အခန်း (၅၃၄+၅၃၅)
Vol. 22 Ch. 534+535
အခန်း(၅၃၄) ချင်းယုကျီး၏ စာမေးပွဲရလဒ်များ
ချင်းယုကျီး အောက်ထပ်သို့ ဆင်းလာသောအခါ အားလုံး မျှော်လင့်တကြီး ဝိုင်းကြည့်လိုက်ကြသည်။
စူစူလေးတောင် ပုံဆွဲစာအုပ်ကို လက်မှချပြီး ချင်းယုကျီးအား လှမ်းကြည့်နေသည်။
ဝမ်ချင်းက ထိုင်နေရာမှ ထကာ မေးလိုက်သည်။ “အခြေအနေ ဘယ်လိုရှိလဲ”။
ချင်းယုကျီး ဘာမှ မပြောပါ။ စာမေးပွဲရလဒ်တွေကို ဖွင့်ကြည့်ထားသည့် Tablet ကို အမေဖြစ်သူအား ပေးလိုက်ပါသည်။
ဝမ်ချင်းက Tablet ကို အချိန်အတော်ကြာအောင် မလှုပ်ရှားဘဲ စိုက်ကြည့်နေခဲ့သည်။
ဝမ်ချင်း၏ ပုံစံကို မြင်လိုက်ရသောအခါ ချင်းရှင်းကျစ်ပါ စိတ်ပူသွားခဲ့သည်။
သူ့သားအငယ်ဆုံး အောင်မြင်မှု မရရှိတာ ထူးထူးဆန်းဆန်းကိစ္စမဟုတ်ပါ။ ဒီ့ထက် ဆိုးရွားသည့် ကိစ္စတွေကို သူတို့ မြင်ဖူးပြီးသား ဖြစ်သည်။
သူ့မိန်းမ၏ တုန့်ပြန်မှုက အလွန်ထူးဆန်းလွန်းသဖြင့် သူတို့သား အမှတ်ဆိုးရွားလွန်းလို့ ဖြစ်နိုင်သည်။
“မိန်းမ ဝမ်းမနည်းပါနဲ့။ ရှောင်ကျီး လိမ်လိမ်မာမာနေရင်ပဲ ကျေနပ်ပါပြီလို့ ကိုယ်တို့ ပြောခဲ့ကြတယ်လေ။ ကျန်တာ ဘာမှမတောင်းဆိုပါဘူးလို့…”။ သူ့မိန်းမကို အားပေးရင်း Tablet ကို လှမ်းကြည့်လိုက်သည်။
ထို့နောက် ချင်းရှင်းကျစ်ပါ ကြက်သေသေသွားလေသည်။
ဒီအမှတ်တွေက… သူ့သားအငယ်ဆုံးရဲ့ အမှတ်ကော ဟုတ်ရဲ့လား။
ယုဟွိုင်းသို့မဟုတ် ယုဟွမ်၏ အမှတ်တွေဟု ပြောရင်တောင် သူ ယုံမိလောက်သည်။
သို့သော်လည်း ချင်းယုကျီး၏ နာမည်အောက်မှာ ထိုအမှတ်တွေကို မြင်လိုက်ရတာ မယုံကြည်နိုင်စရာ ကောင်းလွန်းနေသည်။
“ယုကျီး… မင်း… ဒီအမှတ်တွေ ဘယ်လိုရသွားတာလဲ”။ ချင်းရှင်းကျစ်က ခေါင်းမော့လျက် အံ့အားသင့်စွာ မေးလိုက်သည်။
ချင်းယုကျီးလည်း နှာခေါင်းပွတ်ကာ ပြန်ဖြေလိုက်ပါသည်။ “ကျွန်တော် စာကောင်းကောင်းလုပ်ခဲ့တာကိုး”
“မဖြစ်နိုင်တာ။ မင်းလေလွင့်နေတာ ကြာပြီလေ။ စာမေးပွဲ မဖြေခင် ၂ လ အလိုကမှ လိမ္မာသွားခဲ့တာ။ အဲ့တာကို အမှတ်် ၆၆၀ ကျော်ရတယ်တဲ့လား။ ဒီနှစ်စာမေးပွဲက ခက်တယ်လို့လည်း ကြားတယ် အောင်မှတ်က ၅၅၀ လေ…”
“အဖေ။ ကျွန်တော်က အဖေ့သားပါ။ ကိုယ့်သားဉာဏ်ရည်ကို နည်းနည်းလောက် ယုံကြည်ပေးလို့ မဖြစ်ဘူးလား။ ကျွန်တော့်အစ်ကိုတွေ ဒီလောက်တော်နေတာ ကျွန်တော်က ဉာဏ်တုံးပါ့မလား!”။ ချင်းယုကျီးက မခံချင်စွာ ပြောလိုက်သည်။
“မင်းဉာဏ်ရည်ကို ငါယုံကြည်တယ်။ ဒါပေမယ့် မင်းကို ဉာဏ်ကြီးရှင်လို့ ထင်ရလောက်အောင်တော့ မယုံကြည်ဘူး!”။
အလေအလွင့်တစ်ယောက်အဖြစ်ကနေ ထိပ်တန်းကျောင်းသားအဖြစ် ၂ လအတွင်း ပြောင်းလဲသွားတယ်တဲ့လား။ အဲ့တာ ဉာဏ်ကြီးရှည်တစ်ယောက်ရဲ့ အရည်အသွေးပဲ မဟုတ်လား။
“ကျွန်တော် အရင်တုန်းက အပျော်အပါး လိုက်စားခဲ့ပေမယ့် ဘာပညာမှ မသင်ခဲ့တာတော့ မဟုတ်ပါဘူး။ တခြား ဘာမှ လုပ်စရာ မရှိရင် စာသင်ခန်းထဲမှာ စာသင်တာ နားထောင်ပါတယ်။ အဲ့တာကြောင့် အခြေခံတွေ ပိုင်တယ်”။ ချင်းယုကျီး ရှင်းပြလိုက်သည်။
“အဲ့တာဆို အရင်တုန်းက ငါတို့ကို တမင်သက်သက် စိတ်ညစ်အောင် လုပ်ခဲ့တာပေါ့။ အဖြေတွေ သိနေတာတောင် မှန်အောင် မဖြေခဲ့တာပေါ့ ဟုတ်လား”။ ချင်းရှင်းကျစ် မေးလိုက်သည်။
“အဲ… အဲ့လိုမျိုုး… ဟုတ်မယ်ထင်တာပဲ”။ ချင်းယုကျီး ရှက်ကိုးရှက်ကန်း အပြုံးဖြင့် ပြောလိုက်သည်။
“ခွေးသား! မင်းတမင်သက်သက် စာမရချင်ယောင် ဆောင်ခဲ့တာပေါ့!”
ချင်းရှင်းကျစ် အားလုံးကို နားလည်သွားတာနဲ့တစ်ပြိုင်နက် ချင်းယုကျီးအား လည်ပင်းညှစ်ချင်သွားပါသည်။
“အဖေ! စိတ်လျှော့နော်! စိတ်အေးအေးထား! ကျွန်တော် စာညံ့ခဲ့တုန်းကလည်း ရိုက်တယ်။ အခု စာတော်သွားပြန်တော့လည်း ရိုက်ဦးမှာလား ကျွန်တော့်အတွက် တရားမျှတမှု ဘယ်မှာလဲ!”။ ချင်းယုကျီး ထွက်ပြေးရင်း အော်ပြောလိုက်ပါသည်။
“နောက်ဆို ငါ့ကို မလိမ်ရဲတော့အောင် ရိုက်ပေးဦးမှာ! မင်းစာမေးပွဲရလဒ်တွ ထွက်လာတိုင်း နေ့တစ်ဝက်လောက် ငါအနားယူရတယ်! မင်းကြောင့် သွေးတက်ပြီး သေမလိုပါ ဖြစ်ခဲ့တာ အကြိမ်ကြိမ်ပဲ!”
ချင်းရှင်းကျစ်က တကယ်ကြီး ရိုက်ဖို့ ပြင်နေတာကိုမြင်ပြီး ချင်းယုကျီးလည်း စူစူလေးနောက်မှာ ဝင်ပုန်းနေလိုက်ပါသည်။
“ဒေါ်လေးစူစူ ငါ့ကိုကယ်ပါဦး!”။
“ဆန်ကုန်မြေလေးကောင် ငါ့ညီမလေးနောက်က ထွက်ခဲ့စမ်း!”။ ချင်းရှင်းကျစ် ဒေါသတကြီး ပြောလိုက်သည်။
“မထွက်ဘူး!”။ ချင်းယုကျီး ငြင်းဆန်လိုက်သည်။ သူ့အဖေ ရိုက်တာကို တကယ် မခံချင်ပါ။
ထို့ကြောင့် စူစူလေးကို ကြည့်ကာ စစ်ကူတောင်းလိုက်သည်။ “ဒေါ်လေးစူစူ၊ ငါစာမေးပွဲအမှတ်ကောင်းတာတောင် အဖေက ရိုက်ဖို့ပြင်နေတယ်။ အဲ့တာဖြစ်သင့်ရဲ့လား”
… … …
အခန်း(၅၃၅) အဘွားချင်း သေချာ ပြင်ဆင်ထားပြီးသား (၁)
စူစူလေးက ခေါင်းငြိမ့်က ထောက်ခံလိုက်သည်။ ထို့နောက် ချင်းရှင်းကျစ်ကို လှည့်မေးလိုက်ပါသည်။ “အစ်ကိုကြီး။ တူလေးက စာမေးပွဲကောင်းကောင်းဖြေနိုင်တာကို ဆုချသင့်တာပေါ့။ ရိုက်ရမှာ မဟုတ်ဘူးလေ! သမီးပြောတာ မမှန်ဘူးလား အစ်ကိုကြီး!”
“မှန်ပါတယ် မှန်ပါတယ်! ညီမလေးပြောတာ မှန်ပါတယ်!”။ ချင်းရှင်းကျစ် ချက်ချင်း လေသံပြောင်းသွားခဲ့သည်။
အောင်မယ်လေး… ညီမလေး အကြောင်းပြချက် ပေးတာလေးက ချစ်ဖို့ကောင်းလိုက်တာ!
အဘွားချင်းက ရယ်မောရင်း ဝင်ပြောလိုက်သည်။ “တော်ပါတော့ ရှင်းကျစ်။ နင့်ညီမလေးပြောတာမှန်တယ်။ စာမေးပွဲ ရလဒ်ကောင်းတာကို ဆုချသင့်တာပေါ့။ အပြစ်ပေးသင့်တာ မဟုတ်ဘူး။ နင့်ညီမလေးရဲ့ စည်းကမ်းကို မချိုးဖောက်နဲ့နော်”
“ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ”။ ချင်းရှင်းကျစ် လိုက်လျောလိုက်ပါသည်။
ထိုအခါမှ ဝမ်ချင်းတစ်ယောက် အသိစိတ်ပြန်ဝင်လာခဲ့သည်။ ပျော်ရွှင်ဝမ်းသာမှု အပြည့်ဖြင့် သူမ ပြောလိုက်သည် “ရှောင်ကျီး! အရမ်းတော်တာပဲ! နောက်ဆုံးတော့ အမေ စိတ်ချနိုင်ပြီ!”
ချင်းယုကျီးက ပြန်ပြောလိုက်သည်။ “အမေ့တာဝန်က ကျွန်တော့်ကို ညီမလေးတစ်ယောက်မြန်မြန် မွေးပေးဖို့ပဲ။ ကျန်တာ ဘာမှ စိတ်မပူနဲ့”
“ဟုတ်ပြီ ဟုတ်ပြီ! ဒီတစ်ခေါက် နင့်ဒေါ်လေးလို သမီးမိန်းကလေးဖြစ်ပါစေ ဆုတောင်းတယ်!”
ထိုစကားပြောပြီးနောက် စူစူလေးကို ဝမ်ချင်း လှမ်းကြည့်လိုက်သည်။
သို့သော်လည်း စူစူလေးက သူမကို ဂရုမစိုက်ပါ။
ဝမ်ချင်း မျက်လုံးများ အရောင်မှေးမှိန်သွားခဲ့၏။ ခေါင်းထဲမှာလည်း ဘာဆက်လုပ်ရမလဲဟုသာ တွေးနေမိသည်။
ဒီအိမ်မှာ ကျန်နေသည့် တစ်ခုတည်းသော ပြဿနာဆိုလို့ သူမကို စူစူလေး မကြည်ဖြူသေးသည့် ပြဿနာသာ ရှိတော့သည်။ သူမကို ကြည်ဖြူလာအောင် ဘယ်လိုလုပ်ရမလဲဆိုတာလည်း ဝမ်ချင်း မသိပါ။
တကယ်ခက်ခဲတာပဲ…။
ကလေးမလေးကို စိတ်ဆိုးအောင်လုပ်ဖို့ လွယ်ကူပေမယ့် ပြန်ချော့ဖို့ကျတော့ အရမ်းခက်ခဲတာပါလား!
ဒီလိုဖြစ်လာမယ်မှန်းသာသိခဲ့ရင် အရင်တုန်းက အဲ့လိုစကားတွေ မပြောခဲ့ပါဘူး!
အခုမှ သေလောက်အောင် နောင်တရနေမိပြီ!။
--- --- ---
ချင်းယုကျီး၏ စာမေးပွဲရလဒ်များကြောင့် သူ့ကို မယုံကြည်ခဲ့ကြသော တစ်ကျောင်းလုံးက လူတွေ အံ့အားသင့် တုန်လှုပ်ကုန်ကြသည်။
ရှုယန်ဖျင် သည်းခံထားတာ ရက်ပေါင်းများစွာ ကြာနေပါပြီ။ အဘွားချင်းတို့ကို သူမ ကြေအေးပေးလိုက်တာကြောင့် မဟုတ်ဘဲ ချင်းယုကျီး စာမေးပွဲရလဒ်ထွက်လာမည့် အချိန်ကို စောင့်နေတာကြောင့်သာဖြစ်သည်။
ချင်းယုကျီး၏ စာမေးပွဲရလဒ်များကို အသုံးပြုကာ ချင်းမိသားစုနဲ့ ကျောင်းအုပ်ကြီးတို့ကို ပါးရိုက်နိုင်လိမ့်မည်ဟု ရှုယန်ဖျင် မျှော်လင့်ထားခဲ့သည်။
သို့သော်လည်း ချင်းယုကျီး၏ ရလဒ်များက မဆိုးရွားသည့်အပြင် တစ်ကျောင်းလုံးမှာ အဆင့် ၃ ချိတ်ပြီး တစ်ပြည်နယ်လုံးမှာ အဆင့် ၁၀၄ ချိတ်သည်။
ထိုအမှတ်များနဲ့သာဆို သာမန် တက္ကသိုလ်များကို မေ့ထားနိုင်ပြီး ထိပ်တန်း တက္ကသိုလ်ကြီးတွေကိုတောင် ရွေးချယ်နိုင်ပါသည်။
ရှုယန်ဖျင် လုံးဝ မယုံကြည်နိုင်ပါ။ ချင်းယုကျီးလို ဆန်ကုန်မြေလေးက ဘာကြောင့် ဒီလို ရလဒ်မျိုး ရသွားရတာလဲ။
သာမန် လပတ်စာမေးပွဲသာဆိုလျှင် ချင်းယုကျီး၏ ရလဒ်တွေကို ရှုယန်ဖျင် မေးခွန်းထုတ်မိမှာ ဖြစ်သည်။ သို့သော်လည်း ကောလိပ်ဝင်ခွင့် စာမေးပွဲမှာ ညစ်ပတ်ဖို့ဆိုတာ မဖြစ်နိုင်ပါ။ ချင်းမိသားစု၏ အာဏာတွေ ပါဝါတွေကို အသုံးချရင်တောင် ဒီလို စာမေးပွဲစနစ်ကို မပြောင်းလဲနိုင်ပါ။
ရှုယန်ဖျင် ထိတ်လန့်သွားပြီးနောက် သူမ အကဲခတ်မှားသွားတာကို အရှက်ရသွားပြီး သိက္ခာပြန်ဆယ်ဖို့ နည်းလမ်း အမြန် စဉ်းစားလိုက်သည်။
သူမ မမှားနိုင်ပါ။ ချင်းယုကျီးက ဆန်ကုန်မြေလေးဖြစ်သည်။ ပညာရေးအပိုင်းမှာ တိုးတက်လာသည်ဆိုရင်တောင် အကျင့်သိက္ခာမကောင်းတာကိုတော့ ဖုံးကွယ်နိုင်မှာ မဟုတ်ပေ။
အာဏာကိုအသုံးချပြီး ကျောင်း၏ ဆုံးဖြတ်ချက်များကို လွှမ်းမိုးချုပ်ကိုင်ခဲ့သော ချင်းမိသားစုဘက်ကသာ မှားတာ ဖြစ်သည်။
အွန်လိုင်းပေါ်တက်ကာ ချင်းယုကျီး လုပ်ခဲ့သည့် အရာတွေကို ရှုယန်ဖျင် ဖော်ထုတ်ချင်သည်။ ဒါမှ သူဘယ်လို ကလေကချေဖြစ်ကြောင်းကို ပညာရေးဌာနတွေကပါ မြင်သွားမှာဖြစ်သည်။
ချင်းယုကျီး ဘယ်လိုလူမျိုးလဲဆိုတာ သိသွားကြပါက ဘယ်တက္ကသိုလ်ကမှ ဝင်ခွင့်ပေးတော့မှာ မဟုတ်ပေ။
သူမဘက်က ဘာအမှားမှ မရှိဟု ရှုယန်ဖျင် ယုံကြည်သည်။
ချင်းယုကျီး အရင်က လုပ်ခဲ့ဖူးသည့် လုပ်ရပ်တွေကို ဖော်ထုတ်လိုက်ပါက Netizen တွေ သူ့ကို Boycott ကြလိမ့်မည်။ ထိုအခါ ပညာရေးဌာန အထက်လူကြီးတွေလည်း အာရုံစိုက်လာနိုင်သည်။
ရှုယန်ဖျင် ချက်ချင်းဆိုသလို ပုဂ္ဂလိက မီဒီယာတစ်ခုကို ဆက်သွယ်ခဲ့ပြီး အင်တာဗျူးတစ်ခု လက်ခံခဲ့ပါသည်။
အင်တာဗျူးထဲမှာ ချင်းမိသားစု၏ လုပ်ရပ်များကို မျက်ရည်တွေပိုးပိုးပေါက်ပေါက် ကျလျက် ထုတ်ဖော်ပြောကြားခဲ့သည်။
တည်းဖြတ်ထားပြီးသား အင်တာဗျူး ဗီဒီယိုကို ဗီဒီယိုအတို ပလက်ဖောင်းတစ်ခုမှာ တင်လိုက်သောအခါ ခပ်မြန်မြန်ပဲ ရေပန်းစားသွားပြီး ကြည့်ရှုသူတွေ၊ ကောမန့်တွေ အများကြီး တက်လာခဲ့ပါသည်။
ဝမ်ချင်းတစ်ယောက် ဖုန်းတစ်လုံးကိုင်လျက် ပူပင်သောကများစွာ ရောက်လာချိန်မှာ အဘွားချင်းက လက်ဖက်ရည် သောက်ရင်း အေးအေးဆေးဆေး သတင်းစာဖတ်နေပါသည်။
“အမေ! ယုကျီး ပြဿနာတက်ပြီ ထင်တယ်!”။ ဝမ်ချင်း စိတ်ဖိစီးစွာ ပြောလိုက်သည်။ “ဒီမှာ ကြည့်ပါဦး”။
… … …