← Chapters

အခန်း (၅၂၈+၅၂၉)

Vol. 22 Ch. 528+529

အခန်း (၅၂၈+၅၂၉)

Vol. 22 Ch. 528+529

အခန်း(၅၂၈) အထင်ရှားဆုံးလူ

ရုတ်တရက် လက်ထပ်ခွင့် တောင်းခံလိုက်ရသောအခါ စန်းကျစ်မျက်နှာ ဇီးရွက်လောက်သာ ရှိတော့သည်။

ဘာတွေဖြစ်နေတာလဲ။

ဒီတိုင်း သရဲအိမ်ထဲ ဝင်ခဲ့ရာက လက်ထပ်ခွင့်တောင်းရလောက်တဲ့ အခြေအနေထိ ဘယ်လိုရောက်သွားတာလဲ။

စန်းကျစ် လက်ကို အမြန်ခါရမ်းကာ စူစူလေးအား ရှင်းပြလိုက်ပါသည်။ “မဟုတ်ဘူးနော်။ အဲ့လို မဟုတ်ဘူး။ ငါတို့က နင်ထင်နေသလို မဟုတ်ဘူး။ ဒီတိုင်း သာမန် မိတ်ဆွေတွေပါ။ ချစ်ကြိုက်နေတာလည်း မဟုတ်ဘူး။ လက်ထပ်ဖို့ဆို ပိုတောင် ဝေးသေးတယ်”။

“သာမန် မိတ်ဆွေတွေဟုတ်လား”။ ချင်းယုဟွိုင်း ခေါင်းငုံ့ကာ စန်းကျစ် နားထဲ တီးတိုးပြောလိုက်သည်။ “သာမန် မိတ်ဆွေတွေက အချင်းချင်း နမ်းကြလို့လား”

စန်းကျစ် ဆတ်ခနဲ တုန်ယင်သွားသည်။

နမ်း… နမ်းတာ…

ထိုအနမ်းအကြောင်း ပြန်စဉ်းစားမိတိုင်း စန်းကျစ်ခေါင်းထဲ အသံတွေမြည်ကာ ပါးတွေလည်း မျောက်ဖင်ထက် ပိုမို နီမြန်းသွားသည်။

ဘာတွေလာပြောနေတာလဲ!

စူစူလေးနဲ့ တခြားကလေးတွေ အနားမှာရှိနေတာကို!

ကြားသွားရင် ဘယ်လိုလုပ်မလဲ! စူစူလေး အတုယူမှားတော့မှာပဲ!

ကံကောင်းစွာဖြင့် စူစူလေးနဲ့ ကလေးတစ်သိုက် ဘာမှ မကြားခဲ့ကြပါ။

က‌လေးတွေရဲ့ စိတ်က အပြောင်းအလဲမြန်သည်။ ခုနလေးတင် ချင်းယုဟွိုင်းနဲ့ စန်းကျစ်တို့ လက်ထပ်မည့်အကြောင်း မေးမြန်းနေကြသော်လည်း အခုတော့ နောက်ထပ် ဘာသွားစီးကြမလဲဆိုတာ ဆွေးနွေးနေကြပါသည်။

ကလေးတွေ ဆွေးနွေးတိုင်ပင်ပြီးနောက် သဘောတူညီချက် ရရှိသွားကြသည်။ သူတို့ တိုက်ကားသွားစီးကြပါမည်။

ထို့နောက် သူငယ်ချင်း ၄ ယောက်သား တိုက်ကားတွေရှိရာထံသို့ ခုန်ပေါက်ပြေးလွှားသွားကြသည်။ ချင်းယုဟွိုင်းနဲ့ စန်းကျစ်တို့ကတော့ အနောက်မှ တိုးတိုးတိတ်တိတ် လိုက်လာခဲ့ကြပါသည်။

တိုက်ကားတွေကို ကလေးတွေကော၊ လူကြီးတွေကော စီးနိုင်ပါသည်။

ဟွော်ထျင်းနဲ့ ချင်းလောင်ယွင်တို့ ကားတစ်စီးစီ ရွေးလိုက်ကြသည်။

စူစူလေးကတော့ လူ ၂ ယောက် ဆံ့သည့် တိုက်ကားကို ရွေးလိုက်ပြီး လုကျန်းယွီအား ခေါ်လိုက်သည်။

“ကိုကြီး သမီးနဲ့လာထိုင်။ ကိုကြီး ပျော်အောင် လုပ်ပေးမယ်!”

လုကျန်းယွီက ကစားဖို့ စိတ်မပါသဖြင့် အပြင်ကသာ ကြည့်မည်ဟုပြောဖို့ စဉ်းစားထားတာဖြစ်သည်။ သို့သော် စူစူလေးက အားလုံးစီစဉ်ပေးထားပြီး သူ့ကို စိတ်ပါလက်ပါ ဖိတ်ခေါ်နေသဖြင့် မငြင်းရက်တော့ပါ။

သူ့ကို တိုက်ကားထဲ ချီပို့ပေးဖို့ အိမ်တော်ထိန်းကျန်းအား လှမ်းခေါ်ဖို့ ပြင်လိုက်စဉ် ရုတ်တရက် သူ့ခန္ဓာကိုယ် လေထဲ မြောက်တက်သွားခဲ့သည်။

“စူစူလေး!”။ သူ့ကို မ,ချီလိုက်သည့် စူစူလေးအား လုကျန်းယွီ အံ့အားသင့်စွာ ကြည့်လိုက်သည်။

“ဟီးဟီး”။ စူစူလေးက သွားဖြီးပြလိုက်သည်။ “မကြောက်နဲ့ ကိုကြီး သမီး လွှတ်မချပါဘူး!”

စူစူလေးက လုကျန်းယွီ၏ ခန္ဓာကိုယ်ကို လက် ၂ ဖက်စလုံးဖြင့် အခက်အခဲမရှိ ပွေ့ချီလိုက်သည်။ လုကျန်းယွီက သူမထက် အရပ်ပိုရှည်ပြီး လူကောင်လည်း ပိုကြီးပါသည်။

အိမ်တော်ထိန်းကျန်းက အဝေးမှ ပြုံးဖြီးဖြီးဖြင့်သာ ငေးကြည့်နေပါသည်။

စူစူလေး၏ ခွန်အားကို သူယုံကြည်သဖြင့် သခင်လေးကို လွှတ်ချလိုက်မိမှာ မစိုးရိမ်ပါ။ ပြုတ်ကျသွားရင်တောင် စူစူလေး ချီထားသည့် အမြင့်လောက်နဲ့ သူနာကျင်နိုင်မှာ မဟုတ်ပေ။

ကစားကွင်းထဲက ဧည့်သည်တွေလည်း လုကျန်းယွီကို စူစူလေး မ,ချီထားသည့် မြင်ကွင်းအား မြင်သွားကြပြီး ကလေးကော လူကြီးပါမကျန် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

ကလေးမလေးက သန်လိုက်တာ! လူကောင်သေးသေးလေးနဲ့ သူ့ထက် အများကြီး ပိုထွားတဲ့သူကို ချီနိုင်တယ်!

လုကျန်းယွီကို တိုက်ကားထဲ ချီထည့်ပြီးနောက် စူစူလေးလည်း ဝင်ထိုင်လိုက်သည်။

ထို့နောက် အိတ်ကပ်ထဲမှ သူမရဲ့ နေကာမျက်မှန်လေးကို ထုတ်တပ်လိုက်သည်။

“သေချာကိုင်ထား ကိုကြီး! သမီးမောင်းတော့မယ်!”။ စူစူလေးက လုကျန်းယွီကို သတိပေးလိုက်ပါသည်။

“အိုကေ”။ လုကျန်းယွီ ခေါင်းငြိမ့်လိုက်ပါသည်။ စူစူလေး ဘာပဲလုပ်ဖို့ ကြံနေပါစေ သူအသင့်ဖြစ်နေပါပြီ။

ထို့နောက် စူစူလေးက စတီယာရင်ကို လက်နှစ်ဖက်ဖြင့် ကိုင်လိုက်ပြီး လီဗာကို ခြေထောက်ဖြင့် တက်နင်းလိုက်သည်။

သူမ ပုံစံက နူးညံ့ပြီး ချစ်ဖို့ကောင်းသော်လည်း စတီယာရင်ကို ကိုင်လိုက်တာနဲ့တစ်ပြိုင်နက် ဝါရင့် ပြိုင်ကားမောင်းသူတစ်ယောက်နဲ့ တူသွားပါသည်။

အရှိန်အဝါ၊ အနေအထား အားလုံးက မိုက်လွန်းနေသည်။

အကြောင်းမသိသူဆိုလျှင် သူမ F1 ပြိုင်ကား မောင်းနှင်နေသည်ဟု ထင်သွားနိုင်ပါသည်။

စူစူလေးက လုကျန်းယွီကို တင်ဆောင်ပြီး တိုက်ကားကို အားမာန်အပြည့်ဖြင့် မောင်းနှင်လိုက်သည်။ ကွေ့စရာရှိတာကွေ့၊ အရှိန်တင်စရာရှိတာကို တင်ပြီး တိုက်ကား၏ စွမ်းဆောင်ရည်ကို အမြင့်ဆုံးဖြစ်အောင် အသုံးချနေသဖြင့် လူအများ သတိထားမိစရာ ဖြစ်လာခဲ့လေသည်။

… … …

အခန်း(၅၂၉) စူစူလေး ချီပေးလိမ့်မယ်

တခြားကလေးတွေ အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

ဒီကောင်မလေးက ကြမ်းလှချည်လား!

စူစူလေး အရမ်းမိုက်နေတာကို မြင်သောအခါ ဟွော်ထျင်း အကျောမခံနိုင်ဘဲ စတီယာရင်ကို မြဲမြဲကိုင်လျက် စူစူလေး၏ တိုက်ကားအား ခေါင်းချင်းဆိုင် ဝင်တိုက်ဖို့ ဆုံးဖြတ်လိုက်သည်။

သို့သော်လည်း စူစူလေးက ကွေ့ရှောင်သွားသောအခါ နှေးနှေးကွေးကွေး မောင်းနှင်နေသည့် ချင်းလောင်ယွင်၏ တိုက်ကားကိုသာ ဟွော်ထျင်း ဝင်တိုက်မိသွားလေသည်။

ထို့နောက် သူတို့နှစ်ယောက် စကားများ ရန်ဖြစ်ကြပြန်သည်။

ဟွော်ထျင်းက ငေါက်လိုက်သည်။ “နင်ဘာဖြစ်နေတာလဲ! ဘာလို့ ငါ့ဘက်ကို ရောက်လာတာလဲ။ နင့်ကြောင့် ဟိုကောင်မလေးလွတ်သွားပြီ! အဲ့ဒီဟာမလေးကို ခပ်ကြမ်းကြမ်း တိုက်ပစ်လိုက်မလို့ ကြံထားတာကို!”

ချင်းလောင်ယွင်က သနားစရာကောင်းစွာ ပြန်ချေပလိုက်ပါသည်။ “နင်ငါ့ကို လာတိုက်တာလေ! ငါ့ဖာသာ အေးအေးချမ်းချမ်း မောင်းနေတာကို ဘာလို့ လာတိုက်တာလဲ… မကောင်းတဲ့ကောင်…”

ဟွော်ထျင်းက ဒေါသတကြီးနဲ့ ချင်းလောင်ယွင်ကို စိတ်ရှုပ်စရာကောင်းသည်ဟု ပြောဆိုနေသည်။ ချင်းလောင်ယွင်ကလည်း သနားစရာကောင်းစွာဖြင့် ဟွော်ထျင်းကို အနိုင်ကျင့်သည်ဟု စွပ်စွဲနေပါသည်။

ထိုစဉ် စူစူလေးကတော့ လုကျန်းယွီနဲ့အတူတူ တိုက်ကား ပျော်ပျော်ကြီးစီးနေဆဲဖြစ်သည်။

လုကျန်းယွီက စူစူလေးဘေးမှာ ထိုင်ရင်း စိတ်လှုပ်ရှားမှုကို ခံစားလာရသည်။ လုကျန်းယွီ တိုက်ကားတွေ စီးဖူးတာ ပထမဆုံးအကြိမ်ဖြစ်သည်။ အရင်တုန်းကဆို ဒီလို ကစားနည်းတွေကို ကလေးဆန်ပြီး ပျင်းစရာ ကောင်းသည်ဟု ထင်ခဲ့မိ၏။

သို့သော် အခုချိန်မှာတော့ သူပျော်ရွှင်မှုကို ခံစားနေရပါပြီ။

အထူးသဖြင့် စူစူလေး၏ ရယ်သံလေးကိုပါ မကြာခဏ ကြားနေရသဖြင့် သူစိတ်ပိုရွှင်ရသည်။

လုကျန်းယွီ ‌ပျော်ရွှင်နေစဉ် မျက်လုံးထောင့်မှ လင်းယုရှန်းနဲ့ ချူးယန်ရှီတို့ကို မြင်လိုက်ရပါသည်။

သူတို့ ဒီမှာ ဘာလုပ်နေကြတာလဲ…။ တိုက်ဆိုင်တာလား…။

လုကျန်းယွီကတော့ ဒီလို မထင်ပါ။ လုမိသားစုနဲ့ လက်တွဲဖြုတ်ပြီးနောက် ချူးမိသားစုရဲ့ စီးပွားရေးအခြေအနေကို လုကျန်းယွီ ကောင်းကောင်းနားလည်သည်။

ချူးဟမ့်တစ်ယောက်တည်း နလံပြန်ထူနိုင်မှာ မဟုတ်ပါ။ ထိုကိစ္စကြောင့်ပဲ လင်းယုရှန်း ဒီကို ရောက်လာခဲ့တာ ဖြစ်မည်။

လုကျန်းယွီလည်း သူတို့ကို မသိချင်ယောင်သာ ဆောင်လိုက်ပြီး စူစူလေးနဲ့ ဆက်ကစားနေလိုက်ပါသည်။

“ကိုကြီး ဘယ်ကားကို ဝင်တိုက်လိုက်ရမလဲ”။ စူစူလေးက မေးလိုက်သည်။

“ဟိုကားကို ဝင်တိုက်လိုက်!”။ လုကျန်းယွီက ညာဘက်ရှေ့ရှိ ကားကို လက်ညှိုးထိုးပြလိုက်သည်။

“ဟုတ်ပြီ! ကြည့်နေနော်! တိုက်!!!”။

စူစူလေး ထပ်ပြီး ကြွေးကြော်လိုက်သည်။

“စူစူလေး! ညာဘက်ကနေ တစ်စီးလာနေတယ်”။ လုကျန်းယွီ သတိပေးလိုက်သည်။

လုကျန်းယွီ၏ သတိပေးစကားကြောင့် စူစူလေး အမြန်ရှောင်လိုက်နိုင်သည်။

တစ်ယောက်က ဘေးမှ သတိပေးနေပြီး တစ်ယောက်က အမြန်လှုပ်ရှားကာ နှစ်ယောက်သား ပျော်ရွှင်နေကြပါသည်။

လုကျန်းယွီက သူတို့သားအမိကို မမြင်ဘဲ ပျော်ရွှင်နေပုံပေါက်သဖြင့် လင်းယုရှန်းနဲ့ ချူးယန်ရှီတို့ ဘေးက စောင့်နေရုံသာ ရှိသည်။

အစက လုအိမ်တော်ကို သွားပြီး လုကျန်းယွီနဲ့ သခင်ကြီးလုတို့ကို သွားတွေ့ဖို့ ကြံစည်ထားကြတာဖြစ်သည်။ သို့သော်လည်း သခင်ကြီးလုက သူတို့အတွက် ခြံတံခါးဖွင့်မပေးဖို့ အိမ်စေတွေကို မှာကြားထားပါသည်။

ချူးမိသားစု ကြုံတွေ့နေရသည့် ပြဿနာများကြောင့် သူတို့သားအမိ ရွေးချယ်စရာ မရှိဘဲ ကစားကွင်းသို့လာကာ လုကျန်းယွီနဲ့ ‘တိုက်တိုက်ဆိုင်ဆိုင်’ လာဆုံရဖို့ အကြောင်းဖန်ကြလေသည်။

နာရီဝက်လောက် စောင့်ပြီးနောက် လုကျန်းယွီနဲ့ စူစူလေးတို့ ပင်ပန်းသွားပြီး ကစားတာ ရပ်လိုက်ကြတာကို လင်းယုရှန်းတို့ သားအမိ မြင်သွားပါသည်။

လုကျန်းယွီနဲ့ စူစူလေးတို့ တိုက်ကားရပ်သွားတာနဲ့တစ်ပြိုင်နက် လင်းယုရှန်းနဲ့ ချူးယန်ရှီတို့ အနားပြေးလာခဲ့ကြသည်။

“ကျန်းယွီ ဝှီးချဲပေါ် ဒေါ်လေး ချီတင်ပေးမယ်နော်”။ လင်းယုရှန်းက လုကျန်းယွီကို ချီပေးဖို့ ပြင်လိုက်ပါသည်။

“ရပါတယ်”။ လုကျန်းယွီက ယဉ်ယဉ်ကျေးကျေး ငြင်းဆန်လိုက်သည်။ “စူစူလေး ချီတင်ပေးလိမ့်မယ်”

လုကျန်းယွီ ငြင်းတာကို ခံလိုက်ရပြီးနောက် လင်းယုရှန်း ပြုံးလိုက်ပြီး နောက်ဆုတ်ပေးလိုက်ပါသည်။ “ဟုတ်ပါပြီ။ ဒါဆို ဂရုစိုက်နော် စူစူလေး။ အရမ်းလေးရင် အပင်ပန်းမခံနဲ့။ စူစူလေးနဲ့ ကျန်းယွီလေးတို့ ဘေးကင်းဖို့က အရေးအကြီးဆုံးပဲ”

ရွှေအပြည့်နဲ့ သေတ္တာတစ်လုံးကို စူစူလေး မ,ခဲ့တာ လင်းယုရှန်း မြင်ဖူးပါသည်။ ထို့ကြောင် စူစူလေးက အလွန် သန်မာမှန်း သူမ သိပြီးသားဖြစ်သည်။

ထိုရွှေသေတ္တာကို ကိုင်ပြီး ခုန်ပေါက်ပြေးလွှားနိုင်လျှင် လုကျန်းယွီကို ပွေ့ချီဖို့ ပြဿနာမရှိနိုင်ပါ။

လုကျန်းယွီကို စိတ်ပူကြောင်း ပြသဖို့အတွက် ချူးယန်ရှီက စိုးရိမ်ပူပန်စွာ ဝင်ပြောလိုက်သည်။ “စူစူက ချီနိုင်ပါ့မလား။ သူလွှတ်ချလိုက်လို့ ဝမ်းကွဲအစ်ကို နာသွားရင် ဘယ်လိုလုပ်မလဲ”။

… … …

All Chapters