အခန်း (၅၅၉+၅၆၀)
Vol. 23 Ch. 559+560
ဆအခန်း(၅၅၉) ချူးဟမ့်၏ သရုပ်မှန်ကို မြင်သွားခြင်း (၄)
“အဲ့တာဆို စီအီးအိုရှန်းကို ဖုန်းဆက်ပြီးမေးပေးပါမယ်နော်”။ ဧည့်ကြိုဝန်ထမ်းမလေးက ပြောလိုက်သည်။
လုံခြုံရေးအတွက် တည်းခိုနေသူကို အရင်ဆုံးဖုန်းဆက်ကာ အတည်ပြုပြီးမှ ဧည့်သည်တွေကို လွှတ်ပေးဖို့ လိုအပ်သည်။
“ဟုတ်တယ် ဟုတ်တယ်။ မြန်မြန်ဖုန်းဆက်လိုက်!”
သူမ ဖုန်းဆက်လို့ရလျှင် ပိုကောင်းပါသည်။ သူမအဖေသာ ရှန်းဝူရွှင်း၏ အခန်းထဲမှာရှိနေလျှင် သတိပေးလို့ရသည်။
ဧည့်ကြိုဝန်ထမ်းမလေးက ရှန်းဝူရွှင်း၏ အခန်းကို ဖုန်းဆက်ဖို့ ပြင်လိုက်ပါသည်။
ထို့စဉ် အသံလေးတစ်ခုက သူမကို ရုတ်တရက်လှမ်းတားလိုက်သည်။
“မခေါ်နဲ့မမ ဖုန်းမခေါ်နဲ့!”
ဧည့်ကြိုဝန်ထမ်းမလေးလည်း ရပ်တန့်သွားပြီး သူမရှေ့က ချစ်စရာကောင်းသည့် စူစူလေးကို ကြည့်လိုက်ပါသည်။
စီအီးအိုရဲ့ ဒေါ်လေးဖြစ်သော စူစူလေးကို သူမတို့ ရင်းနှီးနေကြပြီဖြစ်သည်။
“ဘာလို့လဲ စူစူလေး”။ ဧည့်ကြိုဝန်ထမ်းမလေးက အပြုံးဖြင့် မေးလိုက်၏။
“ဖုန်းဆက်လို့မရဘူး ဟုတ်ပြီလား”။ စူစူလေး အတည်ပေါက် ပြောလိုက်ပါသည်။
“ဘာလို့ မရတာလဲ”
“အဲ့တာ လျှို့ဝှက်ချက်! မပြောပြသေးဘူး!”
ချူးယန်ရှီ အလွန်စိတ်ဖိစီးလာပြီး ဧည့်ကြိုဝန်ထမ်းမလေးကို အမြန်တိုက်တွန်းလိုက်သည်။ “သူပြောတာ နားထောင်မနေနဲ့! သမီးအမေကို အရေးပေါ် တွေ့ရမှာမို့လို့ မြန်မြန်ဖုန်းဆက်ပေးပါ!”
အဲ…
ဧည့်ကြိုဝန်ထမ်းမလေးက စူစူလေးနဲ့ ချူးယန်ရှီတို့အား တလှည့်စီ ကြည့်လိုက်သည်။ ကလေးမလေး နှစ်ယောက်မှာ အသက်အရွယ် တူတူလောက်ရှိပြီး ချစ်ဖို့ကောင်းကြသည်။ သို့သော် သဘောထားချင်းတော့ မတူကြပါ။ သူတို့နှစ်ယောက် ရန်ဖြစ်ထားကြတာလား။
“ဟွန်း သမီးပြောတာ နားထောင်!”။ စူစူလေးက ခါးထောက်ကာ အမိန့်ပေးလိုက်ပါသည်။
ချူးယန်ရှီက စူစူလေးကို ဒေါသတကြီး ကြည့်ကာ မေးလိုက်သည်။ “ချင်းစူစူ နင်ဘာလုပ်တာလဲ။ ငါ့ဖာသာငါ ဒေါ်လေးလင်းကို လိုက်ရှာနေတာ နင်နဲ့ဘာဆိုင်လို့လဲ။ ဘာလို့ရှာခွင့်မပေးတာလဲ”
ချင်းစူစူ ရောက်လာပြီး ပြဿနာရှာနေတာကို မြင်သောအခါ ချူးယန်ရှီ အလွန်ဒေါသထွက်လာပါသည်။
ဒီဟာမလေးက ဘယ်ကနေထွက်လာတာလဲ။
“မသိဘူး ဒါပေမယ့် သူနဲ့ မတွေ့စေချင်ဘူး!”။ စူစူလေးက ခေါင်းမော့ရင်ကော့ကာ ဖြေလိုက်သည်။ သူမအဖြေက အဓိပ္ပာယ်မရှိလည်း ကိစ္စမရှိပါ။
ဒီနေ့ ကိုကြီးနဲ့ တခြားသူတွေ ဘာတွေကြံနေသလဲဆိုတာ စူစူလေး အပြည့်အဝ နားမလည်ပါ။ ဦးလေးကျန်းကလည်း အသေးစိတ်ရှင်းမပြပါ။
သို့သော်သူများတွေ လာနှောင့်ယှက်လို့ မဖြစ်ဘူးဆိုတာကိုတော့ သိပါသည်။
‘ချင်းစူစူ နင်တရားမလွန်နဲ့နော်!”။ ချူးယန်ရှီ ပေါက်ကွဲသွားသည်။ ယခင်ကတည်းက ရှိခဲ့သော အငြှိုးအတေးများကြောင့် ထိုဟာမလေးကို ချူးယန်ရှီ ပြေးကန်ချင်မိသည်။
“စူစူလေးသဘောထားက ငါ့သဘောထားပဲ။ တရားလွန်တယ်လို့ ထင်ရင် ငါ့ကိုပဲ အပြစ်တင်”
လုကျန်းယွီ၏ တည်ငြိမ်ရင့်ကျက်သော အသံကို ရုတ်တရက် ကြားလိုက်ရသဖြင့် ချူးယန်ရှီ ထိတ်လန့်သွားပါသည်။
“ဝမ်းကွဲအစ်ကိုက… ဒီမှာဘာလုပ်နေတာလဲ”
ဘာတွေဖြစ်နေတာလဲ။ လုကျန်းယွီပါ ဘာလို့ရောက်နေတာလဲ.
ဒီနေ့လီထိုက်ဟိုတည်ကို ဘာလို့ အားလုံး ရောက်နေကြတာလဲ။
ချူးယန်ရှီ စိတ်မတင်မကျ ပိုဖြစ်လာသည်။
“ပြဿနာလေး ရှင်းစရာရှိလို့ လာခဲ့တာ။ စူစူလေးလည်း ငါနဲ့လိုက်လာတာပဲ”။ လုကျန်းယွီ သွေးအေးစွာ ဖြေလိုက်ပါသည်။
“ဝမ်းကွဲအစ်ကို…သ-သမီး ဒေါ်လေးလင်းကို လာရှာတာ”။
ကိုယ့်အမေကိုယ် လာရှာတာကိုတော့ ဘယ်သူမှ အပြစ်တင်လို့မရဘူးမလား။
“ဟုတ်တယ်။ သူဒီမှာရှိတယ်။ ငါသူ့ကို လာခိုင်းထားတာ။ စိတ်မပူပါနဲ့ သူဘာမှမဖြစ်ဘူး။ ခဏနေ တွေ့ရလိမ့်မယ်”။ လုကျန်းယွီ ပြောလိုက်ပါသည်။
စိတ်မပူနဲ့ဆိုတာ ဘာကိုပြောတာလဲ! သူ့စကားကြောင့် ပိုတောင် စိတ်ပူသွားပြီ!
ချူးယန်ရှီ ရင်ထဲ တောက်လောင်နေပါပြီ။ နိမိတ်တွေ မကောင်းတော့ပါ။
ချင်းစူစူတစ်ယောက်တည်းသာဆို ဒီတိုင်း စိတ်ရှုပ်စရာကောင်းရုံသာရှိမည်။ သို့သော်လည်း လုကျန်းယွီကတော့ ခြားနားပါသည်။
အသက် ၇ နှစ်အရွယ် လုကျန်းယွီ၏ ဦးနှောက်က သာမန် ဆယ်ကျော်သက်တစ်ယောက် သို့မဟုတ် လူကြီးတစ်ယောက်ထက်ပင် ပိုထက်မြက်သေးသည်။
“ဝမ်းကွဲအစ်ကို။ ဒေါ်လေးလင်းကို သမီးသတိရလို့။ သူနဲ့တွေ့ချင်တယ်။ တွေ့ခွင့်ပေးပါနော် ဝမ်းကွဲအစ်ကို”။ ချူးယန်ရှီ တောင်းပန်လိုက်ပါသည်။
လုကျန်းယွီကို သူမ ဒေါသထွက်လို့မရသဖြင့် တောင်းတောင်းပန်ပန်သာ ပြောလိုက်ရပါသည်။
… … …
အခန်း(၅၆၀) ချူးဟမ့်၏ သရုပ်မှန်ကို မြင်သွားခြင်း (၅)
“ခဏနေရင် တွေ့ရမယ်လို့ ပြောပြီးပြီလေ”။ လုကျန်းယွီက ခံစားချက်မဲ့စွာ ထပ်ပြောလိုက်ပါသည်။
ထို့နောက် ဧည့်ကြိုကောင်တာကို လုကျန်းယွီ လှည့်ပြောလိုက်သည်။ “ဒီကောင်မလေးက စီအီးအိုရှန်းကို လာတွေ့တာ မဟုတ်ဘူး။ သူကော သူ့အမေ လင်းယုရှန်းကော စီအီးအိုရှန်းနဲ့ မရင်းနှီးကြဘူး။ အဲ့တာကြောင့် စီအီးအိုရှန်းကို ဖုန်းဆက် မေးစရာ မလိုဘူး”
“ဟုတ်တယ် ဟုတ်တယ်။ ကိုကြီးပြောတာ မှန်တယ်! ကိုကြီးစကား နားထောင်ကြ”။ စူစူလေးက ထောက်ခံသည်။
“နားလည်ပါပြီ”။ ဧည့်ကြိုဝန်ထမ်းမလေးများ ပြုံးကာ ခေါင်းငြိမ့်လိုက်ပါသည်။
သုံးယောက်စလုံးက ကလေးတွေသာ ဖြစ်ကြသော်လည်း စူစူလေးမှာ သူတို့ စီအီးအိုရဲ့ ဒေါ်လေးဖြစ်သည်။ ထို့ကြောင့် သူမရဲ့ စကားက အာဏာရှိပါသည်။
ချူးယန်ရှီ ကြက်သေသေသွားလေသည်။ သူမ ကြံစည်ထားသမျှ ပျက်စီးသွားသည့်အပြင် လုကျန်းယွီနဲ့ ချင်းစူစူတို့၏ စောင့်ကြည့်မှုကိုပါ ခံနေရပြီဖြစ်သဖြင့် ဘာမှ မလှုပ်ရှားနိုင်တော့ပေ။
ဘာမှမဖြစ်ပါစေနဲ့… ဘာမှမဖြစ်ပါစေနဲ့…!
ချူးယန်ရှီ စိတ်ထဲမှသာ ဆုတောင်းနေမိတော့သည်။ သူမ အဖေ ဘာမှမဖြစ်ဖို့၊ လင်းယုရှန်း ဘာမှ မသိသွားဖို့ ဆုတောင်းနေမိပါသည်။
--- --- ---
ချူးယန်ရှီကို လင်းယုရှန်းနဲ့ စူစူလေးတို့ တားထားစဉ် ချူးဟမ့်က ရှန်းဝူရွှင်းနဲ့အတူ Presidential Suite ထဲ ဝင်လာခဲ့သည်။
အခန်းထဲ ရောက်တာနဲ့တစ်ပြိုင်နက် ရှန်းဝူရွှင်းက ရေချိုးခန်းဆီ လျှောက်သွားခဲ့ပါသည်။
ချူးဟမ့်က အနောက်မှ လိုက်လာ၏။ “စီအီးအိုရှန်းက ဟွာချန့်မှာ ဘယ်လောက်ကြာကြာနေမှာလဲ”
ရှန်းဝူရွှင်းကို ချူးဟမ့် အာလာပသလ္လာပ မေးခွန်းများ မေးလိုက်သည်။ လူကြီးလူကောင်း တစ်ယောက်အနေဖြင့် ကုတင်ပေါ်က ကိစ္စတွေကိုပဲ မစဉ်းစားသင့်ပါ။
နှစ်ယောက်တည်းရှိနေချိန်မှာတောင် ယဉ်ယဉ်ကျေးကျေး စကားပြောဆိုဖို့လိုအပ်သည်။ မဟုတ်ပါက သူတို့ရဲ့ ဆက်ဆံရေးမှာ တစ်ညတာ ဆက်ဆံရေးသာ ဖြစ်သွားနိုင်သည်။
“မပြောတတ်ဘူး ကြာချင်လည်း ကြာနိုင်တယ်”
“ကြာချင်လည်း ကြာနိုင်တယ် ဟုတ်လား”
“ဟုတ်တယ်။ ကျွန်မတာဝန်ကို ဘယ်လောက်မြန်မြန်ပြီးအောင် လုပ်နိုင်မလဲဆိုတဲ့အပေါ် မူတည်တယ်။ ငါးစာကို ငါးမြန်မြန်လာဟပ်ရင် တာဝန်လွယ်လွယ်နဲ့ ပြီးသွားလိမ့်မယ်။ အဲ့တာဆို ကျွန်မလည်း ပေကျင်းကို မြန်မြန် ပြန်နိုင်မှာပေါ့”။ ရှန်းဝူရွှင်းက အပြုံးဖြင့် ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် ချူးဟမ့်ရှေ့သို့ ရှန်းဝူရွှင်း လျှောက်သွားပြီး ချူးဟမ့်၏ နက်ကတိုင်ကို ဆွဲကာ သူမအနား ဆွဲခေါ်လိုက်သည်။ ထိုအခါ သူတို့နှစ်ယောက်ကြား အကွာအဝေးက ၁၀ စင်တီမီတာလောက်သာ ရှိတော့ပြီး မျက်နှာချင်းဆိုင် အနေအထားဖြစ်သွားကြသည်။
ချူးဟမ့်က ပြုံးလိုက်ပြီး သူ့ခန္ဓာကိုယ်မှာလည်း ဆန္ဒများ ပြင်းပြလာသည်။
ဒီအမျိုးသမီးက ဆွဲဆောင်မှုရှိလွန်းပါသည်။
အရုပ်လိုဖြစ်နေသည့် ထိုလင်းယုရှန်းထက် အများကြီး ပိုသာသည်။
“ဒီလို ရန်စတာ ကျွန်တော့်အတွက် ဘယ်လောက် သည်းခံရခက်လဲ စီအီးအိုရှန်း သိရဲ့လား”။ ချူးဟမ့်က တိုးညှင်းစွာ ပြောလိုက်သည်။
“မသိဘူးလေ။ စီအီးအိုချူးက သိအောင် လုပ်ပေးပေါ့”။ ရှန်းဝူရွှင်းက ခေါင်းမော့လျက် ညှို့အားပြင်းစွာ ပြောလိုက်ပါသည်။
ထိုအခါ ချူးဟမ့်က ရှန်းဝူရွှင်း၏ နှုတ်ခမ်းနီနီများကို နမ်းရှိုက်ရင် ပြင်လိုက်သည်။
သူတို့ နှုတ်ခမ်းချင်း ထိခါနီးဆဲဆဲ အချိန်တွင် ရှန်းဝူရွှင်းက ရှောင်လိုက်ပါသည်။
ထို့နောက် ချူးဟမ့်၏ နက်ကတိုင်ကို ဆွဲလျက် သူ့နှုတ်ခမ်းကို ရှန်းဝူရွှင်း လက်ညှိုးဖြင့် ထိလိုက်သည်။ “စီအီးအိုချူးရဲ့ Suit အောက်မှာ ဘာတွေ ဖုံးကွယ်ထားလဲ ပိုမြင်ချင်တာ…”
“စီအီးအိုရှန်းက မြင်ချင်လို့လား”။ ချူးဟမ့်က မျက်ခုံးပင့်ကာ မေးလိုက်သည်။
“စီအီးအိုချူးကို ဒီကို ဘာလို့ ခေါ်လိုက်တယ် ထင်လို့လဲ”
“ဒါဆိုလည်း သဘောပါပဲ”
ချူးဟမ့်က ရမ္မက်ကြီးသော မျက်လုံးများဖြင့် ရှန်းဝူရွှင်းကို ကြည့်ကာ သူ့အင်္ကျီကို ကြယ်သိးစဖြုတ်လေသည်။
ချူးဟမ့် အပေါ်အင်္ကျီတွေ အကုန်ချွတ်လိုက်ရာ အပေါ်ပိုင်းဗလာ ဖြစ်သွားသည်။
ချူးဟမ့်က စီးပွားရေးလုပ်တာ မတော်သော်လည်း ခန္ဓာကိုယ်ကိုတော့ ကြံ့ခိုင်အောင် ထားပါသည်။
အသက် ၃၀ ကျော်နေပြီဖြစ်သော်လည်း ခန္ဓာကိုယ်က ကျန်းမာကြံ့ခိုင်နေဆဲဖြစ်သည်။ ဒါ့ကြောင့်လည်း သူ့ကိုယ်သူ ယုံကြည်မှုအလွန်ရှိနေရခြင်းဖြစ်၏။
ထို့နောက် ချူးဟမ့် အနားကပ်လာပြီး ရှန်းဝူရွှင်း၏ မေးစေ့ကို လက်ညှိုးဖြင့် ပင့်ကာ ငုံ့ကြည့်လိုက်ပါသည်။
ရှန်းဝူရွှင်းကလည်း မခုခံဘဲ ချူးဟမ့်ကို ခပ်ပါးပါး အပြုံးဖြင့်သာ ကြည့်နေပါသည်။
ချူးဟမ့် ဆန္ဒတွေကို ထိန်းချုပ်မရတော့ပါ။
… … …