အခန်း (၅၅၅+၅၅၆)
Vol. 23 Ch. 555+556
အခန်း(၅၅၅) ချူးဟမ့်ကို ထောင်ချောက်ဆင်ခြင်း (၃)
[စီအီးအိုရှန်းကိုယ်တိုင် ဖိတ်ကြားတာဆိုတော့ ဘာအတွက်ပဲဖြစ်ဖြစ် လုပ်လက်စ အလုပ်တွေကို ဘေးဖယ်ပြီး လာပေးရမှာပေါ့။ အဲ့တာကြောင့် မမေးတာပါ]
ထို့နောက် ချူးဟမ့်ထံသို့ ဓာတ်ပုံတစ်ပုံ ရောက်လာသည်။ ညအိပ်ဂါဝန်တစ်ထည်ကို လှလှပပ ဝတ်ဆင်ထားပြီး မှန်တစ်ချပ်ရှေ့မှာ ပို့စ်ပေးနေသည့် အမျိုးသမီးတစ်ယောက်၏ ဓာတ်ပုံဖြစ်သည်။
[ဂါဝန်လေးကို စီအီးအိုချူး သဘောကျရဲ့လား]
ချုးဟမ့် ဓာတ်ပုံကို ကြက်သေသေကာ စိုက်ကြည့်နေမိသည်။
အိမ်ထောင် ၂ ခါကျဖူးပြီး အချစ်ရေးမှာ ဝါရင့်နေသူဖြစ်တာကြောင့် မိန်းမတစ်ယောက်က သူ့ကို ဒီလိုဓာတ်ပုံပို့လာတာ ဘာအဓိပ္ပာယ်မှန်း ချူးဟမ့်ကောင်းကောင်း သိပါသည်။
ဒီအမျိုးသမီးက သူ့ကုမ္ပဏီကို စိတ်ဝင်စားနေတာဟုသာ ထင်ခဲ့မိသည်။ ထို့သော် သူ့ကိုပါ စိတ်ဝင်စားနေတာ ဖြစ်သည်။
[စီအီးအိုရှန်းက ဘာပဲဝတ်ထားဝတ်ထား လှပါတယ်။ ဒါပေမယ့် ဒီလိုမေးခွန်းမျိုးကို စီအီးအိုရှန်းရဲ့ ချစ်သူကို မေးရမှာ]။ ချူးဟမ့်က သတိထားပြီး ပြန်ဖြေလိုက်ပါသည်။
[ကျွန်မမှာ ချစ်သူမှမရှိတာ။ အဲ့တာကြောင့် စီအီးအိုချူးကပဲ ကျွန်မရဲ့ အလှကို ချီးကျူးပေးတဲ့သူအဖြစ် ခဏလောက် ဟန်ဆောင်ပေးပါလား။ မိန်းကလေးတွေက အဝတ်အစားလှလှပပလေးတွေ ဝတ်ပြီးရင် ယောက်ျားလေးတွေဆီက ချီးကျူးစကားကို ကြားချင်ကြတယ်လေ။ အထူးသဖြင့် အမြင်ရှိတဲ့ ယောက်ျားလေးတွေဆီကပေါ့]
[ကျွန်တော့်ကို အမြင်ရှိတဲ့ယောက်ျားလို့ သတ်မှတ်တာ ဂုဏ်ယူမိပါတယ် စီအီးအိုရှန်း။ ဒါပေမယ့် ကျွန်တော်က စကားသိပ်မပြောတတ်တော့ စီအီးအိုရှန်းကို ဘယ်လိုချီးကျူးရမှန်း မသိဘူးဖြစ်နေတယ်။ စကားလုံးအတော်များများက အရိုင်းဆိုင်ပြီး စီအီးအိုရှန်းနဲ့ မသင့်တော်လို့လေ]
[ဟိုနေ့က ပါတီပွဲမှာကျတော့ ကျွန်မ အတွင်းရေးမှူးမလေးကို စီအီးအိုချူး ချီးကျူးသွားတာ ဒီလိုမဟုတ်ပါဘူး]
[အဲ့တာတွေက ယဉ်ကျေးမှုအရ ပြောခဲ့တဲ့ စကားတွေပါ။ အဲ့တာကြောင့် အလွယ်တကူ ထုတ်ပြောနိုင်တာ။ စီအီးအိုရှန်းလို အမျိုးသမီးမျိုးကိုတော့ ကျွန်တော်တစ်ခါမှ မမြင်ဖူးလို့ ဆွံ့အသွားရတာ]
ချူးဟမ့် မက်ဆေ့ပို့ပြီးနောက် စီအီးအိုရှန်း၏ Reply ကို စိတ်လှုပ်ရှားစွာ စောင့်မျှော်နေခဲ့ပါသည်။
ဒီတစ်ခါတော့ Reply က အတော်ကြာသည်။ မိနစ်ပေါင်းများစွာ စောင့်ခဲ့ရ၏။
ချူးဟမ့် အနည်းငယ် စိတ်ပူသွားပါသည်။
ခုနက သူ့စကားလုံးတွေ နည်းနည်း ရိုင်းသွားလို့လား။ စီအီးအိုရှန်း ဒေါသထွက်သွားတာများလား။
ချူးဟမ့် စိတ်မသက်မသာဖြစ်နေစဉ် မက်ဆေ့တစ်စောင် ထပ်ဝင်လာခဲ့ပါသည်။
[မနက်ဖြန်ည ၈ နာရီ။ လီထိုက်ဟိုတည် Presidential Suite မှာ စောင့်နေမယ် စီအီးအိုချူး]
[ဟုတ်ကဲ့ပါ။ ကျွန်တော် အချိန်မှီရောက်အောင် လာခဲ့ပါ့မယ်]။ ချူးဟမ့် ချက်ချင်း စာပြန်လိုက်ပါသည်။
ထို့နောက် ဖုန်းကို ကိုင်ရင်း စိတ်ကူးယဉ်ကာ ချူးဟမ့် အလွန်စိတ်လှုပ်ရှားနေခဲ့လေသည်။
--- --- ---
နောက်တစ်နေ့ ချူးယန်ရှီ ကျောင်းဆင်းသောအခါ အိမ်မှာ လင်းယုရှန်းကို မတွေ့ရဘဲ မှန်ရှေ့မှာ သားသားနားနား ပြင်ဆင်နေသည့် ချူးဟမ့်ကိုသာ တွေ့လိုက်ရပါသည်။
“ဖေကြီး ဒေါ်လေးလင်းနဲ့ အပြင်သွားမလို့လား”။ ချူးယန်ရှီက မေးလိုက်၏။
“မဟုတ်ဘူး။ ဒီနေ့ အရေးကြီးတဲ့လူတစ်ယောက်နဲ့ သွားတွေ့မလို့”။ ချူးဟမ့် စိတ်အလွန်ရွှင်နေပုံရပြီး သွားပေါ်အောင် ပြုံးဖြီးနေပါသည်။
“ဒေါ်လေးလင်း မဟုတ်ဘူးလား။ ဒါဆို ဘယ်သူလဲ”
အဖေဖြစ်သူ ပျော်ရွှင်နေတာကိုမြင်ပြီး ချူးယန်ရှီ စိတ်ပူလာသည်။
သူမ သိထားသလောက်ဆို သူမအဖေက သူစိတ်ဝင်စားသည့် မိန်းမတစ်ယောက်ကို သွားတွေ့ခါနီးမှ ဒီလို ပျော်ရွှင်နေတတ်တာဖြစ်သည်။
လင်းယုရှန်း မဟုတ်ရင် တခြားမိန်းမတစ်ယောက်ပဲ ဖြစ်မှာ! အခုချိန်မှာ ဒါမျိုးလုပ်လို့ မဖြစ်ဘူး! လင်းယုရှန်း သိသွားရင် ဘယ်လိုလုပ်မလဲ။ ဒီလိုအရေးကြီးနေတဲ့အချိန်မှာ လင်းယုရှန်းကို ဆုံးရှုံးလို့ မဖြစ်ဘူးလေ!
“ဟွာရှန်းရဲ့ စီအီးအိုအန်တီလေ။ ရှောင်းရှီလေးလည်း တွေ့ဖူးမှာပါ။ ဒါပေမယ့် မမှတ်မိလောက်ဘူးထင်တယ်။ သူ ဟွာချန့်မြို့ကိုရောက်နေတာ။ ဖေကြီးလည်း ဒီကိုရောက်နေတယ်လို့ ကြားလို့ ဖေကြီးကို ဖိတ်ကြားထားတာလေ။ ငြင်းရင် ရိုင်းရာကျမှာစိုးလို့ သွားဖို့ လက်ခံလိုက်ရတာပါ”။ ချူးဟမ့်၏ မျက်နှာက ဂုဏ်ယူဝံ့ကြွားမှုများဖြင့် ပြည့်နှက်နေပါသည်။
ဟွာရှန်းစီအီးအိုဟုတ်လား…။ အဲ့ဒီ မိန်းမလား…။
ထိုအမျိုးသမီးအကြောင်းကို ချူးယန်ရှီ အနည်းငယ်သိပါသည်။ သူမက ယောက်ျားတွေကို စိတ်ဝင်စားတတ်သူ မဟုတ်ဘဲ အရင်ဘဝကလည်း အသက် ၅၀ ကျော် ၆၀ လောက်အထိ အိမ်ထောင်မပြုခဲ့ပေ။
သို့သော်လည်း သူမက အစွမ်းအစရှိသူဖြစ်သည်။ သူမရဲ့ ဦးဆောင်မှုကြောင့် ဟွာရှန်းအုပ်စုလည်း တစ်နေ့ထက်တစ်နေ့ ကြီးပွားလာခဲ့တာဖြစ်ပါသည်။
ဒီလိုအမျိုးသမီးမျိုးက သူမအဖေကို ဖိတ်ကြားလိုက်တယ်ပေါ့…။ ဧကန္တ ဒီဘဝ သူမ ဟွာချန့်မြို့မှာ မူကြိုလာတက်လိုက်ရာက စလို့ အရာရာပြောင်းလဲသွားပြီး သူမအဖေနဲ့ ဟွာရှန်းစီအီးအိုတို့ ရင်းနှီးသွားကြတာလား…။
… … …
အခန်း(၅၅၆) ချူးဟမ့်၏ သရုပ်မှန်ကို မြင်သွားခြင်း (၁)
“ဖေကြီး အဲ့ဒီအန်တီနဲ့ အလုပ်ကိစ္စ ပြောမလို့လား”။ ချူးယန်ရှီ မေးလိုက်သည်။
“ဟုတ်တယ် အလုပ်ကိစ္စ ဆွေးနွေးမလို့။ ပြီးတော့ စီအီးအိုရှန်းက ဖေကြီးကို အရင်ဆက်သွယ်လာတာ။ ဖေကြီးရဲ့ ကုမ္ပဏီကို စိတ်ဝင်စားနေတဲ့ပုံပဲ”။ ချူးဟမ့် အပြုံးမပျက်ဘဲ ပြန်ပြောလိုက်ပါသည်။
ချူးဟမ့်၏ အပြုံးကို ကြည့်ကာ စီအီးအိုရှန်းက ကုမ္ပဏီကို စိတ်ဝင်စားတာမဟုတ်ဘဲ သူမ အဖေကို စိတ်ဝင်စားတာ ဖြစ်နိုင်မှန်း ချူးယန်ရှီ သေချာသွားပါသည်။
အစက ချူးဟမ့်ကို တားဖို့စိတ်ကူးထားသော်လည်း ချူးယန်ရှီ စိတ်ပြောင်းသွားသည်။
ဘာမှ အသုံးမကျသည့် လင်းယုရှန်းနဲ့ ယှဉ်လိုက်လျှင် ဟွာရှန်းစီအီးအိုက အဆပေါင်းများစွာသာပြီး သူမတို့ ချူးမိသားစုကို တကယ်ကူညီနိုင်သည်။
အဖေဖြစ်သူက စီးပွားရေးလုပ်တတ်သူမဟုတ်သော်လည်း မိန်းမတွေကို ဆွဲဆောင်သည့်နေရာမှာတော့ အလွန် ထူးချွန်မှန်း ချူးယန်ရှီသိပါသည်။
စီအီးအိုရှန်းကိုသာ အပိုင်သိမ်းနိုင်ပါက ပြဿနာတွေ အားလုံး ပြေလည်သွားနိုင်သည်။
“ဖေကြီး အလုပ်ကြိုးစားနော်! သမီး ဒေါ်လေးလင်းနဲ့အတူ အိမ်မှာ စောင့်နေမယ်!”
ချူးယန်ရှီက မတားတော့သည့်အပြင် ချူးဟမ့်အတွက်ပါ ဖုံးကွယ်ပေးဖို့ ဆုံးဖြတ်လိုက်ပါသည်။
ချူးယန်ရှီ၏ စကားကို ကြားပြီဂနောက် ချူးဟမ့် ရယ်မောကာ ခေါင်းလေးကို ပွတ်ပေးလိုက်ပါသည်။ “ရှောင်းရှီလေးက လိမ္မာလိုက်တာနော်”
သူ့သမီးကို သင်ပေးစရာတောင် မလိုပါ။ သူအလုပ်သွားလုပ်မှာဖြစ်မှန်း အလိုလို သိနေသည်။
ည ၇ နာရီထိုးသောအခါ လီထိုက်ဟိုတည်သို့ ချူးဟမ့် အစောကြီး ရောက်လာပါသည်။
ဒီလောက် အရေးကြီးသည့် ချိန်းဆိုမှုမှာ သူနောက်ကျလို့မဖြစ်ပါ။
ဟိုတည်၏ ထိပ်ဆုံးထပ်သို့ ချူးဟမ့် ဓာတ်လှေကားဖြင့် တက်လာခဲ့ပါသည်။
ပြူတင်းပေါက်ဘေးရှိ စားပွဲတစ်ခုမှာ စီအီးအိုရှန်းထိုင်နေတာကို ချူးဟမ့်လှမ်းမြင်လိုက်ပါသည်။
“စီအီးအိုရှန်း ဟွာချန့်လို မြို့ငယ်လေးကို ရောက်လာမယ် ထင်မထားဘူး”
သူ့ရှေ့က စီအီးအိုရှန်းဝူရွှင်းက အလွန်ဆွဲဆောင်မှုရှိသည့် ဂါဝန်တစ်ထည်ကို ဝတ်ဆင်ထားပြီး ရင်ဘတ်မှာလည်း နှင်းဆီရင်ထိုးလေးတစ်ခု ထိုးထားပါသည်။ ဒါကိုမြင်တော့ ချူးဟမ့် ရင်တွေ ခုန်သွားလေသည်။
ရှန်းဝူရွှင်းက မျက်လုံးများ မှေးစင်းသွားပြီး ဆွဲဆောင်မှုရှိစွာ ပြုံးကာ ပြောလိုက်သည်။ “တူတူပါပဲ စီအီးအိုချူး။ ရှင့်ကိုလည်း အိမ်ကမိန်းမကို ထားခဲ့ပြီး ကျွန်မနဲ့ အတူလာသောက်လိမ့်မယ်လို့ ထင်မထားဘူး”
“စီအီးအိုရှန်းကတော့ နောက်နေပြန်ပါပြီ။ စီအီးအိုရှန်း ဖိတ်ကြားထားတာလောက် အရေးကြီးတဲ့ ကိစ္စရှိပါ့မလား”။ ချူးဟမ့်က ဆိုသည်။
“ဟုတ်လား”။ ချူးဟမ့်၏ အဖြေကို စိတ်ကျေနပ်သွားသလိုမျိုး ရှန်းဝူရွှင်း၏ အပြုံး ပိုကျယ်သွားခဲ့သည်။
လက်တစ်ဖက်ဖြင့် ပါးကို ထောက်လျက် ချူးဟမ့်အား ညှို့အားပြင်းသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။
ထိုအကြည့်ကြောင့် ချူးဟမ့် စိတ်အလွန်လှုပ်ရှားသွားပါသည်။
“ဒါပေါ့။ စီအီးအိုရှန်းက ကျွန်တော့် စကားကို မယုံလို့လား”။ ချူးဟမ့်က ပြန်မေးလိုက်သည်။
“ယုံပါတယ်။ ခုတလော ချူးအုပ်စုက ပြဿနာနည်းနည်းရှိနေတယ်လို့ ကြားမိလို့ပါ။ အဲ့တာကြောင့် စီအီးအိုချူးက အရမ်းအလုပ်များနေလို့ ဒီလိုအချိန်ပေးနိုင်မှာ မဟုတ်ဘူးလို့ ထင်မိလို့ပါ”
“ပြဿနာရှိတာတော့ မှန်ပါတယ်။ ဒါပေမယ့် နောက်မှ ဖြေရှင်းလို့ရတယ်။ အမြဲတမ်း စိတ်ပူနေတာက ပြဿနာဖြေရှင်းဖို့ နည်းလမ်းကောင်း မဟုတ်ဘူးလေ။ ဘဝမှာ ဒီလို အခက်အခဲတွေ အမြဲတမ်း ကြုံလာစမြဲပဲ။ အရေးကြီးတာက အဲ့အခက်အခဲကို ဘယ်လိုဖြေရှင်းမလဲဆိုတာပဲ”။ ချူးဟမ့်က အမြော်အမြင်ကြီးသူ တစ်ယောက်လို ပြောလိုက်ပါသည်။
“စီအီးအိုရှန်းလို တည်ငြိမ်အေးဆေးပြီး အမြော်အမြင်ရှိတဲ့ ယောက်ျားမျိုး ကျွန်မ တစ်ခါမှ မမြင်ဖူးဘူး”။ ရှန်းဝူရွှင်းက ချီးကျူးလိုက်ပါသည်။
“အဲ့လောက်လည်း မဟုတ်ပါဘူးဗျာ။ အခက်အခဲတွေ အများကြီးကို ဖြတ်သန်းခဲ့ရတော့ ကျွန်တော် နားလည်သွားလို့ပါ။ ဘဝဆိုတာ ဒီလိုပဲ။ လိုက်လျောညီထွေးဖြစ်အောင် မနေနိုင်ရင် ပိုပြီးထိခိုက်လာတာပဲရှိမှာ”။ ချူးဟမ့်က အပြုံးဖြင့် ပြောလိုက်သည်။
“ကျွန်မတို့ အရင်က သေချာစကားမပြောဖူးကြလို့ထင်တယ်။ အခု သေချာ ကြည့်မှ စီအီးအိုချူးက ကျွန်မထင်ထားတာထက် ပိုဆွဲဆောင်မှုရှိနေတာပဲ”။ ရှန်းဝူရွှင်း၏ အပြုံးက အလွန်ညှို့အားပြင်းသည်။
ထို့နောက် ညစာစားပွဲအောက်မှာ သူမရဲ့ ဒေါက်ဖိနပ်နဲ့ ချူးဟမ့်၏ ခြေသလုံးကို လာထိလေသည်။
ချူးဟမ့် စိတ်မထိန်းနိုင်တော့ပါ။ ရှန်းဝူရွှင်းက ဆွဲဆောင်မှုရှိလွန်းသည်။ လူကြီးလူကောင်းလို ပြုမူနေရတာကြောင့်သာ မဟုတ်လျှင် သူ့စိတ်ကို အလိုလိုက်မိပါလိမ့်မည်။
ထိုစဉ် ရှန်းဝူရွှင်းက ပြောလိုက်၏။ “စီအီးအိုချူး၊ ကျွန်မ အခန်းထဲ ပိုက်ဆံအိတ်ကျန်ခဲ့တယ်ထင်တယ်။ ကျွန်မနဲ့အတူ လိုက်ယူပေးပါလား”။
… … …