← Chapters

အခန်း (၅၄၀+၅၄၁)

Vol. 22 Ch. 540+541

အခန်း (၅၄၀+၅၄၁)

Vol. 22 Ch. 540+541

အခန်း(၅၄၀) ပျောက်ဆုံးသွားတဲ့ စူစူလေးရဲ့ ဆရာ

သို့သော်လည်း အိမ်တော်ထိန်းကျန်းက သူမအသံကို ကြားပုံမပေါ်ပါ။

‘ဂျွတ်’ခနဲ မြည်သံတစ်ခု ထပ်မံထွက်ပေါ်လာသည်။

ထို့နောက် ရှုယန်ဖျင် မျက်နှာ သွေးမဲ့ဖြူရော်သွားပြီး နာကျင်မှုကြောင့် သတိလစ်သွားလေတော့သည်။

အိမ်တော်ထိန်းကျန်းက စူစူလေးကို တောင်းပန်လိုက်သည်။ “ဒီလို စူးစူးဝါးဝါး အော်သံမျိုး နားထောင်ရအောင် လုပ်မိတဲ့အတွက် တောင်းပန်ပါတယ် သခင်မလေးစူစူ”

“ဦးလေးကျန်းရဲ့ အကွက်တွေက အရမ်းမိုက်တာပဲ!”

အိမ်တော်ထိန်းကျန်း၏ လုပ်ရပ်ကို စူစူလေး မကန့်ကွက်ပါ။ လူဆိုးတွေကို ဒီလိုပဲ ဆုံးမသင့်သည်။

ဦးလေးကျန်းက မဆုံးမလျှင် သူမ ကိုယ်တိုင် ဝင်ဆုံးမမှာ ဖြစ်သည်။

အိမ်တော်ထိန်းကျန်းက အမြန်ပြန်ပြောလိုက်သည်။ “သခင်မလေးစူစူကတော့ မြှောက်နေပြန်ပါပြီ။ အခုလို ချီးကျူးစကား ကြားရတာ ဂုဏ်ယူမိပါတယ်”

ကျန်းယွီက ဝင်ပြောလိုက်သည်။ “စူစူလေး သင်ယူချင်ရင် အားတဲ့အချိန် ဦးလေးကျန်းဆီမှာ ကိုယ်ခံပညာ သိုင်းတွေ လာသင်လိုက်လေ”

ခြေတွေလက်တွေချိုးဖို့ သင်ယူစရာမလိုသော်လည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရန် ကိုယ်ခံပညာအနည်းငယ် သင်ထားဖို့ လိုအပ်ပါသည်။

“အဲ့တာက… ဦးလေးကျန်းက အရမ်းတော်ပေမယ့် သမီးသူ့ဆီက သင်လို့မရဘူး”။ စူစူလေးက ပြန်ဖြေလိုက်သည်။

“ဟင် ဘာလို့လဲ”။ ကျန်းယွီက စိတ်ဝင်စားစွာ မေးလိုက်သည်။

“သမီးမှာ ဆရာရှိပြီးသားလေ။ သူက နောက်ပိုင်း တိုက်ခိုက်နည်းတွေ သမီးကို သင်ပေးမယ်လို့ ပြောထားတယ်! အဲ့ဆရာက ပျောက်သွားပေမယ့် သူမရှိတဲ့အချိန် တခြားသူဆီကနေ သိုင်းသင်လို့မဖြစ်ဘူး”။ စူစူလေးက ပြန်ဖြေလိုက်ပါသည်။

စူစူလေးက ပိုမိုသန်မာလာချင်တာကြောင့် သိုင်းသင်ရတာ သဘောကျသည်။

သိုင်းသင်ရတာက မူကြိုသွားရတာထက် ပိုပြီး ပျော်စရာကောင်းပါသည်။

“အဲ့တာဆိုလည်း ဟုတ်ပါပြီ။ စူစူလေး သဘောပါပဲ”။

“အွန်း!”။ စူစူလေး ခေါင်းငြိမ့်လိုက်ပါသည်။

အိမ်တော်ထိန်းကျန်းက စူစူလေးကို စိတ်ဝင်တစား မေးလိုက်သည်။ “သခင်မလေးစူစူရဲ့ ဆရာက ဘယ်လိုလူမျိုးလဲ”။

စူစူလေးက လေးလေးနက်နက်စဉ်းစားကာ ပြန်ဖြေလိုက်သည်။ “ကြောင်တောင်တောင် စကားတွေ ပြောတဲ့လူလေ…။ သူပြောတာကို သမီးနားမလည်ဘူး။ သူပျောက်မသွားခင်က ပေကျင်းဆိုတဲ့နေရာမှာ လူတွေအတွက် ဗေဒင်သွားဟောပေးမလို့ ဆိုပြီး ပြောသွားတယ်”

အဲ…

ဘယ်လိုကြီးလဲ…။

ဘယ်တပည့်က ကိုယ့်ဆရာကို ကြောင်တောင်တောင် စကားတွေပြောတယ်လို့ ပြောရဲမှာလဲ။

“ပုံစံကကော။ ထင်ထင်ရှားရှား အမှတ်အသားတွေ ဘာတွေရှိလား။ တခြားလူတွေနဲ့ မတူဘဲ ကွဲထွက်နေတဲ့ အမှတ်အသားမျိုးတွေလေ”။ အိမ်တော်ထိန်းကျန်းက ထပ်မေးလိုက်သည်။

“ဟင့်အင်း”။ စူစူလေး ခေါင်းခါလိုက်သည်။ “ဪ! သူက ကြယ်တွေကို ကြည့်ရတာ ကြိုက်တယ်။ မိုးရွာနေရင်တောင် ကြယ်တွေကို ထွက်ရှာတတ်တယ်!”

ထူးဆန်းလိုက်တာ…

အဘွားချင်းက အပြုံးဖြင့် ရှင်းပြလိုက်သည်။ “သူက စူစူလေးရဲ့ မိတ်ဆွေတစ်ယောက်ပါ။ ငယ်ပေမယ့် လူကောင်းသူကောင်းတစ်ယောက်ပါပဲ။ ရွာမှာတုန်းက ဗေဒင်ဟောစားပြီး မှန်တာလည်း မှန်တယ်။ စူစူလေးကို အရမ်းချစ်ပြီး လက်ဆောင်တွေ ပေးတတ်တယ်။ စူစူလေးကို သူ့ပညာတွေ သင်ပေးချင်တယ်လို့ ပြောထားတာ”

ဗေဒင်ဆရာက စူစူလေးကို သိုင်းသင်ပေးမယ်ပေါ့…။ ယုံလို့ ရပါ့မလား။

သို့သော်လည်း ဒီလူကို အဘိုးချင်းနဲ့ အဘွားချင်းတို့ကအစ သိနေသဖြင့် အန္တရာယ်များသည့်လူတော့ မဖြစ်နိုင်ပါ။

ထို့နောက် စကားတောင် မပြောရဲသည့် စူစူလေးဘေးက ဘော်ဒီဂတ်ကို ကြည့်ကာ အိမ်တော်ထိန်းကျန်းက ပြောလိုက်ပါသည်။ “ချင်းမိသားစုက ခန့်ထားတဲ့ ဘော်ဒီဂတ်ကို အလုပ်ဖြုတ်သင့်ပြီထင်တယ်။ တကယ် တတ်ကျွမ်းတဲ့လူကို ခေါ်ဖို့အချိန်ကျပြီ”

ဒါကိုကြားတော့ လစာသာယူပြီး အလုပ်ကောင်းကောင်းမလုပ်သည့် ဘော်ဒီဂတ်ကို အဘွားချင်း မျက်စောင်းထိုး ကြည့်လိုက်သည်။

ထို့နောက် အိမ်တော်ထိန်းကျန်းကို အားနားစွာ ပြန်ပြောလိုက်ပါသည်။ “အိမ်တော်ထိန်းကျန်း အံ့ဩသွားမလားတော့ မသိဘူး။ ဟွာချန့်မြို့မှာ ကျွန်မတို့ ရှာနိုင်တဲ့ အကောင်းဆုံးဘော်ဒီဂတ်ဆိုလို့ သူပဲရှိတာ”

ဒီနယ်ပယ်အပိုင်းမှာ ချင်းမိသားစုက အဆက်အသွယ်သိပ်မရှိပါ။ ထို့ကြောင့် ဒီလို သာမန်အငှားဘော်ဒီဂတ်တွေကိုသာ အလုပ်ခန့်ထားရခြင်းဖြစ်သည်။

ဒီဘော်ဒီဂတ်တွေက အစွမ်းအစ နည်းပါးကြသည်။ သူတို့ကို လစာပေးထားသလောက် တိုက်ရည်ခိုက်ရည် ကောင်းဖို့ မျှော်လင့်နေလို့ မရပါ။

အိမ်တော်ထိန်းကျန်းက ပြောသည်။ “သခင်ကြီးချင်းတို့ ကျုပ်ကို ယုံကြည်ရင် သခင်မလေးစူစူအတွက် ဘော်ဒီဂတ်ကောင်းတစ်ယောက်နဲ့ မိတ်ဆက်ပေးပါရစေ”

… … …

အခန်း(၅၄၁) စူစူလေးရဲ့ ဘော်ဒီဂတ်အသစ် (၁)

“ကျွန်မတို့ ယုံကြည်ပြီးသားပါ။ အိမ်တော်ထိန်းကျန်းသာ အစွမ်းအစရှိတဲ့ ဘော်ဒီဂတ်တစ်ယောက် ရှာပေးနိုင်ရင် အကောင်းဆုံးပဲပေါ့”။ အဘွားချင်း ပြန်ဖြေလိုက်ပါသည်။

လုမိသားစု၏ နောက်ကြောင်းရာဇဝင်အကြောင်း သိပ်မသိကြသေးသော်လည်း သူတို့သမီးကို လုမိသားစု ကယ်တင်ခဲ့တာ ၂ ကြိမ် ၂ ခါ ရှိပါပြီ။

ထို့အပြင် ကလေး ၂ ယောက်ကလည်း အခင်ဆုံး သူငယ်ချင်းတွေ ဖြစ်လာကြပြီဖြစ်သည်။ ထို့ကြောင့် မယုံကြည်စရာ အကြောင်း လုံးဝ မရှိပါ။

သူမအတွက် ဘော်ဒီဂတ်အသစ် ရှာဖွေပေးမည်ဟုသော အသံကို ကြားလိုက်ရသောအခါ အဖေဖြစ်သူ၏ အင်္ကျီစကို စူစူလေးဆွဲကာ ပြောလိုက်သည်။ “ဖေဖေ သမီးဘော်ဒီဂတ် မလိုပါဘူး။ သမီးက အရမ်းတော်တာလေ။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ပါတယ်!”

အဘိုးချင်း ရယ်မောလိုက်ပြီး စူစူလေး၏ ခေါင်းကို ပွတ်ပေးလိုက်ပါသည်။ “ဟုတ်ပါတယ်။ ဖေဖေတို့ သမီးလေးက အရမ်း တော်ပြီးသား! ဒါပေမယ့် ဘော်ဒီဂတ်တစ်ယောက်တော့ ငှားမှ ဖြစ်မှာပေါ့။ ဖေဖေတို့ သမီးလေးက လူဆိုးတွေကို မခွဲခြားတတ်သေးဘူးမလား”

“အင်းပါ”။ စူစူလေး သဘောတူလိုက်သည်။

ထို့နောက် အဘိုးချင်းက အိမ်တော်ထိန်းကျန်းကို လှည့်ပြောလိုက်ပါသည်။ “ဒါဆို အိမ်တော်ထိန်းကျန်းကိုပဲ အားကိုးရတော့မှာပေါ့”

“ကိစ္စမရှိပါဘူး။ ဒီနေ့ပဲ ကျုပ်ဆက်သွယ်လိုက်မယ်။ ရက်နည်းနည််းလောက်ကြာရင် သူရောက်လာပါလိမ့်မယ်”။ အိမ်တော်ထိန်းကျန်းက ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်”။ အဘွားချင်းက ကျေးဇူးတင်စကား ထပ်ဆိုလိုက်ပါသည်။

“ပြီးတော့ ဒီအမျိုးသမီးကို ဘာဆက်လုပ်ဖို့ စိတ်ကူးထားလဲ”။ အိမ်တော်ထိန်းကျန်းက သတိလစ်နေသည့် ရှုယန်ဖျင်ကို လက်ညှိုးထိုးကာ မေးလိုက်ပါသည်။

“ရဲလက်ထဲပဲ အပ်လိုက်ပါ။ ဘာဆက်လုပ်ရမလဲဆိုတာ တရားဥပဒေကပဲ ဆုံးဖြတ်ပါစေ”။ အဘိုးချင်းက ဆိုသည်။

“ကောင်းပါပြီ။ သခင်ကြီးတို့ သဘောပါပဲ”။ အိမ်တော်ထိန်းကျန်း အပြုံးဖြင့် ပြောလိုက်သည်။

အဘိုးချင်းတို့နဲ့ စကားပြောပြီးနောက် အိမ်တော်ထိန်းနဲ့ လုကျန်းယွီတို့ အိမ်ပြန်ခဲ့ကြသည်။

အိမ်ပြန်လမ်းတွေ လုကျန်းယွီက မေးလိုက်သည်။ “စူစူလေးရဲ့ ဘော်ဒီဂတ်အဖြစ်ထားဖို့ ဦးလေးကျန်း တပည့်ကို ခေါ်လိုက်မလို့လား”

“သခင်လေးက ဉာဏ်တကယ်ကောင်းတာပဲ။ ချက်ချင်း ခန့်မှန်းနိုင်တယ်နော်”။

“သူက မာနကြီးပြီး စကားနားမထောင်တတ်တဲ့ အကျင့်မျိုးရှိတယ်နော်။ စူစူလေးကို သူကာကွယ်နိုင်ပါ့မလား”။ လုကျန်းယွီ မေးလိုက်သည်။

စူစူလေး ဘေးကင်းစေဖို့ အိမ်တော်ထိန်းကျန်းကို လုကျန်းယွီ သေချာ မေးမြန်းမှဖြစ်မည်။

ထိုဘော်ဒီဂတ်ကို လုကျန်းယွီ မြင်ဖူးပါသည်။ တိုက်ရည်ခိုက်ရည်က အလွန်ကောင်းမွန်သဖြင့် သူသာ အနားမှာရှိနေလျှင် စူစူလေး ဘေးကင်းမှာ သေချာသည်။

“စိတ်ချပါ သခင်လေး။ ကျုပ်တပည့်က နည်းနည်း မာနရှိပေမယ့် ကျုပ်ပေးထားတဲ့ တာဝန်ကိုတော့ ကျေပွန်အောင် ထမ်းဆောင်မယ့်လူမျိုးပါ။ ကျုပ်ခိုင်းတဲ့အလုပ် ၃ ခုကို ပြီးမြောက်အောင် လုပ်ပေးမယ်လို့ သူကတိပေးထားတယ်။ ဒါသူ့အတွက် နောက်ဆုံး အလုပ်ပဲ”။ အိမ်တော်ထိန်းကျန်းက အာမခံလိုက်ပါသည်။

“ကောင်းပါပြီ”။ အိမ်တော်ထိန်းကျန်း၏ အကဲဖြတ်နိုင်စွမ်းကို လုကျန်းယွီ ယုံကြည်သည်။

အိမ်တော်ထိန်းကျန်းကိုယ်တိုင် ထောက်ခံပေးထားတာဖြစ်သဖြင့ ဘာပြဿနာမှ မရှိနိုင်ပါ။

--- --- ---

အိမ်တော်ထိန်းကျန်းက အလွန်မြန်ဆန်သည်။ နောက်တစ်နေ့ သူ့တပည့်ဆိုသူ ချက်ချင်း ရောက်လာခဲ့ပါသည်။

အိမ်စေတွေက ထိုလူ့ကို အဘိုးချင်းနဲ့ အဘွားချင်းတို့ဆီ ခေါ်လာခဲ့ကြသည်။

အသက်က ၁၅ နှစ် ၁၆ နှစ် ဝန်းကျင်သာရှိသေးပြီး မျက်နှာကလည်း ကလေးရုပ် မပျောက်သေးပါ။ သို့သော် မျက်လုံးတွေက စူးရှပြီး အာဏာဖီဆန်သော မျက်နှာမျိုး ရှိသည်။

ဒီလောက်ငယ်တဲ့ ကလေးက ဘော်ဒီဂတ်တဲ့လား…။

အဘိုးချင်းနဲ့ အဘွားချင်းတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

စူစူလေး အိမ်မှာမရှိသဖြင့် ဟူကျစ်က အဘွားချင်း၏ ရင်ခွင်ထဲမှာသာ ဝင်အိပ်နေပါသည်။ ဘော်ဒီဂတ် ကောင်လေး ရောက်လာတာနဲ့ တစ်ပြိုင်နက် ဟူကျစ် ချက်ချင်း ထလာပြီး ဆက်တိုက် မာန်ဖီလေသည်။

“ဟူကျစ် ဘာလို့လဲ။ မာန်မဖီပါနဲ့။ ဒီကောင်လေးနဲ့ စကားပြောစရာရှိသေးတယ်”။ အဘွားချင်းက ဟူကျစ်၏ ခေါင်းလေးကို ပွတ်ပေးရင်း ပြောလိုက်သည်။

“မြောင်~ မြောင်! မြောင်!!”။ ဟူကျစ်က အလွန်စိတ်ဖိစီးနေပုံရပြီး အဘွားချင်းလက်ထဲမှ ခုန်ချကာ ရှေ့က ကောင်လေးကို ခုန်အုပ်ဖို့ ကြံလိုက်သည်။

“ဟူကျစ်! ပြဿနာ မရှာစမ်းနဲ့!”။ အဘွားချင်းက ဟူကျစ်ကို အတင်းချုပ်ထားလိုက်ပါသည်။

“မြောင်…”။ အဘွားချင်းတားသဖြင့် ဟူကျစ် ဘာမှ မလုပ်နိုင်တော့ပါ။

ရှေ့ကကောင်လေးကို စူးစူးရှရှ ကြောင်မျက်လုံးများနဲ့ စိုက်ကြည့်နေရုံသာ ရှိတော့သည်။

… … …

All Chapters