အခန်း (၅၄၆+၅၄၇)
Vol. 22 Ch. 546+547
အခန်း(၅၄၆) ဟဲပေမူနဲ့ ဟူကျစ် (၂)
သာမန်ကြောင်တွေဆို ရေချိုးပေးရင်တောင် ထွက်ပြေးကြတာ မဟုတ်လား။
“ငါက နင့်ကို စောင့်ရှောက်ဖို့ပဲ တာဝန်ယူထားတာ။ နင့်ကြောင်ကို ရေချိုးပေးဖို့ မပါဘူး”။ ဟဲပေမူက ကြောင်ကို ရေချိုးပေးဖို့ ငြင်းဆန်ပါသည်။
“မြောင်!”။ ဟူကျစ်က မကျေနပ်ကြောင်း ပြသဖို့အတွက် ဟဲပေမူ၏ ဘောင်းဘီပေါ် ကုတ်ဖဲ့ကာ တက်လာပါသည်။
ဟဲပေမူကလည်း ဘာမှ ပြန်မလုပ်ဘဲ သူ့ရင်ဘတ်ပေါ်ထိရောက်အောင် ကုတ်ဖဲ့တက်လာသည့် ကြောင်အား မျက်မှောင်ကြုတ်ကာ ကြည့်နေပါသည်။
“မြောင်!”။ ဟူကျစ်က ဟဲပေမူ၏ ရင်ဘတ်ပေါ် တက်သွားပြီး ခပ်ကြမ်းကြမ်း မာန်ဖီလိုက်သည်။
ဟွန်း! သူ့ကို ရေချိုးပေးရတာ ဘယ်လောက် ဂုဏ်ရှိတယ်ထင်လဲ! ကျေးဇူးမသိတတ်တဲ့လူသား မြန်မြန် ရေချိုးပေးစမ်း!
ဟဲပေမူ မသိချင်ယောင် ဆောင်နေလိုက်ပါသည်။ ဒီလို သတ္တဝါမျိုးနဲ့ ဟဲပေမူတစ်ခါမှ မပတ်သတ်ဖူးပါ။ ပတ်လည်း မပတ်သတ်ချင်ပါ။
ဟဲပေမူက မသိချင်ယောင် ဆောင်လေလေ ဟူကျစ်က သောင်းကျန်းလေလေဖြစ်သည်။
ဟူကျစ် လက်မလျှော့ဘဲ ရင်ဘတ်မှတဆင့် ပခုံးပေါ် ခုန်တက်ကာ နားထဲတည့်တည့် အော်ထည့်လိုက်သည်။
ထို့အပြင် ဟဲပေမူ၏ မျက်နှာကိုတောင် လက်ဖြင့် ရိုက်လိုက်ပါသည်။ လက်သည်းဖြင့် ကုတ်တာမဟုတ်ဘဲ လက်နဲ့ ရိုက်လိုက်တာဖြစ်သည်။
ဒဏ်ရာတွေ မကျန်ခဲ့စေဖို့အတွက် ဟူကျစ်က လူတွေကို လက်သည်းနဲ့မကုတ်တတ်ဘဲ လက်နဲ့သာ ရိုက်တတ်ပါသည်။
ဟူကျစ်၏ နူးနူးညံ့ညံ့လက်ကလေးက သူ့ကို မနာကျင်စေသော်လည်း အလွန်စိတ်ရှုပ်ဖို့ ကောင်းလာပါသည်
ဟဲပေမူ မလှုပ်မရှားဘဲ သည်းခံနေလိုက်သည်။ ဒါက သူ့အလုပ်ပဲ မဟုတ်လား။ သူ့ဆရာနဲ့ အပေးအယူ လုပ်ထားသဖြင့် ဒီလို အသေးအဖွဲကိစ္စလေးကိုတော့ သူသည်းခံနိုင်ရမည်။
ရုပ်ပြစာအုပ် ဖတ်ပြီးသွားသည့် စူစူလေးက ဟဲပေမူနဲ့ ဟူကျစ်တို့ကို မော့ကြည့်လိုက်သည်။ ထိုစဉ် သူမရဲ့ ဟူကျစ်နဲ့ ဝံပုလွေလေးတစ်ကောင် ကစားနေသည့် မြင်ကွင်းကို ပြန်မြင်ယောင်သွားပါသည်။
ထိုဝံပုလွေလေးမှာ နတ်ယုတ်မာကြီး မွေးထားသည့် သတ္တဝါတစ်ကောင်ဖြစ်သည်။ အလွန်ကြမ်းကြုတ်သော်လည်း ဟူကျစ်နဲ့ ခင်မင်သဖြင့် မကြာခဏ အတူတူကစားလေ့ရှိသည်။
ဟူကျစ်ကို ဒေါသထွက်အာင် လုပ်မိတိုင်း ဟူကျစ်က ဝံပုလွေလေး၏ မျက်နှာကို လက်ဖြင့် ရိုက်လေ့ရှိသည်။ ဝံပုလွေလေးကလည်း ပြန်မတိုက်ခိုက်ဘဲ ရိုက်ခွင့် ပြုပါသည်။
မသဲမကွဲမြင်လိုက်ရသော မြင်ကွင်းလေးဖြစ်သဖြင့် စူစူလေး စိတ်ထဲ သိပ်မထားခဲ့ပါ။
စူစူလေး ရုပ်ပြစာအုပ်ကို ပိတ်လိုက်ပြီး ဟဲပေမူကို ပြောလိုက်သည်။ “ဟူကျစ်က တခြားသူတွေကိုတောင် သူ့ကို ရေချိုးပေးခွင့်ပြုတာ မဟုတ်ဘူးနော်”
“စိတ်မဝင်စားဘူး”။ ဟဲပေမူ ပြန်ပြောလိုက်သည်။
ဟဲပေမူက စိတ်မဝင်စားဘူးဟု ပြောလိုက်တာနဲ့တစ်ပြိုင်နက် ဟူကျစ်ဒေါသပိုထွက်သွားပြီး သူ့ပခုံးပေါ်မှာ စတင် သောင်းကျန်းလေသည်။
ပခုံးပေါ် သောင်းကျန်းနေသည့် ဟူကျစ်ကို လှည့်ကြည့်ကာ ဟဲပေမူ စိတ်ပိုရှုပ်သွားပါသည်။
“မင်းငါ့ကို မုန်းနေတာ မဟုတ်ဘူးလား။ ဘာလို့ ရေလာချိုးခိုင်းနေတာလဲ”
ထိုသို့ပြောလိုက်ပြီးနောက် ဟဲပေမူ ကြောင်စီစီဖြစ်သွားသည်။ သူဘာလို့ ဒီကြောင်ကို စကားသွားပြောနေမိတာလဲ။ ကြောင်က နားလည်နိုင်မှာမို့လို့လား။
“မြောင်!”
သူ့ကိုမုန်းတာက နတ်ယုတ်မာရဲ့အနံ့ရလို့! အဲ့ဒီနတ်ယုတ်မာက သူ့သခင်ကို ကန်ထုတ်ခဲ့တာကိုး! ဒါပေမယ့် နတ်ယုတ်မာရဲ့ အနံ့ကိုရတော့ သူ့သူငယ်ချင်းကို ပြန်သတိရမိတယ်!
“ပြဿနာ မရှာနဲ့။ ငါရေချိုးမပေးနိုင်ဘူး”။ ဟဲပေမူ ငြင်းဆန်လိုက်သည်။
ဒီလောက်အထိ အငြင်းခံလျှင် သာမန်လူတွေဆို လက်လျှော့သွားနိုင်လောက်သည်။ သို့သော်လည်း ဟူကျစ်က လူမဟုတ်ပါ။ ထို့အပြင် သာမန်လည်း မဟုတ်ပေ။
ဟူကျစ် နည်းလမ်းပြောင်းလိုက်သည်။ ကြမ်းပြင်ပေါ်ခုန်ချကာ ဟဲပေမူ၏ ဘောင်းဘီကို ပါးစပ်ဖြင့်ကိုက်လိုက်ပြီး ရေချိုးခန်းထဲ ဆွဲခေါ်ဖို့ ကြိုးစားသည်။
ဟူကျစ်က ခွန်အားမသေးပေ။ အရွယ်ရောက်ပြီးသား လူတစ်ယောက်၏ ခွန်အားနီးပါးရှိသည်။
အစက ဟူကျစ်ကို ဟဲပေမူ မသိချင်ယောင် ဆောင်ဖို့ ကြိုးစားသော်လည်း ဟူကျစ်က အလွန်အားကြီးသဖြင့် လျစ်လျူရှုဖို့ ခက်ခဲသွားသည်။
သူ့ခြေထောက်တစ်ဖက်ကို ကိုက်ကာ ဆွဲခေါ်နေသဖြင့် ဟဲပေမူ ဟန်ချက်ပျက်ကာ ရွေးချယ်စရာမရှိဘဲ ရေချိုးခန်းထဲ ပါသွားရသည်။
ထို့နောက် ဟူကျစ်ကို ဟဲပေမူ မယုံကြည်နိုင်စွာ ကြည့်လိုက်ပါသည်။
ဒီကလေးမနဲ့ ဒီကြောင်က ဘာတွေလဲ!
… … …
အခန်း(၅၄၇) ဟဲပေမူနဲ့ ဟူကျစ် (၃)
ကြောင်ကလည်း သူ့သခင်အတိုင်းပဲ!
ခန္ဓာကိုယ်က ပိစိလေးကို ဘာလို့ အားဒီလောက် ကြီးနေရတာလဲ။
ဟဲပေမူ ခုခံဖို့ ကြိုးစားသော်လည်း ဟူကျစ်၏ ခွန်အာားကို မယှဉ်နိုင်ဘဲ ရေချိုးခန်းထဲ ပါသွားရသည်။
စူစူလေး၏ ရေချိုးခန်းက ပန်းရောင်လေးဖြစ်သည်။ ချစ်စရာကောင်းသည့် ပစ္စည်းပေါင်းစုံကို နေရာတိုင်းမှာ မြင်နေရသည်။
အတွင်းဘက်အကျဆုံးနေရာမှာ အဋ္ဌဂံပုံစံ ရေချိုးကန်တစ်ခု ရှိပြီး ဘေးမှာ အရုပ်ပေါင်းစုံ တတန်းစီ တင်ထားပါသည်။
သေချာ ကြည့်လိုက်ပါက တချို့ ပစ္စည်းတွေကို ရွှေအစစ်နဲ့ ပြုလုပ်ထားတာ ဖြစ်မှန်း မြင်နိုင်လိမ့်မည်။
ဒီရေချိုးခန်း တစ်ခုတည်းကို ကြည့်ရုံနဲ့ ချင်းစူစူကို သူမမိသားစု ဘယ်လောက် ချစ်မြတ်နိုးသလဲဆိုတာ ဟဲပေမူ သိနိုင်ပါသည်။
ဟူကျစ်က ရေချိုးကန် ရေဘားပေါ် ခုန်တက်ကာ လက်ဖြင့် ဖွင့်ချလိုက်သည်။
ထို့နောက် ဟဲပေမူ၏ လက်ကို ကိုက်ဆွဲပြီး ရေတွေကို စမ်းသပ်ဖို့ အချက်ပြလိုက်ပါသည်။
သူ့ကို ရေအပူချိန် လာစမ်းခိုင်းနေတာလား…
ဒီကြောင်က လူတစ်ယောက်လိုပါပဲလား…။
ဟဲပေမူလည်း ရွေးချယ်စရာမရှိတော့ဘဲ ရေအပူချိန်ကို စမ်းသပ်ချိန်ညှိပေးလိုက်ရသည်။
“ပြီးပြီ ချိုးစရာရှိတာ ချိုးတော့”
ရေအပူချိန်ကို ချိန်ညှိပြီးနောက် ဟဲပေမူ ရေချိုးခန်းထဲမှ ပြန်ထွက်ဖို့ ပြင်လိုက်သည်
ဟဲပေမူ မတ်တပ်ပြန်ရပ်လိုက်စဉ်မှာပင် ဟူကျစ်က သူ့လက်ကို ဆွဲဆောင့်လိုက်ရာ ရေချိုးကန်းထဲ ကျလုနီးပါး ဖြစ်သွားသည်။
ကံကောင်းစွာဖြင့် ရေချိုးကန် အစွန်းကို ဟဲပေမူ လက်ဖြင့် အားယူကာ ထိန်းထားနိုင်လိုက်သဖြင့် ရေချိုးကန်ထဲတော့ ပြုတ်ကျမသွားခဲ့ပါ။
သို့သော်လည်း ဟူကျစ်က ဟဲပေမူ၏ ကျောပေါ်ကို ချက်ချင်း တက်တာ ခြေထောက် ၄ ဖက်စလုံးဖြင့် ဟဲပေမူ၏ ကျောကုန်းကို ကန်ချလိုက်ပါသည်။
ဗွမ်း-!
နေရာတိုင်းကို ရေတွေပက်စင်ကုန်ပြီး ရေချိုးကန်ထဲသို့ ဟဲပေမူ မျက်နှာနဲ့အရင် ပြုတ်ကျသွားလေသည်။
ဟဲပေမူ ခေါင်းပြန်ပေါ်လာပြီး မျက်နှာပေါ်က ရေတွေကို သုတ်ကာ ဘေးမှာ အူတက်ပျော်မြူးနေသည့် ဟူကျစ်အား လှည့်ကြည့်လိုက်သည်။
ဟဲပေမူ၏ မျက်နှာ နီရဲသွာသည်။
ကြောင်တစ်ကောင် အနိုင်ကျင့်တာကို တကယ်ကြီး ခံနေရတာပဲ!
ဟဲပေမူ၏ ဒေါသအကြည့်အောက်မှာ ဟူကျစ်လည်း ရေချိုးကန်ထဲ ခုန်ချလိုက်ပြီး ပျော်ပျော်ကြီး ရေကစားလေသည်။
စူစူလေးရဲ့ ရေချိုးကန်က ဟူကျစ်အတွက် ဧရာမ ရေကူးကန်ကြီးတစ်ခုလိုပင်။
“မြောင်~”။ ဟူကျစ်က ရေထဲမှ ခေါင်းဖော်ကာ ဟဲပေမူကို မြူးမြူးထူးထူး အော်လိုက်ပါသည်။
ဟူကျစ်က အစကတည်းက အကောင်သေးသဖြင့် အမွေးတွေ ရေစိုသွားသောအခါ ပိုလို့တောင် သေးငယ်သွာားသေးသည်။
တောက်တောက်ပပ မျက်လုံးလေးများဖြင့် ဟဲပေမူကို စိုက်ကြည့်နေသည်။ ကြောင်ချစ်သူ အများစုကို နှလုံသား အရည်ပျော်သွားစေမည့် အကြည့်မျိုးဖြစ်၏။
ဟူကျစ်၏ လှုပ်ရှားမှုများက ချစ်ဖို့ကောင်းလွန်းသဖြင့် ဒေါသထွက်ဖို့တောင် ခက်ခဲနေပါသည်။
ဟဲပေမူ လက်သီးကို ဆုပ်လျက် မြှောက်လိုက်ရမလား ပြန်ချထားရမလား ဝေခွဲရခက်သွားပါသည်။
“ပြဿနာ မရှာနဲ့လို့ပြောနေတယ်။ ငါ မင်းနဲ့ ကစားဖို့လာခဲ့တာ မဟုတ်ဘူး။ မင်းသခင်ကို ကာကွယ်ပေးဖို့ လာခဲ့တာ။ မင်းနဲ့ ကစားချင်စိတ်လည်း မရှိဘူး။ ငါ့မှာ အရေးကြီးအလုပ်တွေရှိတယ်”။ ဟဲပေမူက အေးစက်စွာ ပြောလိုက်သည်။
“မြောင်…”။ ဟူကျစ်က ဟဲပေမူကို ဇဝေဇဝါကြည့်လိုက်သည်။
သူ့စကားကို ဒီကြောင်လေးက တကယ်နားလည်နေသည့် ပုံစံပင်။
ဟဲပေမူက ဆက်ပြော၏။ “ငါ့မှာအလုပ်တွေ ရှိတယ်လို့။ မင်းကစားချင်ရင် မင်းသခင်နဲ့ အသက်အရွယ်တူပြီး အားနေတဲ့ သူဌေးသားသမီးတွေကို သွားရှာလိုက်”
ဟဲပေမူက တိရိစ္ဆာန်မချစ်တတ်သလို ကစားဖို့လည်း အချိန်မရှိပါ။
“မြောင်”။ ဟူကျစ်က အူတူတူနဲ့ ကြည့်နေဆဲဖြစ်သည်။
ဟဲပေမူလည််း ဒီကြောင်နဲ့ စကားဆက်မပြောချင်တော့သဖြင့် ရေချိုးကန်ထဲမှ ပြန်ထွက်လိုက်သည်။
အပြင်ကို ရောက်သွားပြီး ဟဲပေမူ နောက်ပြန်လှည့်ကြည့်လိုက်ရာ ဟူကျစ်လည်း ရေချိုးကန်ထဲမှ ထွက်လာတာကို မြင်လိုက်ရသည်။
ထို့နောက် အခန်းထောင့်မှ တစ်စုံတစ်ခုကို သွားယူလာလေသည်။
… … …