အခန်း (၅၄၄+၅၄၅)
Vol. 22 Ch. 544+545
အခန်း(၅၄၄) ပိုင်ကျဲနတ်သားရဲက မမှားနိုင်ဘူး
“တစ်ခါမှ မမြင်ဖူးပေမယ့် သူဆိုတာ သေချာတယ်။ နတ်ယုတ်မာကောင်ရဲ့ အနံ့ကို မမှားနိုင်ဘူး!”။ စူစူလေး ပြန်ဖြေလိုက်သည်။
ဒီဘဝမှာ တစ်ခါမှ မတွေ့ဖူးသော်လည်း ပိုင်ကျဲနတ်သားရဲဘဝက ဆုံဖူးခဲ့တာဖြစ်မည်။
စူစူလေးက တပ်အပ်ပြောနေသဖြင့် အိမ်တော်ထိန်းကျန်း ဘာပြောရမှန်း မသိတော့ချေ။
နားလည်မှုလွဲနေတာသာ ဖြစ်နိုင်ပြီး စူစူလေးရဲ့ အကြောင်းပြချက်များက ထူးဆန်းကာ အဓိပ္ပာယ်မဲ့နေရင်တောင် စူစူလေး သဘောမကျပါက ဟဲပေမူကို သူမရဲ့ ဘော်ဒီဂတ်အဖြစ် ထားလို့ မရပါ။
“ဖေဖေ့သမီးလေးက သူ့ကို ဘော်ဒီဂတ်အဖြစ် မထားချင်ရင် ဖေဖေနဲ့ မေမေတို့ သူ့ကို ပြန်လွှတ်လိုက်မှာပေါ့။ သမီးရဲ့ လက်ကလေးတွေက ဒီလောက်ချစ်ဖို့ကောင်းတာ သူများတွေကို ရိုက်နှက်ဖို့ မသုံးပါနဲ့”။ စူစူလေးကို ပွေ့ချီကာ အဘိုးချင်း ပြောလိုက်ပါသည်။
သူများတွေကို ရိုက်နှက်နေသည့်အခါ သူ့သမီးလေး ချစ်ဖို့အလွန်ကောင်းသော်လည်း ဖြစ်နိုင်ပါက ရန်မဖြစ်တာ ပိုကောင်းပါသည်။
“ဖေဖေပြောတာ မှန််တယ် သမီးလေး! ဒေါသမထွက်ပါနဲ့။ သမီးလေး မကြိုက်တာတစ်ခုခုရှိရင် ဖေဖေနဲ့ မေမေ့ကို ပြောလိုက်”။ အဘွားချင်းကလည်း ထောက်ခံသည်။
“စူစူလေးကို ဟဲပေမူ အနိုင်ကျင့်တာဆိုရင် ကိုကြီးကို ပြော။ သူ့ကို အပြစ်ပေးပေးမယ်”။ လုကျန်းယွီလည်း စူစူလေးကို နူးညံ့သိမ်မွေ့စွာ ပြောလိုက်သည်။
ထိုစဉ် ဟဲပေမူကတော့ ဘေးမှာ တည်တည်ငြိမ်ငြိမ်ရပ်နေပါသည်။ သူအပြစ်မရှိမှန်း သူ့ကိုယ်သူသိသည်။ သို့သော် ရှင်းမပြချင်ပါ။ သူ့ဘဝတစ်လျှောက်လုံး အနိုင်ကျင့်ခံရတာတွေ များခဲ့သဖြင့် အသားကျနေပါပြီ။
ကိုယ်သင်းရနံ့ကြောင့် သူ့ကို လူဆိုးဟု သတ်မှတ်ပြီး ရန်ရှာတာမျိုးကိုတော့ ပထမဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်သည်။ ထို့အပြင် သူ့ကို ရန်ရှာခဲ့သည့်လူက နူးညံ့ပြီး ချစ်ဖို့ကောင်းသော်လည်း အံ့အားသင့်ဖို့ကောင်းလောက်အောင် သန်မာသည့် အသက် ၃ နှစ်ခွဲအရွယ် ကလေးမလေး ဖြစ်သည်။
“အပြစ်လည်းမပေးနဲ့ ပြန်လည်းမလွှတ်နဲ့!”။ စူစူလေး ပြန်ပြောလိုက်သည်။
ဟင်…။
အပြစ်မပေးရဘူး ပြန်မလွှတ်ရဘူး ဟုတ်လား။
စူစူလေး၏ အဖြေကြောင့် အားလုံး အံ့အားသင့်သွားရပြန်သည်။
“သခင်မလေးစူစူ သူ့ကို နတ်ယုတ်မာကောင်လို့ ပြောထားတာ မဟုတ်ဘူးလား”။ အိမ်တော်ထိန်းကျန်း မေးလိုက်သည်။
“ဟုတ်တယ်! သမီးက နတ်ယုတ်မာကောင်ကို တစ်ချက်လောက်ပဲ ကန်ချင်တာ! ကြီးကြီးမားမား အပြစ်ပေးစရာ မလိုဘူး!”။ စူစူလေး ရှင်းပြလိုက်သည်။
စူစူလေးရဲ့ ကလဲ့စားက တစ်ချက်လောက် ကန်ချင်ရုံသာ ဖြစ်သည်။ ထိုသို့ကန်ပြီးနောက် စူစူလေး အငြှိုးအတေး ထားတော့မှာ မဟုတ်ပါ။ အမှန်ပင်။ ဒီနတ်ယုတ်မာကို သူမ သဘောကျလာမှာတော့ မဟုတ်ပေ။
တစ်ချက်လောက်ပဲ ကန်ချင်တာတဲ့လား…။
တခြားသူတစ်ယောက်သာဆို အိမ်တော်ထိန်းကျန်းက ကန်ချင်သလောက် ကန်စမ်းဟု ခွင့်ပြုပေးလိုက်မှာဖြစ်သည်။
သို့သော် တစ်ဖက်က စူစူလေး ဖြစ်နေသဖြင့် အိမ်တော်ထိန်းကျန်း အလောင်းအစား မလုပ်ရဲပါ။
တပည့်ဖြစ်သူ အသက်အန္တရာယ်ကင်းဝေးစေဖို့အတွက် အိမ်တော်ထိန်းကျန်း အပြုံးဖြင့် ပြောလိုက်ပါသည်။ “သခင်မလေးစူစူက အရမ်း စွမ်းအားကြီးပြီး သန်မာလွန်းလို့ သခင်မလေးရဲ့ ကန်ချက်ကို ကျုပ်တပည့် ခံနိုင်ရည် ရှိမှာ မဟုတ်လောက်ဘူး”
“ဒါဆို စောင့်နေမယ်! သူအရွယ်ရောက်လာပြီး သန်မာလာမှ သမီးကန်မယ််!”။ စူစူလေးက ဆိုသည်။
သူမက တခြားသူတွေကို အနိုင်ကျင့်တတ်သူမဟုတ်ပါ။ ဂုဏ်သရေရှိ ပိုင်ကျဲနတ်သားရဲဖြစ်သည်။
သူအရွယ်ရောက်လာသည်အထိ စောင့်ပေးလိုက်ပါက သူမ ကလဲ့စားချေချင်သည့် နတ်ယုတ်မာ ဟုတ်သလား မဟုတ်သလား ဆိုတာလည်း စစ်ဆေးနိုင်မည် ဖြစ်သည်။
“မြောင်~ မြောင်~”။ ဟူကျစ် ၂ ခါလောက် အော်လိုက်ပြီး သူ့သခင်ကို ထောက်ခံလိုက်သည်။
“ဟားဟားဟား ဟုတ်ပါပြီ။ အဲ့လိုဆိုလည်း ကိစ္စမရှိပါဘူး”။ အိမ်တော်ထိန်းကျန်း သဘောတူလိုက်ပါသည်။
အခုချက်ချင်း အကန်ခံရမှာ မဟုတ်သရွေ့ ကျန်တာ အကုန် အဆင်ပြေသည်။
အချိန်နည်းနည်း ပေးလိုက်ပါက သူ့တပည့်မှာ နတ်ယုတ်မာ မဟုတ်ကြောင်း စူစူလေး နားလည်သွားမည်ဖြစ်ပြီး ကန်ချင်တော့မှာလည်း မဟုတ်ပါ။
ဟဲပေမူ မျက်မှောင်ကြုတ်လျက် ဝင်ပြောလိုက်သည်။ “သူဘော်ဒီဂတ်လိုမယ်လို့ ကျွန်တော်မထင်ဘူး ဆရာ”
စူစူလေး သဘောတူချင် တူနိုင်သော်လည်း ဟဲပေမူကတော့ ကန့်ကွက်ပါသည်။
ကန်ချက်တစ်ချက်တည်းနဲ့ ကျောက်တုံးတွေကိုပါ ကွဲအက်သွားစေသော ကလေးမလေးတစ်ယောက်ကို သူများတွေကတောင် သတိထားရမှာဖြစ်သည်။
ဒီလို ကလေးမလေးက ဘာကြောင့် ဘော်ဒီဂတ်လိုအပ်မှာလဲ။
… … …
အခန်း(၅၄၅) ဟဲပေမူနဲ့ ဟူကျစ်
အိမ်တော်ထိန်းကျန်းက အပြုံးဖြင့် ရှင်းပြလိုက်သည်။ “ပေမူ၊ သခင်မလေးစူစူက နည်းနည်းသန်မာတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် သူကိုယ်ခံပညာ ဘာမှ မတတ်ဘူး။ တစ်ယောက်ထက် ပိုတဲ့ ရန်သူတွေနဲ့ ရင်ဆိုင်လာရရင် အန္တရာယ်များနိုင်တယ်။ ပြီးတော့ သူကြုံရမယ့် အန္တရာယ်တိုင်းက အမြဲတမ်း လက်ဗလာရန်ပွဲတွေ ဖြစ်နေမှာ မဟုတ်ဘူးလေ”။
“ဆရာ၊ သူက နည်းနည်းသန်မာတယ်ဆိုတာထက် ပိုတယ်”။ ဟဲပေမူ ပြန်ချေပလိုက်သည်။
“သူ့ဖာသာသူ ဘယ်လောက်ပဲ သန်မာပါစေ မင်းရဲ့ တတိယတာဝန်က သခင်မလေး စူစူကို ကာကွယ်ပေးဖို့ပဲ။ မင်းငြင်းမယ်ဆိုရင် ငါတို့သဘောတူထားတဲ့အတိုင်း မင်းကို တပည့်အဖြစ် ဆက်မထားနိုင်တော့ဘူး”။ အိမ်တော်ထိန်းကျန်းက ဆိုသည်။
ဒါကိုကြားတော့ ဟဲပေမူ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ပြီး အကြည့်တွေ အေးစက်သွားခဲ့သည်။
သူကလဲ့စားပြန်ချေနိုင်ဖို့အတွက် တာဝန် ၃ ခုပြီးအောင် လုပ်ရမည်ဟု သူ့ဆရာနဲ့သူ သဘောတူညီချက် ယူထားခဲ့သည်။
ပထမ တာဝန်က တက္ကသိုလ်တစ်ခုခုမှာ ဘွဲ့ရအောင်လုပ်ဖို့ဖြစ်သည်။
ကလဲ့စားချေနိုင်ဖို့အတွက် ဟဲပေမူ တက္ကသိုလ်ဘွဲ့ရအောင် အစွမ်းကုန်ကြိုးစားခဲ့သည်။
ယခုတော့ နောက်ဆုံးတာဝန်တစ်ခုသာ ကျန်ပါတော့သည်။
“ကောင်းပြီ။ ကျွန်တော် လုပ်ပေးမယ်”။ ဟဲပေမူ သဘောတူလိုက်သည်။ မျက်နှာပေါ်မှာလည်း ဆုံးဖြတ်ချက် ခိုင်မာမှုတွေ မြင်သာပါသည်။
အိမ်တော်ထိန်းကျန်း စိတ်ကျေနပ်စွာ ပြုံးလိုက်ပြီး အဘိုးချင်းတို့ကို ပြောလိုက်သည်။ “သခင်ကြီးချင်းနဲ့ သခင်မကြီးချင်းတို့ ကျုပ်တပည့်ကို အလိုမကျတာရှိရင် ပွင့်ပွင့်လင်းလင်းပြောပြီး ဆုံးမလို့ ရပါတယ်”
“ကျန်တာအားလုံး အဆင်ပြေတယ် သူ့အသက်အရွယ်လေးတစ်ခုပဲ…”။ အဘွားချင်းက ပြောသည်။
ဟဲပေမူနဲ့ စူစူလေးတို့၏ ရန်ပွဲကို ကြည့်ပြီး ဟဲပေမူရဲ့ တိုက်ရည်ခိုက်ရည်ကို အဘိုးချင်းနဲ့ အဘွားချင်းတို့ နားလည် သွားကြသည်။ သူ့လို အစွမ်းအစမျိုးနဲ့ သူများရဲ့ ဘော်ဒီဂတ်လာလုပ်နေတာ တကယ် အံ့အားသင့်ဖို့ကောင်းသည်။ ထို့အပြင် ခုနက စူစူလေးကြောင့် ချောင်ပိတ်မိနေတာတောင် စူစူလေးကို သူပြန်မတိုက်ခိုက်ခဲ့ပါ။
အသက် ငယ်ရွယ်သော်လည်း စိတ်လိုက်မာန်ပါ မလုပ်တတ်သည့် ကောင်လေးဖြစ်မှန်း သိသာသည်။ ထို့ကြောင့် အဘိုးချင်းနဲ့ အဘွားချင်းတို့ သဘောကျသွားကြသည်။
အိမ်တော်ထိန်းကျန်းက အပြုံးဖြင့် အာမခံလိုက်ပါသည်။ “သခင်မကြီးချင်းတို့ ဘာမှစိတ်ပူစရာမလိုပါဘူး။ ပေမူက တက္ကသိုလ်မှာ ဘွဲ့ရပြီးသွားပြီ။ ပြီးတော့ သခင်မလေးစူစူရဲ့ ဘော်ဒီဂတ်လုပ်ပေးရတာ သူ့ပညာရေးကို အနှောင့်အယှက် ဖြစ်စေမှာ မဟုတ်ဘူး။ ဒါ့အပြင် သခင်မလေးစူစူရဲ့ ဘော်ဒီဂတ်အဖြစ်နေရတာ သူ့အတွက် လေ့ကျင့်မှုအသွင် တစ်မျိုးပဲ။ အဲ့တာကြောင့် သူ့ကို အခွင့်အရေးပေးကြဖို့ မျှော်လင့်မိပါတယ်”
အိမ်တော်ထိန်းကျန်း၏ ကျိုးနွံသော တောင်းဆိုမှုကြောင့် အဘိုးချင်းနဲ့ အဘွားချင်းတို့ သံသယ မဖြစ်ကြတော့ပါ။
အဘိုးချင်းနဲ့ အဘွားချင်းတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ နားလည်မှုယူလိုက်ကြပြီး ပြောလိုက်သည်။ “ဟုတ်ပါပြီ။ အဲ့တာဆိုလည်း ကျုပ်တို့ရဲ့ သမီးလေးဘေးကင်းစေဖို့ ဒီကောင်လေးကိုပဲ အားကိုးရတော့မှာပေါ့”
“ကျုပ်တပည့်ကို အခုလို အခွင့်အရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်ကြီးချင်း။ သူ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ပါလိမ့်မယ်”။ အိမ်တော်ထိန်းကျန်း အပြုံးဖြင့် ပြောလိုက်သည်။
ထို့နောက် ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် စူစူလေး ဘေးကင်းဖို့က နံပါတ် ၁ ဦးစားပေးဖြစ်ကြောင်း ဟဲပေမူအား အိမ်တော်ထိန်းကျန်း ညွှန်ကြားလိုက်ပါသည်။
“နားလည်ပါပြီ”။ ဟဲပေမူ သွေးအေးစွာ ပြန်ပြောလိုက်သည်။ “ကျွန်တော် သဘောတူထားပြီးသားဆိုတော့ အကောင်းဆုံး ကြိုးစားမှာပါ။ ဒါပေမယ့် ဒီတာဝန် ပြီးဆုံးသွားရင် ဆရာ့ဘက်ကလည်း ကတိတည်ပါစေ”။ ဟဲပေမူ သတိပေးလိုက်သည်။
“အေးပါ စိတ်ချပါ”။ အိမ်တော်ထိန်းကျန်းကလည်း သဘောတူလိုက်သည်။
အမှန်ပင်။ ဒီကာလအတွင်း ဟဲပေမူရင်ထဲမှ ကလဲ့စားချေချင်သည့်စိတ်များ ပျောက်ဆုံးသွားပါက အကောင်းဆုံးဖြစ်ပါလိမ့်မည်။
--- --- ---
စာကြည့်ခန်းထဲတွင် စူစူလေးတစ်ယောက်တည်း ကော်ဇောပေါ်ထိုင်ကာ ရုပ်ပြစာအုပ်ဖတ်နေသည်။
ဘော်ဒီဂတ်အသစ်စက်စက်လေး ဟဲပေမူကတော့ အနီးနားရှိ နံရံကိုကျောမှီရင်း လက်ပိုက်ကာ စူစူလေးကို မျက်တောင်မခတ် စိုက်ကြည့်နေပါသည်။
“မြောင်~”။ ဟူကျစ် ခေါင်းမော့ရင်ကော့လျက် ဟဲပေမူထံ လျှောက်သွားလေသည်။
“မြောင်~”။
သူ့ကို ဟူကျစ် တစ်ခုခုအော်ပြောနေသော်လည်း ဟဲပေမူ နားမလည်သဖြင့် မျက်မှောင်ကြုတ်သွားသည်။
“ဟူကျစ်က ရေချိုးပေးခိုင်းနေတာ”။ စူစူလေးက ဟူကျစ်အတွက် ဘာသာပြန်ပေးလိုက်ပါသည်။
စူစူလေး၏ စကားကြောင့် ဟဲပေမူ မျက်မှောင်ပိုကြုတ်သွားသည်။ ကြောင်တစ်ကောင်က ရေချိုးချင်တယ်တဲ့လား။
… … …