အခန်း (၅၂၆+၅၂၇)
Vol. 22 Ch. 526+527
အခန်း(၅၂၆) မျက်နှာကြီး နီရဲနေတော့ အရမ်းကြောက်နေခဲ့မှာပဲ
ချင်းလောင်ယွင်နဲ့ ဟွော်ထျင်းတို့ကို စူစူလေး သေချာအကဲခတ်ကြည့်လိုက်သည်။ ထို့နောက် ချင်းလောင်ယွင်အား ပြောလိုက်ပါသည်။ “ယွင်ယွင် မကြောက်နဲ့နော်။ ထျင်းထျင်းက စကားကို အဲ့လိုပဲ ပြောတတ်လို့ပါ”
ထို့နောက် ဟွော်ထျင်းကိုလည်း လှည့်ပြောလိုက်သည်။ “ထျင်းထျင်းလည်း စိတ်မဆိုးနဲ့။ ယွင်ယွင်လေးက နည်းနည်း ကြောက်တတ်တယ်။ နင်က ယောက်ျားလေးဆိုတော့ အစ်ကိုကြီး တစ်ယောက်အနေနဲ့ နည်းနည်းလောက် အလျှော့ပေးလိုက်ပါ”
“အွန်း။ ဒေါ်လေးစူစူ ပြောတာ နားထောင်မယ်”။ ချင်းလောင်ယွင် ခေါင်းငြိမ့် သဘောတူလိုက်သည်။
“ဟင်း။ နင့်မျက်နှာကြောင့် ဒီတစ်ခါတော့ ခွင့်လွှတ်ပေးလိုက်မယ်”။ ဟွော်ထျင်းက စိတ်ကြီးဝင်သော မျက်နှာဖြင့် ပြောလိုက်ပါသည်။
ဟွော်ထျင်းတို့ရဲ့ ရန်ပွဲပြီးဆုံးသွားသောအခါ စူစူလေးက သရဲအိမ်ထွက်ပေါက်ကို လှမ်းမျှော်ကြည့်ရင်း မေးလိုက်သည်။ “ဘာလို့ ငါ့တူကြီးနဲ့ မမလှလှတို့ ထွက်မလာကြသေးတာလဲ!”
“ဟင်း ချစ်ကြည်နူးနေကြတာ နေမှာပေါ့”။ ဟွော်ထျင်းက အကုန်သိ အကုန်တတ် မျက်နှာမျိုးဖြင့် ပြောလိုက်ပါသည်။
“ထျင်းထျင်းက ချစ်ကြိုက်တယ်ဆိုတာကို နားလည်လို့လား”။ စူစူလေး မေးလိုက်သည်။
“နားလည်တာပေါ့!”။ ဟွော်ထျင်းက အာကျယ်အာကျယ်ဖြင့် ပြန်ဖြေလိုက်ပါသည်။
တကယ်တော့ သူလည်းမသိပါ။ စူစူလေးက မေးသဖြင့် သူဗဟုသုတကြွယ်ဝသလို ဟန်ဆောင်ရပါမည်။
“ဒါဆို ချစ်ကြိုက်သွားရင် ဘာလုပ်ရတာလဲ”။ စူစူလေးက မေးလိုက်သည်။
“အဲ့… အဲ့တာက…”။ ဟွော်ထျင်း စိတ်ဖိစိးသွားကာ ခေတ္တစဉ်းစားပြီးနောက် ပြန်ဖြေလိုက်ပါသည်။ “ချစ်ကြိုက်သွားရင် ကလေးမွေးရမှာပေါ့!”
“ကလေးက လက်ထပ်ပြီးမှ မွေးရတာ မဟုတ်ဘူးလား။ လက်ထပ်ပြီးရင် ကလေးမွေးလို့ရပြီလို့ မေမေက ပြောတယ်”။ စူစူလေးက ပြောလိုက်သည်။
ထိုအကြောင်းအရာကို စူစူလေး ဘယ်တော့မှ နားမလည်နိုင်ခဲ့ပါ။ နတ်သားရဲ သက်တမ်း နှစ် ၁၀၀ အတွင်းမှာကော လူသားသက်တမ်း ၃ နှစ်ခွဲ အတွင်းမှာကော ထိုအကြောင်းအရာကို စူစူလေး မကြုံတွေ့ဖူးပါ။ လူကြီးတွေကလည်း သူမကို အသေးစိတ် ရှင်းမပြကြပေ။
“မဟုတ်တာ။ တချို့သူတွေက လက်မထပ်ရသေးဘဲ ကလေးမွေးလို့ရတယ်လို့ ငါကြားဖူးတယ်! ချစ်ကြိုက်သွားရင် ကလေးမွေးလို့ရပြီထင်တယ်”။ ဟွော်ထျင်းက အားတက်သရော ပြောလိုက်ပါသည်။
ပေကျင်းမြို့မှာဆို လက်မထပ်ရသေးဘဲ ကလေးမွေးသည့်လူတွေ အများကြီးရှိကြောင်း ဟွော်ထျင်း ကြားဖူးသည်။ ထို့ကြောင့် ကလေးမွေးဖို့ဆို လက်ထပ်စရာ မလိုလောက်ပါ။
“ဪ… အဲ့တာဆို တူကြီးနဲ့ မမလှလှတို့ သရဲအိမ်ထဲမှာ ကလေးမွေးနေကြတာလား”။ စူစူလေးက ထပ်မေးလိုက်သည်။
လက်မထပ်ရသေးဘဲ ကလေးမွေးလို့ရရင် ကောင်းတာပေါ့! သူမကို ‘ဘွားလေး’လို့ ခေါ်ပြီး အတူတူ ကစားပေးမယ့် ကလေးသေးသေးလေးတွေ ရလာနိုင်တယ်!
“ငါ-ငါက ဘယ်လိုသိမှာလဲဟ”။ ဟွော်ထျင်း စိတ်ထင်ရာ လျှောက်မပြောရဲပါ။
သူတို့နှစ်ယောက် အထဲမှာ တကယ်ကလေးမွေးနေကြတာမဟုတ်ဘဲ စူစူလေး သူ့ကို အပြင်တင်သွားရင် ဘယ်လိုလုပ်မလဲ။ သူမအတွက် အလျော်ပေးဖို့ ကလေးတစ်ယောက် ဘယ်က သွားရှာလာရမလဲ။
“ဪ…”။ စူစူလေး ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် လုကျန်းယွီကို လှည့်မေးလိုက်သည်။ “ကိုကြီးကော သိလား”။
“ကိုကြီးလည်း မသိဘူး။ တစ်ခါမှ မလေ့လာဖူးဘူး”။ လုကျန်းယွီ ပြန်ဖြေလိုက်သည်။
ထိုမေးခွန်းကို လုကျန်းယွီ ဉာဏ်မမှီသဖြင့် မဖြေတတ်ပါ။
“ဪ…”။ စူစူလေး ခေါင်းငြိမ့်လိုက်ပါသည်။ သူမရဲ့ တူကြီးနဲ့ မမလှလှတို့ ပြန်ထွက်လာမှ သေချာ မေးကြည့်ရမည်။
၁၀ မိနစ်ခန့် ကြာပြီးနောက် စန်းကျစ်နဲ့ ယုဟွိုင်းတို့ ထွက်လာကြပါသည်။
စန်းကျစ်နဲ့ ယုဟွိုင်းတို့ကို မြင်သောအခါ စူစူလေး သက်ပြင်းချလျက် ပြောလိုက်သည်။ “တူကြီးနဲ့ မမလှလှတို့က အရမ်းနှေးတာပဲ။ သရဲအိမ်က ဒီလောက် ရိုးရှင်းတာကို ဘာလို့ အဲ့လောက်ကြာနေရတာလဲ”
“ဟဲ့ကောင်မလေး နင်ငတုံးလား။ နင့် မမလှလှ ကြောက်နေမှန်း သိသာတယ်။ သူ့မျက်နှာကြီး နီရဲနေတာ ကြည့်ဦးလေ!”။ ဟွော်ထျင်းက ပါးနပ်သည့်ပုံစံဖြင့် ဝင်ပြောလိုက်ပါသည်။
“မဟုတ်သေးပါဘူး။ ကြောက်သွားရင် မျက်နှာဖြူသွားတာမဟုတ်ဘူးလား။ မနီပါဘူး”။ ချင်းလောင်ယွင်ကလည်း သုံးသပ်လိုက်သည်။
“ဘယ်သိမလဲ! ငါတို့လို ကလေးတွေ ကြောက်ရင် မျက်နှာဖြူသွားတတ်ပေမယ့် လူကြီးတွေ ကြောက်ရင် နီချင် နီသွားမှာပေါ့!”။ ဟွော်ထျင်းက သူ့အမှားကိုသူ ဝန်မခံချင်ပါ။
“ဒါပေမယ့် ကာတွန်းကားထဲမှာလည်း လူကြီးတွေ ကြောက်ရင် မျက်နှာဖြူသွားတတ်ကြတာ!”။ ချင်းလောင်ယွင်က ထပ်ငြင်းဆန်သည်။
“အဲ့တာဆို သူ့မျက်နှာက ဘာလို့ နီနေရတာလဲ။ သရဲအိမ်ထဲမှာ တခြားဘာမှလည်း မရှိပါဘူး”။ ဟွော်ထျင်း မေးခွန်းထုတ်လိုက်လေသည်။
… … …
အခန်း(၅၂၇) ကလေးမွေးပြီးပြီလား
“အင်း… နင်ပြောတာ ဟုတ်မှာပါ။ ဒီက အစ်မကြီး သရဲကြောက်လွန်းလို့ မျက်နှာနီသွားတာပဲ ဖြစ်မှာ”။ လောင်ယွင်လည်း တခြား မစဉ်းစားတတ်တော့သဖြင့် ဟွော်ထျင်း၏ စကားကိုပဲ လက်ခံလိုက်ရပါသည်။
စူစူလေးက မေးထောက်လျက် သေသေချာချာ စဉ်းစားကြည့်လိုက်သည်။ “မမလှလှ နေမကောင်းလို့များလား။ နေမကောင်းရင် ဆရာဝန်သွားပြမှ ဖြစ်မှာနော်!”
ကျန်းယွီက ထိုသုံးသပ်ချက်ကို ကန့်ကွက်လိုက်ပါသည်။ “စိတ်မပူပါနဲ့။ သူကျန်းမာပါတယ်”
“ဒါဆို ဘာလို့ မျက်နှာကြီး နီရဲနေတာလဲ”။ စူစူလေးက အသံထွက်ရင်း လေးလေးနက်နက် စဉ်းစားလိုက်ပါသည်။
စူစူလေးနဲ့ တခြားကလေးတွေ သူမအကြောင်း ခန့်မှန်းနေကြတာကိုမြင်ပြီး စန်းကျစ် မျက်နှာ ပိုနီရဲလာခဲ့ကာ ခေါင်းပင် မဖော်ရဲတော့ပါ။
စန်းကျစ်၏ အမူအရာကို ချင်းယုဟွိုင်းက ကြင်ကြင်နာနာ ငေးကြည့်နေခဲ့ပါသည်။
လူဆိုးတွေကို အကြမ်းပတမ်း ရိုက်နှက်နေသည့် သူမ၏ ပုံစံလေးကိုလည်း သဘောကျသလို ဒီလို ရှက်သွေးဖြာနေသည့် ပုံစံလေးကိုလည်း သဘောကျပါသည်။
စန်းကျစ်ကို အချိန်အတော်ကြာအောင် ငေးကြည့်ပြီးနောက် ယုဟွိုင်းကပဲ အားလုံးရဲ့ မေးခွန်းကို ပြန်ဖြေပေးလိုက်သည်။
“စိတ်မပူပါနဲ့ စူစူလေး။ မမလှလှ နေကောင်းပါတယ်။ သရဲအိမ်ထဲမှာ နည်းနည်း ပူလို့လေ။ ပြီးတော့ ငါတို့ လမ်းမှားသွားကြလို့ ပိုပင်ပန်းခဲ့ရတယ်။ အဲ့တာကြောင့် မျက်နှာ နီနေတာပါ”
ဘေးမှာ ရပ်နေသည့် ဝန်ထမ်းများက မျက်တောင်တဖျပ်ဖျပ် ခတ်ကာ အူတူတူဖြင့် စဉ်းစားလိုက်ကြသည်။
အထဲမှာ တကယ်ပူလို့လား။ သရဲအိမ်ဆိုတော့ ကျောချမ်းအောင်လို့ အဲကွန်းတွေပါ အမြင့်ဆုံးထားပြီး ဖွင့်ပေးထားတာကို!
ရိုးသားဖြူစင်သည့် စူစူလေးကတော့ တူကြီးရဲ့ ရှင်းပြချက်ကို ယုံကြည်သွားပါသည်။
စန်းကျစ်လည်း စိတ်အေးသွားသည်။ သရဲအိမ်ထဲမှာ သူမရဲ့ တူကြီးကို နမ်းခဲ့ကြောင်း စူစူလေးအား ပြန်မပြောပြချင်ပါ။
စန်းကျစ် ဒုက္ခမှ လွတ်ပြီဟု ထင်လိုက်ချိန် စူစူလေးက ထမေးလိုက်သည်။ “မမလှလှနဲ့ ကိုကြီးတို့ အထဲမှာ အကြာကြီး နေခဲ့တာဆိုတော့ ကလေးမွေးပြီးကြပြီလား”
ဟွော်ထျင်း သင်ပေးထားသည့် ကျေးဇူးကြောင့် စူစူလေးရဲ့ စိတ်ထဲမှာ ရည်းစားထားတာက ကလေးမွေးတာနဲ့ အတူတူပဲ ဖြစ်သည်။
စူစူလေး၏ မေးခွန်းကြောင့် စန်းကျစ်နဲ့ ယုဟွိုင်းတို့ မိုးကြိုးပစ်ခံလိုက်ရပြီး ဆွံ့အသွားကြပါသည်။
“စူစူလေး ဘာလို့ အဲ့လို မေးရတာလဲ။ ဘယ်သူ သင်ပေးထားတာလဲ”။ ယုဟွိုင်းက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
ဒီလို မသင့်တော်တဲ့ စကားမျိုး စူစူလေးကို ဘယ်သူ သင်ပေးထားတာလဲ။
“ထျင်းထျင်း သင်ပေးထားတာ။ ရည်းစားထားရင် ကလေးမွေးလို့ရတယ်လို့ ထျင်းထျင်းက ပြောတယ်။ အဲ့တာကြောင့် အထဲမှာ ကလေးမွေးနေကြတာမလား။ ကလေးမွေးပြီးသွားပြီလား။ ဒေါ်လေး ကြည့်ချင်တယ်!”။ စူစူလေးက ရှင်းပြလိုက်ပါသည်။
ယုဟွိုင်း ဒေါသတွေ ချက်ချင်း ပြေသွားပါသည်။ ထို့နောက် စူစူလေးကို စိတ်ရှည်ရှည်ထားကာ ရှင်းပြလိုက်သည်။ “စူစူလေး။ ငါတို့ တွဲနေကြတာ မှန်ပေမယ့် ကလေးမွေးရလောက်တဲ့ အဆင့်ထိတော့ မရောက်သေးဘူး။ ကလေးမွေးတယ် ဆိုတာ လက်ထပ်ပြီးမှ လုပ်ရတဲ့ အလုပ်မျိုးပဲ”
ယုဟွိုင်း၏ အဖြေကြောင့် စန်းကျစ် လွတ်လမ်းပျောက်သွားလေသည်။ ကလေးမွေးသည့် ကိစ္စကို ဖြေရှင်းလိုက်သော်လည်း သူတို့ တွဲနေကြမှန်း ဝန်ခံလိုက်ပြီဖြစ်သည်။
ယုဟွိုင်း၏ စကားကို ငြင်းဆန်ဖို့ စန်းကျစ်တစ်ခုခုပြောချင်ခဲ့သော်လည်း သူမ စိတ်လှုပ်ရှားလာလျှင် ခေါင်းထဲ ဗလာကျင်း ဖြစ်သွားတတ်သည်။ ထို့ကြောင့် ဘာမှ မပြောနိုင်ခဲ့ပါ။
“ဒါပေမယ့် ထျင်းထျင်းပြောတော့ လက်မထပ်ရသေးလည်း ကလေးမွေးလို့ ရတယ်ဆို”။ စူစူလေးက နားမလည်စွာ မေးလိုက်ပါသည်။
ဘာလို့ တစ်ယောက်တစ်မျိုး ပြောနေကြတာလဲ။
“ထျင်းထျင်းပြောတာ ရာနှုန်းပြည့်တော့ မမှန်ဘူး။ လက်မထပ်ဘဲ ကလေးမွေးတဲ့လူတွေလည်း ရှိတော့ရှိပါတယ်။ ဒါပေမယ့် ငါတို့ မိသားစုမှာ ယောက်ျားလေးတွေက မိန်းကလေးတွေကို တာဝန်အပြည့်အဝ ယူကြတယ်။ ကလေး လိုချင်တယ်ဆိုရင် အရင်ဆုံး လက်ထပ်ကြရတယ်။ လက်ထပ်ပြီးမှ တရားဝင် ကလေးမွေးလို့ရမှာ”
“အဲ့လိုကိုး…။ အဲ့တာဆို တူကြီးနဲ့ မမလှလှတို့ ဘယ်တော့လက်ထပ်ကြမှာလဲ”။ စူစူလေးက တုန်လှုပ်စရာ မေးခွန်းတစ်ခု ထပ်မေးလိုက်ပြန်သည်။
ယုဟွိုင်းက စန်းကျစ်ကို လှည့်ကြည့်ကာ ပြန်ဖြေလိုက်ပါသည်။ “အဲ့တာကတော့ လက်ထပ်ဖို့ကို မမလှလှ သဘောတူမတူအပေါ် မူတည်တယ်”
… … …