အခန်း (၅၅၁+၅၅၂)
Vol. 23 Ch. 551+552
အခန်း(၅၅၁) သူ့ကို မယုံနဲ့! သူက လူဆိုးကြီး!
လင်းယုရှန်း ကြက်သေသေသွားခဲ့သည်။ မျက်နှာပေါ်မှာလည်း အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွား၏။
သူခန့်မှန်းတာ မှန်ပါသည်။
“သူလုပ်ခိုင်းတာလား”။ လုကျန်းယွီ ထပ်မေးလိုက်သည်။
“မဟုတ်ပါဘူး သားဦးလေးက အဲ့လို မလုပ်ခိုင်းပါဦး။ သူတစ်ယောာက်တည်း ပြဿနာတွေကို ဖြေရှင်းဖို့ ခက်ခက်ခဲခဲ ကြိုးစားနေတာ ဒေါ်လေး မကြည့်ရက်လို့ ကူညီပေးချင်လို့ပါ”။ လင်းယုရှန်း အမြန်ရှင်းပြလိုက်သည်။
လုကျန်းယွီ နားလည်မှုလွဲမှာစိုးသဖြင့် လင်းယုရှန်း ဆက်ပြောလိုက်သည်။ “ဒေါ်လေးမှာ တခြားရည်ရွယ်ချက် မရှိပါဘူး။ ကျန်းယွီရဲ့အမေ ပြောခဲ့တဲ့စကားကို ပြန်သတိရမိလို့ပါ…”
“ကျွန်တော့်အမေသာ အသက်ရှင်နေသေးရင် ဒေါ်လေးရဲ့ အကြံကို ကန့်ကွက်မယ်မှန်းသိလို့ ကျွန်တော့်ဆီ လာမေးတာ မလား။ ဒေါ်လေးရဲ့ ရင်ထဲမှာ ကြောက်ရွံ့နေတုန်းပဲမလား။ ဒါတွေက ဒေါ်လေးအတွက် ကျွန်တော့်အမေ ထားခဲ့တဲ့ ပိုင်ဆိုင်မှုတွေမို့လို့။ ဒေါ်လေးကို သူဘယ်လောက်ဂရုစိုက်သလဲ သိသာစေတဲ့ ပစ္စည်းတွေ မို့လို့…”။ လုကျန်းယွီက သူမရဲ့ အတွေးများကို ဖော်ထုတ်လိုက်ပါသည်။
လုကျန်းယွီ၏ စကားလုံးများကို လင်းယုရှန်း မငြင်းနိုင်ပါ။ အစ်မဖြစ်သူ၏ ဆုံးမစကားများကို ပြန်ကြားယောင်မိသောအခါ ချူးဟမ့်ကို ကယ်တင်ပေးဖို့အတွက် ပိုင်ဆိုင်မှုတွေ ရောင်းချမည့် သူမ၏ ဆုံးဖြတ်ချက် ယိမ်းယိုင်သွားခဲ့သည်။
ချူးဟမ့်အတွက် သူမ ဘာမဆို လုပ်ပေးနိုင်သည်။ သို့သော် တစ်ချိန်တည်းမှာပင် အစ်မဖြစ်သူကို ဝမ်းနည်း စိတ်ပျက် အားလျော့သွားစေမည့် လုပ်ရပ်မျိုးကိုလည်း မလုပ်နိုင်ပါ။
ချူးဟမ့်နဲ့ လက်ထပ်ခဲ့တာတစ်ခုတည်းနဲ့တင် အစ်မဖြစ်သူကို စိတ်ပျက်စေခဲ့ပြီးပြီ ဖြစ်သည်။ အခု သူမ အမွေပေးခဲ့သည့် ပိုင်ဆိုင်မှုတွေကိုပါ ရောင်းချလိုက်ပါက…
လင်းယုရှန်း စိတ်ဓာတ်ကျသွားပြီး ဝေခွဲရခက်သွားပါသည်။ “ကျန်းယွီ… ဒေါ်လေးစိတ်တွေ ဘာဖြစ်နေမှန်း မသိတော့ဘူး။ အရမ်းဝမ်းနည်းနေတယ်…။ ဒေါ်လေးရဲ့ ယောက်ျား ဒီလို နာကျင်နေတာကိုလည်း မကြည့်ရက်ဘူး။ သူ့ကို ကူညီပေးချင်တယ်”။
လင်းယုရှန်းကို လုကျန်းယွီ သေချာအကဲခတ်လိုက်သည်။ သူ့ဒေါ်လေးအပေါ် ချူးဟမ့် ခတ်ထားသည့် အဆိပ်အတောက်တွေ အာနိသင်မပြယ်သေးတာကို နားလည်လိုက်ရပါသည်။
မိန်းမတွေကို လှည့်စားတတ်သည့် ချူးဟမ့်၏ စွမ်းရည်ကို သူအထင်သေးလိုက်မိပါပြီ။
“ကိုကြီးရဲ့ ဒေါ်လေး! ဒေါ်လေးရဲ့ ယောက်ျားကို မကူညီနဲ့! သူက လူဆိုးကြီး!”။ စူစူလေးက ရုတ်တရက်ကြီး ဝင်ပြောလိုက်သည်။
မကြာသေးခင်တုန်းက လုအိမ်တော်ကို ချူးဟမ့် ခဏခဏ လာခဲ့သည်။ သို့သော် သခင်ကြီးလုက ဝင်ခွင့်မပေးသဖြင့် ခြံအပြင်မှာသာ စောင့်နေရပါသည်။
စူစူလေး ကျောင်းသွားရင်း ထိုလူ့ကို မကြာခဏ မြင်ခဲ့ရသည်။
ကိုကြီးကို မေးကြည့်ထားသဖြင့် ထိုလူက လင်းယုရှန်း၏ ယောက်ျားဖြစ်ပြီး လုကျန်းယွီ၏ ဦးလေးဖြစ်မှန်း သိထားပါသည်။
“စူစူလေး ဘာပြောလိုက်တာလဲ”။ စူစူလေးကို လုကျန်းယွီ အံ့အားသင့်စွာ လှည့်ကြည့်လိုက်သည်။
“အဲ့ဒီလူက လူဆိုးကြီး! အရမ်း အရမ်းဆိုးတဲ့ လူဆိုးကြီး!”။ စူစူလေးက အခိုင်အမာ ထပ်ပြောလိုက်သည်။
ထိုလူ့ကို မြင်တုန်းက သူ့ဘေးမှာ မည်းနက်နေသည့် အခိုးအငွေ့ ရောင်ဝါတွေ မြင်ခဲ့ရတာကြောင့် လူဆိုးဖြစ်မှန်း စူစူလေးသိနေတာဖြစ်သည်။
သူမရဲ့ စွမ်းရည်က သိပ်ပြီး မတည်ငြိမ်သေးပေ။ တစ်ခါတလေ မြင်ရပြီး တစ်ခါတလေ မမြင်ရတာမျိုးလည်း ရှိသည်။ သို့သော် မြင်လိုက်ရချိန်တိုင်းတော့ မမှားတာ သေချာပါသည်။
လင်းယုရှန်းလည်း အလွန်အံ့အားသင့်သွားပြီး စူစူလေးကို မေးလိုက်ပါသည်။ “စူစူလေး ဘာလို့ အဲ့လိုပြောရတာလဲ။ တစ်ခုခု ဖြစ်ခဲ့လို့လား”
“ကိုကြီးရဲ့ဒေါ်လေး သမီးကို ယုံစမ်းပါ! သူက လူဆိုးကြီးမို့လို့ သူပြောတာ နားမထောင်နဲ့!”။ စူစူလေးက အတည်ပေါက် သတိပေးလိုက်သည်။
“မဟုတ်ဘူးလေ စူစူလေး။ ဘာဖြစ်ခဲ့သလဲဆိုတာ ပြောပြမှပေါ့”
စူစူလေး၏ စကားကို လင်းယုရှန်း မယုံကြည်ပါ။ တစ်ခုခု နားလည်မှုလွဲနေတာသာဖြစ်မည်ဟု ထင်နေပါသည်။
စူစူလေးက နှုတ်ခမ်းစူသွားသည်။ သူမကို ဘယ်လိုရှင်းပြရမည်နည်း။ သူမရဲ့နတ်သားရဲ့စွမ်းရည်ကို အသုံးချပြီး မြင်ခဲ့တာဟု ပြောလည်း ယုံကြည်မှာ မဟုတ်ပါ။
လူသားတွေက ဒီလိုကိစ္စတွေကို မယုံကြည်တတ်ပေ။
“ဒီတိုင်းသိတာ! သူ့ကို မကူညီနဲ့နော်! ကိုကြီးရဲ့ဒေါ်လေး!”
လင်းယုရှန်း ခေါင်းခါလိုက်ပါသည်။ “စူစူလေး နားလည်မှုလွဲနေတာဖြစ်မယ်။ ဒေါ်လေးရဲ့ ယောက်ျားက လူကောင်း တစ်ယောက်ပါ။ ဒေါ်လေးကို အရမ်းချစ်ပြီး ဂရုလည်းစိုက်တယ်။ ပေါင်းသင်းလာတာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပေမယ့် ရည်းစားဘဝတုန်းကလို ကြင်နာနေတုန်းပဲ။ သူက ဒေါ်လေး အချစ်ဆုံးလူဖြစ်ပြီး ဒေါ်လေးကလည်း သူအချစ်ဆုံး လူဖြစ်တယ်”
လင်းယုရှန်းက ချူးဟမ့်၏ အချစ်ကို ယုံကြည်ကြောင်း ခိုင်ခိုင်မာမာ ပြောဆိုလိုက်ပါသည်။
“ဒါပေမယ့် သူက တခြားမိန်းမနဲ့ နမ်းတယ်လေ! ပြီးတော့ ပါးစပ်ချင်းနမ်းတာ! လင်မယားတွေပဲ ပါးစပ်ချင်း နမ်းလို့ရတယ်လို့ ဖေဖေနဲ့ မေမေက ပြောဖူးတယ်!”။ စူစူလေးက ဆိုသည်။
… … …
အခန်း(၅၅၂) လောင်းမလား
အနက်ရောင် အခိုးအငွေ့တွေထဲမှာ စူစူလေး ထိုပုံရိပ်တွေကို မြင်ခဲ့ပါသည်။
“ဘာပြောတယ်”။ လင်းယုရှန်း ထိတ်လန့်သွားပြီး စူစူလေးကို ကြည့်လိုက်သည်။
လုကျန်းယွီလည်း တုန်လှုပ်သွားပါသည်။ “စူစူလေး မြင်ခဲ့လို့လား”
“အဲ့တာက… သမီးခန့်မှန်းလိုက်တာ!”။ စူစူလေးက တကယ်မြင်ခဲ့သည်ဟု မပြောနိုင်သဖြင့် ခန့်မှန်းသည်ဟုသာ ဆိုနိုင်သည်။
ခန့်မှန်းတာဟုတ်လား…။ ဒါဆို ဒီတိုင်း စိတ်အထင်ပြောတာပေါ့…။
လင်းယုရှန်း ချက်ချင်း စိတ်သက်သာရာ ရသွားခဲ့ပါသည်။
စူစူလေးက ပေါက်ကရတွေ ပြောနေတာသာဖြစ်မည်။ တကယ် မဖြစ်နိုင်ပါ။
စူစူလေး ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာ လင်းယုရှန်း နားမလည်သော်လည်း မဖြစ်နိုင်တာတော့ သေချာပါသည်။
စူစူလေးက ဆက်ပြော၏။ “ဒါပေမယ့် သမီးခန့်မှန်းတာ အမြဲတမ်း မှန်တယ်!”
“စူစူလေး ဒီကိစ္စက ပေါ့သေးသေး ကိစ္စမဟုတ်ဘူး။ နောက်ဆို စိတ်ထင်ရာ လျှောက်မပြောဖို့ ဒေါ်လေးလင်းကို ကတိပေးပါ”။ လင်းယုရှန်းက စူစူလေးကို ဆုံးမလိုက်ပါသည်။ ခုနက စူစူလေးကြောင့် သူမ နှလုံးရောဂါ ရလုနီးပါး ဖြစ်သွားခဲ့သည်။
“ဒါပေမယ့် သူက တကယ် လူကောင်းမှ မဟုတ်တာ”။ စူစူလေးက ထပ်ပြောလိုက်ပြန်သည်။
ဟူး…။ ကိုကြီးရဲ့ ဒေါ်လေးဖြစ်နေပြီး အရသာရှိတာတွေ ကျွေးထားလို့ပေါ့။ မဟုတ်ရင် ဒီလောက်ထိ အပင်ပန်းခံပြီး ရှင်းပြမနေဘူး!
လင်းယုရှန်း ပြုံးကာ ပြောလိုက်ပါသည်။ “စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ စူစူလေး။ ဒါပေမယ့် ဒေါ်လေးရဲ့ ယောက်ျားက တကယ် လူကောင်းပါ”
စူစူလေး နှုတ်ခမ်းစူလိုက်ပြီး လုကျန်းယွီကို လှည့်ကြည့်လိုက်ပါသည်။
ဒေါ်လေးလင်းကို ပြောလို့ကို မရဘူး။ ကိုကြီးကော ဘယ်လိုထင်မလဲ မသိဘူး။
လုကျန်းယွီလည်း မျက်မှောင်ကြုတ်သွားသည်။ စူစူလေး၏ စကားကြောင့် သူတစ်ခုခုကို တွေးမိသည်။
ချူးဟမ့်က လူကောင်းမဟုတ်ပါ။ ထို့အပြင် သူ့ဒေါ်လေးအပေါ်ထားသည့် မေတ္တာကလည်း အစစ်အမှန် ဟုတ်ပါ။
ထို့ကြောင့် သူ့ဒေါ်လေးကို လက်ထပ်ခဲ့ရသည့် ရည်ရွယ်ချက်အမှန်အပြင် တခြားအရာတွေကိုပါ ဖုံးကွယ်ထားလောက်သည်။
“စူစူလေးပြောတာ ကျွန်တော်ယုံတယ်”။ လုကျန်းယွီ ပြောလိုက်သည်။
“ကျန်းယွီ… စူစူလေးက လိမ္မာတဲ့ ကလေးဆိုပေမယ့် သူ့စကားတွေက… အခြေအမြစ်မရှိဘူးလေ…”
စူစူလေး ပေါက်ကရတွေ ပြောနေမှန်း လင်းယုရှန်းသေချာပါသည်။ တစ်ခါတလေ ကလေးတွေရဲ့ တွေးခေါ်ပုံက လူကြီးတွေနဲ့ ခြားနားသည်။ ရည်ရွယ်ချက်ဆိုးဖြင့် မကောင်းပြောတာ မဟုတ်သော်လည်း တစ်ခါတလေ ပေါက်ကရတွေ ပြောတတ်သဖြင့် စိတ်ထဲမထားသင့်ပါ။
“စူစူလေးက ကလေးဆိုပေမယ့် တစ်ခါတလေ ကလေးတစ်ယောက် ထင်နေတာတွေက မှန်သွားတတ်တယ်”။ လုကျန်းယွီ ပြောလိုက်သည်။
စူစူလေး ခေါင်းငြိမ့်လိုက်ပါသည်။
ဟုတ်တယ် ဟုတ်တယ်! ကိုကြီးက ဉာဏ်အရမ်းကောင်းတာပဲ!
“ကျန်းယွီ… ဒီကိစ္စကို အထင်အမြင်တစ်ခုတည်းနဲ့ ဆုံးဖြတ်လို့မရဘူးလေ…”။ လင်းယုရှန်း စိတ်ပျက်လက်ပျက် ရှင်းပြလိုက်ပါသည်။
အထူးသဖြင့် ကလေးတစ်ယောက်ရဲ့ အမြင်ကို ဘယ်လိုလုပ် အတည်ယူလို့ရမှာလဲ.
စကားတစ်ခွန်းတည်းနဲ့ လင်းယုရှန်းကို နားလည်အောင် ပြောလို့ရမှာ မဟုတ်မှန်း သိသဖြင့် လုကျန်းယွီ နည်းလမ်းတစ်ခု စဉ်းစားလိုက်သည်။ “ဒီလိုဆိုရင်ကော… စူစူလေးပြောတာ မှန်မမှန် လောင်းကြေးထပ်ကြမယ်”
“လောင်ကြေးထပ်မယ် ဟုတ်လား”။ လင်းယုရှန်း ဇဝေဇဝါဖြစ်သွားသည်။
“ရှင်းပါတယ်။ ကျွန်တော်တို့ စမ်းသပ်ချက်တစ်ခုလုပ်မယ်။ အဲ့ဒီ စမ်းသပ်ချက်ကို ချူးဟမ့် အောင်မြင်ရင် ဒေါ်လေး ပိုင်ဆိုင်မှုတွေ ရောင်းပြီး သူ့ကို ကူညီချင်တာပဲဖြစ်ဖြစ် ကျွန်တော်တို့ လုမိသားစုကို ကူညီပေးစေချင်တာပဲဖြစ်ဖြစ် လက်ခံပေးမယ်”။
“ဟုတ်ပြီ”။ လင်းယုရှန်း ၂ ခါမတွေးဘဲ လက်ခံလိုက်ပါသည်။
သူမယောက်ျားကို သူမ အပြည့်အဝယုံကြည်သည်။ ဘယ်လို စမ်းသပ်ချက်ပဲ လုပ်ပါစေ ချူးဟမ့် အလွယ်တကူ အောင်မြင်ပါလိမ့်မည်။
“ဒါပေမယ့် ဒီစမ်းသပ်ချက်အကြောင်း သူ့ကို ဘာမှပြောလို့မဖြစ်ဘူးနော်” လုကျန်းယွီ သတိပေးလိုက်သည်။
“ကောင်းပါပြီ”။ လင်းယုရှန်း သဘောတူပါသည်။
လင်းယုရှန်း၏ သဘောတူညီချက် ရပြီးနောက် လုကျန်းယွီ ဝှီးချဲပေါ်က ခလုတ်တစ်ခုနှိပ်ကာ အိမ်တော်ထိန်းကျန်းကို ဆင့်ခေါ်လိုက်ပါသည်။
“သခင်လေး ဘာများလိုအပ်လို့လဲ”။ အိမ်တော်ထိန်းကျန်းက အပြုံးဖြင့် မေးလိုက်ပါသည်။
“ဦးလေးကျန်း။ ချူးဟမ့် တခြားမိန်းမတွေနဲ့ ဖောက်ပြန်နေသလားဆိုတာ ကျွန်တော် သိချင်တယ်။ ဒါမှမဟုတ် တခြားမိန်းမတွေရဲ့ ဆွဲဆောင်မှုကို ခုခံပြီး ကျွန်တော့်ဒေါ်လေးအပေါ်သစ္စာရှိနိုင်မလား ဆိုတာ သိချင်တယ်။ ဦးလေးကျန်း အကြံထုတ်ပေးလို့ရမလား”
ယောက်ျားနဲ့ မိန်းမတွေကြားက အချစ်ရေးပြဿနာတွေကို လုကျန်းယွီ နားမလည်ပါ။ ထို့ကြောင့် ယောက်ျားတစ်ယောက်ရဲ သစ္စာကို ဘယ်လို စမ်းသပ်ရမလဲဆိုတာလည်း မသိပါ။
အိမ်တော်ထိန်းကျန်းကတော့ သူ့ထက် အတွေ့အကြုံ ပိုရှိလောက်ပါသည်။
… … …