← Chapters

အခန်း (၅၅၃+၅၅၄)

Vol. 23 Ch. 553+554

အခန်း (၅၅၃+၅၅၄)

Vol. 23 Ch. 553+554

အခန်း(၅၅၃) ချူးဟမ့်ကို ထောင်ချောက်ဆင်ခြင်း (၁)

“လွယ်ပါတယ်”။ အိမ်တော်ထိန်းကျန်းက ဆို၏။

လုမိသားစု၏ လူအင်အား ငွေအင်အားနဲ့ ချူးဟမ့်ကို ထောင်ချောက်ဆင် စမ်းသပ်ဖို့ဆိုတာ မခက်ပါ။

ထို့အပြင် ချူးဟမ့်၏ အားနည်းချက်များက သိသာလွန်းပါသည်။

“ဒါဆိုလည်း အမြန်ဆုံး သွားစီစဉ်လိုက်ပါ”။ လုကျန်းယွီ ညွှန်ကြားလိုက်သည်။

“ကောင်းပါပြီ သခင်လေး”။ အိမ်တော်ထိန်းကျန်း ချက်ချင်း ထွက်သွားခဲ့ပါသည်။

လင်းယုရှန်းကို လုကျန်းယွီ ပြောလိုက်သည်။ “ဒေါ်လေး ဒီနေ့ အိမ်ပြန်သွားရင် သူ့ကိုကူညီဖို့ အချိန်နည်းနည်း ယူရမယ်လို့ ပြောပြီး ခဏစောင့်ခိုင်းထားပါ။ ကျန်တာ ဘာမှ မပြောနဲ့ဦးနော်”

“ဟုတ်ပြီ”။ လင်းယုရှန်း ခေတ္တစဉ်းစားလိုက်ပြီး သဘောတူလိုက်ပါသည်။

--- --- ---

လင်းယုရှန်း အိမ်ပြန်လာမည့်အချိန်ကို စောင့်ရင်း ချူးဟမ့် စိတ်မရှည်ဖြစ်လာပါသည်။

ချူးယန်ရှီ စာကြည့်ခန်းထဲဝင်လာပြီး ချူးဟမ့်အရက်သောက်နေတာကို မြင်သောအခါ ဒေါသထွက်သွားသည်။

ဒီလိုအချိန်ကြီးမှာ သူမအဖေ အရက်သောက်နေနိုင်သေးတယ်ပါ့။ ဒီပြဿနာကို မဖြေရှင်းရင် ချူးမိသားစုတစ်ခုလုံး ပျက်စီးသွားမှာ နားမလည်ဘူးလား။ အရင်ဘဝက အဖြစ်ဆိုး ဒီဘဝမှာလည်း ထပ်ဖြစ်လို့ လုံးဝ မရဘူး!

“ဖေကြီး အရက်မသောာက်နဲ့!”။ ချူးယန်ရှီက ချူးဟမ့်နားလျှောက်သွားပြီး မျက်မှောင်ကြုတ်လျက် ပြောလိုက်ပါသည်။

ချူးဟမ့်က ချူးယန်ရှီကို ပွေ့ချီလိုက်ပြီး ပေါင်ပေါ်တင်ကာ အပြုံးဖြင့် ပြောလိုက်သည်။ “ရှောင်းရှီလေး ဘာမှမဖြစ်ဘူး။ ဖေကြီး နည်းနည်းပါးပါး သောက်တာပါ”

“ဖေကြီး အခု အလုပ်လုပ်နေရမှာလေ! အရက်သောက်နေရမှာ မဟုတ်ဘူး!”။ ချူးယန်ရှီက ချိုချိုမြိန်မြိန် အသံလေးဖြင့် တောင်းဆိုလိုက်ပါသည်။

“ရှောင်းရှီလေး ဘာမှစိတ်မပူနဲ့။ ဒေါ်လေးလင်း ပြဿနာဖြေရှင်းဖို့ အပြင်ထွက်သွားပြီ။ သူ့ကြည့်ရတာ နည်းလမ်းတစ်ခုခု ရှိတဲ့ပုံပဲ။ ဖေကြီးတို့ သတင်းကောင်း စောင့်နေရုံပဲ”

“သူ့မှာ နည်းလမ်းရှိတယ်လား”။ ချူးယန်ရှီ အံ့အားသင့်စွာ မေးလိုက်သည်။

“ဟုတ်တယ်။ ခုနလေးတင် ပြောသွားတာ”။ ချူးဟမ့်က ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်ပါသည်။

ဒီအချိန်မှာ သူမအဖေကို လင်းယုရှန်း နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးနေဆဲဖြစ်ကာ သရုပ်မှန်ကိုလည်း မသိသေးသဖြင့် ဘာမဆို လုပ်ပေးမှာဖြစ်မှန်း ချူးယန်ရှီ နားလည်သွားသည်။

လင်းယုရှန်းဟူသည့် မိန်းမက တုံးအသော်လည်း ငွေကြေးတွေ ရင်းမြစ်တွေ အများကြီးရှိသည်။ သူမကို လက်ထပ်ခဲ့တာက သူမအဖေရဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခုဟု ဆိုနိုင်သည်။

တခြားနည်းလမ်းမရှိတော့လျှင် လင်းယုရှန်းက သူမတို့ရဲ နောက်ဆုံး မျှော်လင့်ချက်ဖြစ်သည်။

အရင်ဘဝတုန်းက လင်းယုရှန်းနဲ့ ကွာရှင်းလိုက်သည့်အချိန်ကစပြီး ချူးမိသားစု ဘဝပျက်ခဲ့ရတာ ဖြစ်သည်။

“ဖေကြီး၊ ဒေါ်လေးလင်းကို ကောင်းကောင်း ဆက်ဆံပါ”။ ချူးဟမ့်ကို ချူးယန်ရှီ ပြောလိုက်ပါသည်။

“ရှောင်းရှီလေးက ဒေါ်လေးလင်းကို ချစ်လို့လား”။ ချူးဟမ့် အံ့အားသင့်သွားပြီး မေးလိုက်သည်။

အရင်တုန်းကဆို သူ့သမီးက လင်းယုရှန်းကို အလွန်မုန်းတီးပြီး နည်းလမ်းပေါင်းစုံနဲ့ ပုန်ကန်ခဲ့သည်။ အခုမှ ဘာကြောင့် ပြောင်းလဲသွားရတာလဲ သူနားမလည်ပါ။

“အင်း! ချစ်ပါတယ်။ သူက သမီးအပေါ် အရမ်းကောင်းတယ်လေ”။ လင်းယုရှန်းနဲ့ အဖေဖြစ်သူ အဆင်ပြေစေဖို့အတွက် ချူးယန်ရှီ စိတ်ထဲက မပါတာကို ပြောလိုက်ရပါသည်။

“သူတော်မှန်း ဖေကြီးလည်း သိပါတယ်”။ ချူးဟမ့်က အပြုံးဖြင့် ပြောလိုက်ပါသည်။

လင်းယုရှန်းက အလွန်တော်ပြီး သင့်တော်သည့် မိန်းမဖြစ်မှန်း သိသဖြင့် သူခက်ခက်ခဲခဲ ပိုးပန်းခဲ့ရတာပဲ မဟုတ်လား။

ခုတလော လုမိသားစုနဲ့ ဖြစ်ခဲ့သည့် ပြဿနာကလွဲလို့ လင်းယုရှန်းကို တခြားအပြစ်ရှာမရပါ။

သူမရဲ့ ဆိုးကွက်တစ်ကွက်ကို ပြောရမည်ဆိုလျှင် ကုတင်ပေါ်မှာ ပျင်းစရာကောင်းလွန်းနေခြင်းဖြစ်သည်။

ထို့ကြောင့် အပြင်မှာ တခြားမိန်းမတွေနဲ့ သူပျော်ပါးခဲ့ရသည်။

အမှန်ပင်။ အပြင်က မိန်းမတွေနဲ့ ပျော်ပါးခြင်းက သာယာမှုအတွက်သာဖြစ်ပြီး လင်းယုရှန်းနဲ့ အစားထိုးဖို့ လုံးဝ မဟုတ်ပါ။

ထို့ကြောင့် လင်းယုရှန်းရှေ့မှာ ပြဿနာလာမရှာနိုင်မည့် မိန်းမမျိုးကို သူရှာဖွေခဲ့သည်။

ချူးဟမ့် ဒါတွေစဉ်းစားနေစဉ် အောက်ထပ်မှ တံခါးပွင့်သံထွက်ပေါ်လာပြီး လင်းယုရှန်း ပြန်ရောက်လာခဲ့သည်။

ချူးဟမ့်က ချူးယန်ရှီကို အမြန်အောက်ချကာ အခြေအနေ မေးမြန်းဖို့အတွက် လင်းယုရှန်းထံ အပြေးသွားခဲ့သည်။

… … …

အခန်း(၅၅၄) ချူးဟမ့်ကို ထောင်ချောက်ဆင်ခြင်း (၂)

ချူးယန်ရှီက ချူးဟမ့်၏ အင်္ကျီစကို ဆွဲကာ သတိပေးလိုက်သည်။ “ဖေကြီး။ ဒေါ်လေးလင်းအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံရမယ်နော်။ အရင်ကထက်တောင် ပိုကြင်နာရမယ်”

သူမရဲ့ အသက်အရွယ်ကြောင့် ချူးဟမ့်ကို မယားငယ်နဲ့ အဆက်အသွယ်ဖြတ်ဖို့ ချူးယန်ရှီ တဲ့တိုး မပြောနိုင်ပါ။ ထို့ကြောင့် သွယ်ဝိုက်သော နည်းဖြင့်သာ သတိအထပ်ထပ် ပေးနိုင်သည်။

ချူးဟမ့်က ချူးယန်ရှီ၏ ပါးလေးကို ညှစ်ကာ ကျီစယ်လိုက်ပါသည်။ “ရှောင်းရှီက ဒေါ်လေးလင်းကို သဘောကျလွန်းလို့ ဖေကြီးကိုတောင် ပြန်ဆုံးမနေပြီပေါ့”

“သမီးအတည်ပြောနေတာ”။ ချူးယန်ရှီ တည်တည်တံ့တံ့မျက်နှာဖြင့် ပြောလိုက်သည်။ ဒီကိစ္စက ဘယ်လောက် အရေးကြီးသလဲဆိုတာ သူမ အဖေကို သိစေချင်သည်။

“ဟုတ်ပါပြီ ဟုတ်ပါပြီ။ သမီး အတည်ပြောနေမှန်း ဖေကြီး သိပါတယ်”။ ချူးဟမ့်က ခေါင်းငြိမ့်လိုက်သော်လည်း သူ့အပြုအမူနဲ့ လေသံတွေက အပြောင်အပျက်ဖြစ်နေပါသည်။

“ဖေကြီး!”။ ချူးယန်ရှီ ဒေါသထွက်လာပြီး ကြမ်းပြင်ကို ဖနောင့်ဖြင့် ပေါက်လိုက်သည်။

“လူကြီးတွေ ကိစ္စကို လူကြီးတွေပဲ ရှင်းရမှာ။ သမီးက အခန်းထဲမှာပဲ သွားအိပ်နေနော်”။ ချူးယန်ရှီကို အခန်းထဲ ပြန်ပို့ပေးပြီးနောက် လင်းယုရှန်းနဲ့ တွေ့ဖို့ ချူးဟမ့် အောက်ဆင်းလာခဲ့ပါသည်။

ချူးယန်ရှီလည်း ဘာမှမတတ်နိုင်ဘဲ သူမအဖေ အောက်ထပ်သို့ ဆင်းသွားတာကိုပဲ ငေးကြည့်နေရပါသည်။

အောက်ထပ်ကို ရောက်သောအခါ လင်းယုရှန်းအား ချူးဟမ့် အမြန်မေးလိုက်ပါသည်။ “ယုရှန်း ဘယ်ကို ထွက်သွားတာလဲ။ ကိုယ်အရမ်းစိတ်ပူနေတာ!”

“ဘာမှမဖြစ်ပါဘူး။ ကျွန်မ လုပ်စရာလေးရှိလို့ ထွက်သွားတာပါ”

ယောက်ျားဖြစ်သူ ဒီလောက်စိတ်ပူနေတာကို မြင်သောအခါ သူမတူလေးထင်တာ မှားသည်ဟု လင်းယုရှန်း ပိုသေချာသွားပါသည်။

“တော်သေးတာပေါ့”

“ဒါနဲ့ ချူးအုပ်စုကို ကူညီဖို့က ရက်နည်းနည်းလောက် စောင့်ရမယ်ထင်တယ်”။ လင်းယုရှန်းက ဆိုသည်။

“ဘာပြောလိုက်တယ်”။ ချူးဟမ့် မျက်နှာ ချက်ချင်း ပြောင်းလဲသွားသည်။ မကြာသေးခင်ကမှ လင်းယုရှန်းကို အလွန်စိတ်ပူနေပုံပေါက်သော်လည်း အခုတော့ မျက်နှာပေါ်က နူးညံ့သိမ်မွေ့မှုတွေ ရုတ်ခြည်းပျောက်ကွယ် သွားခဲ့သည်။

“ထင်မထားတဲ့ ပြဿနာလေးတစ်ခုရှိလို့ ကျွန်မ အချိန်နည်းနည်းလောက် စောင့်ပြီးမှ ဆက်ဖြေရှင်းနိုင်မယ်ထင်တယ်”။ လင်းယုရှန်းက ရှင်းပြလိုက်ပါသည်။

“အချိန်းနည်းနည်းဟုတ်လား။ အချိန်နည်းနည်းဆိုတာ ဘယ်လောက်ကြာမှာလဲ! ငါတို့ကုမ္ပဏီက အခု ကပ်ဆိုက်နေတာနော် ယုရှန်း။ တစ်ရက်လောက် နှောင့်နှေးသွားတာနဲ့ ဒေဝါလီ ခံသွားရနိုင်တယ်!”။ ချူးဟမ့် ဒေါသလည်းထွက် စိတ်လည်းဖိစီးသွားသည်။

“ကျွန်မကူညီနိုင်ရင် အကောင်းဆုံးဆိုပေမယ့် မကူညီနိုင်ရင်လည်း အပြစ်မတင်ဘူးလို့ ယောက်ျားပဲ ပြောခဲ့တာ မဟုတ်ဘူးလား”

“ဟုတ်ပါတယ်… ယုရှန်းကို အပြစ်တင်တာ မဟုတ်ပါဘူး။ ကိုယ် နည်းနည်း ဝမ်းနည်းသွားလို့ပါ”။ ချူးဟမ့် ဒေါသကိုချုပ်တည်းဖို့ ကြိုးစားလိုက်ပါသည်။

လခွမ်းပဲ! ဒီမိန်းမ ဘာဖြစ်နေတာလဲ!

“ယောက်ျား၊ ကျွန်မ ဒီနေ့ နည်းနည်း ပင်ပန်းလာလို့ အခန်းထဲဝင်အိပ်တော့မယ်။ ရှင်လည်း စောစောအိပ်နော်”။

လင်းယုရှန်း အပေါ်ထပ်သို့ တက်လာခဲ့ပါသည်။ ဒီနေ့ သူမ တကယ်ပဲ ပင်ပန်းနေပါသည်။ အပေါ်ထပ်တက်သွားသည့် လင်းယုရှန်းကို ကြည့်ရင်း ချူးဟမ့်စိတ်တွေ ရှုပ်ထွေးသွားသည်။

လင်းယုရှန်းကို ဒေါသထွက်မိသော်လည်း သူ့မှာ တခြား နည်းလမ်းမရှိပါ။

ထိုစဉ် ချူးဟမ့်၏ ဖုန်းသံမြည်လာသည်။

မက်ဆေ့တစ်စောင်ဝင်နေတာဖြစ်ပြီး မက်ဆေ့ကို ဖွင့်ကြည့်လိုက်ရာ သူနဲ့ မဆက်သွယ်တာ ကြာပြီဖြစ်သည့် ဟွာရှန်း စီအီးအို ထံမှ မက်ဆေ့ဖြစ်မှန်း တွေ့လိုက်ရလေသည်။

[စီအီးအိုချူး ဟွာချန့်ကို ရောက်နေတယ်ဆို။ ကျွန်မ မနက်ဖြန်ည လီထိုက်ဟိုတည်မှာ အလုပ်ကိစ္စဆွေးနွေးဖို့ ရှိနေမှာ။ အတူတူသောက်ရအောင် လာခဲ့ပါလား]

မက်ဆေ့ကို ဖတ်ပြီးနောက် ချူးဟမ့် ကြက်သေသေသွားသည်။ ထို့နောက် ချက်ချင်း ပျော်ရွှင်သွားခဲ့ပါသည်။

ဟွာရှန်းစီအီးအိုက အလွန်အောင်မြင်သော အသက် ၃၀ ကျော် အမျိုးသမီးဖြစ်သည်။ ချူးဟမ့်ထက် အသက် ၃ နှစ် ပိုကြီးသော်လည်း လှပရုံတင်မကဘဲ ချမ်းလည်းချမ်းသာ အာဏာလည်းရှိသည်။

ယခင်တုန်းက သူမကို ချူးဟမ့် ပိုးပန်းဖို့ ကြံဖူးသော်လည်း ထိုအမျိုးသမီးက သူ့ကို လှည့်တောင် မကြည့်ခဲ့ပါ။ WeChat မှာလည်း စာတစ်ခါမှ မပို့ဖူးကြပါ။ ဒီနေ့ကျမှ ထိုအမျိုးသမီးက သူ့ကို ဆက်သွယ်လာခဲ့လေသည်။

ဧကန္တ ချူးအုပ်စုနဲ့ လုအုပ်စုတို့ကြားက ပြဿနာကို ဟွာရှန်းစီအီးအို ကြားသွားပြီး သူတို့နဲ့ လက်တွဲဖို့ ကမ်းလှမ်းချင်တာ ဖြစ်မည်။

လက်တွဲဖို့ တခြားကုမ္ပဏီတစ်ခုကို ရှာနိုင်လျှင် လုမိသားစုကို သူတို့ အောက်ကျခံပြီး တောင်းပန်နေစရာ လိုမှာ မဟုတ်တော့ပေ။

ချူးဟမ့်က ချက်ချင်း စာပြန်လိုက်၏။ [ကျွန်တော်အားပါတယ်။ စီအီးအိုရှန်း ဖိတ်ကြားတဲ့အချိန်တိုင်း ကျွန်တော် အမြဲတမ်း အားပါတယ်]

[ကျွန်မ ဘာအတွက် ဖိတ်ကြားတာလဲဆိုတာကိုကော စီအီးအိုချူးက မမေးတော့ဘူးလား]

… … …

All Chapters