← Chapters

အခန်း (၅၅၇+၅၅၈)

Vol. 23 Ch. 557+558

အခန်း (၅၅၇+၅၅၈)

Vol. 23 Ch. 557+558

အခန်း(၅၅၇) ချူးဟမ့်၏ သရုပ်မှန်ကို မြင်သွားခြင်း (၂)

“ကိစ္စမရှိပါဘူး!”။ ချူးဟမ့် ပြုံးကာ ပြန်ဖြေလိုက်သည်။

ဒီလောက် သိသာနေသည့် ဖိတ်ကြားမှုကို သူငြင်းဆန်စရာအကြောင်း မရှိပါ။ ငတုံးတစ်ယောက်ကပဲ ဒီလို အခွင့်အရေးကို လက်လွှတ်လိမ့်မည်။

ချူးဟမ့် ဝိုင်ခွက်ကို အောက်ချလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။ ထို့နောက် ရှန်းဝူရွှင်းနဲ့အတူတူ ဓာတ်လှေကားဆီ လျှောက်လာခဲ့ပါသည်။

ဓာတ်လှေကားစောင့်နေရင်း သူတို့နှစ်ယောက် အပြုံးချင်း ဖလှယ်ခဲ့ကြသည်။ သူတို့ မျက်လုံးတွေထဲက မရိုးသားမှုတွေမှာ သိသာလွန်းနေပါပြီ။

ချူးဟမ့် ရင်တွေ တဒိတ်ဒိတ်ခုန်နေလေပြီ။

ဒီလို ချမ်းသာပြီး အစွမ်းအစရှိသည့် အမျိုးသမီးတစ်ယောက်ကို အရယူနိုင်ပါက သူ့ပြဿနာတွေ အားလုံး ပြေလည်သွားနိုင်သည်။

ချူးဟမ့်မသိခဲ့တာက သူ့အပြုအမူ၊ မျက်နှာပေးအားလုံးကို လင်းယုရှန်း မြင်နေရသည်ဆိုတာကိုပင်။

လီထိုက်ဟိုတည်၏ လုံခြုံရေးအခန်းထဲတွင် လင်းယုရှန်း ပါးစပ်ကိုလက်ဖြင့် အုပ်လျက် ချူးဟမ့်ကို ကာကွယ်ပြောဆိုပေးဖို့ ကြိုးစားနေပါသည်။ “မဟုတ်ဘူး… ကျွန်မ ယောက်ျားက စီအီးအိုရှန်းနဲ့ အလုပ်ကိစ္စ ဆွေးနွေးမလို့ပါ။ ဒီတိုင်း အလုပ်ကိစ္စဆွေးနွေးတာ… တခြားဘာမှ မဟုတ်ဘူး”

အိမ်တော်ထိန်းကျန်းက ဘာမှပြန်မပြောဘဲ ပြုံးသာ ပြုံးကာ လင်းယုရှန်းကို ဆက်စောင့်ကြည့်စေသည်။

လင်းယုရှန်းက ထပ်ပြောသည်။ “တကယ်ပြောတာ။ သူတို့ ဒီတိုင်း ညစာအတူတူ စားကြတာပါ။ တခြား ဘာအဓိပ္ပာယ်မှ မပါဘူး။ စီအီးအိုရှန်းကို ပြုံးပြနေရတာလည်း သူက ဟွာရှန်းရဲ့ စီအီးအိုဖြစ်ပြီး ကုမ္ပဏီချင်းလက်တွဲနိုင်မယ့် အလားအလာ ရှိတာကြောင့်ပါ”

“သခင်မလင်း အဲ့စကားတွေကို ကျုပ်အတွက် ပြောနေတာလား။ ကိုယ့်အတွက်ကိုယ် ပြောနေတာလား”။ အိမ်တော်ထိန်းကျန်းက အပြုံးဖြင့် ပြောလိုက်ပါသည်။

“ကျွန်မ…”။ လင်းယုရှန်း စကားနင်သွားလေသည်။

သူမ… မသိပါ။

အိမ်တော်ထိန်းကျန်းကို အယုံသွင်းဖို့ ဒါတွေကိုပြောနေတာလား သူမကိုယ်သူမ အယုံသွင်းဖို့ ဒါတွေ ပြောနေတာလား ဝေခွဲမရတော့ပါ။

အိမ်တော်ထိန်းကျန်းက ပြောလိုက်သည်။ “သခင်မလင်း၊ အဖြေကို အလောတကြီး ပေးစရာမလိုပါဘူး။ ပြီးအောင် စောင့်ကြည့်လိုက်ပါ။ ဒါပေမယ့် နောက်ဆုံးရလဒ်က ဘာပဲဖြစ်ဖြစ် သခင်မလင်း စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ရင်ဆိုင်နိုင်ဖို့ မျှော်လင့်တယ်။ သခင်မလင်းရဲ့ အစ်မနဲ့ ကျုပ်တို့ရဲ့ သခင်လေးအတွက် စဉ်းစားပေးပါ”

--- --- ---

လင်းယုရှန်း အိမ်ပြန်လာမည့်အချိန်ကို ချူးယန်ရှီ စောင့်နေသည်။ ပုံမှန်ဆို အပြင်သိပ်မထွက်တတ်သည့် လင်းယုရှန်းက ဒီနေ့ကျမှ အိမ်ပြန်နောက်ကျနေသည်။

ထို့နောက် လင်းယုရှန်း၏ ဖုန်းကို ခေါ်ဆိုဖို့ ကြိုးစားသော်လည်း မရပါ။

ချူးယန်ရှီ စိတ်ပူလာမိသည်။ သူမ အဖေနဲ့ ဟွာရှန်းစီအီးအိုတို့ အတည်မပြုနိုင်သေးပါက လင်းယုရှန်းကို ဆုံးရှုံးလို့ မဖြစ်သေးပါ။

ချူးယန်ရှီ အောက်ထပ်သို့ ပြေးဆင်းလာပြီး ကလေးထိန်းအဒေါ်ကြီးကို မေးလိုက်ပါသည်။ “ဒေါ်လေးလင်း ဘယ်ရောက်သွားလဲ။ ဒေါ်လေးလင်းနဲ့ တွေ့ချင်တယ်!”

“သခင်မလေး ဒေါ်လေးလင်းက ဒီနေ့ အလုပ်ကိစ္စရှိလို့ ထွက်သွားတာပါ။ မသွားခင် သခင်မလေးကို သေချာ စောင့်ရှောက်ထားဖို့လည်း မှာခဲ့တယ်။ စိတ်မပူနဲ့နော်။ ၁၀ နာရီမထိုးခင် ပြန်လာမယ်လို့ ပြောသွားတယ်”

လင်းယုရှန်းက အပြင်ထွက်သွားတယ် ဟုတ်လား။

“ဒေါ်လေးလင်း ဘယ်သွားတာလဲ။ ဒေါ်လေးလင်းဆီ သွားချင်တယ်!”။ ချူးယန်ရှီ စတင်သောင်းကျန်းလေသည်။

“သခင်မလေး စိတ်မပူပါနဲ့… စိတ်ပူနဲ့နော်။ ဒေါ်လေးလင်းက လီထိုက်ဟိုတည်ကို သွားတာပါ။ ဒီနဲ့ ၁၀ မိနစ်လောက်ပဲ ကားမောင်းရတယ်။ သူခဏနေ ပြန်လာလိမ့်မယ်နော်”။ ကလေးထိန်းအဒေါ်ကြီးလည်း ပျာယာခတ်သွားကာ လင်းယုရှန်း၏ တည်နေရာကို ထုတ်ပြောလိုက်မိပါသည်။

ဘာ…။ လီထိုက်ဟိုတ်ည ဟုတ်လား။

အဲ့တာ သူမအဖေနဲ့ ဟွာရှန်းစီအီးအိုတို့ ဒီနေ့ညတွေ့မယ့် ဟိုတည် မဟုတ်ဘူးလား။

အန္တရာယ်ရှိတယ်!

“သမီးသွားချင်တယ်! ဒေါ်လေးလင်းဆီ လိုက်ပို့ပေး!”။ ချူးယန်ရှီက ကလေးထိန်းအဒေါ်ကြီး၏ လက်ကို ဆွဲကာ ပူဆာလေသည်။

“သ-သခင်မလေး”

“ဘာမှ လာမပြောနဲ့! ဒေါ်လေးလင်းဆီပဲ သွားမယ် ဒေါ်လေးလင်းဆီ သွားချင်တယ်!”

ချူးယန်ရှီက ကလေးတစ်ယောက်သာဖြစ်သဖြင့် ညဘက်တွေမှာ မိဘတွေနဲ့ အတူတူရှိနေချင်တာ သာမန်ပဲဖြစ်သည်။ ထို့ကြောင့် လင်းယုရှန်းကို လိုက်ရှာနေတာ မထူးဆန်းပါ။

ကလေးထိန်းအဒေါ်ကြီးလည်း ဘာလုပ်ရမှန်းမသိဖြစ်နေသည်။

ထိုစဉ် ချူးယန်ရှီက အိမ်အပြင် ရုတ်တရက် ပြေးထွက်သွားလေသည်။ ကလေးထိန်းအဒေါ်ကြီးမှာ အနောက်က ပြေးလိုက်သွားခဲ့ရ၏။

“မသိဘူး! ဒေါ်လေးလင်းဆီ သွားချင်တယ်!” ချူးယန်ရှီ ငိုယို သောင်းကျန်းလိုက်ပါသည်။

ကလေးထိန်းအဒေါ်ကြီးလည်း ရွေးချယ်စရာမရှိတော့ဘဲ ဒရိုင်ဘာကိုခေါ်ကာ လင်းယုရှန်းနဲ့တွေ့ပေးဖို့ လီထိုက်ဟိုတည်သို့ ထွက်လာခဲ့ရတော့သည်။

… … …

အခန်း(၅၅၈) ချူးဟမ့်၏ သရုပ်မှန်ကို မြင်သွားခြင်း (၃)

တစ်ဖက်မှာတော့ လီထိုက်ဟိုတည်၏ ၃၃ ထပ်ရှိ စီအီးအို ရုံးခန်းထဲတွင် စူစူလေးနဲ့ လုကျန်းယွီတို့ ရှိနေကြသည်။

ကလေးနှစ်ယောက်ကို ထိန်းဖို့ တာဝန်ရှိသူက ချင်းယုဟွိုင်းဖြစ်၏။

စူစူလေးကို ချင်းယုဟွိုင်း ရေခဲမုန့်တစ်ခု ပေးလိုက်ပြီးနောက် လုကျန်းယွီကိုလည်း ရေခဲမုန့်စားချင်သလား မေးလိုက်သည်။

“နေပါစေတော့ စူစူလေးကိုပဲ ကျွေးလိုက်ပါ”။ လုကျန်းယွီက ဆိုသည်။

“သူတစ်ခုပဲ စားရမှာ”

ဒါကိုကြားတော့ ရေခဲမုန့်ကို လျာသေးသေးလေးဖြင့် လျက်စားနေသည့် စူစူလေး ပွစိပွစိ ပြောလိုက်သည်။ “ဟူး… လူသားဖြစ်ရတာ ခက်ခဲလိုက်တာ”

သူမ ဘာပဲစားစား အကန့်အသတ်နဲ့ စားရသည်။ နတ်သားရဲဘဝတုန်းကဆို တစ်ခါတည်းနဲ့ အစားအသောက်ပေါင်း ရာနဲ့ချီပြီး စားနိုင်သည်။

လုကျန်းယွီနဲ့ ချင်းယုဟွိုင်းတို့ နှစ်ယောက်စလုံး ပြုံးမိသွားပါသည်။

စူစူလေး၏ နှုတ်မှ လူသားဖြစ်ရတာ ခက်ခဲလိုက်တာ ဟူသည့် စကားကို ကလေးဆန်သည့် အသံလေးနဲ့ ပြောနေတာကို ကြားရတာ အလွန်ချစ်ဖို့ကောင်းပါသည်။

လုကျန်းယွီက စူစူလေး၏ ခေါင်းလေးကို ပွတ်ပေးကာ ပြောလိုက်သည်။ “စူစူလေးက ငယ်သေးလို့ပါ။ လူဖြစ်တာ နှစ်နည်းနည်းပဲရှိသေးတယ်။ ခက်ခဲတာတွေ ဘာတွေ မပြောပါနဲ့ဦး”

“လူဖြစ်တာ ခဏပဲရှိသေးတယ် ဆိုပေမယ့် တကယ်ခက်ခဲတယ်!”

နတ်သားရဲဖြစ်ခဲ့သည့် နေ့ရက်များကို ပြန်စဉ်းစားကြည့်ပါက လူသားအဖြစ် ၃ နှစ်ခွဲလောက် နေခဲ့ရတာ အလွန် ပင်ပန်းစရာ ကောင်းပါသည်။

သူမ ဒေါသထွက်ချင်လျှင် စိတ်ကို ထိန်းရပြီး လူတွေကို ရိုက်နှက်ချင်ရင်တောင် ကိုယ့်ခွန်အားကိုယ် ထိန်းသိမ်းရသည်။ အရင်တုန်းက ဒါတွေ ထည့်စဉ်းစားစရာမလိုခဲ့ပါ။

“ဟုတ်ပါပြီ ဟုတ်ပါပြီ။ စူစူလေးက အရမ်းပင်ပန်းနေမှာပဲ”။ လုကျန်းယွီ အပြုံးဖြင့် ပြောလိုက်သည်။ “ဒီနေ့ ကိုကြီးနဲ့ အပင်ပန်းခံပြီးတောင် လိုက်လာတာနော်”

“လိုက်လာရမှာပေါ့! လူဆိုးကောင်ကို ဖော်ထုတ်ဖို့ သမီးလည်း ပါရမှာ! ကိုကြီးရဲ့ ဒေါ်လေးက သမီးကို အရသာရှိတာတွေ ကျွေးထားလို့ ကူညီပေးသင့်တာပေါ့!”

ချင်းယုဟွိုင်းက ဝင်ပြောလိုက်သည်။ “ကူညီပေးတာ ဘာမှမဖြစ်ဘူး။ ဒါပေမယ့် ၈ နာရီမတိုင်ခင် အိမ်ပြန်ရမယ်”

စူစူလေးကို သူအချိန် တစ်နာရီသာ ပေးပါမည်။ ဒီ့ထက်သာ နောက်ကျပါက အိမ်ပြန်ရောက်လျှင် ချင်းယုဟွိုင်းကို သူ့အဖေ အရေခွံနွှာလိမ့်မည်။

“မပြန်ချင်ဘူး!”။ စူစူလေးက ငြင်းလိုက်သည်။ “ဒီနေ့ အရေးကြီးကိစ္စရှိတယ်လေ။ အရေးကြီးကိစ္စရှိရင် အိမ်ပြန်နောက်ကျလည်း ရတယ်လို့ စည်းကမ်းထုတ်ထားကြတာ မဟုတ်ဘူးလား”

“အဲ့တာ လူကြီးဖြစ်မှလေ”။ ချင်းယုဟွိုင်းက ဆို၏။

“တူကြီးက လူကြီးမဟုတ်ဘူးလား”

“ငါက နင့်တူဆို။ အဲ့တာ ဆို လူကြီးမဟုတ်ဘူး”

“အခု လူကြီးလို့ သတ်မှတ်လို့ရပြီ!”။ စူစူလေးက ချင်းယုဟွိုင်းကို လူကြီးအဖြစ် အသိအမှတ်ပြုလိုက်ပါသည်။

“မရဘူး”။ ချင်းယုဟွိုင်း ငြင်းဆန်ပါသည်။

“တူကြီး လိမ္မာရင် မမလှလှကို ငှားပေးမယ်!”။ စူစူလေးက အပေးအယူလုပ်လိုက်လေသည်။

ချင်းယုဟွိုင်း ကြက်သေသေသွား၏။

တည်ငြိမ်ရင့်ကျက်သော သူ့မျက်နှာ နူးညံ့သိမ်မွေ့သွားရသည်။

ဒီအပေးအယူက ဘယ်ဆိုးလို့လဲ။

“ဒီတစ်ပတ် အားလပ်ရက်ကျရင် မမလှလှက ရေပူစမ်း သွားစိမ်မှာတဲ့! တူကြီးလိမ္မာရင် အတူတူခေါ်သွားမယ်!”။ စူစူလေးက ပြောလိုက်သည်။

ရေပူစမ်းစိမ်မှာဆိုတော့ ရေကူးဝတ်စုံနဲ့ပေါ့!

ချင်းယုဟွိုင်း မြင်ယောင်ကြည့်မိသွားပြီး ချက်ချင်း မျက်လုံးများ စူးရှသွားသည်။

“အိုကေ သဘောတူတယ်”။ ချင်းယုဟွိုင်း လိုက်လျောပေးလိုက်သည်။

ချင်းယုဟွိုင်း၏ မျက်နှာက တည်တံ့နေဆဲဖြစ်သော်လည်း စိတ်ထဲမှာတော့ အားလပ်ရက်မြန်မြန်ရောက်ဖို့ ဆုတောင်းနေမိပါပြီ။

ထိုစဉ် ဟိုတည်ထဲ ချူးယန်ရှီ ဝင်လာတာကို ကွန်ပျူတာမှတဆင့် ချင်းယုဟွိုင်း မြင်လိုက်ရသည်။

“စူစူလေး ငါတို့ ပြဿနာရှိတယ်”။ ချင်းယုဟွိုင်း ပြောလိုက်သည်။

“ဟမ်”။ စူစူလေး မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်လေသည်။

--- --- ---

ကလေးထိန်းအဒေါ်ကြီးနဲ့အတူ ချူးယန်ရှီ လီထိုက်ဟိုတည်ထဲသို့ ပြေးဝင်လာပြီး ဧည့်ကြိုကောင်တာမှာ လင်းယုရှန်းအကြောင်း မေးမြန်းလိုက်ပါသည်။

“သူက သမီးအမေ၊ သမီးအမေနဲ့ တွေ့ချင်တယ်!”။ ချူးယန်ရှီက ဧည့်ကြိုဝန်ထမ်းမလေးများကို ပြောလိုက်သည်။

အမေဖြစ်သူကို ရှာဖွေနေသည့် ချစ်စရာ ကလေးမလေးကို ကြည့်ပြီး ဧည့်ကြိုဝန်ထမ်းတွေလည်း လင်းယုရှန်းဟူသည့်နာမည်ကို စာရင်းထဲ ရှာပေးဖို့ ကြိုးစားကြပါသည်။

“စိတ်မရှိပါနဲ့ ညီမလေး။ လင်းယုရှန်းဆိုတဲ့ နာမည် စာရင်းထဲမှာ မရှိပါဘူး”

မရှိဘူးဟုတ်လား။

လင်းယုရှန်းက ဟိုတည်ကို တည်းခိုဖို့ကော၊ စားသောက်ဖို့ကော လာခဲ့တာ မဟုတ်ရင် ဘာကြောင့်လာခဲ့တာလဲ။

တစ်ခုခုတော့ လွဲနေပြီ!

ချူးယန်ရှီ ခေတ္တစဉ်းစားလိုက်ပြီး အကြံတစ်ခု ပေါ်လာခဲ့သည်။ “အဲ့တာဆို ရှန်းဝူရွှင်းကို ရှာပေး! သမီးအမေက သူနဲ့ ချိန်းထားတာ!”

“စီအီးအိုရှန်းလား။ သူက အခု ၃၂ ထပ် Presidential Suite မှာလေ”။ ရှန်းဝူရွှင်းက အလွန်နာမည်ကြီးသဖြင့် သူတို့ မှတ်မိကြပါသည်။

“အဲ့တာဆို သူ့ဆီသွားမယ်!”။ ချူးယန်ရှီ အမြန်ပြောလိုက်သည်။

… … …

All Chapters