အခန်း (၅၃၂+၅၃၃)
Vol. 22 Ch. 532+533
အခန်း(၅၃၂) မိသားစု Chat Group
“တူလေး ဒီနေ့ အိပ်လို့မရဘူး! စာမေးပွဲ ရလဒ်တွေ ကြည့်ရမယ်!”။ စူစူလေးက စောင်အောက်မှ ခေါင်းလေး ပြူထွက်ရင်း ပြောလိုက်သည်။
ကောလိပ်ဝင်ခွင့် စာမေးပွဲပြီးဆုံးပြီးနောက် ၂ ပတ်လောက်အထိ ချင်းယုကျီး၏ မနက်ခင်းများကို စူစူလေး မနှောင့်ယှက်ခဲ့ပါ။ ဒီနေ့ကတော့ ခြွင်းချက်ဖြစ်သည်။ အရေးကြီးကိစ္စတစ်ခုရှိသဖြင့် သူမ မစောင့်နိုင်တော့ပါ။
“ဒေါ်လေး… စူစူလေး… အခု စာမေးပွဲရလဒ်တွေ ကြည့်လို့မရသေးဘူးလေ။ ညနေအထိ စောင့်ရဦးမှာ”။
“အမ် အခုကြည့်လို့မရဘူးလား”
“မရဘူး”။ ချင်းယုကျီးက ပျင်းရိပျင်းတွဲနိုင်စွာ ပြောလိုက်သည်။ ထို့နောက် စူစူလေးကို ဘာမှတွေးခွင့် မပေးဘဲ ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပါသည်။ “ငါ့ကို အစောကြီးလာနှိုးတာ ပြန်တောင်းပန်တဲ့အနေနဲ့ ငါ့ကို ချော့သိပ်ရမယ်”
လူသားဖက်လုံးလေးဖြစ်သည့် စူစူလေးကို ဖက်ပြီးအိပ်ရတာ ဇိမ်ရှိပါသည်။ နူးညံ့မွှေးပျံ့နေသော ဖက်လုံးလေးဖြစ်သည်။ ဘယ်လိုဖက်လုံးမျိုးထက်မဆို ပိုပြီး ဖက်လို့ကောင်းပါသည်။
“ဪ…”။ စူစူလေး အနည်းငယ် အူတူတူဖြစ်သွားသော်လည်း သေချာစဉ်းစားပြီးနောက် သူမ တူလေးပြောတာ မှန်သည်ဟု တွေးမိသွားပါသည်။
မတတ်နိုင်ပေ။ သူမ ဘက်က အမှားလုပ်မိထားသဖြင့် တူလေးပြောသလိုပဲ ပြန်တောင်းပန်ရပါမည်။
ဟူး…။
စူစူလေးကို ဖက်ကာ ချင်းယုကျီး ခပ်မြန်မြန်ပဲ ပြန်အိပ်ပျော်သွားခဲ့သည်။ ပြန်နိုးလာတော့ တစ်နာရီကျော်တောင် ကြာသွားခဲ့ပြီဖြစ်သည်။ သူ့ရင်ခွင်ထဲက စူစူလေးလည်း အိပ်ပျော်နေပါသည်။
စူစူလေးက သူ့ကို ချော့သိပ်ရမှာဖြစ်သော်လည်း သူမက ပိုပြီးနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။ စူစူလေး နိုးမသွားအောင် အသံတိတ် ရယ်မောလိုက်လေသည်။
အထူးဖက်လုံးလေးဖြစ်သည့် စူစူလေးကို ချင်းယုကျီး လက်တစ်ဖက်ဖြင့် ထိန်းထားပြီး ကျန်လက်တစ်ဖက်ဖြင့် ဖုန်းကို ထုတ်လိုက်သည်။
ယုဝမ်ရှုထံမှ မက်ဆေ့ သောင်းခြောက်ထောင်လောက် ဝင်နေပါသည်။
ဒီကောင်က မျက်နှာချင်းဆိုင်တွေ့ရင်တော့ စကားအလွန်နည်းသော်လည်း စာပို့သည့်နေရာမှာ စကားများသည့် အဘွားအိုတစ်ယောက်လို စာတန်းရှည်တွေ အများကြီး ပို့တတ်သည်။
[ရလဒ်တွေ မထွက်သေးဘူးဟ။ သိရရင် ငါမက်ဆေ့ပို့လိုက်မယ်။ လောလောဆယ်တော့ ချစ်စရာကောင်းတဲ့ ငါ့ဒေါ်လေးနဲ့ အတူတူနားနေတယ်။ ဖုန်းဆက်ပြီး လာမနှောင့်ယှက်နဲ့နော်]
ယုဝမ်ရှုထံသို့ မက်ဆေ့ပို့ပြီးနောက် ချင်းယုကျီး ကင်မရာဖွင့်ကာ သူ့ရင်ခွင်ထဲရှိ စူစူလေးကို ဓာတ်ပုံတွေ အများကြီး ရိုက်လိုက်သည်။
ထို့နောက် ချစ်စရာအကောင်းဆုံး ဓာတ်ပုံတွေကို ရွေးကာ ချင်းမိသားစု Group Chat ထဲ ပို့ပေးလိုက်ပါသည်။
[မနေ့ညက ငါ့ဒေါ်လေး ငါနဲ့အတူ လာအိပ်တယ်။ ငါ့ရင်ခွင်ထဲမှာ အိပ်ချင်ပါတယ်ဆိုပြီး အရမ်းတွေ လိုက်ကပ်နေလို့ ငါလည်း ဘာမှမတတ်နိုင်ဘဲ လက်ခံထားလိုက်ရတယ်]
၃ စက္ကန့်လောက် ကြာသောအခါ Group ထဲ မက်ဆေ့တွေ တန်းစီပြီး ဝင်လာလေသည်။
ချင်းယုဟွမ် : [သူတောင်းစားလေး မာန်တက်နေတာ]
ချင်းယုကျိုး : [ငါတို့ဒေါ်လေးကို မင်းခြိမ်းခြောက်ပြီး ခေါ်ထားတာမလား ယုကျီး! မင်းကတော့ တော်တော် သတ္တိကောင်းနေတယ်ပေါ့ ဟုတ်လား!]
ချင်းယုချဲ : [ဖုန်းကို Silent လုပ်ထား။ စူစူလေး နိုးသွားမယ်]
ချင်းယုဟွိုင်း : […]
ချင်းရှင်းကျစ် : [ဂျလေဘီကောင်! ငါ့ညီမလေးက မင်းနဲ့အတူတူ လာအိပ်တယ်ပေါ့! အစ်ကိုကြီးဖြစ်တဲ့ ငါတောင် အဲ့လို အခွင့်ထူးမျိုး မခံစားရဘူးကွ!]
၁၀ စက္ကန့်လောက် ကြာသောအခါ မက်ဆေ့တွေ ထပ်ဝင်လာသည်။
ရှောင်းပေပေ : [ဘုရား ဘုရား ဘုရား ဘုရား! ငါလည်း ငါ့ယောင်းမလေးနဲ့ ဖက်ပြီးအိပ်ချင်တယ်! ဖက်လုံးလေးလို ဖက်ပြီး အိပ်ချင်တယ်! အခုချက်ချင်း ဟွာချန့်ကို ပြန်လာနေပြီ!]
ချင်းယန်ကျစ် : [မိန်းမ စိတ်လျှော့ထား။ ယုကျီးပြောတာကို မယုံနဲ့]
ပုံမှန်ဆို တိတ်ဆိတ်ခြောက်ကပ်နေတတ်သည့် မိသားစု Group Chat လေး စိုစိုပြည်ပြည်ဖြစ်လာခဲ့သည်။
မိနစ်အနည်းငယ် ကြာသောအခါ မက်ဆေ့တွေ ထပ်ဝင်လာခဲ့ပြန်ပါသည်။
အဘွားချင်း : [စူစူလေး မနေ့ညက တစ်ယောက်တည်းအိပ်တာ။ မနက်စောစော ထပြီးမှ ယုကျီးကို သွားနှိုးခဲ့တာ]
ချင်းရှင်းကျစ် : [ငါထင်သားပဲ! အဲ့ဒီ ဆန်ကုန်မြေလေး ယုကျီးကို ငါ့ညီမလေးက သူများထက် ပိုပြီး ဦးစားပေးပါ့မလား!]
ချင်းယန်ကျစ် : [အစ်ကိုကြီးပြောတာ မှန်တယ်]
ချင်းယုဟွမ် : [မင်းတော်တော် ဆိုးတာပဲ ယုကျီး။ မိသားစုအချင်းချင်း မလိမ်ညာသင့်ဘူး!]
အားလုံးရဲ့ မက်ဆေ့တွေကို ဖတ်ပြီး ချင်းယုကျီး လူယုတ်မာ အပြုံးပြုံးလိုက်ပါသည်။
ဘယ်သူတွေ ဘာပဲပြောပါစေ အခု စူစူဘရန်း ဖက်ခေါင်းအုံးလေးက သူ့အပိုင်ဖြစ်သည်။ သူတို့ မနာလိုဖြစ်လည်း ဖြစ်ကြပါစေ။
ချင်းယုကျီး မိသားစုဝင်တွေကို မက်ဆေ့ပို့ပြီး ကြွားနေစဉ် သူ့ရင်ခွင်ထဲက စူစူလေး လှုပ်လှုပ်ရွရွဖြစ်လာခဲ့သည်။
ထို့နောက် မျက်လုံးတွေကို ဖြည်းဖြည်းချင်းဖွင့်လာပြီး ချင်းယုကျီးအား ရီဝေစွာ ကြည့်လိုက်ပါသည်။
ချင်းယုကျီး ချက်ချင်း သတိကြီးသွား၏။
အခြေအနေ မကောင်းဘူး! အန္တရာယ်ရှိတယ်!
… … …
အခန်း(၅၃၃) ဒေါ်လေးကို ဖက်အိပ်ရတာ သက်တောင့်သက်သာရှိလို့
တစ်စက္ကန့်အကြာတွင် ချင်းယုကျီးတစ်ယောက် ကုတင်ပေါ်မှ ဒလိမ့်ခေါက်ကွေး ပြုတ်ကျလာသည်။
“အောင်မယ်လေး…”။ သစ်သားကြမ်းပြင်ပေါ် အရှိန်ဖြင့် ပြုတ်ကျသွားတာဖြစ်သဖြင့် ချင်းယုကျီး ခက်ခက်ခဲခဲ ပြန်ထလိုက်ရသည်။
“တူလေး…”။ စူစူလေးက ချင်းယုကျီး၏ အခြေအနေကို အမြန်လာစစ်ဆေးလိုက်ပါသည်။
“ဒေါ်လေး!”။ ချင်းယုကျီးက စူစူလေးကို ဝမ်းနည်းအားငယ်စွာ ကြည့်လိုက်သည်။
သူ့တင်ပါးတွေ၊ သူ့ရင်ဘတ်တွေ… နာလိုက်တာ…
“အား!! တောင်းပန်ပါတယ် တူလေး!”။
တကယ် မရည်ရွယ်ခဲ့ပါ။ သူမ အိပ်ရာနိုးခါစဖြစ်သဖြင့် အသိစိတ်မဝင်သေးပေ။ နိုးနိုးချင်း သူမဘေးကလူကို ထိုနတ်ယုတ်မာကောင်ဟု ထင်ကာ အားဖြင့် တွန်းလိုက်မိခြင်းဖြစ်သည်။
“စိတ်မဆိုးပါဘူး… ဒီတိုင်း… နာကျင်နေတာ”။ ချင်းယုကျီး မျက်ရည်ဝဲသွားပါသည်။
စူစူလေးနဲ့ အတူတူ မအိပ်ရတာကြာပြီဖြစ်သဖြင့် သူမ အိပ်ရာနိုးလာလျှင် သူများတွေကို ရိုက်နှက်တတ်ကြောင်း ချင်းယုကျီး မေ့သွားခဲ့သည်။
“တောင်းပန်ပါတယ်…”။ စူစူလေး ထပ်တောင်းပန်လိုက်သည်။
ချင်းယုကျီး ကုတင်ပေါ် ခက်ခက်ခဲခဲ ပြန်တက်လာကာ စူစူလေး၏ မျက်နှာလေးကို မြင်လိုက်ရပြီး စိတ်မဆိုးရက်တော့ပါ။
သူ့တင်ပါးတွေ နာကျင်နေရင်တောင် စူစူလေးကို စိတ်မဆိုးရက်ပေ။
“ဟုတ်ပါပြီ ဟုတ်ပါပြီ။ ငါစိတ်မဆိုးပါဘူး။ နင်အိပ်ရာထတိုင်း ဇဝေဇဝါဖြစ်တတ်တာ ငါသိတယ်။ နောက်တစ်ခါဆို လူဆိုးကြီးလို့ မထင်အောင် ကြိုးစားပေါ့”
“ကြိုးစားပါ့မယ်!”။ စူစူလေး ခေါင်းငြိမ့်လိုက်သည်။
စူစူလေး စကားနားထောင်နေတာကို မြင်ပြီး ချင်းယုကျီး အကြံတစ်ခု ရသွားခဲ့ပါသည်။
“စူစူလေး။ ဒီနေ့ညနေ စာမေးပွဲရလဒ်တွေ ထွက်လာလို့ ငါအမှတ်ကောင်းရင် ဘယ်လို ဆုချမှာလဲ”
“အမ်… ဆုချဖို့ လိုသေးလို့လား”။ စူစူလေးက မေးသည်။
“လိုတာပေါ့! စဉ်းစားကြည့်စမ်းပါ။ စူစူလေး လိမ္မာရင် အဘိုးနဲ့အဘွားက ဆုမချဘူးလား။ နင်က ငါ့ဒေါ်လေးလေ။ အဲ့တာကြောင့် ငါလိမ်လိမ်မာမာနဲ့ စာမေးပွဲမှာ အမှတ်ကောင်းအောင် ဖြေနိုင်ရင်လည်း နင်ဆုချသင့်တာပေါ့။ မဟုတ်ဘူးလား”။ ချင်းယုကျီးက အကြောင်းပြချက် ပေးလိုက်သည်။
“ဟုတ်တယ် ဟုတ်တယ်! မှန်တယ်!”
ဒီလိုဆို သူမရဲ့တူလေးအတွက် လက်ဆောင်နောက်တစ်ခု ပေးရတော့မှာပေါ့။
ဒါပေမယ့် ဘာပေးရမလဲ။ အရင်တစ်ခေါက်က ငါးအကြီးကြီး ဖမ်းပေးပြီးသွားပြီ။
“ဒီလိုဆိုရင်ကော စူစူလေး။ ဒီနေ့ည ငါ့စာမေးပွဲရလဒ်ကောင်းရင် ငါ့ကို ပုံလာပြောပြပြီး ချော့သိပ်ရမယ်”
စူစူလေး စဉ်းစားလိုက်ပြီး လက်ခံလိုက်ပါသည်။ “ဟုတ်ပြီ။ စာမေးပွဲရလဒ်ကောင်းရင် ချော့သိပ်မယ်!”။ စူစူလေးက ချစ်စရာအသံလေးဖြင့် ပြောလိုက်သည်။
“သဘောတူလိုက်ပြီနော်”
“ဘာပြောတာလဲ”
“နှစ် ၁၀၀ တိုင်အောင် ကတိပေးသလိုပဲ စကားကို ပြန်မရုတ်သိမ်းရဘူးလို့ ပြောတာ”
“အွန်း!”။ စူစူလေး ခေါင်းငြိမ့်ကာ လက်ခံလိုက်ပါသည်။
သူမက ပိုင်ကျဲနတ်သားရဲတစ်ကောင်ဖြစ်သဖြင့် အမြဲတမ်း စကားတည်တတ်ပါသည်။
ဟင်းဟင်းဟင်း… နောက်ဆုံးတော့ အပေးအယူလုပ်လိုက်နိုင်ပြီ။ ချစ်စရာကောင်းတဲ့ သူ့ဒေါ်လေးနဲ့ ဖက်အိပ်နိုင်တော့မယ်!
--- --- ---
ထိုနေ့ညနေခင်းမှာ ချင်းမိသားစုဝင်တွေအားလုံး စုရုံးမိကြသည်။
အားလုံးက ချင်းယုကျီး၏ စာမေးပွဲရလဒ်များကို စောင့်မျှော်နေကြသည်။
အထူးသဖြင့် ဝမ်ချင်း အလွန်စိတ်လှုပ်ရှားနေပါသည်။
ချင်းရှင်းကျစ်က သူ့မိန်းမကို နှစ်သိမ့်ပေးလိုက်သည်။ “စိတ်မပူပါနဲ့ မိန်းမရယ်။ ယုကျီး စာမေးပွဲ ရလဒ်ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ရန်တွေမဖြစ်တော့ဘဲ လိမ်လိမ်မာမာနေရုံနဲ့ ကျေနပ်ပြီလို့ သဘောတူထားပြီးသား မဟုတ်လား”
ဝမ်ချင်းက စိတ်ပူနေဆဲဖြစ်သည်။ “ဟုတ်တော့ ဟုတ်ပါတယ်။ ဒါပေမယ့် ကျွန်မ အလိုလို စိတ်ပူနေမိတာ ဘယ်တတ်နိုင်မလဲ! စာမေးပွဲရလဒ် မကောင်းလည်း ကိစ္စမရှိဘူးဆိုပေမယ့် အမေတစ်ယောက်အနေနဲ့ ကျွန်မသားကို ပိုကောင်းတဲ့နေရာတော့ ရောက်စေချင်တာပေါ့!”
“အင်းပါ။ မင်း သားအတွက် အကောင်းဆုံး မျှော်လင့်ထားတာ နားလည်တယ်။ ဒါပေမယ့် အရမ်းကြီး စိတ်မဖိစီးစေနဲ့လေ။ ဗိုက်ထဲက သမီးလေးကိုလည်း ဂရုစိုက်ပါဦး!”။ ချင်းရှင်းကျစ်က ပြောလိုက်ပါသည်။
သား ၃ ယောက် ရှိပြီးသား အဖေဖြစ်သော်လည်း ကိုယ်ဝန်အတွက ချင်းရှင်းကျစ် အလွန်စိတ်ပူနေဆဲဖြစ်သည်။
ဒီတစ်ခါ သူ့မိန်းမ ဗိုက်ထဲမှာ သမီးလေးတစ်ယောက်ကို လွယ်ထားရသည်ဟု ခံစားနေရတာကြောင့်လည်း ပါသည်။
ညီမလေးတစ်ယောက်ကို ရထားပြီးသားဖြစ်သဖြင့် သမီးလေးတစ်ယောက်ကိုပါ ထပ်ရလိုက်လျှင် ချင်းရှင်းကျစ် အပျော်ဆုံးလူသားဖြစ်သွားပါလိမ့်မည်။
ဝမ်ချင်း ခေါင်းငြိမ့်လိုက်သည်။ “ကျွန်မ ကြိုးစားပါ့မယ်”။
အချိန်အတော်ကြာအောင် စောင့်နေပြီးနောက် စာမေးပွဲရလဒ်များနဲ့အတူ လှေကားပေါ်မှ ဆင်းလာသည့် ချင်းယုကျီးကို အားလုံး မြင်လိုက်ကြရလေသည်။