။ ကိုကြီးနဲ့ သမီးနဲ့ နည်းနည်းလေးတောင် မကြောက်ခဲ့ဘူး!”
“အဲ့တာဆို… နောက်တစ်ခါ ကြောက်ဖို့ကောင်းအောင် ကြိုးစားပေးပါ့မယ်”
တံခါးစောင့် ဝန်ထမ်းက အနေခက်စွာ ပြုံးလိုက်သည်။ ဒီကလေးမလေးက သရဲအိမ်ကို ကြောက်စရာမကောင်းဘူးဟု ပြောနေတာ အံ့အားသင့်မိပါသည်။
တကယ်တော့ စည်းမျဉ်းစည်းကမ်းတွေအရဆို သူမလိုအရွယ် ကလေးတွေကို သရဲအိမ်ထဲ ဝင်ခွင့်မပေးပါ။
အထက်က ညွှန်ကြားထားတာကြောင့်သာ မဟုတ်လျှင် စူစူလေးတို့ အဖွဲ့ကို သရဲအိမ်ထဲ ဝင်ခွင့်ပေးခဲ့မှာ မဟုတ်ပေ။
ကလေးမလေး သိပ်မကြောက်သွားစေဖို့အတွက် သရဲအိမ်ထဲမှ ဝန်ထမ်းတွေကလည်း သိပ်မလှုပ်ရှားခဲ့ကြဘဲ လူကြီးတွေကိုသာ ပစ်မှတ်ပိုထားခဲ့ပါသည်။
ဒါတောင် ကလေးတွေ ကြောက်ရွံ့နေဦးမည်စိုးရိမ်သဖြင့် စီမံရေးအဖွဲ့က နောက်ခံ အသံတွေကိုတောင် ပိတ်ပစ်ခဲ့ပါသည်။
သို့သော် ဒီကလေးမလေးက သတ္တိအလွန်ရှိပြီး လုံးဝ ကြောက်ရွံ့ပုံ မပေါ်ပါ။
“အွန်း! ကြိုးစားထား!”။ စူစူလေး အားပေးလိုက်ပါသည်။
ခဏကြာတော့ ဟွော်ထျင်းနဲ့ ချင်းလောင်ယွင်တို့ ထွက်လာကြသည်။
စူစူလေးကို မြင်တာနဲ့ တစ်ပြိုင်နက် ချင်းလောင်ယွင် ပြေးလာခဲ့ပါသည်။
“ဒေါ်လေးစူစူ!”။ စူစူလေး၏ လက်မောင်းကို ချင်းလောင်ယွင် ပွေ့ဖက်လိုက်သည်။ “နောက်တစ်ခါ ရုတ်တရက်ကြီး ထွက်မသွားနဲ့နော် ဒေါ်လေးစူစူ။ သမီး မလိုက်နိုင်ဘူး!”
ချင်းလောင်ယွင် နှုတ်ခမ်းကိုက်ကာ သနားစရာကောင်းသည့် ပုံစံလေး လုပ်ပြလိုက်ပါသည်။
ဟွော်ထျင်းကလည်း မကျေမနပ် ရောက်လာသည်။ “နောက်တစ်ခါဆို ဒီအာပြဲစိန်ကိုပါ နင်နဲ့အတူ ခေါ်သွား။ စိတ်ရှုပ်လွန်းလို့ သေတော့မယ်!”
အရင်တုန်းကလို သူ့ကို ကပ်ဖားဖို့ ကြိုးစားပြီး စကားမများဘဲ ငိုသာငိုတတ်သည့် ချင်းလောင်ယွင်ကိုတောင် ဟွော်ထျင်း ပြန်သတိရမိပါသည်။ ထိုတုန်းက ချင်းလောင်ယွင်ကလည်း စိတ်ရှုပ်ဖို့ကောင်းပါသည်။ သို့သော်လည်း အနည်းဆုံးတော့ သူကန်ထုတ်လို့ ရသေးသည်။
ယခုတော့ စိတ်ရှုပ်ဖို့ကောင်းသည့်အပြင် ကန်ထုတ်လို့တောင် မရတော့ပါ။ အလွန် ဒေါသထွက်စရာ ကောင်းသည်။
ချင်းလောင်ယွင်က စူစူလေးကို ဝမ်းနည်းစွာ တိုင်လိုက်ပါသည်။ “ကြည့်ပါဦး ဒေါ်လေးစူစူ။ ဟွော်ထျင်း သမီးကို အနိုင်ကျင့်နေတယ်…”
ဟွော်ထျင်း ဒေါသပိုကြီးသွားပါသည်။ “နင်ဘာဖြစ်နေတာလဲ။ ဘယ်သူက အနိုင်ကျင့်နေလို့လဲ”
“နင်… နင်အနိုင်ကျင့်တာလေ!”။ ချင်းလောင်ယွင် နှုတ်ခမ်းစူလိုက်သည်။ သူမ မငိုတော့သော်လည်း မျက်နှာပေါ်မှာ ဝမ်းနည်းမှု အပြည့်ပေါ်လွင်နေပါသည်။
ဟွော်ထျင်း အံကြိတ်ကာ မကျေမနပ် ပြောလိုက်၏။ “ဟိုကောင်မလေး! သူ့ကို ကြည့်စမ်း! အရင်ကနဲ့ ဘာမှ မခြားဘူး။ အရင်လို စိတ်ရှုပ်ဖို့ကောင်းတုန်းပဲ!”
စူစူလေးရှေ့မှာ နှစ်ယောက်သား စကားများ ရန်ဖြစ်ကြလေသည်။
ထို့နောက် စူစူလေးဘက်သို့ တစ်ပြိုင်တည်း လှည့်လိုက်ကြပြီး တရားသူကြီးလုပ်ပေးရန် တောင်းဆိုလိုက်ကြပါသည်။
… … …