← Chapters

အခန်း (၅၄၈+၅၄၉+၅၅၀)

Vol. 22 Ch. 548+549+550

အခန်း (၅၄၈+၅၄၉+၅၅၀)

Vol. 22 Ch. 548+549+550

အခန်း(၅၄၈) လင်းယုရှန်းကို ချူးဟမ့် လှည့်စားခြင်း

ဟဲပေမူ သေချာကြည့်လိုက်ရာ ဟူကျစ် ကိုက်ချီလာသည့် ပစ္စည်းလေးက လည်ပတ်သေးသေးလေး ဖြစ်နေမှန်း မြင်လိုက်ရသည်။

ဒါ သူ့လည်ပတ်ပဲ နေမှာ…။

ဟူကျစ်က ဟဲပေမူရှေ့မှာ လည်ပတ်ကို ချပေးလိုက်ပါသည်။ ဟဲပေမူ လည်ပတ်ကို သေချာ စစ်ဆေးကြည့်လိုက်သည်။ လည်ပတ်မှာ တောက်တောက်ပပ ရွှေပြားလေးတစ်ပြားရှိနေပြီး ထိုရွှေပြားပေါ်မှာ ဟူကျစ်ဟု ရေးထွင်းထားသည်။

ဟူကျစ်က လည်ပတ်ကို ဟဲပေမူ၏ ခြေဖျားနားရောက်အောင် လက်ဖြင့် တွန်းပို့ပေးလိုက်သည်။

ဟဲပေမူ မျက်မှောင်ကြုတ်သွား၏။

ဒီသတ္တဝါလေး သူ့ကို ဒီလည်ပတ် ပေးဖို့ ကြံနေတာတော့ မဟုတ်ပါဘူးနော်…။ ကစားချင်ရင် သူဌေးသားသမီးတွေကို သွားရှာလိုက်လို့ ပြောမိလိုက်လို့ သူ့ကို ရွှေလည်ပတ် လက်ဆောင် လာပေးနေတာလား။

ကြည်လင်တောက်ပနေသော မျက်လုံးလေးများဖြင့် သူ့ကို မော့ကြည့်နေသည့် ဟူကျစ်အား ဟဲပေမူ ပြန်ကြည့်ရင်း ရင်ထဲ တစ်ခုခု ခံစားလိုက်ရသည်။

“ဟူကျစ် ဆော့မနေနဲ့တော့! တူချောလေး ပြန်လာပြီ!”။ ရေချိုးခန်းအပြင်မှ စူစူလေး၏ အသံထွက်ပေါ်လာသည်။

တူချောလေး ပြန်လာပြီဟု ကြားတာနဲ့တစ်ပြိုင်နက် ဟဲပေမူကို ဟူကျစ် စွန့်ပစ်သွားပါသည်။ ရေတွေကို ခါပစ်လိုက်ပြီး အောက်ထပ်သို့ ပြေးဆင်းသွားလိုက်၏။

ဟဲပေမူကတော့ ဟူကျစ်ကြောင့် ရေတွေစိုရွှဲလျက် ရေချိုးခန်းထဲ တစ်ယောက်တည်း ကျန်ခဲ့လေတော့သည်။

--- --- ---

လုမိသားစု၏ အကြိမ်ကြိမ်အခါခါ ငြင်းဆန်မှုကို ခံရသောအခါ ချူးဟမ့် ဒေါသတွေ ထိန်းမရ ဖြစ်လာသည်။ သူ့ကုမ္ပဏီကလည်း အဆိုးဆုံး အခြေအနေကို ရောက်ရှိနေပြီဖြစ်သည်။ ဒီတိုင်းသာ ဆက်သွားပါက သူ့ကုမ္ပဏီ ပြိုလဲသွားလိမ့်မည်။ အရာရာကို ဆုံးရှုံးရလိမ့်မည်။

ချူးဟမ့် ကြံရာမရဖြစ်ကာ ခေါင်းကို လက်နှစ်ဖက်စလုံးဖြင့် ကိုင်ထားမိပါသည်။

လင်းယုရှန်းက ကော်ဖီတစ်ခွက်ဖျော်ပြီး စာကြည့်ခန်းထဲရှိ ချူးဟမ့်အား လာပို့ပေးလေသည်။

ခုတလော ချူးဟမ့် အလွန်ပင်ပန်းနေမှန်း လင်းယုရှန်း သိပါသည်။

“ယောက်ျား အဆင်ပြေရဲ့လား။ ကျွန်မ ရှင်အကြိုက်ဆုံး ကော်ဖီ ဖျော်လာခဲ့တယ်”

လင်းယုရှန်းက စားပွဲနားအထိ လျှောက်သွားပြီး ချူးဟမ့်ကို သိမ်သိမ်မွေ့မွေ့ ပြောလိုက်ပါသည်။

လင်းယုရှန်းကို မော့ကြည့်ပြီး ချူးဟမ့်ရင်ထဲက ဒေါသမီး ပိုတောက်လောင်သွားသည်။

အခုဆို လင်းယုရှန်းကိုမြင်တိုင်း ဒေါသထွက်တာကလွဲပြီး တခြား ဘာမှ မခံစားရတော့ပါ။

ဒီမိန်းမက အရေးကြီးတဲ့နေရာမှာကျတော့ ဘာမှ အသုံးမကျပါလား!

ရုတ်တရက် လင်းယုရှန်း၏ လက်ကို ချူးဟမ့် ကြမ်းကြမ်းတမ်းတမ်း ဆုပ်ကိုင်ပစ်လိုက်သည်။

လင်းယုရှန်း ထိတ်လန့်သွားကာ တစ်ကိုယ်လုံး တုန်ယင်သွားပြီး ကော်ဖီတွေပါ ဖိတ်ကျကုန်ပါသည်။

“ယောက်ျား…”။ ချူးဟမ့်ကို လင်းယုရှန်း အံ့အားသင့်စွာ ကြည့်လိုက်၏။

“ဘာလို့လဲ ယုရှန်း…။ ဘာလို့ ကိုယ့်ကို ဒီလိုလုပ်ရတာလဲ။ ကိုယ်မင်းကို ဒီလောက်ချစ်ပေးခဲ့တာ၊ တစ်သက်လုံး အတူတူ နေသွားဖို့ ဆုံးဖြတ်ထားခဲ့တာကို…”

“ယောက်ျား… ကျွန်… ကျွန်မရှင့်ကို ထားမသွားဘူးလေ”။ လင်းယုရှန်းက ရှင်းပြသည်။

ချူးဟမ့် သူမလက်ကို လွှတ်ပေးလိုက်ပြီး ထိုင်ခုံပေါ် စိတ်ပျက်လက်ပျက် ပြန်ထိုင်နေလိုက်ပါသည်။ သူ့ပုံစံက အလွန် စိတ်ဓာတ်ကျနေပုံပေါ်သည်။

မျက်လုံးကြောင်ကြောင်ဖြင့် ရှေ့ကို စိုက်ကြည့်လျက် တိုးညှင်းစွာ ပြောလိုက်သည်။ “ထားမသွားဘူးလို့သာ ပြောနေပေမယ့် မင်းအချစ်ကို ကိုယ်မခံစားရတော့ဘူး…”

“ဘယ်လိုပြောလိုက်တာလဲ… ကျွန်မရှင့်ကို အရမ်းချစ်ပါတယ်… ဘာတွေဖြစ်နေတာလဲ ယောက်ျား… ခုတလော အလုပ်တွေ အရမ်းပင်ပန်းလို့လားဟင်”။ လင်းယုရှန်းက စိုးရိမ်တကြီး မေးလိုက်ပါသည်။

ယောက်ျားဖြစ်သူကို ဒီလိုမြင်ရတာ လင်းယုရှန်း ရင်တွေကွဲရပါသည်။

“ကိုယ့်ကို ချစ်တယ်လို့ပြောပြီး မင်းနည်းနည်းလောက် ကြိုးစားရင်ဖြစ်တဲ့ကိစ္စကို ဘာလို့ လုပ်မပေးနိုင်ရတာလဲ။။ ကိုယ်သာဆို မင်းအတွက် ဘာမှ မတွန့်ဆုတ်ဘဲ အရာရာလုပ်ပေးမှာ!”။ လင်းယုရှန်းကို ချူးဟမ့် မေးလိုက်ပါသည်။

“ဟင်”။ လင်းယုရှန်း နားမလည်ပါ။

“မင်းသာ ကိုယ့်ကိုယ်ကိုယ် နည်းနည်းလောက် နှိမ့်ချပြီး ကျန်းယွီကို စကားသေချာ ပြောလိုက်ရင် ပြဿနာတွေ အားလုံး ပြီးသွားမှာလေ! ကိုယ်က မင်းအတွက် အရေးမပါလို့ ဒီလောက်လေးတောင် မလုပ်ပေးချင်တာလား”

“မဟုတ်ပါဘူး။ ကျွန်မ ပြောပြီးပြီလေ။ ကျန်းယွီက သူ့ဆုံးဖြတ်ချက်ကို ပြောင်းလဲမှာ မဟုတ်ဘူးလို့”

“ငါမယုံဘူး! လုမိသားစုအတွက် ဒီပမာဏက ဘာမှ မပြောပလောာက်တဲ့ ပမာဏပဲ။ ပြီးတော့ မင်းက လုကျန်းယွီရဲ့ ဒေါ်လေး! သူ့ဘဝမှာ သူ့အဘိုးပြီးရင် မင်းနဲ့ အနီးစပ်ဆုံးပဲ! မင်းပါးစပ်က ဒီလိုအသေးအဖွဲ ကိစ္စလေးတစ်ခု တောင်းဆိုတာကို သူငြင်းမလားကွ!”

… … …

အခန်း(၅၄၉) နည်းလမ်းရှိပါသေးတယ်

“အဲ့လိုမဟုတ်ပါဘူး။ ကျန်းယွီကလည်း ကိုယ်ပိုင်ဆုံးဖြတ်ချက် ချနိုင်တဲ့လူပါ။ ဒီတစ်ခေါက် သူဘာလို့ အရမ်းပြတ်သားနေတာလဲ ကျွန်မလည်း နားမလည်ဘူး။ ဒါပေမယ့် သူဆုံးဖြတ်ချက် ပြတ်သားတဲ့အခါ ကျွန်မလည်း ဘာမှ မတတ်နိုင်ဘူးလေ”။ လင်းယုရှန်းက ခက်ခက်ခဲခဲ ရှင်းပြလိုက်သည်။

“အေးပါ။ မင်းဘာမှ မရှင်းပြပါနဲ့တော့။ ငါနားလည်ပြီ။ အားလုံးကို နားလည်သွားပြီ။ မင်းလည်း သူတို့လိုပဲ ထင်နေတာ။ ချူးမိသားစု လုပ်ငန်းတွေ ဒီလိုအခြေအနေရောက်ရတာ ငါ့အပြစ်လို့ ထင်နေတာမလား။ ငါသေချာ မပြင်ဆင်ခဲ့မိလို့ ဒီလို ဖြစ်ရတာ။ မင်းမျက်လုံးထဲမှာ ငါက အသုံးမကျတဲ့ကောင်ပဲမလား”

“မဟုတ်ပါဘူး။ ရှင့်ကိုယ်ရှင် အဲ့လို အပြစ်မတင်ပါနဲ့”။ လင်းယုရှန်း ရင်ထဲ အလွန်လေးလံသွားပါသည်။

“ယုရှန်းကို အပြစ်တင်နေတာမဟုတ်ပါဘူး။ ကုမ္ပဏီ ဘယ်လိုပဲ အဆုံးသတ်သွားပါစေ မင်းကို ကိုယ် အပြစ်မတင်ဘူး။ ဒီတိုင်းဝမ်းနည်းမိတာ… မင်းရင်ထဲမှာ ကိုယ်က ထင်သလောက် အရေးမပါနေတာကို ဝမ်းနည်းမိတာ…”

“အဲ့လို မဟုတ်ပါဘူး။ ရှင်က ကျွန်အတွက် အရမ်း အရေးပါတယ်။ ရှင်က ကျွန်မယောက်ျားပဲ ဥစ္စာ။ ရှင့်ထက် ဘယ်သူက အရေးကြီးမှာလဲ”။ လင်းယုရှန်း ခိုင်ခိုင်မာမာ ပြောလိုက်သည်။

“ကိုယ်တို့ အခု ကျဉ်းထဲကျပ်ထဲ ရောက်နေတာ ယုရှန်း။ ဘယ်လို အဆုံးသတ်သွားမလဲ ဆိုတာလည်း မပြောနိုင်ဘူး။ ကိုယ်တောင်းပန်ပါတယ်။ ယုရှန်းကို အရင်တုန်းက ပေးထားတဲ့ကတိတွေ မတည်နိုင်တော့ဘူး…။ အခု ကွာရှင်းထားလိုက်တာ အကောင်းဆုံးပဲ။ ကိုယ့်ကြောင့် ယုရှန်းပါ အကြွေးတင် တင်သွားမှာကို မလိုလားဘူး”

ချူးဟမ့် မျက်နှာကို လက်ဖြင့်အုပ်ထားပြီး အလွန်ဝမ်းနည်းကြေကွဲနေပုံပေါ်သည်။

ယောက်ျားဖြစ်သူကို ဒီလိုမြင်လိုက်ရတော့ လင်းယုရှန်း အပြစ်ရှိစိတ်တွေ ဖြစ်ပေါ်လာခဲ့ပါသည်။ “ယောက်ျား အဲ့လို မလုပ်ပါနဲ့။ ကျွန်မ အပြစ်တွေပါ…။ ကျွန်မ မကူညီနိုင်ခဲ့လို့ပါ။ လုမိသားစုနဲ့ လက်တွဲမှုကလည်း ကျွန်မကြောင့် ဖြစ်ပေါ်လာခဲ့တာ။ အခု ချူးမိသားစု ကြုံနေရတဲ့ ပြဿနာတိုင်းကလည်း ကျွန်မ အပြစ်တွေပဲ။ ရှင့်ကိုယ်ရှင် အပြစ် မတင်ပါနဲ့တော့”

ယောက်ျားဖြစ်သူကို လင်းယုရှန်း ယုတ္တိရှိရှိ ရှင်းပြချင်မိသည်။ ဒီကိစ္စကို သေချာစဉ်းစားပြီး အတူတူဖြေရှင်းဖို့ ကြိုးစားချင်မိသည်။ သို့သော်လည်း သူ့ကို ဒီလိုပုံစံမျိုးနဲ့ မြင်လိုက်ရချိန်မှာတော့ လင်းယုရှန်းလည်း ဘာကိုမှ ယုတ္တိရှိရှိ မစဉ်းစားတတ်တော့ပါ။

တူဖြစ်သူရဲ့ အမြင်ကို ဘယ်လောက်ပဲ သဘောတူပါစေ သူမရဲ့ ယောက်ျား ဒီလောက်ခံစားနေရတာကို ရပ်ကြည့်မနေနိုင်ပေ။

လင်းယုရှန်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ဆုံးဖြတ်ချက် ချလိုက်ပါသည်။ “ယောက်ျား… ကျွန်မ ကူညီပေးပါ့မယ်… ဝမ်းမနည်းနဲ့နော်”

ချူးဟမ့် ခေါင်းခါလိုက်သည်။ “မလုပ်ပါနဲ့ ယုရှန်း။ ကိုယ်အရှိကို အရှိတိုင်း လက်ခံလိုက်ပါတော့မယ်။ သူတို့ပြောတာလည်း မှန်ချင်မှန်မှာပေါ့။ ကိုယ်က အစွမ်းအစမရှိတဲ့လူ… အသုံးမကျတဲ့လူပဲ…”

လင်းယုရှန်း နှုတ်ခမ်းကိုက်လျက် ပြောလိုက်သည်။ “ကျွန်မမှာ နည်းလမ်းတစ်ခုတော့ ရှိသေးတယ်”

ချူးဟမ့် မျက်လုံးများ ရုတ်တရက် တောက်ပသွားသည်။ သို့သော် ချက်ချင်း ဝမ်းနည်းနေဟန် ပြန်ဆောင်လိုက်ပါသည်။

လင်းယုရှန်း၏ လက်ကို ဆုပ်ကိုင်ကာ ချူးဟမ့် ပြောလိုက်သည်။ “ယုရှန်း မလုပ်ပါနဲ့။ ကိုယ့်အတွက်နဲ့ ယုရှန်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမယ့် အလုပ်မျိုး မလုပ်နဲ့နော်…”

“ရှင့်ဆီက အဲ့လို စကားမျိုး ကြားရတာနဲ့တင် လုံလောက်ပါပြီ”။ လင်းယုရှန်း ပြုံးကာ ပြောလိုက်ပါသည်။

ထို့နောက် လင်းယုရှန်း သူမ အခန်းဆီ ပြန်လာခဲ့သည်။

မီးခံသေတ္တာထဲမှာ အိမ်ခြံမြေပိုင်ဆိုင်မှု စာချုပ်တွေကို ထုတ်လိုက်သည်။ လင်းမိသားစု၏ ဘိုးဘွားပိုင်အိမ်နဲ့ အိမ်ခြံမြေ အလုံး ၃၀ ကျော်အတွက် ပိုင်ဆိုင်မှုစာချုပ်စာတမ်းတွေ ပါဝင်သည်။

ဒီအိမ်ခြံမြေတွေကိုသာ ရောင်းလိုက်ပါက ဒီကာလအတွင်း ချူးအုပ်စု ကြုံတွေ့နေရသည့် ပြဿနာတွေ ပြေလည်သွားနိုင်သည်။

ဒီပိုင်ဆိုင်မှုတွေကို သူမရဲ့ မိဘတွေနဲ့ အစ်မဖြစ်သူတို့က အမွေပေးခဲ့တာဖြစ်သည်။

သူမ မင်္ဂလာဆောင်တုန်းက ဒီပိုင်ဆိုင်မှုတွေကို မလိုအပ်ဘဲ ထုတ်မသုံးဖို့ အစ်မဖြစ်သူက မှာသွားသည်။

ထို့အပြင် ဒီပိုင်ဆိုင်မှုတွေက လင်းယုရှန်း လက်မထပ်ခင်တုန်းက ပိုင်ဆိုင်မှုတွေဖြစ်သဖြင့် အိမ်ထောင်ရေး ပြဿနာ တစ်ခုခုဖြစ်လာလျှင်လည်း သူမ တစ်ယောက်တည်း ရပ်တည်နိုင်လိမ့်မည်ဟု အစ်မဖြစ်သူက ပြောခဲ့သေးသည်။

အစ်မဖြစ်သူအကြောင်း စဉ်းစားရင်း လင်းယုရှန်း ရင်နာသွားသည်။

သူမ အစ်မသာ အသက်ရှင်နေသေးပါက ယောက်ျားဖြစ်သူကို ကူညီဖို့ ဒီပိုင်ဆိုင်မှုတွေ ရောင်းချလိုက်တာကို ဘယ်လိုများ ပြောမလဲ…။

သူမ ဒေါသထွက်သွားမလား။ ဝမ်းနည်းသွားမလား။ သူမကို ဆူငေါက်နေမှာလား။

အစ်မဖြစ်သူ မရှိတော့တာကြောင့် လင်းယုရှန်း မသိနိုင်ပါ။ အစ်မဖြစ်သူ မရှိတော့တာကြောင့် လင်းယုရှန်း တိုင်ပင်စရာ လူမရှိတော့ပါ။

စာချုပ်စာတမ်းတွေကို လက်ထဲမှာ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။

ထိုစဉ် လင်းယုရှန်း အတွေးထဲ သူမတူ လုကျန်းယွီ ရုတ်တရက် ပေါ်လာခဲ့ပါသည်…။

… … …

အခန်း(၅၅၀) လုကျန်းယွီနဲ့ တိုင်ပင်ခြင်း

ငါ့အစ်မမရှိတော့ပေမယ့် သူ့သား လုကျန်းယွီ ရှိနေသေးတာပဲ။ သူကလည်း လင်းမိသားစုရဲ့ မျိုးဆက်မဟုတ်လား။ လင်းမိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို မရောင်းခင် သူနဲ့ အရင် တိုင်ပင်သင့်တယ်…။

ထိုအတွေးဖြင့် စာချုပ်တွေအကုန်လုံးကို လက်ကိုင်အိတ်ထဲထည့်ကာ အနွေးထည်ပါးပါးဝတ်လျက် အိမ်မှ ထွက်လာခဲ့သည်။

လင်းယုရှန်း အပြင်ထွက်သွားတာကိုမြင်တော့ ချူးဟမ့် ပြုံးမိသွားသည်။

ဒီမိန်းမကတော့ တကယ်ပါပဲ။ အစကတည်းက ဒီလို ကူညီပေးခဲ့ရင် ဘာပင်ပန်းစရာလိုလို့လဲ…။

လင်းယုရှန်းမှာ နည်းလမ်းရှိမှန်း သိလိုက်ရပြီးနောက် ချူးဟမ့် စာကြည့်ခန်းထဲ ပြန်ဝင်လာခဲ့သည်။ စားပွဲပေါ်က စာရွက်စာတမ်းတွေကို အကုန်ဖယ်ပစ်လိုက်သည်။ လင်းယုရှန်း ဖျော်ပေးထားသည့် ကော်ဖီကို ဘေးနားက ပန်းအိုးထဲ သွန်ချလိုက်သည်။

ထို့နောက် သူအကြိုက်ဆုံး ဝိုင်နီတစ်ပုလင်းကို ထုတ်ကာ ကော်ဖီခွက်ထဲ ငှဲ့လိုက်ပြီး ဇိမ်ကျကျ အရသာခံလိုက်တော့သည်။

--- --- ---

လုအိမ်တော်သို့ လင်းယုရှန်း တစ်ယောက်တည်း ရောက်လာခဲ့သည်။

ဘေးမှာ ဘယ်သူမှ မပါတာကို မြင်သဖြင့် အိမ်တော်ထိန်းကျန်းက ဝင်ခွင့်ပေးခဲ့ပါသည်။

လင်းယုရှန်း အိမ်ထဲသို့ဝင်လာခဲ့၏။

တံခါးဝမှာ အိမ်တော်ထိန်းကျန်းက ကြိုဆိုလိုက်သည်။ “သခင်မလင်း၊ သခင်လေးက ပြတ်ပြတ်သားသား ပြောပြီးသွားပြီ ထင်တယ်နော်။ အရင်က ပြောခဲ့တဲ့စကားတွေပဲ ပြန်လာပြောတာဆိုရင် မလိုတော့ပါဘူး။ သခင်လေးကို စိတ်အနှောင့် အယှက်ဖြစ်အောင် မလုပ်ပါနဲ့”

“ကျွန်မ နားလည်ပါတယ်”။ လင်းယုရှန်း ခေါင်းငုံ့ထားမိပါသည်။ “ကျန်းယွီ စာကြည့်ခန်းထဲမှာလား”

အိမ်တော်ထိန်းကျန်း အနည်းငယ်မျက်မှောင်ကြုတ်သွားသည်။ “ပထမထပ်က အခန်းထဲမှာ သခင်မလေးစူစူနဲ့အတူ ကစားနေတယ်”

“ကျွန်မ သွားတွေ့လို့ ရမလား”။ လင်းယုရှန်း မေးလိုက်၏။

“သခင်မလင်းက သခင်လေးရဲ့ ဒေါ်လေးပဲဥစ္စာ။ သခင်လေးကို ထိခိုက်အောင်လုပ်ဖို့ လာတာမဟုတ်ဘူးဆိုရင် ကျုပ်တားခွင့် မရှိပါဘူး”

“ကျေးဇူးပါ”

လင်းယုရှန်း ခေါင်းငြိမ့်လိုက်ပြီး ကလေးတွေ ကစားနေသည့် အခန်းဆီ လျှောက်လာခဲ့ပါသည်။

ထိုအခန်းတံခါးရှေ့မှာ ဟဲပေမူက ဟူကျစ်ကို ချီထားရင်း အခန်းကို စောင့်ကြပ်ပေးနေသည်။

စူစူလေး၏ ဘော်ဒီဂတ်ဖြစ်သော်လည်း ကြောင်ပါ ထိန်းပေးရသေးသည်…။

အခန်းထဲမှာ လုကျန်းယွီက စူစူလေးနဲ့ အိမ်ဆောက်တန်းကစားနေသည်။

စူစူလေးအတွက် အိမ်ဆောက်အတုံးလေးများဖြင့် လုကျန်းယွီ ရဲတိုက်တစ်လုံး တည်ဆောက်ပေးထားသည်။

“ကိုကြီးက အရမ်းတော်တာပဲ!”။ စူစူလေးက လေးစားအားကျစွာ ပြောလိုက်သည်။

“အင်း…”။ လုကျန်းယွီ ခပ်ပါးပါး ပြုံးလိုက်၏။ ဖြူစင်ရိုးသားသည့် စူစူလေးက ဒီလိုကြည့်သောအခါ သူအလွန် စိတ်ကျေနပ်ရပါသည်။

ဒီလို ကလေးမလေးတစ်ယောက်ကြောင့် သူ့ကိုယ်သူ ဂုဏ်ယူဝံ့ကြွားမိလိမ့်မည်ဟု လုကျန်းယွီ တစ်ခါမှ မတွေးခဲ့ဖူးပါ။ သူ့ကိုယ်သူ သာမန်ကလေးတွေနဲ့ ခြားနားသည်ဟု အမြဲထင်ခဲ့သည်။ အခုတော့ သိပ်ခြားနားပုံ မပေါ်တော့ပါ။

သူတို့ နှစ်ယောက် ကစားနေစဉ် အခန်းတံခါး ပွင့်သွားပြီး လင်းယုရှန်း ဝင်လာခဲ့ပါသည်။

“ကျန်းယွီနဲ့ စူစူလေးတို့”။ လင်းယုရှန်းက နာမည်ခေါ်ကာ နှုတ်ဆက်လိုက်သည်။

လင်းယုရှန်း၏ မျက်နှာပေါ်မှာ အပြုံးတစ်ခု ရှိနေသော်လည်း အတင်းလုပ်ယူထားသည့် အပြုံးဖြစ်မှန်း လုကျန်းယွီ မြင်နိုင်သည်။ သူမ မျက်လုံးများက စိုးရိမ်ပူပန်မှုများနဲ့ ပြည့်နှက်နေပါသည်။

လုကျန်းယွီက စူစူလေးကို ကြည့်ကာ လင်းယုရှန်းအား ပြန််လှည့်ကြည့်လိုက်သည်။ “ဒေါ်လေးပြောချင်တာ ပွင့်ပွင့်လင်းလင်း ပြောပါ”

“ဒီလိုပါ… ဒေါ်လေး ဆုံးဖြတ်ထားတာတစ်ခုရှိလို့ ကျန်းယွီနဲ့ တိုင်ပင်ကြည့်ချင်လို့ပါ”။ လုကျန်းယွီနား လင်းယုရှန်း လျှောက်သွားလိုက်ပြီး စာချုပ်တွေကို ထုတ်ကာ လုကျန်းယွီ၏ ပေါင်ပေါ် တင်ပေးလိုက်ပါသည်။

ခပ်ထူထူ စာချုပ်ပုံကြီးကို ကြည့်ရင်း လုကျန်းယွီ မျက်မှောင်ကြုတ်သွား၏။

လင်းယုရှန်းက လိုရင်းကို မပြောခင် သေချာ ရှင်းပြထားလိုက်သည်။ “ကျန်းယွီ ဒေါ်လေး ပြောတာ နားထောင်နော်။ ကျန်းယွီကို ဒေါ်လေး ဖိအားပေးနေတာ မဟုတ်ဘူး။ လင်းမိသားစုမှာ ဒေါ်လေးတို့ ၂ ယောက်ပဲ ကျန်တော့တာမို့လို့ ဒီကိစ္စအတွက် ကျန်းယွီကို ပြောသင့်တယ်ထင်လို့ လာပြောတာပါ”

“ချူးဟမ့်ကို ကယ်ဖို့ ဒီပိုင်ဆိုင်မှုတွေ ရောင်းမလို့လား”

လင်းယုရှန်း ပြောပြမှာကို စောင့်မနေတော့ဘဲ လုကျန်းယွီ ခန့်မှန်းကြည့်လိုက်ပါသည်။

… … …

All Chapters