အခန်း (၅၆၁+၅၆၂)
Vol. 23 Ch. 561+562
အခန်း(၅၆၁) အလှထား ကျောက်တုံးကြီးနဲ့ ခြိမ်းခြောက်ခြင်း (၁)
ပထမထပ်ရှိ လော်ဘီတွင် ချူးယန်ရှီတစ်ယောက် ဒီတိုင်းစောင့်မနေနိုင်တော့ပါ။ လုကျန်းယွီနဲ့ ချင်းစူစူတို့ စကားပြောနေကြပြီး သူမအပေါ် အာရုံရှိမနေမှန်း မြင်သဖြင့် ချူးယန်ရှီ ဓာတ်လှေကားဆီ ထွက်ပြေးသွားလေသည်။
သို့သော် စူစူလေးက မျက်စိလျှင်သဖြင့် အနီးနားရှိ ရေကန်ကြီးထဲ ခုန်ချကာ ဧရာမ အလှထားကျောက်တုံးကြီး (ထိုက်ဟူကျောက်တုံး)ကို လက်နှစ်ဖက်ဖြင့် ကိုင်မလျက် ချူးယန်ရှီနောက် လိုက်သွားပါသည်။
“မလှုပ်နဲ့နော်!”
သူမထက် အဆပေါင်းများစွာ ပိုကြိးသည့် ကျောက်တုံးကြီးကို မ,ပြီး စူစူလေး ခြိမ်းခြောက်လိုက်ပါသည်။
စူစူလေးကြောင့် ချူးယန်ရှီသာမကဘဲ လော်ဘီထဲကလူတွေအားလုံး ထိတ်လန့်သွားကြပါသည်။
ဧရာမကျောက်တုံးကြီးက စူစူလေးရဲ့ လက်ထဲမှာ ရေမြှုပ်တစ်ခုလို ပေါ့ပါးလှသည်။
သို့သော်လည်း ဒီကျောက်တုံးကြီးက ထိုက်ဟူကျောက်တုံးအစစ်ဖြစ်မှန်း ဟိုတည်ဝန်ထမ်းတိုင်း သိကြပါသည်။ ဒီလို ကျောက်တုံးမျိုးက ကျင်းပေါင်း ရာနဲ့ချီပြီးလေးနိုင်သည်။
စူစူလေးလို ကလေးတစ်ယောက်နေနေသာသာ လူကြီးတစ်ယောက်ပင် မ,နိုင်မှာ မဟုတ်ပေ။
ဘာတွေဖြစ်နေသလဲ မြင်သွားပြီးနောက် စူစူလေးနား လူတွေဝိုင်းပြုံလာကြပါသည်။
ဧည့်ကြိုဝန်ထမ်းမလေးများကော၊ လုံခြုံရေးတွေကော၊ လော်ဘီထဲမှာရှိနေသည့် ဧည့်သည်တွေပါ အကုန် ရောက်လာကြပါသည်။
အရင်တစ်ခေါက်က Tibetan Mastiff ခွေးကြီးကို စီးလာခဲ့သည့် ကိစ္စကြောင့် စူစူလေးကို လီထိုက်ဟိုတည်ကလူတွေ အားလုံး သိနေကြသည်။
ဒီတစ်ခါလည်း သူတို့ကို ထပ်ပြီး ထိတ်လန့်သွားစေပြန်ပါသည်။
အားလုံး ဘာဆက်လုပ်ရမှန်း မသိတော့ဘဲ တစ်ယောက်မျက်နှာတစ်ယောက် လှည့်ကြည့်ကုန်ကြသည်။
စူစူလေးလက်ထဲမှလည်း ကျောက်တုံးကြီးကို သွားမလုရဲကြပါ။ သူတို့ လုပ်လိုက်မှ ပိုဆိုးသွားပြီး စူစူလေး ဒဏ်ရာရသွားမှာကို စိတ်ပူနေကြပါသည်။
ဧည့်ကြိုစာရေးမလေးက စူစူလေးကို စိုးရိမ်ပူပန်စွာ တားလိုက်ပါသည်။ “စူစူလေး စိတ်အေးအေးထားပါ! စိတ်လျှော့နော်! ကျောက်တုံးကြီးကို ပြန်ချထားလိုက်ပါ။ အန္တရာယ်များတယ်!”
“မကြောက်နဲ့ မမ။ သမီးသေချာ ကိုင်ထားတယ်!”။ စူစူလေးက တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်ပါသည်။
“အဲ…”
“စူစူလေးက အဲ့ဒီကျောက်တုံးကြီးနဲ့ ဘာလုပ်မလို့လဲ”။ ဧည့်ကြိုဝန်ထမ်းမလေး နောက်တစ်ယောက်က တီးတိုး မေးလိုက်ပါသည်။
သူမ အသက်ပင် ကျယ်ကျယ် မရှူရဲပါ။ သူမ အသံကျယ်သွားပါက စူစူလေး လန့်သွားပြီး ကျောက်တုံးကြီးကို လွှတ်ချလိုက်မိမှာ စိတ်ပူတာကြောင့်ဖြစ်သည်။
“သူ့ကို ခြောက်မလို့လေ! ထွက်မပြေးအောင် တားမလို့! ကိုကြီးက သူ့ကို ဘယ်မှမသွားစေနဲ့လို့ပြောထားတယ်! တူကြီးကလည်း ဒီမစ်ရှင်ကို အောင်မြင်မှဖြစ်မယ်လို့ မှာထားလို့”။ စူစူလေးက ပြန်ဖြေလိုက်ပါသည်။
ထို့နောက် ချူးယန်ရှီကို စူစူလေး ထပ်သတိပေးလိုက်သည်။ “မပြေးနဲ့နော်! ငါကျောက်တုံးနဲ့ ပစ်ပေါက်မှာ!”
စူစူလေး တကယ်ပစ်မှာမဟုတ်ပါ။ သူများတွေကို ကျောက်တုံးနဲ့ လိုက်ထုတာ လိမ္မာသည့်ကလေးတွေရဲ့ လုပ်ရပ်မဟုတ်ဟု ဖေဖေက သင်ပေးထားသည်။
သို့သော်လည်း ခြိမ်းခြောက်ရုံ ခြိမ်းခြောက်လို့တော့ ရပါသည်။
ထိုစကားကြောင့် အားလုံး ကြက်သေသေသွားကြသည်။ သူများကို ခြိမ်းခြောက်နေတာပဲ!
ချူးယန်ရှီတစ်ယောက် ဒေါသလည်းထွက် ကြောက်လည်းကြောက်နေပါပြီ။
“ချင်းစူစူ… နင်… နင် လူမဟုတ်ဘူး!”။ ချူးယန်ရှီ ထိုစကားပြောဖို့ အချိန်အကြာကြီး စဉ်းစားခဲ့ရသည်။
မကောင်းဆိုးဝါးမ! ငကြောင်မ! အကြမ်းပတမ်းမ!
“နင်သိသွားပြီကိုး”။ သူမက စွမ်းအားကြီး ပိုင်ကျဲနတ်သားရဲဖြစ်သည်။
ဒီဟာမလေး သူ့ကိုယ်သူ တကယ်ကြီး ဂုဏ်ယူနေတာလား။ အဲ့တာ ဂုဏ်ယူစရာစကားလား!
ချူးယန်ရှီ ဆဲပစ်လိုက်ချင်သော်လည်း စူစူလေး လက်ထဲက ကျောက်တုံးကြီးကို ကြောက်နေပါသည်။
ထိုကျောက်တုံးကြီးသာ သူမပေါ် တကယ်ပြုတ်ကျလာလျှင် နုတ်နုတ်စင်းထားသည့် အမဲသားလို ဖြစ်သွားလိမ့်မည်။
ဘေးကလူတွေလည်း နည်းလမ်းတစ်ခုခုစဉ်းစားလိုက်ပြီး စူစူလေးကို ချော့ပြောကြလေသည်။
“စူစူလေး… သူ့ကို ဦးလေးစောင့်ကြည့်ပေးထားမယ်လေ”။ သက်လတ်ပိုင်း လုံခြုံရေးဦးလေးကြီးက သိမ်သိမ်မွေ့မွေ့ ပြောလိုက်ပါသည်။
“ဟုတ်တယ် ဟုတ်တယ်။ ဦးလေးတို့ စောင့်ကြည့်ပေးထားပါ့မယ်။ သူ့ကို ကျောက်တုံးကြီးနဲ့ မခြိမ်းခြောက်ပါနဲ့တော့”။ ကျန်လူတွေလည်း ထောက်ခံကြလေသည်။
“ရပါတယ်။ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ကြ။ သမီးထိန်းနိုင်တယ်!”။ စူစူလေးက ကိုယ့်မစ်ရှင်ကိုယ် ပြီးမြောက်အောင် ထမ်းဆောင်ချင်ပါသည်။ သူများတွေကို ဒုက္ခမပေးချင်ပါ။
… … …
အခန်း(၅၆၂) အလှထား ကျောက်တုံးကြီးနဲ့ ခြိမ်းခြောက်ခြင်း (၂)
သူများတွေ ဒီလောက် အလုပ်များနေတာ သူမ ဒုက္ခပေးလို့ ဖြစ်ပါ့မလား။
သူတို့အတွက် စူစူလေး စိတ်ပူပေးနေတာ ကြည်နူးစရာကောင်းပါသည်။ သို့သော် အခုလောလောဆယ် သူတို့အတွက် အရေးကြီးဆုံး အလုပ်က စူစူလေးကို ဘေးကင်းအောင် ထားဖို့ ဖြစ်သည်။
လော်ဘီထဲမှာ လုကျန်းယွီတစ်ယောက်တည်းသာ တည်တည်ငြိမ်ငြိမ်ရှိနေပါသည်။
ထို့နောက် စူစူလေးနားရောက်အောင် သွားလိုက်ပြီး လုကျန်းယွီ ပြောလိုက်သည်။ “စူစူလေး ကျောက်တုံးကြီးကို ပြန်ချထားလိုက်ပါ။ ဒီက ဓာတ်လှေကားတွေက ကတ်ရှိမှ သုံးလို့ရတာ။ သူ့မှာ ကတ်မရှိတော့ သုံးလို့ရမှာ မဟုတ်ဘူး”
“သူဓာတ်လှေကားစီးလို့ မရဘူးပေါ့”
“ဟုတ်တယ်။ အဲ့တာကြောင့် စူစူလေး တားဖို့ မလိုဘူး”။ လုကျန်းယွီ ခေါင်းငြိမ့်လိုက်ပါသည်။
“အဲ့တာဆိုလည်း ပြီးရော။ ပြန်ချထားလိုက်တော့မယ်”
ပြောပြောဆိုဆိုနဲ့ စူစူလေးက ကျောက်တုံးကြီးကို ရေကန်ထဲ ပြန်ချထားဖို့ ပြင်လိုက်သည်။
လုံခြုံရေးအစောင့်တွေ ပျာယာခတ်ကာ ဝိုင်းပြောလိုက်သည်။ “စူစူလေး! ဦးလေးတို့ကိုပေးပါ ဦးလေးတို့ ပြန်ထားလိုက်မယ်!”
ရေကန်အစွန်းက စူစူလေး၏ ဒူးတစ်ရပ်လောက် မြင့်သည်။ မတော်တဆ ချော်လဲသွားလျှင် ဒုက္ခကြီးပါလိမ့်မည်။
“ဦးလေးတို့ သယ်နိုင်လို့လား”။ စူစူလေး မေးလိုက်သည်။
“သယ်နိုင်တာပေါ့! စိတ်ချနော် စူစူလေး ဦးလေးတို့ တာဝန်သာထားလိုက်!”
လုံခြုံရေးအစောင့်တွေ ယုံကြည်ချက်အပြည့်ဖြင့် ခေါင်းငြိမ့်လိုက်ကြသည်။ သူတို့ တကယ် မသယ်နိုင်ရင်တောင် သယ်နိုင်သည်ဟု ပြောရမည်။
“အဲ့တာဆို ပြီးရော!”။ စူစူလေး သဘောတူလိုက်သည်။
ထို့နောက် လုံခြုံရေးအစောင့် ၆ ယောက် စုရုံးလိုက်ကြပြီး စူစူလေး မ,ထားသည့် ကျောက်တုံးကြီးကို ပြိုင်တူ ပင့်ထားလိုက်ကြသည်။
“အသင့်ဖြစ်ပြလာား”။ စူစူလေးက မေးသည်။
“အသင့်ဖြစ်ပါပြီ စူစူလေး။ လွှတ်လိုက်ပါတော့”
လုံခြုံရေးအစောင့်တွေ အသင့်ဖြစ်ပါပြီ။
“အွန်း အဲ့တာဆို လွှတ်ပြီ”။ ပြောပြောဆိုဆိုနဲ့ စူစူလေး ကျောက်တုံးကြီးကို လွှတ်ပေးလိုက်ပါသည်။
စူစူလေး လွှတ်ပေးလိုက်တာနဲ့တစ်ပြိုင်နက် ကျောက်တုံးကြီး၏ အလေးချိန်အပြည့်က လုံခြုံရေးအစောင့် ၆ ယောက်အပေါ် ကျရောက်လာသည်။ ၆ ယောက်သား အီးခနဲမြည်သံထွက်သွားပြီး ကျောက်တုံးကြီးကို မနည်း မ,ထားလိုက်ရပါသည်။
လေးလိုက်တာ!
ထို့နောက် လုံခြုံရေးအစောင့် ၆ ယောက်ပေါင်းကာ ကျောက်တုံးကြီးကို ဖြည်းဖြည်းချင်းသယ်ပြီး ရေကန်ဆီ လျှောက်လာခဲ့ကြသည်။
၆ ယောက်စလုံးရဲ့ စိတ်ထဲမှာ အတွေးတစ်ခုသာ ရှိနေပါသည်။ ဒီလောက်လေးတဲ့ ကျောက်တုံးကြီးကို စူစူလေးက ဘယ်လို သယ်နိုင်ခဲ့တာလဲ!
လုံခြုံရေးအစောင့် ၆ ယောက်သား ကျောက်တုံးကြီးကို ရေကန်ထဲ ခက်ခက်ခဲခဲ ပြန်ချနိုင်ခဲ့ပြီး ဟောဟဲ ဆိုက်သွားကြသည်။ ချွေးတွေလည်း စိုရွှဲကုန်ကြပါသည်။
သူတို့ရှေ့မှာ ကျောက်တုံးကြီးကို အခက်အခဲမရှိ မ,ပြသွားသည့် စူစူလေး၏ ပုံရိပ်ကို ပြန်မြင်ယောင်ရင်း ကိုယ့်ဘဝကိုယ် မေးခွန်းထုတ်မိပါသည်။
ချူးယန်ရှီတစ်ယောက် မလှုပ်မရှားနိုင်တော့ဘဲ စူစူလေးကိုသာ အငြှိုးကြီးစွာ စိုက်ကြည့်နေခဲ့သည်။
ချင်းစူစူ! နင်လုပ်ပြန်ပြီ!
အမြဲတမ်း ဒီမိစ္ဆာမလေး ရောက်လာပြီး အရာရာ ဖျက်ဆီးသွားတယ်!
“ချင်းစူစူ ငါတို့ ရန်ငြှိုးရှိခဲ့လို့လား”။ ချူးယန်ရှီက စူစူလေးကို မေးလိုက်သည်။
“မရှိပါဘူး”။ စူစူလေး ပြန်ဖြေလိုက်ပါသည်။
“အဲ့တာဆို ဘာလို့ ငါ့ကို ပစ်မှတ်ထားပြီး လိုက်တိုက်ခိုက်နေတာလဲ”
“ပစ်မှတ် မထားပါဘူး”
“ငါ့ကိုပစ်မှတ်မထားဘူး ပြောပြီး ငါ့ဖာသာငါ ဒေါ်လေးလင်းကို လိုက်ရှာနေတာ ဘာလို့ ဝင်တားတာလဲ။ ဘာလို့ အပေါ်ထပ် သွားခွင့်မပေးတာလဲ။ ငါနင့်ကို ဘာမှ မလုပ်ဖူးဘူး!”။ ချူးယန်ရှီ ငိုကြွေးလိုက်ပြီး စူစူလေးကို မေးလိုက်သည်။
“ဒါက မစ်ရှင်မို့လို့လေ”။ စူစူလေး ပြန်ဖြေလိုက်ပါသည်။
“စူစူလေးကို ငါလုပ်ခိုင်းထားတာ။ သူနဲ့ ဘာမှမဆိုင်ဘူး။ နင်အငြှိုးထားချင်ရင် ငါ့ကိုပဲ အငြှိုးထားလိုက်”။ လုကျန်းယွီ ဝင်ပြောလိုက်ပါသည်။
“ဝမ်းကွဲအစ်ကို သူ့ကိုယ်စား ဆင်ခြေဝင်မပေးနဲ့! သမီးကို သူတမင်သက်သက် ပစ်မှတ်ထားနေမှန်း သိသာတယ်!”
စိတ်ခံစားချက် ပြင်းထန်နေချိန်ဖြစ်သဖြင့် သူ့ကိုယ်သူ ၄ နှစ်သမီးဆိုတာ ချူးယန်ရှီ မေ့သွားခဲ့သည်။ သူမရဲ့ စကားလုံးတွေကလည်း အလွန်ရင့်ကျက်လာခဲ့လေသည်။
အကင်းပါးသော လုကျန်းယွီက ဒါကို သတိထားမိပြီး မျက်မှောင်ကြုတ်သွားပါသည်။
လုကျန်းယွီ၏ အကြည့်ကို မြင်ပြီး သူမ စကားလုံးများက အနည်းငယ် ရင့်ကျက်လွန်းသွားမှန်း သတိထားမိကာ ချူးယန်ရှီ ကြက်သေသေသွားခဲ့ပါသည်။
--- --- ---
ထိုစဉ် အပေါ်ထပ်ရှိ Presidential Suite အတွင်း ရမ္မက်ကြီးသော ဒရမ်မာကလည်း မပြီးဆုံးနိုင်သေးပါ။
အခန်းထဲတွင် ချူးဟမ့်က ရှန်းဝူရွှင်းကို ရုတ်တရက် ပွေ့ချီလိုက်ပြီး ကုတင်ပေါ်တင်ကာ အပေါ်မှ မိုးထားလိုက်သည်။
ချူးဟမ့်၏ မျက်နှာက ရမ္မက်များဖြင့် ပြည့်နှက်နေပါသည်။
ရှန်းဝူရွှင်းကတော့ သူ့ကို အပြုံးဖြင့်သာ ကြည့်နေသည်။
ထိုအချိန်တွင် အခန်းတံခါး ပွင့်သွားခဲ့ပြီး မျက်နှာ ဖြူရော်နေသော လင်းယုရှန်း ဝင်လာခဲ့ပါသည်။
တံခါးဖွင့်သံကို ကြားသဖြင့် ချူးဟမ့် နောက်လှည့်ကြည့်လိုက်ရာ ရေခဲတမျှအေးစက်သော လင်းယုရှန်း၏ အကြည့်နဲ့ ဆုံသွားခဲ့လေသည်…။
… … …