← Chapters

အခန်း (၅၃၀+၅၃၁)

Vol. 22 Ch. 530+531

အခန်း (၅၃၀+၅၃၁)

Vol. 22 Ch. 530+531

အခန်း(၅၃၀) လုကျန်းယွီရဲ့ ရက်စက်မှု(၁)

သို့သော်လည်း ချူးယန်ရှီက နည်းလမ်းအမှားကို သုံးလိုက်မိသည်။ လုကျန်းယွီ၏ အမြင်မှာ သူမရဲ့ စိုးရိမ်ပူပန်မှုတွေက ဘာတန်ဖိုးမှ မရှိပေ။ ပိုလို့တောင် ရွံရှာသွားနိုင်သည်။

စူစူလေးက ဘာမှမပြောဘဲ လုကျန်းယွီကို အခက်အခဲမရှိ ပွေ့ချီကာ ဝှီးချဲပေါ် တင်ပေးလိုက်ပါသည်။

အပြောထက် အလုပ်နဲ့ သက်သေပြမယ်!

သူမက ကိုကြီးကို လွှတ်ချရမယ်ပေါ့ မဖြစ်နိုင်တာ!

ချူးယန်ရှီ မျက်နှာ ပျက်သွားသည်။ ကံကောင်းစွာဖြင့် ကလေးတစ်ယောက်၏ မျက်နှာဖြစ်နေသဖြင့် မကျေနပ်ချက်တွေ သိပ်ပြီး မသိသာခဲ့ပါ။

လုကျန်းယွီက လင်းယုရှန်းနဲ့ ချူးယန်ရှီတို့ကို အာရုံမစိုက်တော့ဘဲ စူစူလေးကို လှည့်ပြောလိုက်ပါသည်။ “တခြားနေရာမှာ သွားကစားရအောင်လေ”

“ဟုတ်ပြီ!”။ စူစူလေး ပျော်မြူးစွာ ခေါင်းငြိမ့်ရင်း လုကျန်းယွီ၏ ဝှီးချဲကို တွန်းကာ ထွက်သွားလေတော့သည်။ ဒီတစ်ခါ သူမ ချားရဟတ်ကြီးတွေ သွားစီးချင်ပါသည်။

စူစူလေးက လုကျန်းယွီနဲ့အတူ ရှေ့မှထွက်သွားပြီး ချင်းလောင်ယွင်နဲ့ ဟွော်ထျင်းတို့က နောက်မှလိုက်သွားကြသည်။ ချင်းယုဟွိုင်းနဲ့ စန်းကျစ်တို့လည်း အဝေးမှ ခပ်ခွာခွာ လိုက်လာကြပါသည်။

လင်းယုရှန်း တွန့်ဆုတ်နေစဉ် ချူးယန်ရှီ၏ တိုက်တွန်းစကားကို ကြားလိုက်ရသည်။ “ဒေါ်လေးလင်း။ သမီးတို့လည်း လိုက်သွားရအောင်လေ!”

“သမီးဝမ်းကွဲအစ်ကိုက ဒေါ်လေးတို့ကို သိပ်တွေ့ချင်တဲ့ပုံမပေါ်ဘူး…”။ လင်းယုရှန်း တီးတိုးပြောလိုက်၏။

“သမီးသိပါတယ်။ ဒါပေမယ့် ဒေါ်လေးလင်း… ဖေကြီး ခုတလော အရမ်းပင်ပန်းနေတာလေ”။ ချူးယန်ရှီ သတိပေးလိုက်သည်။

ဒီကစားကွင်းကို လာတာ ပျော်ဖို့မှ မဟုတ်တာ! အရေးကြီးတဲ့ တာဝန်ထမ်းဆောင်ဖို့ လာခဲ့တာ! အခုချိန်မှာ သူမတို့ လုကျန်းယွီရဲ့ အကူအညီကို အရင်ကထက် ပိုလိုအပ်နေပြီ! လုကျန်းယွီကို နားဝင်အောင် ပြောနိုင်တဲ့ တစ်ယောက်တည်းသောလူကလည်း သူ့ဒေါ်လေးဖြစ်တဲ့ လင်းယုရှန်းပဲရှိမှာ!

ချူးဟမ့်အကြောင်း စဉ်းစားရင်း တွန့်ဆုတ်နေသည့် လင်းယုရှန်း၏ နှလုံးသား ပြန်လည်ခိုင်မာသွားခဲ့ရသည်။

ချူးယန်ရှီ၏ လက်ကိုဆွဲလျက် စူစူလေးတို့နောက် လင်းယုရှန်း လိုက်လာခဲ့သည်။

စူစူလေး ချားရဟတ်သွားစီးသောအခါ လုကျန်းယွီရဲ့ဘေးမှာ အိမ်တော်ထိန်းကျန်း တစ်ယောက်တည်းသာ ကျန်ခဲ့ပါသည်။ ထိုစဉ် လင်းယုရှန်းတို့ သားအမိ ချဉ်းကပ်လာခဲ့၏။

“ကျန်းယွီ… ဒေါ်လေး ကျန်းယွီနဲ့ စကားပြောစရာရှိလို့ လာခဲ့တာ…”

“ချူးဟမ့်အတွက် တောင်းပန်ပေးမလို့လား”။ လုကျန်းယွီက လင်းယုရှန်း၏ ရည်ရွယ်ချက်ကို ချက်ချင်းဖောက်မြင်လိုက်ပါသည်။

“ကျန်းယွီ… သိပြီးသားလား”။ လင်းယုရှန်း အနေခက်စွာ မေးလိုက်ပါသည်။

သူမ တူလေးက အလွန်ဉာဏ်ကောင်းမှန်း သိပြီးသားဖြစ်သည်။ ဉာဏ်ရည်က သက်တူရွယ်တူတွေထက် အများကြီး သာလွန်သည်။ သို့သော်လည်း ဒီလို တစ်ချက်ကြည့်လိုက်ရုံနဲ့ သူမစိတ်ကို ဖောက်ထွင်းမြင်နိုင်လိမ့်မည်ဟု ထင်မထားခဲ့ပါ။

“ချူးဟမ့်သာ ဒေါ်လေးပြောသလောက် အစွမ်းအစရှိနေရင် ဒီပြဿနာတွေကို သူ့ဖာသာသူ ဖြေရှင်းနိုင်လိမ့်မယ်”။ လုကျန်းယွီက တည်ငြိမ်စွာ ပြောလိုက်ပါသည်။

သူ့လေသံက တည်ငြိမ်လွန်းသဖြင့် အသက်အရွယ်နဲ့ မလိုက်ဖက်လှပါ။

“အဲ့လို မဟုတ်ပါဘူး ကျန်းယွီရယ်။ လုမိသားစုသာ အစောကြီးကတည်းက ချူးမိသားစုနဲ့ လုပ်ငန်းတွေ လက်မတွဲခဲ့ရင် ချူးမိသားစုကလည်း အဲ့ဒီလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံခဲ့မှာ မဟုတ်ဘူးလေ။ အခု လုမိသားစုက ချက်ချင်းကြီး လက်တွဲ ဖြုတ်လိုက်တော့ ရင်းနှီးမြှုပ်နှံပြီးသားဖြစ်တဲ့ ချူးမိသားစု အကြီးအကျယ် ထိခိုက်ရတာပေါ့”။ ချူးဟမ့် ပြောပြထားသည့် အတိုင်း လင်းယုရှန်း ရှင်းပြလိုက်ပါသည်။

“လုမိသားစုနဲ့ စပူးပေါင်းကတည်းက ဒီလိုဖြစ်နိုင်ချေကို သူကြိုက်တွက်ထားရမှာ။ ချူးမိသားစုရဲ့ ကုမ္ပဏီက တခြား ကုမ္ပဏီတွေကို အားကိုးစရာမလိုဘဲ တသီးတခြားတည်း ရပ်တည်နိုင်တဲ့ ကုမ္ပဏီဖြစ်အောင် သူတည်ဆောက်ခဲ့ရမှာ။ အလယ်တန်း ဖတ်စာအုပ်တွေထဲမှာတောင် ကြက်ဥအကုန်လုံးကို ခြင်းတစ်လုံးတည်း ပြွတ်သိပ် မထည့်သင့်တဲ့အကြောင်း ပညာပေးထားတယ်။ သူ့လို လူကြီးလည်းဖြစ် စီးပွားရေးသမားလည်း ဖြစ်တဲ့လူက ကြိုသိသင့်တာပေါ့”။ လုကျန်းယွီ ပြန်ချေပလိုက်ပါသည်။

ချူးဟမ့်၏ ဆင်ခြေတွေက လင်းယုရှန်းကို အယုံသွင်းကောင်း သွင်းနိုင်သော်လည်း လုကျန်းယွီကိုတော့ အရူးလုပ်နိုင်မှာ မဟုတ်ပါ။

လုကျန်းယွီ၏ စကားကို ကြားပြီး လင်းယုရှန်း ဆွံ့အသွားခဲ့သသည်။

စီးပွားရေးအကြောင်း လင်းယုရှန်း ဘာမှ နားမလည်ပါ။ ချူးဟမ့်၏ စကားက ယုံချင်စရာ ကောင်းတာကြောင့်သာ ယုံကြည်ခဲ့ခြင်းဖြစ်သည်။

ယခု တူဖြစ်သူ၏ အမြင်ကို ကြားလိုက်ရသောအခါ တူဖြစ်သူ ပြောတာလည်း မှန်ကန်သည်ဟု တွေးမိသွားသည်။

လင်းယုရှန်း ဝေခွဲရခက်သွားခဲ့‌လေသည်။

ထိုစဉ် ဘေးနားရှိ ချူးယန်ရှီက ရုတ်တရက် မြေကြီးပေါ် ဒူးထောက်ချလိုက်သည်။

… … …

အခန်း(၅၃၁) လုကျန်းယွီရဲ့ ရက်စက်မှု (၂)

“သမီးမှားပါတယ် ဝမ်းကွဲအစ်ကို! သမီးအမှားကို သမီးသိပါပြီ။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် သမီးအဲ့လို မလုပ်ခဲ့သင့်ဘူး! သမီးကို ရိုက်ချင်ရိုက် ဆူချင်ဆူပါ။ ဒါပေမယ့် ဖေကြီးကိုတော့ အပြစ်မပေးပါနဲ့တော့နော်! သမီး မေကြီးကို ဆုံးရှုံးပြီးသားမို့လို့ ဖေကြီးကိုပါ မဆုံးရှုံးချင်တော့လို့ပါ!”

ချူးယန်ရှီ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာခဲ့ပါသည်။ ချူးယန်ရှီက ဂရုဏာလက်နက်ကို အသုံးချနေခြင်း ဖြစ်သည်။

လုကျန်းယွီကလည်း မိဘမဲ့ဖြစ်သဖြင့် မိဘမရှိသည့် ကလေးတစ်ယောက်၏ ခံစားချက်ကို နားလည်နိုင်လိမ့်မည်ဟု ချူးယန်ရှီ ယုံကြည်သည်။ ထို့ကြောင့် သူ့နှလုံးသားထဲမှ ဂရုဏာစိတ်ဖြစ်ပေါ်လာအောင် နှိုးဆွပေးဖို့ လိုအပ်ပါသည်။

“အဲ့တာ နင့်ကိစ္စလေ။ ငါနဲ့ ဘာဆိုင်လို့လဲ”။ လုကျန်းယွီ ပြန်ဖြေလိုက်ပါသည်။

ချူးယန်ရှီ ထင်တာ မှားသွားခဲ့သည်။ လုကျန်းယွီက သူဂရုမစိုက်သည့်လူတွေကို လှည့်တောင် မကြည့်တတ်ပါ။

“ဝမ်းကွဲအစ်ကို… သမီး နေစရာ အိမ်မရှိတော့ဘဲ ဖြစ်သွားလိမ့်မယ်။ ဒေါ်လေးလင်းလည်း နေစရာအိမ်မရှိဘဲ ဖြစ်သွားမှာ…”။ ချူးယန်ရှီ ဆက်ပြီးတောင်းပန်လိုက်သည်။

လုကျန်းယွီ ဂရုစိုက်သည့် လင်းယုရှန်းကို စကားထဲ ထည့်ပြောလိုက်ရင်တော့ စိတ်ပြောင်းသွားလောက်မယ် မဟုတ်လား။

“အချိန်တန်မှ ဆုံးဖြတ်ကြတာပေါ့”။ လုကျန်းယွီက ပြန်ဖြေလိုက်ပါသည်။

နေစရာအိမ်ရှာရတာ မခက်ပါ။ သူ့ဒေါ်လေးကတော့ ကျိန်းသေပေါက် အိမ်ခြေရာမဲ့ဖြစ်မှာ မဟုတ်ပေ။

ချူးယန်ရှီ ကြက်သေသေသွား၏။

လုကျန်းယွီ ဘာကြောင့် ဒီလောက် နှလုံးသား မဲ့နေရတာလဲ။

ထို့နောက် လင်းယုရှန်းအား လုကျန်းယွီ ပြန်ပြောလိုက်သည်။ “ဒေါ်လေး အိမ်ပြန်ပြီး လုမိသားစုက အကူအညီပေးဖို့ အစီအစဉ်မရှိဘူးလို့ ချူးဟမ့်ကို ပြောလိုက်ပါ။ ဒေါ်လေးမျက်နှာကို ထောက်ပြီးတော့တောင် မကူညီနိုင်တာမို့လို့ သူ့ကို လက်လျှော့ဖို့ ပြောလိုက်ပါ”

လုကျန်းယွီက အလွန်ပြတ်သားသည်။ ထိုအဖြေကြောင့် လင်းယုရှန်း ရင်ထဲ နာကျင်သွားခဲ့ပါသည်။

သူမ ပါးစပ်ဟကာ တစ်ခုခုပြောဖို့ ကြံလိုက်သော်လည်း ဘာစကားမှ ထွက်မလာခဲ့ပေ။

လုကျန်းယွီလည်း လင်းယုရှန်းကို ထပ်မကြည့်တော့ပါ။

ဒါကိုမြင်တော့ အိမ်တော်ထိန်းကျန်းက ကြားဝင်ပြီး လင်းယုရှန်းနဲ့ ချူးယန်ရှီတို့အား ထွက်သွားပေးရန် ‘တောင်းဆိုဖို့’ ဆုံးဖြတ်လိုက်ပါသည်။ “သခင်မလင်း။ ကျေးဇူးပြုပြီး အိမ်ပြန်လိုက်ပါ။ သခင်လေးကို စိတ်ရှုပ်အောင် ထပ်မလုပ်ပါနဲ့တော့။ မဟုတ်ရင် အကျိုးဆက်တွေ ဒီ့ထက် ဆိုးရွားသွားနိုင်တယ်နော်”

အချိန်အတန်ကြာမှ လင်းယုရှန်းတစ်ယောက် ချူးယန်ရှီ၏ လက်ကို ဆွဲကာ ထုံထုံထိုင်းထိုင်းဖြင့် ထွက်သွားလေတော့သည်။ ချူးယန်ရှီ မျက်နှာ အလွန်ဖြူရော်နေပြီး စိတ်ထဲမှာလည်း ဒေါသတွေ အလွန်ထွက်နေသည်။ သို့သော် လောလောဆယ် ဘာမှမတတ်နိုင်သေးသဖြင့် အံကြိတ်ရင်းသာ သည်းခံနိုင်တော့သည်။

လင်းယုရှန်းတို့ သားအမိ မရှိတော့သောအခါမှ အိမ်တော်ထိန်းကျန်းက လုကျန်းယွီကို တီးတိုးမေးလိုက်သည်။ “သခင်မလင်းကို ဒီလို သွေးအေးအေးနဲ့ ငြင်းလိုက်ရတာ သခင်လေးအတွက် ခက်ခဲနေမှာပဲနော်…”။

“ဒီတိုင်းမလုပ်ရင် ဒေါ်လေးဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး”။ လုကျန်းယွီက ပြန်ပြောလိုက်ပါသည်။ “တစ်ခုခုကို လုပ်ဖို့ ဆုံးဖြတ်လိုက်ရင် မတွန့်ဆုတ်ဘဲ အဆုံးထိ လုပ်သင့်တယ်။ တွန့်ဆုတ်နေရင် အမှားအယွင်းတွေဖြစ်လာလိမ့်မယ်။ အဲ့တာ အဘိုးကျွန်တော့်ကို သင်ပေးထားတဲ့အရာပဲ”

အိမ်တော်ထိန်းကျန်းက လုကျန်းယွီကို လေးစားမှုအပြည့်ဖြင့် ကြည့်လိုက်သည်။ သခင်လေးက ဒီအသက်အရွယ်မှာတင် သခင်ကြီးလုနဲ့ အတော်လေး ဆင်တူနေပါပြီ။

စူစူလေးက ချားရဟတ်တစ်စီးပြီးနောက် လုကျန်းယွီဘေးသို့ ပြန်လာခဲ့ပါသည်။ “ကိုကြီး! အရမ်းပျော်ဖို့ ကောင်းတာပဲ! ချားရဟတ် တူတူစီးရအောင်။ ကိုကြီးကို ဖက်ထားပေးမယ်လေ! ကတိပေးတယ် ပြုတ်မကျစေရဘူး! သမီးစမ်းကြည့် ပြီးသွားပြီ!”

စူစူလေး တစ်ယောက်တည်း အကြိမ်ကြိမ် စမ်းသပ်ပြီးမှ လုကျန်းယွီကို လာခေါ်ခြင်းဖြစ်သည်။

ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည့် စူစူလေးကို ကြည့်ကာ လုကျန်းယွီ မျက်လုံးများ ပြုံးရွှင်သွားခဲ့သည်။

“ဟုတ်ပါပြီ”။ လုကျန်းယွီ သဘောတူလိုက်ပါသည်။

ထို့နောက် လုကျန်းယွီကို စူစူလေး ထပ်မံ ပွေ့ချီလိုက်သဖြင့် အားလုံး အံ့အားသင့်သွားရပြန်သည်။

ထိုနေ့က လုကျန်းယွီ အရင်က မကစားခဲ့ဖူးသော ကစားနည်းတွေ အများကြီး ကစားခဲ့ရသည်။ အရင်က တစ်ခါမှ မခံစားခဲ့ရဖူးသည့် ပျော်ရွှင်မှုမျိုးကိုလည်း ခံစားခဲ့ရလေသည်။

--- --- ---

ဒီနေ့က ကောလိပ်ဝင်ခွင့် စာမေးပွဲရလဒ်များ ထွက်မည့်နေ့ဖြစ်သည်။

စာမေးပွဲ ရလဒ်တွေကို ဇွဲရှိရှိစောင့်မျှော်နေသည့် စူစူလေးက မနက်အစောကြီး ချင်းယုကျီး၏ အခန်းထဲ သောင်းကျန်း ဝင်လာပြီး စောင်အောက်ထဲက ချင်းယုကျီးကို ဆွဲထုတ်ဖို့ ကြိုးစားလေသည်။အ

“တူလေး ထတော့! စာမေးပွဲရလဒ်တွေ ကြည့်ရမယ့် အချိန်ရောက်ပြီ!”

“ဒေါ်လေး… နေစမ်းပါ… ငါအိပ်ရေး မဝသေးဘူး…”

ချင်းယုကျီး ညည်းတွားရင်း စူစူလေးကိုပါ စောင်ထဲခေါ်သိပ်လိုက်ပါသည်။

… … …

All Chapters